← Chapters

တိုက်ပွဲ အလှည့်အပြောင်း

Vol. 40 Ch. 556

တိုက်ပွဲ အလှည့်အပြောင်း

Vol. 40 Ch. 556

မကြာသေးခင်က သူသည် ကွေ့ကျန်းချုုံထံရှိ ဆက်သွယ်ရေး လက်စွပ်မှတစ်ဆင့် အကူအညီ တောင်းခံမှုကို လက်ခံရရှိခဲ့ပြီး မီးလျှံနတ်ဆိုးဂိုဏ်း၏ လက်ရှိကြုံတွေ့နေရသော ဒုက္ခအား သိမြင်နိုင်ခဲ့၏။

ဟုန်ချန်ယဲ့သည် ဒေါသတလူလူထွက်လျက် သူ့ကို သက်သက်လာပြီးစိန်ခေါ်နေသလို ခံစားရသည်။

မီးလျှံနတ်ဆိုးဂိုဏ်းသည် သူ၏ အင်အားစုဖြစ်ကြောင်း ဤလောတွင် မသိသူသမရှိ? ပြိုင်ဘက်ကင်းနေရာမှာ ဘယ်လောက် ကြာပြီလဲ? ဒီလောက်ရဲရဲတင်းတင်း တိုက်ခိုက်ဖို့အစပြုရဲတာ ဘယ်သူများလဲ?

သေခြင်းကို ဖိတ်ခေါ်နေခြင်းသာ။

ရွှစ်~

အနီရောင် ပုံရိပ်တစ်ခုသည် ဖဲဝိုင်းရှေ့သို့ ရောက်ရှိလာပြီး ယဲ့ကျွင်းလင်အား လက်ယှက်ဦးညွှတ်ရင်း ဆိုသည်။ “ဆရာသခင်၊ ဒီ တပည့် သွားစရာရှိ…”

သူ စကားမဆုံးမီ ယဲ့ကျွင်းလင်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီး စကားဖြတ်သည်။ “မင်းလုပ်ချင်တာ ဘာမဆိုသွားလုပ်ချည်"

“ကျေးဇူးတင်ပါတယ်၊ ဆရာသခင်! ဒီတပည့် သွားပါပြီ!”

ခွင့်ပြုချက် ရရှိပြီးနောက် ဟုန်ချန်ယဲ့သည် သတ်ဖြတ်လိုစိတ်ကို ဆက်လက် ဖိနှိပ်ထားနိုင်စွမ်း မရှိတော့ပေ။ သူသည် လေထဲသို့ တဟုန်ထိုး ပျံတက်သွားပြီး အနီရောင် မီးတောက်လေးတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံဆီသို့ ဦးတည်လျက် ခြေရာလက်ရာမကျန်ရှိစွာ ပျောက်ကွယ်သွားတော့သည်။

“ခင်ဗျားရဲ့ အကြီးဆုံးတပည့်ဟာ အနာဂတ်မှာ ထူးထူးခြားခြားကို အောင်မြင်လိမ့်ဦးမယ်” ကောင်းပုလီသည် အံ့သြတကြီး ချီးမွမ်းသည်။

ဟုန်ချန်ယဲ့၏ အရည်အချင်းတွင် မွေးရာပါပါရမီစွမ်းက များစွာအားဖြည့်ထားကြောင်း သူပြောနိုင်သည်။ အလွဲအချော်တစ်ခုခု မဖြစ်သရွေ့ ထိုသူသည် အနာဂတ်တွင် မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်လာမည်မလွဲ။

“ဆိုရိုးစကားလိုပဲ၊ ဆရာသခင်ကောင်းကသာ ထူးခြားတဲ့တပည့်တွေကို မွေးထုတ်နိုင်တယ်။ ဒါက ငါ့ရဲ့ အကောင်းဆုံး လမ်းညွှန်မှုကြောင့်ပါပဲ” ယဲ့ကျွင်းလင်က အရှက်မရှိစွာ ဂုဏ်ဖော်ရင်း လက်များကတော့ နောက်တစ်ခေါက်ကစားဖို့ ဖဲချပ်များကို မရပ်မနားစီထပ်နေရင်း အော်သည်။ “လာကြ၊ နောက်တစ်ပွဲ ကစားကြရအောင်!”

“အာ? ဆက် ကစားဦးမှာလား?”

“ဘာဖြစ်လို့လဲ? တစ်ခုခုများ ပြောစရာရှိနေလား?"

