အခြေအနေများ အဆက်မပြတ်ပြောင်းလဲ
Vol. 40 Ch. 558
“ဒါက…” တပည့်များလည်း အံ့အားသင့်မှုများ ပြည့်နှက်နေသော သူတို့၏ မျက်လုံးများဖြင့် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။
အလင်းလွှာ အကာအရံ အပြင်ဘက်ရှိ စိတ်ရှုပ်ထွေးနေပုံ ပေါ်သော ယဲ့ဝူရှန်းကို ကြည့်ရင်း ကွေ့ကျန်းချုံသည် ရုတ်တရက် ကျေနပ်သွားသလို ခံစားရပြီး သူ့ကို လှောင်ပြောင်သည်။
“ယဲ့ဝူရှန်း၊ မင်းရဲ့ အရည်အချင်းလောက်နဲ့ ဒီအစီအရင်ကို ချိုးဖျက်ဖို့က အရမ်းဝေးသွားလောက်ပြီ!”
“အား!!”
ထိုလှောင်ပြောင်စကားကိုကြားသော် ယဲ့ဝူရှန်း၏မျက်လုံးများမှာ သွေးများစီးကျတော့မတတ် နီရဲသွားပြီး စိတ်လွတ်ရူးသွပ်သွားတော့မလို ခံစားနေရသည်။ သူ၏ အကြီးမားဆုံး ကြောက်ရွံ့မှုက တာဝန်ကို မပြီးမြောက်နိုင်ခြင်းဖြစ်ပြီး ယခု ကွေ့ကျန်းချုံ၏ လှောင်ပြောင်မှုက သူ့အားနည်းချက်ကို တည့်တည့်ထိသောကြောင့် နေရာတွင်ပင် ခေါင်းကိုရိုက်ခွဲပြီး သတ်သေချင်စိတ်ပေါက်လာသည်။
ရွှစ်~
ထိုအချိန်တွင်။
ကျယ်ပြန့်ပြီး အေးစက်သော လေပြင်းတစ်သုတ်က ပြန့်ပြူးသော မြေပြင်ကို ဖြတ်၍ တိုက်ခတ်သွားသည်။ လေသည် အသားကိုဖြတ်ကာ အရိုးများထိ ထိုးဖောက်နိုင်လောက်အောင် အေးစက်ခဲကျင်နေပြီး တိုက်ခတ်ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးလျှံတောင်များပင်လျှင် ငြိမ်းသတ်မည့် လက္ခဏာများ ပြသလာကြသည်။
ထိုစဥ် သဲကြမ်းကဲ့သို့ ခြောက်သွေ့အက်ကွဲနေသော အဘိုးကြီးတစ်ဦး၏ အသံသည် ရုတ်တရက် ကောင်းကင် တစ်လျှောက်လုံး ပဲ့တင်ထပ်လာပြီး လူအပေါင်းအား ချောက်နက်ထဲပြုတ်ကျသွားသည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။
“စိတ်ဝင်စားစရာပဲ၊ ဒါက မီးလျှံနတ်ဆိုးဂိုဏ်းပေါ့လေ”
အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ဦးသည် လက်နှစ်ဖက်ကို အနောက်သို့ပစ်ကာ ရုတ်တရက် ပေါ်လာသည်။ မျက်လုံးများသည် ဓားသွားလို ထက်မြက်ပြီး နှုတ်ခမ်းထက်တွင် စနောက်လှောင်ပြောင်လိုဟန် အပြုံးတစ်ခုပါရှိသည်။
ထိုမြင်ကွင်းကို မြင်သောအခါ။
အရိုးနတ်ဆိုးဂိုဏ်း ကျင့်ကြံသူများသည် ကြောက်လန့်တကြားဖြင့် တိုက်ခိုက်မှုကို ရပ်လိုက်ကြပြီး ကမန်းကတန်း ဒူးထောက်အရိုအသေပြုကြသည်။ “ဂိုဏ်းချုပ်အား ကျွန်တော်တို့ အရိုအသေပေးပါတယ်!!!”
