အခန်း (၅၅၃)
Vol. 40 Ch. 553
ဤအဖြေကို ကြားသောအခါ ကူကျန်းရန် လှောင်ရယ်လိုက်သည်။ “လူငယ်လေး၊ အနည်းဆုံးတော့ မင်းမှာ အကောင်းအဆိုးခွဲခြားနိုင်စိတ် ရှိသေးတာပဲ"
“အကြီးအကဲရဲ့ ချီးမွမ်းမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်” ယဲ့ဝူရှန်း၏ အပြုံးသည် အတော်လေးအားတင်းထားရဟန်ရှိပြီး ထုတ်မပြောနိုင်သော ခါးသက်မှုကိုလည်း သယ်ဆောင်ထားသေး၏။
ငါ အင်အားအကောင်းဆုံးဖြစ်နေတဲ့ အချိန်မှာမှ ဒီအဘိုးကြီးက ဘာလို့ဝင်လာရတာလဲ?
အဘိုးကြီး၊ ကျုပ် ခင်ဗျားရဲ့ ဘိုးဘေးသင်္ချိုင်းကိုများ တူးဖော်ခဲ့မိလို့လား?
ကူကျန်းရန်သည် ပတ်ပတ်လည်ကို ကြည့်ပြီး လေတစ်ချက်ချွန်လိုက်သည်။ “မင်းရဲ့ ဒီနေရာက မဆိုးဘူး၊ ဒီမသေမျိုးသခင် တာအိုလက်ဆင့်ကမ်းခြင်းကို ထူထောင်ဖို့ အရမ်းသင့်တော်တယ်။ ဒီနေ့ကစပြီး ဒီဂိုဏ်းကို အရိုးနတ်ဆိုးဂိုဏ်းလို့ နာမည်ပြောင်းမယ်! ဒီနေ့ကစပြီး မင်းတို့အားလုံးက အရိုးနတ်ဆိုးဂိုဏ်းအဖွဲ့ဝင်တွေပဲ!”
“ဟင်?”
ယဲ့ဝူရှန်း လန့်ဖျပ်သွားပြီး တစ်ဖက်လူ၏ အမိန့်စကားကြောင့် အကြီးအကျယ် တုန်လှုပ်သွားသည်။
ငါမှ ဒီဂိုဏ်းကို အမြင့်ဆုံးဖြစ်အောင်တွန်းတင်ပြီး သူတော်စင်နယ်မြေအဖြစ် နာမည်ပြောင်းတုန်းရှိပါသေးတယ်။ မင်းက အသီးအပွင့်ကိုလာဆွတ်စားပြီး နတ်ဆိုးဂိုဏ်းထောင်ချင်နေတာလား?
ခန်းမထဲတွင် အကြီးအကဲများ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့် ဒေါသများ ပြည့်နှက်နေသည်။
ပေါ်တင်ဓားပြတိုက်နေတာပဲ မဟုတ်ဘူးလား!
ယဲ့ဝူရှန်းသည် အပြုံးတစ်ခုကို အတင်းအကျပ်တပ်ဆင်ကာ မလိုလားမှုကိုမျိုသိပ်ရင်း တရိုတသေလျှောက်တင်ရ၏။ “အကြီးအကဲက နောက်နေတာ မဟုတ်လား? ကျွန်တော်ရဲ့ ဒီလို စုတ်ပြတ်သတ်နေတဲ့ နေရာလေးက အကြီးအကဲရဲ့ ကြီးမြတ်တဲ့မျက်လုံးထဲကို ဘယ်လို ဝင်နိုင်မှာလဲ? ဒါ့အပြင် နတ်ဆိုးလမ်းစဥ်ကို ထူထောင်ချင်တယ်ဆိုရင် ကျွန်တော်ရဲ့ စန်းမင်သူတော်စင်နယ်မြေက သူတော်ကောင်းဂိုဏ်းဖြစ်တဲ့အတွက် သိပ်မကိုက်ညီပါဘူး၊ သေချာစဥ်းစားကြည့်မယ်ဆိုရင်…”
ကူကျန်းရန်သည် စိတ်မရှည်စွာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ “ဒီကိစ္စဆိုရင် ပြဿနာမရှိဘူး။ ဒီ မသေမျိုးသခင်က မင်းရဲ့ နေရာကို သဘောကျတယ်၊ လူငယ်လေး ဂုဏ်ယူသင့်တယ်!”
