← Chapters

ယဲ့ဝူရှန်း ရူးသွားပြီ

Vol. 40 Ch. 554

ယဲ့ဝူရှန်း ရူးသွားပြီ

Vol. 40 Ch. 554

လောလောလတ်လတ် အသစ်ထူထောင်ထားသော သူတော်စင်နယ်မြေအဆင့်ရှိ အင်အားစု ဖြစ်သည့် စန်းမင်သူတော်စင်နယ်မြေ၏ လှုပ်ရှားမှုတိုင်းသည် သဘာဝအားဖြင့် အများ၏ အာရုံစိုက်မှုကို အထူးရရှိလိမ့်မည်သာ။

အပြင်လောကတစ်ခုလုံးက သူတော်စင်သခင် ယဲ့ဝူရှန်းတော့ ခြေလှမ်းကြီးကြီး လှမ်းပေတော့မည်ဟု ယုံကြည်နေချိန်တွင် နောက်ထပ် ထူးဆန်းသော ကြေညာချက်တစ်ခုအား လူသိရှင်ကြား ထုတ်ပြန်ခဲ့လေသည်။

“ယနေ့မှ စ၍ စန်းမင်သူတော်စင်နယ်မြေကို အရိုးနတ်ဆိုးဂိုဏ်းဟု တရားဝင် အမည် ပြောင်းလဲလိုက်ပြီ!!!”

ဤကြေညာချက် ထုတ်ပြန်လိုက်သည်နှင့် အနည်းငယ် တိတ်ဆိတ်စပြုနေပြီဖြစ်သော အလယ်ပိုင်းဒေသသည် တမုဟုတ်ချင်း အုန်းအုန်းခတ်ခတ် ဖြစ်ကုန်ကြလေတော့၏။

ကြီးကြီးငယ်ငယ် မသေမျိုးဂိုဏ်းများအားလုံး တုန်လှုပ်သွားကြပြီး ထူးဆန်းသောလုပ်ရပ်ကြောင့် တစ်ဖက်လူ၏ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ကြစွာ စိတ်ရှုပ်ထွေးသွားရသည်။

ဘာတွေ ဖြစ်နေတာလဲ?

ဘာလို့ ရုတ်တရက် နာမည် ထပြောင်းတာလဲ?

ဒါ့အပြင်၊ “အရိုးနတ်ဆိုးဂိုဏ်း” ဆိုတဲ့နာမည်က နတ်ဆိုးလမ်းစဥ်ဂိုဏ်းနာမည်ကြီး ဖြစ်မနေဘူးလား?

“ယဲ့ဝူရှန်းတစ်ယောက် ဘာတွေထကြောင်နေတာလဲ?"

“စန်းမင်သူတော်စင်နယ်မြေက နတ်ဆိုးဂိုဏ်း ဖြစ်သွားတာလား? ဘာလို့လဲ?!”

“နောက်နေတာများလား? ဒါပေမယ့် တစ်လောကလုံးကိုတော့ မနောက်သင့်ဘူးလားလို့လေ"

“နတ်ဆိုးလမ်းစဥ်က ဒီရက်ပိုင်းမှာ အရမ်း ရေပန်းစားနေတာကြောင့် သူတော်စင်နယ်မြေအဆင့်ရှိသော အင်အားစုကတောင် နတ်ဆိုးလမ်းစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲလိုက်ရတဲ့သဘောလား?!”

လူထု ထင်မြင်ချက်များသည် အလယ်ပိုင်းဒေသ တစ်လျှောက်လုံး လှိုင်းလုံးများလို ထိုးတက်လာပြီး ကောလာဟလများက ထိန်းမရအောင် ပြည့်နှက်နေသည်။

စန်းမင်သူတော်စင်နယ်မြေ၏ ရုတ်တရက်ဆန်သော လုပ်ရပ်သည် ရေတွက်မရသော ကျင့်ကြံသူများ၏ နားလည်သဘောပေါက်နိုင်စွမ်းအား လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့။