“မရှိပါဘူး၊ မရှိပါဘူး”

ကောင်းပုလီနှင့် ကျန်နှစ်ဦးမှာ မင်းသားတစ်ပါး စာလေ့လာရာတိုင်း အတူလိုက်လေ့လာပေးတတ်ရသော အမှုထမ်းများကဲ့သို့ မအီမသာပြုံးပြကြသည်။

အခြား နည်းလမ်း မရှိပေ။ ဤလူငယ်လေး၏ကံတရားက ကောင်းကင်ဘုံကို စိန်ခေါ်ရင်ဆိုင်နိုင်မှန်း သူတို့အားလုံးအသိ။ ဒီလို ကံကောင်းသောပြိုင်ဘက်တစ်ဦးနှင့် လောင်းကစားလုပ်ရသည်မှာ စိတ်ပျက်စရာကောင်းသည်ကိုတော့ ဝန်ခံရမည်။ သို့ပေသည့် သူတို့အားလုံး အံတင်းတင်းကြိတ်ကာ ဆက်ကစားပေးပြီး ပျော်ချင်ယောင်ဆောင်ပြဖို့မှလွဲ တခြားမတတ်နိုင်ပေ။

မကြာမီ ဖဲဝိုင်းမှ ငြင်းခုံသံများ ထပ်မံမြည်ဟီးလာပြန်သည်…

ထျန်းဟူ ပြည်နယ်။

ဤနေရာ၏ ရာသီဥတုက အခြားဒေသများနှင့် နှိုင်းယှဉ်ပါက ပိုမိုပူပြင်းနေပြီး နေရာတိုင်းဝယ် ခမ်းနားထည်ဝါသော မီးလျှံမီးတောက်များကို မြင်နိုင်သည်။ အလျှံငြီးငြီးတောက်လောင်နေသော မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် တောင်တန်းများပင်။ ၎င်းကို မီးလျှံတောင်တန်းဟုခေါ်ဆိုသည်။ အလယ်ပိုင်းဒေသ၏ အထင်ကရ အံ့ဖွယ်တစ်ခုဆိုလည်းမမှား။

သို့သော် မီးလျှံတောင်တစ်လုံးသည်ကား အခြားတောင်များနှင့် မတူကွဲပြား၏။ ၎င်း၏ မီးတောက်များမှာ ကြာမြင့်စွာကတည်းက ငြိမ်းသတ်သွားခဲ့ပြီး အနီးကပ် ကြည့်ရှုပါလျှင် ၎င်း၏ မြေသားနှင့် ကျောက်သားများက နီညိုရောင်ဖြစ်နေကြောင်း မြင်နိုသည်။ တောင်ထိပ်တစ်ခုလုံးသည် ခမ်းနားကြီးကျယ်ကာ ကောင်းကင်ကိုထိုးဖောက်မတတ် မြင့်မားနေသည်မှာ ရင်သပ်ရှုမောဖွယ်ပင်။

ထိုတောင်သည်ကား မီးလျှံနတ်ဆိုးဂိုဏ်း၏ ဌာနချုပ်တည်ရှိရာဖြစ်သည်။

ဤအချိန်တွင်။

တောင်ထပ်ပေါ်တွင် ပိတ်ဆည်းဖုံးကာထားသော အနီရောင် အလင်းလွှာ အကာအရံ တစ်ခုသည် ဇောက်ထိုးမှောက်ထားသော ဧရာမပန်းကန်လုံးကြီး တစ်လုံးနှင့်ပင် တူသေးတော့၏။ တောက်ပသော မီးလျှံသင်္ကေတများက အကာအရံတစ်ခုလုံးတွင် ထင်ရှားလင်းလက်လျက်။

“ဆက်တိုက်ကြ!” ယဲ့ဝူရှန်းက သရဲမရဲစီးနေသောမျက်နှာထားကြီးဖြင့် ကြွေးကြော်သည်။

အရိုးနတ်ဆိုးဂိုဏ်း၏ ကျယ်ပြန့်သော စစ်တပ်သည် နောက်ထပ် တိုက်စစ်တစ်ခုကို ပုံဖော်လိုက်ကြသည်။ အရောင်စုံသော ဥက္ကာပျံများကဲ့သို့ မျက်စိကျိန်းစပ်ဖွယ် မှော်အလင်းတန်းများစွာက အလင်းလွှာ အကာအရံကို ဆက်တိုက်နီးပါး တစ်ခုပြီးတစ်ခု ထိမှန်လျက်ရှိ၏။

အုံး အုံး အုံး~

ကောင်းကင်မိုးကြိုး၏ သိပ်သည်းသော ပစ်ခတ်ပေါက်ကွဲမှုကဲ့သို့ အသံများအား ပတ်ဝန်းကျင်မိုင်ရာပေါင်းများစွာမှနေ၍ ရှင်းလင်းပြတ်သားစွာ ကြားသိနိုင်သည်။

စွမ်းအင်စီးဆင်းမှုသည် အလွန်ကြီးမားပြီး ဖုန်မှုန့်များကို မွှေနှောက်နေသောကြောင့် ဖုန်လုံးကြီးများမှာ တိမ်တိုက်များအလား အလုံးအရင်းလိုက် မြင့်တက်နေကြ၏။