ပြိုင်တူအော်ဟစ်လိုက်သော် အသံများက တောင်ပြိုကျစေတော့မတတ် အားအင်အပြည့်ပါရှိလျက်။
ယဲ့ဝူရှန်း၏ နဖူးသည် ချွေးများဖြင့် ဖုံးလွှမ်းနေပြီး တုန်တုန်ယင်ယင် မေးမိသည်။ “ဂိုဏ်းချုပ်၊ ဘာလို့ ဒီအထိ ကိုယ်တိုင်လာရတာလဲခင်ဗျာ?"
ကူကျန်းရန်က သူ့ကိုတစ်ချက်စောင်းကြည့်လာ၏။ “မင်းပါးစပ်က ထုတ်မေးရဲသေးလား? နောက်ဆုံး သတ်မှတ်ရက်က ဆယ်ရက်လို့ ငါပြောခဲ့တယ်။ အခု ဘယ်နှစ်ရက် ကြာသွားပြီလဲ? ဒီနှုန်းနဲ့ဆိုရင် မင်း ဘယ်လောက်ကြာကြာ တိုက်ဖို့ စီစဉ်ထားတာလဲ? ဒီ အဘိုးကြီးက အဲ့လောက်စိတ်မရှည်တတ်ဘူး!”
“ဂိုဏ်းချုပ်၊ ကျွန်တော်တို့ကို အချိန်နည်းနည်းလေး ပိုပေးပါ၊ ကျွန်တော်တို့ မီးလျှံနတ်ဆိုးဂိုဏ်းကို သေချာပေါက် သိမ်းပိုက်ပြီး အရိုးနတ်ဆိုးဂိုဏ်းရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းပါမယ်!” ယဲ့ဝူရှန်းသည် တစ်ဖက်လူ၏ မကျေမနပ်စိတ်အား ခံစားမိသဖြင့် အလျင်အမြန်လျှောက်တင်ရသည်။
ဖြန်း!
သူ့ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသော အပြင်းစား ရိုက်ချက်သည် ခန္ဓာကိုယ်တစ်ခုလုံးကို မိုင်သောင်းနှင့်ချီ၍ ပျံသန်းသွားစေပြီး မီးလျှံတောင်များစွာကို ဖြတ်တိုက်ရိုက်ချိုးသွားသည်။ ထို့နောက် မမြင်ရသော အားတစ်ခုဖြင့် စုပ်ယူခံလိုက်ရသကဲ့သို့ သူသည် လက်ရှိနေရာထံ အတင်းအကျပ် ပြန်လည် ဆွဲခေါ်ခံရပြီး ကူကျန်းရန်၏ ခြေရင်းတွင် ဒူးထောက်လျက်ကျရောက်သွားသည်။
ယဲ့ဝူရှန်း၏ ခေါင်းတစ်ခုလုံးမှာ အူသံဆူဆူဖြင့် မူးဝေနေပြီး မျက်လုံးများတွင် ကြယ်များလများသာ မြင်နေရသည်။ သူ၏ မျက်နှာတစ်ခြမ်းသည် အရိုးဖြူဖြူများပင် ပေါ်လွင်နေလျက် သွေးချင်းချင်းနီစွာ ပွန်းပဲ့စုတ်ပြတ်နေသည်။
“ဒီအဘိုးကြီး မင်းကို ဘာလို့ရိုက်တယ်ဆိုတာ မင်းသိလား? ဘာလို့လဲဆိုတော့ မင်းတာဝန်ကို မပြီးမြောက်နိုင်ရုံသာမက ဒီအဘိုးကြီးကို ဆက်လက်လှည့်ဖြားဖို့တောင် ဝံ့ရဲလို့ပဲ!”