ဤကြေညာချက်နှင့် ပတ်သက်၍ ယဲ့ဝူရှန်းသည် အပိုဆောင်းရှင်းပြချက် တစ်စုံတစ်ရာ မပေးခဲ့ပါဘဲ ထိုအစား သူသည် အရိုးနတ်ဆိုးဂိုဏ်း၏ နာမည်ကို တရားဝင်လွှဲပြောင်းပြီးသည်နှင့် အကြီးအကဲများနှင့် တပည့်များကို ကိုယ်တိုင် ဦးဆောင်ပြီး နတ်ဆိုးလမ်းစဥ်ပေါ်ရှိ အင်အားစုများစွာကို တိုက်ခိုက်သိမ်းပိုက်ရန် တပ်ဖွဲ့များ စတင်ဖွဲ့စည်းခဲ့သည်။

ရက်အနည်းငယ်အတွင်း နတ်ဆိုးလမ်းစဥ်ပေါ်တွင် သွေးစွန်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။

နတ်ဆိုးလမ်းစဥ်မှ ခွန်အားကြီးကျင့်ကြံသူများစွာလည်း ဒေါသနှင့်အတူ တုန်လှုပ်နေရပါသော်ငြား စိတ်ထဲမှာတော့ နားမလည်နိုင်စွာ ရှုပ်ထွေးနေခဲ့ကြသည်။

သရဲငါးကောင်ဂိုဏ်း။

၎င်းသည် ရှည်လျားသော သမိုင်းကြောင်းတစ်ခုရှိပြီး အလယ်ပိုင်းဒေသ၏ နတ်ဆိုးလမ်းစဥ်ပေါ်တွင် ဩဇာကြီးကြီး လွှမ်းမိုးထားနိုင်သော နတ်ဆိုးလမ်းစဥ်ဂိုဏ်းဖြစ်သည်။

သရဲငါးကောင်ဂိုဏ်းချုပ်သည် သူ၏ သရဲငါးကောင် ဝိညာဉ်ရိတ်သိမ်းခြင်း ကျင့်စဥ်ဖြင့် သူတော်ကောင်းလမ်းစဥ်မှာ စွမ်းအားရှင်များစွာကို တစ်ဦးတည်း ဖိနှိပ်နိုင်ခဲ့ပြီး ကြောက်မက်ဖွယ် ဂုဏ်သတင်းတစ်ခုအား ပိုင်ဆိုင်ထားနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် သရဲငါးကောင်ဂိုဏ်းသည် အစောင့်အကြပ်များကို အတင်းကျပ်ဆုံး စီစဥ်နေရာချထားပြီး ဂိုဏ်းပင်မတံခါးကို ကျင့်ကြံသူများ၏ သိပ်သည်းသော လူအုပ်ကြီးက ဝိုင်းရံထားသည်။

အနက်ရောင် ခေါင်းစည်းအလံများသည် လေထဲတွင် လွင့်ပျံနေပြီး “အရိုးနတ်ဆိုးဂိုဏ်း” ဟူသော ရွှေရောင် စာလုံးသုံးလုံးမှာ ခမ်းနားပြီး ဟိတ်ဟန်အပြည့်ရှိ၏။

ကောင်းကင်သည် အုံ့မှိုင်းနေပြီး လျှပ်စီးနှင့် မိုးကြိုးများ အဆက်မပြတ်ကျရောက်ကာ အသက်ရှူကျပ်စေသော ဖိနှိပ်မှုအရှိန်အဝါက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့နေလျက်။

“ယဲ့ဝူရှန်း၊ မင်း ရူးနေတာလား?! စန်းမင်သူတော်စင်နယ်မြေကိုယ်တိုင် ဒီလိုကြီးကြီးမားမားစစ်ချီပြီး နတ်ဆိုးလမ်းစဥ်နဲ့ စစ်ကြေညာတော့မလို့တဲ့အလား? ဒါက အဓိပ္ပာယ်ရှိရဲ့လား!”

သရဲငါးကောင်ဂိုဏ်း ဂိုဏ်းချုပ်သည် ဂိုဏ်းပင်မတံခါးရှေ့တွင် ရပ်နေပြီး ဒေါသတကြီး အော်ဟစ်သည်။

သူ၏ ဟိန်းဟောက်သံသည် မဟာပထဝီမြေပြင်တစ်ကြောကို တုန်လှုပ်စေပြီး ဝေးလံသော နေရာများအထိ ပဲ့တင်ထပ်သွားသည်။

တစ်ဖက်တွင်။

ယဲ့ဝူရှန်းသည် တိမ်လွှာအထပ်ထပ် ခြယ်သထားသော သူတော်စင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ လက်များကို ကျောနောက်သို့ပစ်ကာ လေပေါဆိုင်းငံ့ရပ်တည်နေလျက် တင်းမာသောမျက်နှာထားဖြင့် ပြန်အော်သည်။ “ငတုံးငအကောင်၊ မင်း စကားကိုသတိထားပြော! ငါက အခု အရိုးနတ်ဆိုးဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ပဲ!”