မြင်ကွင်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

ယဲ့ဝူရှန်းသည်လည်း ကိုယ်တိုင်ပါဝင်လှုပ်ရှားလာပြီး လေဟာနယ်တွင် ခရမ်းရင့်ရောင် စွမ်းအင်စီးကြောင်းကြီးနှစ်ခုအား ထုတ်လွှတ်လိုက်သည်။ လက်သီးချက် လက်သီးရာများက ဥက္ကာခဲများကဲ့သို့ အနီရောင် အလင်းလွှာ အကာအရံပေါ် ဆင်းသက်လာသည်။

အနီရောင် အလင်းလွှာ အကာအရံသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး တည်ဆောက်ခါစကဲ့သို့ ခိုင်မာမှုမရှိ‌တော့။

“ငါ့အတွက် ဖျက်ဆီးလိုက်! ဖြိုချလိုက်!” ယဲ့ဝူရှန်းသည် ဒေါသဖြင့် မျက်နှာတစ်ပြင်လုံး ရှုံ့တွနေပြီ စိတ်ရှည်သည်းခံမှုများကုန်ဆုံးလို့နေလေပြီ။

အဘယ်ကြောင့်ဆိုသော် အမိန့်အရ သူသည် နတ်ဆိုးလမ်းစဥ် တစ်ခုလုံးကို ဆယ်ရက်အတွင်း သိမ်းပိုက်ရမည်ဖြစ်ပြီး နတ်ဆိုးလမ်းစဥ် အင်အားစုအားလုံးကို အရိုးနတ်ဆိုးဂိုဏ်းအား လက်အောက်ခံဂိုဏ်းများအဖြစ် အတင်းအကျပ် စုရုံးရမည်။

အချိန်ဆယ့်ငါးရက် ကုန်လွန်ပြီးသော်လည်း ထိုတာဝန်ကို သူယခုထိတိုင် မပြီးပြတ်နိုင်ခဲ့သေးပေ။

အဘယ်ကြောင့်ဆိုသော် သူ့ ရှေ့တွင် အဓိက အတားအဆီးတစ်ခု ရှိနေသည်- ခေါင်းမာစွာ ခုခံနေသော မီးလျှံနတ်ဆိုးဂိုဏ်း!

စစ်တပ်နှစ်ခု ပဋိပက္ခ၏ အစတွင် ဒုဂိုဏ်းချုပ်ကွေ့ကျန်းချုံသည် အကြီးအကဲများနှင့်အတူ ကောင်းကင်သို့တက်လျက် ယဲ့ဝူရှန်းနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့သည်။

ကွေ့ကျန်းချုံ၏ ခွန်အားသည်လည်း ကြောက်မက်ဖွယ်ကောင်းလှပြီး ရက်အနည်းငယ်ကမှ ဉာဏ်အလင်းမသေမျိုးအဆင့်ကို တက်ရောက်အောင်မြင်ခဲ့သော်လည်း သူသည် ရန်လိုစိတ်ဖုံးလွှမ်းနေသော ယဲ့ဝူရှန်းနှင့် ယှဥ်နိုင်ခြင်း မရှိသေးပေ။

နောက်ဆုံးတွင် ကွေ့ကျန်းချုံနှင့် သူ၏ လက်အောက်ငယ်သားများ ဆုတ်ခွာသွားခဲ့သည်။ ယဲ့ဝူရှန်းသည် တာဝန်ကိုအပြီးသတ်ဖို့ရာ မီးလျှံနတ်ဆိုးဂိုဏ်းထဲသို့ ကျူးကျော်ဝင်ရောက်ရန် ပြင်ဆင်နေချိန်တွင် ကွေ့ကျန်းချုံသည် မီးဒြပ်စင်ဝိညာဉ် မှော်ရတနာကို အချိန်မီ အသက်သွင်းခဲ့သည်။ ဤဝိညာဉ်မှော်ရတနာသည် မိုင်တစ်ထောင်ပတ်လည်ရှိ မီးဒြပ်စင်စွမ်းအင်များနှင့် ဆက်သွယ်အားဖြည့်ပြီး ကာကွယ်ရေး အလင်းလွှာ အကာအရံတစ်ခုကို ချက်ချင်းဖွဲ့စည်းကာ မီးလျှံနတ်ဆိုးဂိုဏ်းကို ဖုံးအုပ်ကာကွယ်ခဲ့သည်။

ထျန်းဟူပြည်နယ်၏ ထူးခြားသော မီးတောက်ပတ်ဝန်းကျင်တွင် ဤမီးဒြပ်စင်ဝိညာဉ် မှော်ရတနာသည် သဘာဝအားဖြင့် အားသာချက်ကောင်းကောင်းရမည် အမှန်ပင်။

ထို့ကြောင့် ဤအလင်းလွှာ အကာအရံသည် စဉ်ဆက်မပြတ် တိုက်ခိုက်မှုများကို ခေါင်းမာစွာ တောင့်ခံနိုင်ခဲ့ပြီး ယဲ့ဝူရှန်းတို့အုပ်စုကိုလည်း နောက်တစ်ဖန်တိုက်ပွဲမစမီ ကောင်းကောင်းအနားယူဖို့ အချိန်ပေးထားမိသလို ဖြစ်ခဲ့လေသည်။

All Chapters