အခန်း (၅၅၇)
Vol. 40 Ch. 557
ပြန်လည်အားဖြည့်ပြီးချိန်၌ ယဲ့ဝူရှန်းသည် သူ၏စစ်တပ်ကို နောက်တစ်ကြိမ် ပြင်းထန်သော တိုက်စစ်တစ်ခု ဖွဲ့စည်းရန် အမိန့်ပေးခဲ့ပြီး ဤတစ်ကြိမ်တွင် အလင်းလွှာ အကာအရံကို အပြီးတိုင်ဖျက်ဆီးကာ မီးလျှံနတ်ဆိုးဂိုဏ်းကို အပြတ်ချေမှုန်းရန် ဆုံးဖြတ်ထားသည်။
“မင်းတို့ သူရဲဘောကြောင်တဲ့ကောင်တွေ၊ လိပ်ခွံထဲမှာ ပုန်းနေရုံနဲ့ မင်းတို့ရဲ့ အသက်ကို ကယ်တင်နိုင်မယ်လို့ ထင်နေတာလား? ဒီအကာအရံကို ငါ ဖျက်ဆီးလိုက်နိုင်တာနဲ့ မင်းတို့ အားလုံး သေရလိမ့်မယ်! မင်းတို့ အားလုံး သေရလိမ့်မယ်!!” ယဲ့ဝူရှန်း၏ မျက်လုံးများမှာ သွေးရောင်တောက်ကာ ဘီလူးစီးနေသလို အော်ဟစ်နေသော်ငြား သူ့နှလုံးသားထဲတွင်တော့ စိုးရိမ်ပူပန်မှုများဖြင့် လေးလံနေသည်။
ဤတာဝန်ကို အချိန်မီမပြီးမြောက်နိုင်လျှင် ရင်ဆိုင်ရမည့် အပြစ်ဒဏ်မှာ မည်မျှရက်စက်ကြမ်းကြုတ်လိုက်မည်နည်း?
သို့သော တာဝန်ကို အချိန်မီမပြီးမြောက်ခြင်းထက် ပိုကြောက်ဖို့ကောင်းသည်ကား လုံးဝမပြီးမြောက်ခြင်းပင်။
အဲ့အဘိုးကြီးရဲ့ လက်ထဲကို ကျရောက်သွားရင် သူ့အတွက် ထွက်ပေါက်ရှိနိုင်ပါဦးမလား?
အလင်းလွှာ အကာအရံ အတွင်းတွင်။
ဂိုဏ်းသားတစ်စုမှာ အံတင်းတင်းကြိတ်လျက်သားဖြင့် အပြင်ဘက်မှစစ်တပ်ကို ရပ်ကြည့်နေကြသည်။
“ဒုဂိုဏ်းချုပ်၊ ကျွန်တော်တို့ ဒီလိုပဲ ပုန်းနေရတော့မှာလား? ဘာလို့ သူတို့ကို ထွက်မတိုက်ရသေးတာလဲ!”
“ဟုတ်တယ်! ကျွန်တော့်တစ်သက် တစ်ခါမှ ဒီလောက်အရှက်မရခဲ့ဖူးဘူး!”
“ဟုတ်တယ်ဗျာ။ ကျွန်တော်တို့ မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်း မဖြစ်ခင်တုန်းကတောင် သူတော်ကောင်းလမ်းစဥ် ကျင့်ကြံသူတွေနဲ့ သေသည်အထိ တိုက်ဖို့ မကြောက်ခဲ့ဖူးဘူး။ ဒါပေမယ့် အခု ရန်သူတွေက ဂိုဏ်းရှေ့တည့်တည့်ထိရောက်နေကြတာကို ကျွန်တော်တို့က ဒီတိုင်းထိုင်ပြီး သေဖို့ စောင့်နေရမှာလား?”
“ထွက်တိုက်ကြစို့ကွာ!”
“မှန်တယ်!”
မကျေနပ်မှုများကို ဖော်ထုတ်နေသော ဆွေးနွေးသံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။
“မင်းတို့ အားလုံး တိတ်စမ်း!”
အေးစက်ပြီး ဩဇာအပြည့်ရှိသော အသံသည် အဘိုးကြီးတစ်ဦးထံမှ ထွက်ပေါ်လာခြင်းဖြစ်၏။
၎င်းသည် အသက်ကြီးကြောင်း ပြသနေသော မျက်ခုံးဖြူဖြူနှင့် ရင်ဘတ်ပေါ်တွင် လင်းယုန်ဖြူတစ်ကောင်ပါသည့် အဖြူရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး အနက်ရောင် ဝတ်ရုံကို အပေါ်မှခြုံလွှမ်းထားသည်။ လင်းယုန်လို စူးရှထက်မြက်သော အကြည့်နှင့် ခမ်းနားထည်ဝါသည့် အရှိန်အဝါအား ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်ဖြစ်၏။
ချက်ချင်းပင် ဂိုဏ်းသားလေးများ ပါးစပ်ပိတ်သွားကြသည်။
ဤသူသည် အကြီးအကဲများထဲမှ တစ်ဦးဖြစ်သော လင်းယုန်အကြီးအကဲပင်။
“ဟမ့်! ဒုဂိုဏ်းချုပ်က ဘာစကားမှတောင် မပြောရသေးဘူး၊ မင်းတို့အားလုံး ဒီလို ဆူညံနေရဲကြတယ်ပေါ့။ ယဥ်ကျေးမှုမရှိကြဘူးလား?”