သရဲငါးကောင်ဂိုဏ်း ဂိုဏ်းချုပ်သည် ဆတ်ခနဲတောင့်တင်းသွားပြီး သူ၏ မျက်လုံးများတွင် သံသယစိတ်များ တဖျတ်ဖျတ်လက်လာသည်။ “ယဲ့ဝူရှန်း၊ မင်းကြည့်ရတာ အရမ်းစိတ်ရောကိုယ်ပါ ရှိနေပုံပါလား? ပြောစမ်းပါဦး၊ မင်း ဘာလှည့်ကွက်တွေ သုံးနေတာလဲ? သူတော်ကောင်းဂိုဏ်းချုပ်တစ်ယောက်က တစ်သက်လုံးကိုင်စွဲလာတဲ့ရပ်တည်ချက်ကို ဆန္ဒအလျောက်ပြောင်းပေးလိမ့်မယ်လို့ ငါမယုံဘူး”

စန်းမင်သူတော်စင်နယ်မြေ၏ ဂုဏ်သိက္ခာရှိ သူတော်စင်သခင်တစ်ဦးသည် ရုတ်တရတ် မိမိ၏အဆင့်အတန်းကိုနှိမ့်ချကာ အရိုးနတ်ဆိုးဂိုဏ်း၏ ဒုဂိုဏ်းချုပ် ဖြစ်လာရသည့်နောက်ကွယ်တွင် လျှို့ဝှက်အစီအစဥ်တစ်ခုခု မရှိနေသည်ကမှ ပိုလို့ထူးဆန်းပေမည်။

အကြောင်းပြချက်က တစ်ခုတည်းသာ ရှိသည်။ တစ်ဖက်လူမှာ ဤသို့နာခံရန် အတင်းအကျပ် ဖိအားပေးခံရခြင်းဖြစ်ပြီး ထို လျှို့ဝှက်ဆန်းကြယ်သော အရိုးနတ်ဆိုးဂိုဏ်းချုပ်သည်ကား ဤပြဿနာ၏ မူလရင်းမြစ်ပင်။

ယဲ့ဝူရှန်း ခဏတိတ်ဆိတ်သွားပြီးနောက် ပြန်လည်လှောင်ပြောင်လိုက်သည်။

“ငါကအရမ်း စိတ်ရောကိုယ်ပါဖြစ်နေတယ်လို့ ပြောချင်တာပေါ့လေ? ဘဝဆိုတာကိုက ဂိမ်းတစ်ခုပဲ! အစစ်တွေ အတုတွေထက် အနိုင်အရှုံးက ပိုအဓိကကျတယ်"

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့။ မင်း ဒီလောက်ကြီးမားတဲ့ အင်အားစုနဲ့ ချီတက်လာတာ၊ ငါ့ရဲ့ သရဲငါးကောင်ဂိုဏ်းကို ဖြိုချမလို့ပေါ့လေ" သရဲငါးကောင်ဂိုဏ်းချုပ်၏ မျက်လုံးများ စူးရှတောက်လောင်လာသည်။

ယဲ့ဝူရှန်းက အေးစက်စက်ဆိုသည်။ “ဒီတစ်ကြိမ်မှာ ငါဟာ ဂိုဏ်းချုပ်ရဲ့ အမိန့်အရ လယ်ပိုင်းဒေသရဲ့ နတ်ဆိုးလမ်းစဥ် အင်အားစုတွေကို ပေါင်းစည်းဖို့ တာဝန်ရှိတယ်။ မင်းတို့ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူ အားလုံး ငါတို့ အရိုးနတ်ဆိုးဂိုဏ်းဆီမှာ လက်အောက်ခံရမယ်!”

“ခုခံမှုရှိရင် ထောက်ထားညှာတာခြင်းမရှိ သတ်ပစ်မယ်!”