ကူကျန်းရန်သည် ဝတ်ရုံလက်စကို တစ်ချက်ခါလိုက်သည်။ မျက်နှာထက်တွင် မျက်နှာဖုံးတပ်ဆင်ထားမြဲဖြစ်သော်ငြား မျက်လုံးအကြည့်မှာ ကြောက်မက်ဖွယ်အေးစက်နေလျက်။
“ကျွန်တော်မျိုးမှာ အပြစ် ရှိပါတယ်…” ယဲ့ဝူရှန်း၏ပါးစပ်မှ သွေးများစီးကျလာသည်။ သူ၏ နှလုံးသားသည် စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေပြီး နှစ်ဦးကြားရှိ ခွန်အားကွာဟမှုကြောင့် ပိုလို့ပင် စိတ်ဓာတ်ကျလာတော့၏။
မသေမျိုးဘုရင် အဆင့်ရှိသော စွမ်းအားရှင်တစ်ဦးရှေ့တွင် သူသည် ကြိုးဆွဲထားသော ရုပ်သေးရုပ်အလား ကြိုက်သလို ခိုင်းစေဖျက်ဆီးလို့ရသော အနေအထားတွင် ရှိနေသည်ပင်။
နောက်လိုက်တပည့်များနှင့် အကြီးအကဲများသည်လည်း သူတို့အထွဋ်အမြတ်ထား လေးစားရသော သူတော်စင်သခင် ဤသို့ဆက်ဆံခံရခြင်းအတွက် နက်ရှိုင်းစွာ ဝမ်းနည်းနာကျင်မိကြရ၏။
ကူကျန်းရန်သည် အပြင်ဘက်ကမ္ဘာကို ချောက်ကမ်းပါးကဲ့သို့ ခွဲခြားထားသော အရှေ့မှ အနီရောင် အလင်းလွှာ အကာအရံကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် လှောင်ပြောင်ရိပ်တို့ ထင်ဟပ်လာပြီး ထူးဆန်းသောရယ်သံဖြင့် ရယ်မောလိုက်သည်။
“မင်းတို့ မီးလျှံနတ်ဆိုးဂိုဏ်းကို ဒီလောက်ကြာတဲ့အထိ မသိမ်းပိုက်နိုင်တာ အံ့သြစရာ မရှိဘူး။ လမ်းမှာ ဒြပ်စင်ဝိညာဉ် မှော်ရတနာက ပိတ်ဆို့နေတာကိုး။ ဒီပစ္စည်းက သတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်းရှိ မီးဒြပ်စင် စွမ်းအင်တွေနဲ့ ပတ်ပတ်လည်ချိတ်ဆက်ပြီး တိုက်ခိုက်မှုတွေကို အလိုက်သင့်တွန်းလှန်နိုင်တဲ့ အတားအဆီးစွမ်းရည်ရှိတယ်"
“ဒီနေရာရဲ့ မီးဒြပ်စင်ပတ်ဝန်းကျင်နဲ့ ပေါင်းစပ်လိုက်တော့ လုံးဝ အပြစ်အနာအဆာမရှိတဲ့ အစီအရင်တစ်ခုပဲ!”
ဉာဏ်အလင်းမသေမျိုးတစ်ပါးကို ထားပါဦး၊ သာမန် မသေမျိုးဘုရင် တစ်ပါးပင်လျှင် ဤအစီအရင်ကိုဖျက်ဆီးဖို့ အတော်အတန် ကြိုးစားအားထုတ်ရပေဦးမည်။
ကူကျန်းရန် ပေါ်လာသည်ကို မြင်သောအခါ ကွေ့ကျန်းချုံ၏ မျက်စိသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး သူ၏ နှလုံးသားထဲတွင် မကောင်းသောနိမိတ်ကို နက်နက်ရှိုင်းရှိုင်း ခံစားမိလာသည်။
ဒါက အရိုးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ ယဲ့ဝူရှန်းကို ခိုင်းနွားတစ်ကောင်လို ထိန်းချုပ်ထားနိုင်တဲ့ အဘိုးကြီးပဲ။
“လူကြီးမင်း၊ ဘာလို့ ကျုပ်တို့မီးလျှံနတ်ဆိုးဂိုဏ်းနဲ့ ရန်သူဖြစ်ချင်ရတာလဲ? ကျုပ်တို့အားလုံးက နတ်ဆိုးဂိုဏ်းတွေပဲ။ အတူပူးပေါင်းပြီး ပိုကြီးတဲ့ရည်မှန်းချက်တစ်ခုအတွက် အတူဆောင်ရွက်လို့ရတာပဲလေ" ကွေ့ကျန်းချုံက အံတင်းတင်းကြိတ်လျက် စည်းရုံးသည်။
“ပိုကြီးတဲ့ ရည်မှန်းချက်တစ်ခုအတွက် ပူးပေါင်းတာလား?"