အစွန်းရောက်သောလေသံမှာ အနိုင်ကျင့်ခြင်းသက်သက်သာ။
ယဲ့ဝူရှန်း၏ မျက်နှာမှာတော့ မကြည်သာတော့ပေ။ ဒီ အဘိုးကြီးက ဘယ်က ရောက်လာတာလဲ? သူကဘာလို့ ရုတ်တရတ်ကြီးပေါ်လာပြီး ငါပိုင်တဲ့တာအိုနယ်မြေကို စကားတစ်ခွန်းနဲ့ လုယက်သွားရတာလဲ? နတ်ဆိုးလမ်းစဥ်ဆိုတာ ဒီလိုစတိုင်ပဲလား?"
"မင်းကြည့်ရတာ သိပ်လက်မခံချင်တဲ့ပုံပဲ"
တင်းမာသောလေထုကို ခံစားမိသောအခါ ကူကျန်းရန်သည် တစ်ချက်လှောင်ရယ်လိုက်ပြီး ကြောက်မက်ဖွယ် ဖိနှိပ်အားက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ခန်းမတစ်ခုလုံးကို ထောင့်တစ်နေရာပင်မကျန် လွှမ်းခြုံသွားစေခဲ့သည်။
“ဝေါ့!”
လူတိုင်းသည် တောင်ကြီးတစ်လုံးဖြင့် အဖိခံလိုက်ရသကဲ့သို့ ခံစားချက်တွင် တစ်ဦးပြီး တစ်ဦး မြေပြင်ပေါ်သို့ လဲကျကာ သွေးများတပွက်ပွက်အန်ချလျက် ကြမ်းပြင်တစ်ခုလုံး တုန်လှုပ်ချင်စရာ သွေးအိုင်များဖြင့် ပြည့်နှက်သွားလေတော့၏။
“မသေမျိုး ဘုရင်…” အကြီးအကဲတစ်ဦးက အသံတုန်တုန်ဖြင့် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
“ပုရွက်ဆိတ်အုပ်ကများ"
ကူကျန်းရန် လှောင်ပြောင်သည်။
ယဲ့ဝူရှန်း၏ နှလုံးသားမှာ အေးစက်သွားတော့၏။ ဒီမသေမျိုးဘုရင်က ဘယ်ဂူထဲကနေထလာတာလဲ?
ပထမ တစ်ခြားကမ္ဘာမှ ဂြိုဟ်သားသတ္တဝါတစ်ကောင်က ထျန်းယွမ်ပြည်နယ်တွင် ရှုပ်ထွေးမှုများ ဖြစ်စေခဲ့ပြီး အကြီးအကဲယဲ့၏ ဓားချက်တစ်ချက်ဖြင့် ဖြိုခွင်းခံခဲ့ရသည်။ ယခု၊ မသေမျိုးဘုရင် အဆင့်ရှိသော နတ်ဆိုးလမ်းစဥ်မှ ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာပြီး သူ၏ စန်းမင်သူတော်စင်နယ်မြေကို သိမ်းပိုက်လိုနေပြန်သည်။
ဒီရက်ပိုင်း ဘာတွေ ဖြစ်နေတာလဲ?
“မင်းတို့ တကယ်ပဲ အဲ့လောက်သိချင်နေလည်း ပြောပြရသေးတာပေါ့။ ဒီ မသေမျိုးသခင်က ရှေးခေတ်လက်ကျန်ပဲ။ ဒီကြားထဲ ဂူအောင်းအိပ်စက်နေခဲ့ပြီး ခွင်းလွင်ကမ္ဘာပြန်တိုးတက်လို့ ကောင်းကင်တာအိုစည်းမျဥ်းတွေ လျော့ပါးသွားမှ နိုးထလာခဲ့တာ။ ဒီ မသေမျိုးသခင်ဟာ ခွင်းလွင်ကမ္ဘာ အသစ်တစ်ဖန်ပြောင်းလဲတော့မယ်ဆိုတာ ခံစားမိလို့ တာအိုကိုလက်ဆင့်ကမ်းသင်ပြဖို့ တပည့်တွေအများကြီး စုဆောင်းချင်တာပဲ"
ကူကျန်းရန်သည် မာနထောင်လွှားသော ကိုယ်နေဟန်ထားဖြင့် လက်များကိုအနောက်သို့ပစ်လျက် ပြောဆိုနေသည်။
ကြားရသူအပေါင်းမှာတော့ မယုံနိုင်လောက်အောင် တုန်လှုပ်သွားလျက်။
ယဲ့ဝူရှန်းသည် သွေးနီနတ်ဆိုး၏ ဆရာသခင်ကို သတိရမိလိုက်မိ၏။ ထိုသူတွင်လည်း ခန့်မှန်းရခက်ခဲအောင် နက်နဲသောတာအိုစွမ်းအင် ရှိနေခြင်းမှာ ရှေးခေတ်လက်ကျန် စွမ်းအားရှင်ဖြစ်သောကြောင့်သာဖြစ်မည်။
မင်းအဲ့လောက် စွမ်းအားကြီးနေရင်လည်း ဘာလို့ ငါတို့လိုပုရွက်ဆိတ်တွေကို လာပြီးအနိုင်ကျင့်နေသေးလဲ? မရှက်ဘူးလား?