အေးစက်သောအသံတွင် ကြက်သီးထဖွယ် သတ်ဖြတ်လိုစိတ်က ရောပါလာသည်။

“ဟမ့်၊ ကြီးမားလိုက်တဲ့ ရည်မှန်းချက်! ဒါဖြင့် မင်းက အလယ်ပိုင်းဒေသရဲ့ နတ်ဆိုးလမ်းစဥ်တစ်ခုလုံးကို စုစည်းချင်နေတာပဲ။ ငါ မင်းကို ပြောပြလိုက်မယ်၊ ငါ့တို့ သရဲငါးကောင်ဂိုဏ်းဟာ မီးလျှံနတ်ဆိုးဂိုဏ်းကို ဂါရဝပြု သစ္စာခံခဲ့ပြီးသား။ မင်း ငါတို့ကို တိုက်ခိုက်ရင် မီးလျှံနတ်ဆိုးဂိုဏ်းကို စော်ကားတာနဲ့ အတူတူပဲ!”

သရဲငါးကောင်ဂိုဏ်း ဂိုဏ်းချုပ်က ပြတ်သားစွာ ပြောသည်။

“မီးလျှံနတ်ဆိုးဂိုဏ်း?”

ယဲ့ဝူရှန်း၏ နှုတ်ခမ်းများက ရွှင်မြူးစွာ ကွေးညွှတ်သွားသည်။ “စိတ်မပူပါနဲ့၊ တောင်တစ်လုံးမှာ ကျားနှစ်ကောင် အတူမနေနိုင်ဘူး။ မီးလျှံနတ်ဆိုးဂိုဏ်းဟာ အတိတ်မှာကျန်ခဲ့ဖို့ ကံပါလာတာပဲ။ အဲဒီ သွေးနီနတ်ဆိုးကိုယ်တိုင် ခုန်ထွက်လာပြီး ဝင်ရောက်နှောင့်ယှက်ရဲရင် ငါတို့အရိုးနတ်ဆိုးဂိုဏ်းကလည်း သူ့ကိုပညာပေးဖို့ ဝန်လေးနေမှာမဟုတ်ဘူး!”

ခိုင်မာသောနောက်ခံတစ်ခုအား အားကိုးထားသည့် ယုံကြည်မှုအပြည့်ဖြင့် လေသံ။

“မင်း ဘာပြောလိုက်တာလဲ?!”

သရဲငါးကောင်ဂိုဏ်း ဂိုဏ်းချုပ်သည် သွေးနီနတ်ဆိုး၏ နာမည်အပါအဝင်တွင် အကြီးအကျယ် တုန်လှုပ်ပြီး ဒေါသထွက်သွားသည်။

အလယ်ပိုင်းဒေသတွင် မီးလျှံနတ်ဆိုးဂိုဏ်းမှာ အခိုင်မာဆုံး နောက်ခံတစ်ခုရှိကြောင်း လူတိုင်းသိထားသည်။ ထိုသူမှာ ဂိုဏ်းချုပ်ဖြစ်သူ သွေးနီနတ်ဆိုး၏ ဆရာသခင် မသေမျိုးဘုရင်အဆင့် စွမ်းအားရှင်ပင်။

မည်သူမျှ စော်ကားထိပါးဖို့မရဲသည့် တည်ရှိမှုပင်။

ထို့ကြောင့် လက်လွတ်စပယ် ရိုင်းစိုင်းပြောဆိုနေသော ယဲ့ဝူရှန်းအား သရဲငါးကောင်ဂိုဏ်းချုပ်က အရူးတစ်ယောက်ကိုကြည့်သလို ပြူးကြည့်နေမိတာဖြစ်၏။

“လက်နက်ချ မဟုတ်ရင်‌ သေ!”

မိုးခြိမ်းသကဲ့သို့ ခြိမ်းခြောက်ဟိန်းဟောက်သံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး ရေတွက်မရသော ကျင့်ကြံသူအပေါင်း ချီနှင့်သွေးစီးကြောင်းများပင် ခေတ္တရပ်တန့်သွားသည့်အလား။

ယဲ့ဝူရှန်းသည် အမြင့်ဆုံးသော အရှိန်အဝါကို ထုတ်လွှတ်လျက် အဆုံးသတ်အမိန့်စကားအား ထုတ်ပြန်ခဲ့လေပြီ။

မင်း ဟုန်ချန်ယဲ့၊ နောက်ခံရှိတော့ရော ဘာဖြစ်လဲ? ငါ ယဲ့ဝူရှန်းကလည်း ရှေးဟောင်းစွမ်းအားရှင်ကြီးအတွက် အလုပ်အကျွေးပြုနေတာပဲကွ!

ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ?!

ရုတ်တရက်။

နတ်ဆိုးလမ်းစဥ် အင်အားစု တစ်ဒါဇင်သည် ယဲ့ဝူရှန်း ဦးဆောင်သော စစ်တပ်ဆီသို့ ဝင်ရောက်ထိုးဖောက်လာကုန်ကြ၏။

အနောက်တွင် ပြတ်သားခိုင်မာသော တိုက်ပွဲဝင်စိတ်ဓာတ်ဖြင့် ပြည့်နှက်နေသည့် လေးနက်သော ကြွေးကြော်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

“အလောင်းမောင်းနှင်ခြင်းဂိုဏ်း ကူညီဖို့ ရောက်ရှိလာပြီ!”

“နတ်ဆိုးပြောင်းလဲခြင်းနန်းဆောင် ကူညီဖို့ ရောက်ရှိလာပြီ!”

“ဉာဏ်အလင်း ယင်တံခါး ကူညီဖို့ ရောက်ရှိလာပြီ!”

“ကောင်းကင်ဘီလူးခန်းမ ကူညီဖို့ ရောက်ရှိလာပြီ!”

“သွေးအရိပ်ဂိုဏ်း ကူညီဖို့ ရောက်ရှိလာပြီ!”

…

ကြမ်းတမ်းသော ယင်စွမ်းအင်လေပြင်းများသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်၍ တိုက်ခတ်သွားပြီး ကြီးမားသော သတ်ဖြတ်လိုစိတ်ကား တိုက်ပွဲပတ်လည် လေဟာနယ်၏ တစ်လက်မမကျန် ပြည့်နှက်နေခဲ့တော့၏။

မကြာခင် ယဲ့ဝူရှန်း၏ အဖွဲ့မှာ သရဲငါးကောင်ဂိုဏ်း၏ မြောက်များလှစွာသော မဟာမိတ်တို့ဖြင့် ဝိုင်းရံခံခဲ့ရပြီး များပြားလှသော နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများသည် မှော်ရတနာများကိုင်ဆောင်လျက် တိုက်ပွဲဆင်နွှဲဖို့ အသင့်ဖြစ်နေခဲ့ကြသည်။

သရဲငါးကောင်ဂိုဏ်းချုပ်က လှောင်ရယ်ရယ်သည်။ “ဒါကို မမျှော်လင့်ခဲ့ဘူး မဟုတ်လား? နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူအများက မင်းရဲ့ မတော်မတရား လုပ်ရပ်တွေကို သည်းခံနိုင်ကြလိမ့်မယ်ထင်လား! ငါတို့အားလုံး စည်းလုံးပြီး မင်းယဲ့ဝူရှန်းကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြပြီ!”

သူတို့ဘက်သို့ ဦးတည်လာသော အနှိုင်းအဆမဲ့ သတ်ဖြတ်လိုစိတ်များကို ခံစားမိသောအခါ ယဲ့ဝူရှန်း၏ မျက်နှာသည် တဖြည်းဖြည်း ရူးသွပ်လာဟန်ရှိပြီး အေးစက်စက်ဆို၏။

“မင်းတို့ သေလမ်းကို ရှာဖွေနေကြတာပဲ!”

ထို့နောက် သူ၏ တစ်ကိုယ်လုံးသည် ကြောက်မက်ဖွယ် ခရမ်းရင့်ရောင်ချီစွမ်းအင်ဖြင့် ဖုံးလွှမ်းသွားပြီး လက်တစ်ဖက်အား နတ်ဆိုးလမ်းစဥ်မှ အင်အားကြီးအဖွဲ့များ စုစည်းရာသို့ ဦးတည်ယမ်းခါလိုက်သည်။

“အား…”

အော်ဟစ်သံများစွာ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။

နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများစွာသည် သူတို့၏ ခန္ဓာကိုယ်များ သွေးကန်များအဖြစ် လျင်မြန်စွာ ပျော်ကြကုန်ကြသည်ကို ထိတ်လန့်စွာ တွေ့ရှိခဲ့ကြရ၏။