လင်းယုန်အကြီးအကဲသည် အေးစက်စက်မျက်နှာထားဖြင့် သူတို့အား ပြစ်တင်ဆူပူသည်။
ထို့နောက် အရှေ့ရှိ ခမ်းနားသော ပုံရိပ်ကို လှည့်ကြည့်လိုက်ကာ လေသံမာတင်းတင်းကို အတန်ငယ်လျှော့ချလျက် ခါးကိုအနည်းငယ်ညွှတ်ကိုင်းရင်း မေးသည်။ “ဒုဂိုဏ်းချုပ်၊ ကျွန်တော်တို့ ဘာဆက်လုပ်ရမယ်ထင်ပါသလဲ?"
ကွေ့ကျန်းချုံသည် အနက်ရောင်ဝတ်ရုံကို ခြုံလွှမ်းထားပြီး လည်ပင်းတွင် အရိုးခေါင်းဆွဲကြိုးတစ်ကုံးရှိသည်။ မျက်နှာထားက တင်းမာနေသော်ငြား အတွင်းဒဏ်ရာများ အလုံးစုံမပျောက်ကင်းသေးသကဲ့သို့ အသားအရောင်မှာ အနည်းငယ်ဖြူဖျော့နေလျက်။
ယဲ့ဝူရှန်းနှင့် သူ၏ အင်အားစုများ မနေမနား အားအင်အပြည့် တိုက်ခိုက်နေသည်ကို ကြည့်ရင်း သူ့မျက်လုံးများက အလေးအနက် စိုးရိမ်ပူပန်နေဟန်ရှိ၏။
လွန်ခဲ့သော ရက်အနည်းငယ်က အဖြစ်အပျက်များကို ပြန်လည်အမှတ်ရမိသော် ကွေ့ကျန်းချုုံသည် သူ့ကိုယ်သူ ကံကောင်း၍သာဟု ခံစားမိသည်။ ဂိုဏ်းသားများကို ဦးဆောင်ပြီး ထျန်းဟူပြည်နယ်တွင် အခြေချရန် နေရာရှာဖွေခဲ့စဥ်က မမျှော်လင့်ဘဲမီးဒြပ်စင် ဝိညာဉ် မှော်ရတနာတစ်ခုကို ထူးထူးခြားခြား ရှာတွေ့ခဲ့၍ပင်။
၎င်းသာမရှိပါက မီးလျှံနတ်ဆိုးဂိုဏ်းသည် အချိန်အတော်ကြာကတည်းက ဖောက်ထွင်းသိမ်းပိုက်ခံရတော့မည်ဖြစ်သည်။ သူတို့တွင်လည်း ခုခံဖို့ အင်အားအလုံအလောက်မရှိ။
သို့သော် ဒီတိုင်းဆက်သွားနေခြင်းက ဖြေရှင်းချက်မဟုတ်။ အိမ်ထဲတွင်ထိုင်သာ သေဖို့စောင့်နေခြင်းသာဖြစ်၏။
“ယဲ့ဝူရှန်းရဲ့ ခွန်အားက အရမ်းသန်မာတယ်၊ ဂိုဏ်းချုပ်ကိုယ်တိုင် လှုပ်ရှားမှသာ သူ့ကို အနိုင်ယူနိုင်လိမ့်မယ်။ ဒါပေမယ့် ဂိုဏ်းချုပ်က ဘာလို့မရောက်လာသေးတာလဲ? လမ်းမှာ တစ်ခုခုများ ဖြစ်သွားတာလား?”
ကွေ့ကျန်းချုံ၏ စိတ်ထဲတွင် အတွေးများစွာဖြင့် ရှုပ်ထွေးနေသော်လည်း သူ ဆက်လက်ပြီး တည်ငြိမ်ဟန်ဆောင်သည်။ သူသည် မီးလျှံနတ်ဆိုးဂိုဏ်း၏ ဒုဂိုဏ်းချုပ် ဖြစ်သည်။ သူကိုယ်တိုင်ကစပြီး ထိတ်လန့်ပြနေပါက ကျန်ရှိသောဂိုဏ်းသားများလည်း စိတ်ခိုင်တော့မည်မဟုတ်။
“အားလုံးပဲ၊ ဂိုဏ်းချုပ်က ကျွန်တော်တို့ကို ကယ်တင်ဖို့ ရောက်လာပါလိမ့်မယ်။ နည်းနည်းလောက်ပဲ ထပ်သည်းခံလိုက်ကြပါ!”