“အကြီးအကဲ၊ နိယာမတွေ အားလုံးကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် ခင်ဗျားလို ကြီးမြတ်တဲ့စွမ်းအားရှင်က ဘာလို့ ကျွန်တော်တို့ဂိုဏ်းငယ်လေးဆီမှ အခြေချချင်ရတာလဲ?” ယဲ့ဝူရှန်းသည် အလွန် စိတ်ဓာတ်ကျနေလေပြီ။
ကူကျန်းရန်သည် စိတ်တိုစွာ ပြောသည်။ “ကောင်စုတ်လေး၊ လူစကားကို နားမလည်ဘူးလား? ဒါက မသေမျိုးသခင်ရဲ့ တာအိုပညာလက်ဆင့်ကမ်းခြင်း အစီအစဥ်ပဲ၊ မင်းတို့အားလုံးက ဒီသခင်ရဲ့တပည့်တွေပဲ။ အဲ့လောက်တောင် နားလည်ဖို့ခက်နေသလား?"
အရှက်ကင်းမဲ့လှသော ချက်ကျလက်ကျအဖြေစကားကြောင့် ယဲ့ဝူရှန်းတို့တစ်သိုက် မေးရိုးကြမ်းပြင်ထိမတတ် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ထူထောင်ပြီးသား ဂိုဏ်းကြီးတစ်ခုကို အချောင်သိမ်းယူချင်တာများ အရမ်းသန့်စင်မြင့်မြတ်နေတဲ့ပုံစံမျိုးဖြစ်အောင် ဘယ်လိုပြောနိုင်ရတာလဲ?
“မကြာခင် တကယ့် ကမောက်ကမခေတ်က စတင်တော့မယ်။ ခေတ်ဟောင်းလက်ကျန် အဘိုးကြီးတွေ အစုလိုက်အပြုံလိုက် ထွက်လာတဲ့အခါ ခွင်းလွင်ကမ္ဘာကြီးတစ်ခုလုံး မုန်တိုင်းမွှေသလို ကမောက်ကမဖြစ်ကုန်ပြီး အင်အားစုတွေလည်း အဆင့်တွေပြန်လည်သတ်မှတ်ခံရလိမ့်မယ်။ မင်း ဒီ မသေမျိုး သခင်ကို မြန်မြန်သစ္စာခံရင် အဲ့ဒီဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်ပြီး အေးအေးချမ်းချမ်း နေထိုင်ရလိမ့်မယ်!”
ကူကျန်းရန်က မဲ့မဲ့ရွဲ့ရွဲ့ဆိုသည်။
ထိုသတင်းကို ကြားသောအခါ လူတိုင်း ကြောက်လန့်သွားကြသည်။
အမေရေ၊ ဒါဖြင့် မသေမျိုးဘုရင်တွေက နှစ်ယောက် သုံးယောက်တည်း ရှိတာ မဟုတ်ဘူး၊ အုပ်စုလိုက်ကြီးလား?