ကူကျန်းရန်သည် အကြီးမားဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလှောင်ပြောင်သည်။ “မင်းတို့ ပုရွက်ဆိတ်တွေက ဒီအဘိုးကြီးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးဖို့တောင် ထိုက်တန်ရဲ့လား?!”
“ဒီအဘိုးကြီးက လက်နက်ချတာကလွဲရင် ဘာမှမလိုချင်ဘူး!”
“ခုခံသူတွေ၊ သေကြ!”
ထိုစကားကိုကြားသော်၊
ကွေ့ကျန်းချုံ မျက်နှာပျက်သွားသည်၊ “လူကြီးမင်း၊ အရမ်း မောက်မာနေတာ မဟုတ်ဘူးလား! ခင်ဗျားမှာ ဒီအစီအရင်ကိုဖျက်နိုင်လောက်တဲ့ စွမ်းရည်ရှိမယ်လို့ ကျုပ်တော့မထင်ဘူး!”
ကူကျန်းရန်က လှောင်ရယ်သည်။ “ဒီ အလင်းလွှာ အကာအရံက မင်းကို ထာဝရ ကာကွယ်နိုင်မယ်လို့ ထင်နေတာလား? ဒီ အဘိုးကြီး ဖျက်ဆီးပြတာကို ကြည့်နေလိုက်!”
ထိုသို့ပြောပြီး လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလျက် မြင့်မြင့်မြှောက်တင်လိုက်သည်။
အုံး~
ကူကျန်းရန်၏ ခေါင်းပေါ်တွင် ကြောက်မက်ဖွယ် အနက်ရောင် လေပွေတစ်ခု ပေါ်လာသည်။ ထိုလေပွေအတွင်းမှ ခပ်အုပ်အုပ် ဆူညံသံများ ထွက်ပေါ်လာပြီး ဆွတ်ဆွတ်ဖြူသော အရိုးချောက်လက်တစ်ဖက်က ခပ်ဖြည်းဖြည်း ထွက်ပေါ်လာ၏။
ထို အရိုးလက်ဖဝါးသည် ထူးဆန်းသော ရှေးဟောင်းသင်္ကေတများဖြင့် ပြည့်နှက်နေပြီး ဆိုးယုတ်သော နတ်ဆိုးအရှိန်အဝါအား ထုတ်လွှတ်နေသည်။
၎င်း ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးမှာ သိမ့်ခနဲ တုန်လှုပ်သွားပြီး လေဟာနယ်သည်ပင် ခံစားရသောသတ်ဖြတ်လိုစိတ်ကြောင့် ရုတ်ချည်း လေးလံသွားရ၏။
“ဖျက်ဆီး!”
ကူကျန်းရန်၏ မျက်လုံးများက အေးစက်နေပြီး လက်ကို အောက်သို့ဖိလိုက်သည်။
ချက်ချင်းပင် ဧရာမ အရိုးဖြူလက်ကြီးသည် အနီရောင် အလင်းလွှာ အကာအရံကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ ခိုင်မာတောင့်တင်းသော အလင်းလွှာ အကာအရံသည် တစ်ဖက်မှဖိအားကို မခံနိုင်သကဲ့သို့ ကွဲအက်သောအသံများ စတင်ထုတ်လွှတ်လာသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ…” ကွေ့ကျန်းချုံ တုန်လှုပ်သွားပြီး အနီရောင် အလင်းလွှာ အကာအရံပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ ဖြာထွက်လာသော အက်ကွဲကြောင်းများအား မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။
အဘိုးကြီး ထုတ်လွှတ်သော အရှိန်အဝါမှာလည်း မသေမျိုးဘုရင်အဆင့်ဖြစ်ကြောင်း သူသိရှိသွားသည်။
ဝုန်း!