ထိုစကားကို ကြားသောအခါ၊
လူတိုင်းသည် တုံ့ဆိုင်းသွားပြီးနောက် ဘာစကားမှထပ်မဆိုဘဲ တိတ်ဆိတ်သွားသည်။
ယခင်ကအတိုင်းဆို သူတို့ မျှော်လင့်နိုင်ပေဦးမည်။ သို့ပေမဲ့ စစ်ပွဲက ဒီအချိန်ထိ ကြာညောင်းနေပြီးမှတော့ မီးလျှံနတ်ဆိုးဂိုဏ်း တိုက်ခိုက်ခံရသည့် သတင်းမှာ အပြင်လောကတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေလောက်ပြီးလေပြီ။
ဒါတောင် ဂိုဏ်းချုပ်က ပေါ်မလာသေးဘူး!
အချိန် ကြာလာသည်နှင့်အမျှ လူတိုင်း သံသယဝင်လာမည်မလွဲပေ။
တချို့က ဂိုဏ်းချုပ်သည် ယဲ့ဝူရှန်းကိုကြောက်သောကြောင့် မီးလျှံနတ်ဆိုးဂိုဏ်းကို ရှေ့ထွက်ကာကွယ်ဖို့ မရဲခြင်းဖြစ်မည်ဟု ထင်မြင်ချက်ပေးကြသည်။
သို့သော် ထိုစကားကို လူသိရှင်ကြားတော့ ပြောရဲကြသည်မဟုတ်။ ပြောလျှင်သေမည်။
မရေမရာလေထုကို ခံစားမိသောအခါ ကွေ့ကျန်းချုံသည် စိတ်ထဲမှ တိတ်တိတ်လေးသက်ပြင်းချမိ၏။ သူ့တွင်လည်း လှည့်ကွက်တစ်ခုကျန်ပါသေးသည်ဟု တွေးကာ ကိုယ့်ကိုယ်ကိုယ် ကြိတ်မှိတ်နှစ်သိမ့်ရုံသာ တတ်နိုင်ပေမည်။
ရုတ်တရက်။
ကွေ့ကျန်းချုံသည် မီးဒြပ်စင်ဝိညာဉ် မှော်ရတနာ၏ တုန်ခါမှုကို ခံစားလိုက်ရသည်။
“မဟုတ်မှ…”
ကွေ့ကျန်းချုံ၏ မျက်လုံးများ တစ်ချက်လင်းလက်သွားသည်။ သူသည် လက်သင်္ကေတ တစ်ခုကို အလျင်အမြန် ဖွဲ့စည်းပြီး မြေပြင်ပေါ်သို့ ရိုက်ချလိုက်ကာ ကျယ်လောင်သော မြည်ဟီးသံတစ်ချက် ထွက်ပေါ်လာသည်။
ရေတွက်မရသော မြေပြင်မီးတောက်များ ထွက်ပေါ်လာပြီး အနီရောင် အလင်းလွှာ အကာအရံထဲသို့ စီးဆင်းဝင်ရောက်လေသော် မူလက မှိန်ဖျော့နေပြီဖြစ်သော အနီရောင် အလင်းလွှာ အကာအရံသည် အစပထမတုန်းကကဲ့သို့ လျင်မြန်စွာ ပြန်လည်ခိုင်မာသွားပြီး တောက်ပသော အလင်းတန်းများပင် တဖျတ်ဖျတ်ထွက်ပေါ်လာသည်။
“ဟားဟား ကောင်းကင်ဘုံက မစတာပဲ!”
ကွေ့ကျန်းချုံ ဝမ်းသာအားရ အော်ရယ်လိုက်သည်။ မီးဒြပ်စင်မှော်ရတနာက ဒီလောက် ဆန်းကြယ်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေသည့် မြေအောက်အနက်ရှိုင်းဆုံး တစ်နေရာရှိ ကြွယ်ဝသော မီးဒြပ်စင်စွမ်းအင်ကိုပါ စုပ်ယူအားဖြည့်နိုင်သည့် စွမ်းအားကို ထပ်မံတွေ့ရှိခဲ့ရလေသည်။
မြေအောက်မီးစွမ်းအင်မှ ဆက်လက်ထောက်ပံ့မှု ရှိနေသရွေ့ မီးလျှံနတ်ဆိုးဂိုဏ်းသည် မရှုံးနိမ့်နိုင်ပေ။
လောလောဆယ် အရေးပေါ်ပြဿနာကိုတော့ ဖြေရှင်းပြီးလေပြီ။