ယဲ့ဝူရှန်းလည်း ကြောက်ရွံ့တုန်လှုပ်စွာ စဥ်းစားမိ၏။ အကယ်၍ ထိုကမောက်ကမအချိန်သို့ ရောက်လာလျှင် စန်းမင်သူတော်စင်နယ်မြေ၏ ခွန်အားမှာလည်း အရေးပါစရာမရှိတော့။
အားကောင်းတဲ့နောက်ခံကို စောစောစီးစီး တွယ်ကပ်ရလိမ့်မယ်။
သို့သော် ယဲ့ဝူရှန်းသည် ဤရလဒ်ကို လက်ခံဖို့ ခက်ခဲနေဆဲပင်။
ငါ သူတော်စင်သခင် နေရာကိုတောင် ထိုင်ရတာဖင်မပူသေးဘူး။ အခုပဲ ကန်ချခံရပြီ။ ငါ ကြိုးစားပမ်းစား တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်က တစ်စုံတစ်ယောက်ရဲ့ အခမ်းအနားဝတ်စုံ ဖြစ်သွားရပြီ။ ငါဘာလို့ဒီလောက်တောင် ကံမကောင်းရတာလဲ?
“ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်၊ ကျွန်တော် နားလည်ပါတယ်! ကျွန်တော်ကို မတ်တပ်ရပ်ပြီး ပြောခွင့်ပြုပါဦး။ ဒီလိုကြီးလှဲပြီးပြောရတော့ အတော်လေးအဆင်မပြေလို့ပါ"
“ဟဲဟဲ၊ မင်းတော်တော် ဆင်ခြင်တတ်သားပဲ၊ အားလုံးထကြ!”
ကူကျန်းရန်သည် အရှိန်အဝါကို ပြန်လည်ထိန်းချုပ်လိုက်သည်နှင့် ယဲ့ဝူရှန်းနှင့် အခြားသူများလည်း ခန္ဓာကိုယ်များ ပေါ့ပါးလွတ်မြောက်ကာ ထိုအခါမှ ခြေဆန့်လက်ဆန့် ထလုပ်နိုင်ကြတော့၏။
“ဂိုဏ်းချုပ်၊ ဒီနေ့ကစပြီး စန်းမင်သူတော်စင်နယ်မြေဟာ အရိုးနတ်ဆိုးဂိုဏ်းပါပဲ။ အခြားပေးလိုတဲ့ ညွှန်ကြားချက်များ ရှိပါသေးသလား?"
ယဲ့ဝူရှန်းသည် နှိမ့်ချသော ကိုယ်နေဟန်ထားနှင့် ဟန်ဆောင်ပြုံးလေးတပ်ကာ မေးသည်။
“ရှိတယ်!”
“ငါလိုချင်တာက အလယ်ပိုင်းဒေသမှာ ရှိရှိသမျှ နတ်ဆိုးလမ်းစဥ် အင်အားစုတွေကို လျင်မြန်စွာ ပေါင်းစည်းစေဖို့ပဲ! ဒီ မသေမျိုးသခင်ဟာ ဒီဒေသက နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူတွေအားလုံးကို ငါ့ဂိုဏ်းမှာ သစ္စာခံစေချင်တယ်၊ အရိုးနတ်ဆိုးဂိုဏ်းရဲ့ ဂုဏ်သတင်းကို ခိုင်မာလာအောင် တည်ဆောက်ကြမယ်!”
ကူကျန်းရန်သည် ရည်မှန်းချက်ကြီးစွာ ကြွေးကြော်သည်။
တစ်ချိန်က သူမအောင်မြင်ခဲ့တဲ့အရာ၊ ယနေ့ခေတ်မှာတော့ ပြီးမြောက်အောင်မြင်ရမယ်။
“အဲ၊ ဒါက…” ယဲ့ဝူရှန်း၏ ပုံစံသည် အခက်တွေ့နေဟန်။
“မင်း ဘာပြောချင်တာလဲ? ခက်တယ်လို့ အထွန့်တက်ချင်တာလား?” ကူကျန်းရန်၏ လေသံသည် မကျေမနပ်ဖြစ်နေပြီး အေးစက်သောအကြည့်က ယဲ့ဝူရှန်းဆီ ဦးတည်လာသည်။
ယဲ့ဝူရှန်းမှာ ဆံပင်များ ထောင်ထလုနီးပါး ဖြစ်သွားသည်။ မသေမျိုးဘုရင်နှင့် ဉာဏ်အလင်းမသေမျိုး အကြားရှိ ကွာဟချက်ကို ခံစားမိသောအခါ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုကြား သူ့မှာ မလူးသာမလွန့်သာပါပေ။
“ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ နတ်ဆိုးလမ်းစဥ်ကို လွှမ်းမိုးရုံဆိုရင် ကျွန်တော်တို့ရဲ့ ခွန်အားက လုံလောက်တာထက် ပိုပါတယ်။ ဒါပေမယ့် ပြဿနာက နတ်ဆိုးလမ်းစဥ် အင်အားစုတွေအားလုံးကို စုစည်းချင်တာမလား? ဒါက နည်းနည်း ဒုက္ခများနိုင်တယ်"
“ဟမ့်၊ ဘာလို့လဲ?”