အနီရောင် အလင်းလွှာ အကာအရံသည် အပိုင်းပိုင်း ကွဲအက်ကြေမွသွားတော့၏။
မြေအောက် အနက်ရှိုင်းဆုံး တစ်နေရာတွင် မြှုပ်နှံထားသော အနီရောင်သလင်းကျောက်သဏ္ဌာန် ဒြပ်စင်ဝိညာဥ်ရတနာသည်ပင် တောက်ပလင်းလက်မှု မရှိလေတော့။
“မဖြစ်ဘူး…”
ဂိုဏ်းသားများအားလုံး မျှော်လင့်ချက်မဲ့ကုန်ကြသည်။
ယဲ့ဝူရှန်းဖြင့်သာဆိုလျှင် သူတို့ သေသည်အထိတိုက်ခိုက်ဖို့ သတ္တိရှိပေဦးမည်။ သို့ပေသည့် မသေမျိုးဘုရင်တစ်ပါးနှင့် ရင်ဆိုင်ရသောအခါ သူတို့အားလုံး တိုက်ခိုက်ချင်စိတ်များ လုံးဝကျဆင်းကုန်ကြတော့၏။
ကူကျန်းရန်သည် အောက်ရှိ ကြောက်လန့်တုန်လှုပ်နေသော လူအုပ်ကို ကြည့်ပြီး မျက်ခုံးပင့်သည်။ “မင်းတို့ရဲ့ ဂိုဏ်းချုပ် ဒီမှာမရှိဘူးလို့ ကြားတယ်”
ကွေ့ကျန်းချုံသည် ကြောက်စိတ်ကိုဖိနှိပ်ပြီး ရှေ့ကိုခြေတစ်လှမ်းတိုးကာ အသံနက်ကြီးဖြင့်အော်သည်။ “အဲ့တော့ ဘာဖြစ်လဲ?!”
"ဟဲဟဲ အနည်းဆုံးတော့ သူ့အတွက်ဘာကောင်းမှန်း သူသိတတ်သားပဲ။ ဒီလို သူရဲဘောကြောင်ပြီး ဂိုဏ်းကိုပစ်ပြေးတဲ့ကောင်တွေ ဒီအဘိုးကြီး အများကြီးတွေ့ခဲ့ဖူးပါတယ်"
ထိုစကားအဆုံးတွင်၊
ဂိုဏ်းသားများမှာ ရောထွေးနေသော စိတ်ခံစားချက်တို့ဖြင့် လည်ချောင်းတွင် တစ်ခုခုနင်နေသကဲ့သို့ လွန်စွာမခံမရပ်နိုင် ဖြစ်မိကြ၏။
ကွေ့ကျန်းချုံ၏ နဖူးပေါ်ရှိ သွေးကြောများ ဖောင်းကြွလာပြီး သူဟိန်းဟောက်သည်။ “အဘိုးကြီး၊ ကောလာဟလတွေ မဖြန့်ပါနဲ့!”