“အကုန် ဖျက်ဆီးပစ်လိုက်ကြ၊ သတ်ပစ်လိုက်ကြ! ငါ နောက်ဆုံးတော့ သူတော်စင်သခင် ရာထူးကို တက်လှမ်းနိုင်ခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ကန်ချခံလိုက်ရတယ်။ အခု ငါ ဒီစောက်တာဝန်ကို ပြီးအောင် လုပ်ဖို့ စောက်ရူးတစ်ယောက်လို ပြေးလွှားနေရတယ်။ ငါ့မှာလည်း စိတ်ဖိစီးမှုတွေ အများကြီး ရှိနေတယ်။ မင်းတို့ ငါ့ကို ပိုပြီး နားလည်ပေးလို့ မရဘူးလား? အားးးးးး!!!”

ယဲ့ဝူရှန်းသည် နှလုံးသား အတွင်းပိုင်းရှိ မကျေနပ်မှုနှင့် စိတ်ပျက်အားငယ်မှုများကို ဖွင့်ဖောက်ဖော်ထုတ်လိုက်သကဲ့သို့ စိတ်မထိန်းနိုင်ဘဲ အော်ဟစ်‌တော့သည်။

သူ ဒေါသထွက်နေသော အခြေအနေတွင် ပြုလုပ်သော လှုပ်ရှားမှုတိုင်းသည် အလွန်အစွမ်းထက်ပြီး နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများစွာကို လေထဲတွင်ပင် စက္ကန့်မဆိုင်း ပေါက်ကွဲစေကာ သွေးများက မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ကျရောက်ဖြန်းပက်လာ၏။

မြင်ကွင်းသည် မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်သည်။

မူလက ဤ နတ်ဆိုးလမ်းစဥ် အင်အားစု တစ်ဒါဇင်ကျော်သည် ယဲ့ဝူရှန်းကို ဝိုင်းရံပိတ်ဆို့ဖို့ရာ အစီအရင်ဖွဲ့စည်းရန် စီစဉ်ခဲ့ကြသော်လည်း အမွှေးတိုင် တစ်ချောင်းစာအချိန်ပင် မကြာလိုက်မီ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆက်တိုက် ပြိုလဲသွားကြပြီး မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်လာသောလူသေအလောင်းများအား ထိတ်လန့်ဖွယ် မြင်တွေ့လိုက်ရတော့၏။

မည်သို့ပင်ဆိုစေ ယဲ့ဝူရှန်းသည် ကျင့်ကြံဆင့်နှိုင်းယှဉ်ချက်အရ သူတို့အားလုံးထက် အဆမတန် အားကောင်းသော ဉာဏ်အလင်းမသေမျိုးဖြစ်ပြီး ထူးကဲသောပါရမီရင်းမြစ်ကြောင့် သာမန် ဉာဏ်အလင်းမသေမျိုး အနည်းငယ်၏ ပေါင်းစပ် အားထုတ်မှုသည်ပင် သူနှင့် ယှဥ်ပြိုင်ရန် ခက်ခဲလိမ့်မည်။ ထို့အပြင် သူ ဦးဆောင်လာသော တပ်ဖွဲ့သည် ကောင်းမွန်စွာ လေ့ကျင့်ထိန်းသိမ်းထားသော ထိပ်တန်းစစ်သည်များနှင့် ယုံကြည်စိတ်ချရသော စစ်သူကြီးများ ပါဝင်သောကြောင့် ပတ်ပတ်လည်ဝိုင်းရံမှုတွင်ပင် ပုံစံမပျက်ထိန်းသိမ်းထားနိုင်ခဲ့ကာ အင်အားအပြည့်ဖြင့် ရှေ့ဆက်ဖြိုခွင်းနိုင်ခဲ့သည်။

“ရပ်၊ ရပ်၊ ရပ်!”

တိုက်ပွဲအခြေအနေ မကောင်းသည်ကို မြင်သောအခါ သရဲငါးကောင်ဂိုဏ်းချုပ်သည် ကြောက်ရွံ့စွာ အော်ဟစ်ပြီး အလံဖြူရမ်းပြလိုက်သည်။

“ဒုဂိုဏ်းချုပ်ယဲ့၊ ကျွန်တော်တို့ လက်နက်ချသစ္စာခံပါမယ်! ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ!”

All Chapters