“ဂိုဏ်းချုပ်မသိလောက်ဘူး။ အလယ်ပိုင်းဒေသရဲ့ လက်ရှိ နတ်ဆိုးလမ်းစဥ် အင်အားစုတွေမှာ အငြင်းပွားစရာမရှိတဲ့ အစွမ်းထက်ဆုံး အရှင်သခင်တစ်ပါး ရှိနေတယ်၊ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများစွာက နတ်ဘုရားအဖြစ် သတ်မှတ်ကိုးကွယ်ကြတဲ့ တည်ရှိမှု၊ မီးလျှံနတ်ဆိုးဂိုဏ်းချုပ်ပဲ ဖြစ်ပါတယ်!”
ယဲ့ဝူရှန်းသည် အားတင်းကာ ဆက်ပြောရသည်။ “မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ နတ်ဆိုးလမ်းစဥ်ရဲ့ တရားဝင် အသိအမှတ်ပြုခံ ခေါင်းဆောင်ပါ။ ဂိုဏ်းချုပ် နတ်ဆိုးလမ်းစဥ်ကို စည်းလုံးစေချင်ရင် ပထမဆုံး မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ ခုခံမှုကို ရင်ဆိုင်ရလိမ့်မယ်”
ကူကျန်းရန်က လှောင်ရယ်သည်။ “ငါကဖြင့် အရေးကြီးကိစ္စများလားထင်လို့ နားထောင်နေတာ။ တစ်ချိန်က နတ်ဆိုးလမ်းစဥ်မှာ ပေါ်ထွက်လာတဲ့ နာမည်ကြီးလူငယ်လေးတစ်ယောက်ပဲ မဟုတ်လား။ သူ ဘယ်လောက်ပဲ အားကောင်းပါစေ၊ သူဟာ ဉာဏ်အလင်းမသေမျိုး ကျင့်ကြံဆင့်မှာပဲ ရှိတယ်။ ရိုးရှင်းတဲ့ ဉာဏ်အလင်းမသေမျိုးတစ်ပါးလောက်ကို ဒီမသေမျိုးသခင်က မျက်လုံးထဲတောင်မထည့်ဘူး!”
ရှေးခေတ် နတ်ဆိုးလမ်းစဥ်မှ ခွန်အားကြီးစွမ်းအားရှင် တစ်ဦးအနေဖြင့် သူသည် ခေတ်သစ်ခွန်အားကြီး စွမ်းအားရှင်များအား အထင်အမြင်သေးသောသဘောထားရှိ၏။
သူတို့အားလုံးသည် အားနည်းပျော့ညံ့သော အရေးမပါသူများသာဖြစ်သည်ပင်။
“ကျွန်တော်သိပါတယ် ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ဟာ ကြီးမြတ်တဲ့ နတ်ဘုရားစွမ်းအားတွေကို ပိုင်ဆိုင်ထားပြီး မီးလျှံနတ်ဆိုးဂိုဏ်းအနေနဲ့ လုံးဝယှဥ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ ဂိုဏ်းချုပ်ရဲ့ နာမည်က ဟုန်ချန်ယဲ့ပါ၊ ပြီးတော့ သူဟာ အကြီးအကဲယဲ့ရဲ့ အကြီးဆုံးတပည့်ပါ။ ဂိုဏ်းချုပ် ဒီနောက်ခံကိုတော့ သေချာ ထည့်စဉ်းစားသင့်တယ်” ယဲ့ဝူရှန်းက မရဲတရဲဆိုသည်။
အရှေ့မှ ထိုအရှက်မရှိသော အဘိုးကြီးနှင့် သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့တို့ယှဥ်လျှင် မည်သူပိုအားကောင်းမည်မှန်း သူလည်းသိချင်မိသည်သာ။
ကူကျန်းရန်သည် ပထမတော့ တောင့်တင်းသွားပြီးနောက် ဒေါသတကြီး ရယ်မောလိုက်သည်။ ထို့နောက် ထိုဆိုးယုတ်သော ကြက်သီးထဖွယ်အရှိန်အဝါကိုထုတ်လွှတ်ကာ ဆိုသည်။ “မင်း ဘာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ! ဘယ်က အကြီးအကဲယဲ့လဲ? ဒီ မသေမျိုးသခင်က သူ့မျက်နှာကိုကြည့်ပေးဖို့ လိုသေးတာလား?!”
ယခင်က ယဲ့ကျွင်းလင်တစ်ယောက် ထျန်းယွမ်ပြည်နယ်တွင် သွေးအရှင်ကို ဖျက်ဆီးသောအခါ ထိုသူ၏ သြဇာအရှိန်အဝါသည် နောက်ကွယ်တွင် ပုန်းလျှိုးတည်ရှိနေကြသော မသေမျိုးဘုရင်များစွာကိုထိတ်လန့်သွားစေခဲ့သော်လည်း ဂူအောင်းအိပ်စက်နေဆဲ တည်ရှိမှုအချို့ကတော့ သတိမထားလိုက်မိကြချေ။
ကူကျန်းရန်သည် ရှင်းရှင်းလင်းလင်းပင် ရက်ပိုင်းလောက်ကမှ နိုးထလာသူဖြစ်ရမည်။ ခေတ်သစ်ကမ္ဘာနှင့်ပက်သက်သည့် ဗဟုသုတလည်း သိပ်မကျယ်ပြန့်လှသေး။
အလယ်ပိုင်းဒေသတွင် နေရာတိုင်းအသံမစဲ ပြောဆိုနေကြသော ထိုအကြီးအကဲယဲ့၏ ခွန်အားအကြောင်းကိုလည်း သူကြားဖူးနားဝမရှိသေး။
ထို့ကြောင့် ကူကျန်းရန်မှာ ယဲ့ဝူရှန်းတစ်ယောက် သူ့ကိုအထင်အမြင်သေးနေခြင်းဟုသာယူဆကာ ဒေါသတထောင်းထောင်းထွက်လာသည်။
“ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး ဒေါသကို လျှော့ပါ!”
ယဲ့ဝူရှန်းသည် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ကြောက်ရွံ့မှုဖြင့် တုန်ယင်နေသော်လည်း စိတ်ထဲတွင် အတွေးများစွာက ဟိုဟိုသည်သည် ပြေးလွှားနေသည်။
ဘာတွေ ဖြစ်နေတာလဲ?
သွေးနီနတ်ဆိုးရဲ့ ဆရာသခင်က ရှေးခေတ်တုန်းက အဲ့လောက်တောင်အားနည်းခဲ့တာလား?
ဒါမှမဟုတ် ဒီအဘိုးကြီးကပဲ မယုံနိုင်လောက်အောင်အားကောင်းနေတာလား?
“မင်းရဲ့ မသိနားမလည်မှုကြောင့် ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်!”
“ဒီ မသေမျိုးသခင် အမိန့်ပေးမယ်။ ဆယ်ရက်အတွင်း အလယ်ပိုင်းဒေသမှာ ရှိရှိသမျှ နတ်ဆိုးလမ်းစဥ် အင်အားစုတွေကို အရိုးနတ်ဆိုးဂိုဏ်းရဲ့ နာမည်အောက်မှာ စုရုံးပေးရမယ်၊ အမှားအယွင်း အလွဲအချော် မရှိရဘူး!”
“မည်သူမဆို ဟန့်တားပါက ညှာတာငဲ့ကွက်ခြင်းမရှိ သတ်စေ!”
ကူကျန်းရန်သည် တဖျတ်ဖျတ်တောက်ပနေသော ရာဇပလ္လင်ပေါ်တွင် ထိုင်ချလိုက်ကာ အေးစက်သော လေသံဖြင့် အမိန့်ပေးသည်။
ယဲ့ဝူရှန်းသည် စိတ်ထဲမှ လျှို့ဝှက်စွာ ညည်းညူမိသော်လည်း အပြင်ပန်းတွင် ကူကယ်ရာမဲ့စွာ သဘောတူလိုက်ရသည်။
“သိပါပြီ ဂိုဏ်းချုပ်!”
ဤအချိန်တွင် အပြင်ကမ္ဘာလောကသည်ကား စစ်မှန်သော ကမောက်ကမခေတ်တစ်ခု စတင်တော့မည်ကို မသိကြနိုင်သေးပေ…