သူ၏ နှလုံးသားထဲတွင် ဂိုဏ်းချုပ်သည် လမ်းလွဲနေသောသူ့အား အပြစ်ဒဏ်မပေးရုံမက ကြီးမားသော ကြင်နာမှုတရားကို ပြသပေးခဲ့သည်။ ပြန်လည် ပေးဆပ်၍ မရနိုင်သော ကြင်နာမှုဖြစ်ပြီး သူ့ဘဝတွင် ဂိုဏ်းချုပ်၏ဂုဏ်အသရေကို တတ်နိုင်သမျှစောင့်ထိန်းပေးဖို့ သစ္စာပြုခဲ့ပြီးဖြစ်၏။
"ဒီအရူးက တော်တော်တော့သစ္စာရှိတာပဲ။ ကံမကောင်းစွာနဲ့ ဒီအဘိုးကြီးအတွက် သစ္စာတရားဆိုတာ အသုံးမတည့်ဘူး"
ကူကျန်းရန်သည် ခေါင်းကိုအသာခါယမ်းပြီး သူ၏အနက်ရောင်လက်ညှိုးတစ်ချောင်းအား ပေါ့ပေါ့ပါးပါးမြှောက်ကာ အောက်ဘက်ကရှိ ကွေ့ကျန်းချုံကို ထိုးညွှန်လိုက်သည်။
“မကောင်းတော့ဘူး!” ကွေ့ကျန်းချုံ၏ ဆံပင်များ ချက်ချင်း ထောင်ထလာပြီး သူ၏ အသားအရေမှာလည်း ဆုပ်ညှစ်ခံလိုက်ရသလို သိသိသာသာ တွန့်ရှုံ့သွားသည်။
ထို့နောက် ကိုယ်တွင်းရှိအရိုးများက သူ၏အသားအရည်ကို ဖောက်ထွင်းထိုးထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားလျက် နာကျင်စွာ အော်ဟစ်မိစေသည်။ “အား အား အား အား အား…”
“ဒီလိုပဲ သေလိုက်ပါတော့” ကူကျန်းရန်သည် ပိုးကောင်တစ်ကောင်ကို နင်းသတ်နေသည့်လေသံဖြင့် ဆိုသည်။
ရုတ်တရက်။
မြင့်မြတ်ပြီး တောက်ပသော မီးအလင်းတန်းတစ်ခုသည် ကောင်းကင်ကိုဖြတ်ကျော်ပျံသန်းကာ ကြီးမားသောမီးတောက်များအား ကူကျန်းရန်ဆီ ပို့လွှတ်လာသည်။
ကူကျန်းရန်၏ မှော်အတတ်မှာ အရေးပါဆုံးအချိန်တွင် အနှောင့်အယှက်ပေးခံလိုက်ရခြင်းပင်။
ရှင်းပြမရနိုင်သော အသက်ရှူကျပ်လောက်စရာဖိအားကြောင့် ကူကျန်းရန် နှလုံးခုန်ရပ်တော့မလောက် လန့်သွားရသည်။
“အဘိုးကြီး၊ အတင့်ရဲလှချည်လား!”
သူ အလေးအနက် ခန့်အပ်ထားသော ဒုဂိုဏ်းချုပ် ရန်သူ့လက်ထဲတွင် ညှင်းပန်းသတ်ဖြတ်ခံရတော့မည့်အရေးအား မြင်တွေ့လိုက်ချိန်၌ ဟုန်ချန်ယဲ့၏ဒေါသမှာ ငယ်ထိပ်သို့တိုင်တက်လေသည်။
အဆုံးမဲ့ မီးတောက်များ သူ၏ လက်ဖဝါးတွင် စုဝေးလာပြီး ကြီးမားသော စွမ်းအားဖြင့် အလျှံငြီးငြီး တောက်လောင်လာသည်။
“ဟင်?”
ကူကျန်းရန် မျက်မှောင်ကြုတ်ပြီး လက်သင်္ကေတအား ဖွဲ့စည်းလိုက်သော် ခပ်မှိုင်းမှိုင်းတောက်ပနေသော အရိုးဒိုင်းကာတစ်ခု ဖြစ်ပေါ်လာသည်။
အုံး~!
ပေါက်ကွဲသံမှာ နားကွဲမတတ် ကျယ်လောင်လှ၏။
ကူကျန်းရန်သည် ဆယ်ပေကျော် နောက်ဆုတ်သွားရပြီး မြေပြင်ပေါ် တည်တည်ငြိမ်ငြိမ် ဆင်းသက်လိုက်နိုင်သော်ငြား မျက်လုံးများက အတွေးများဖြင့်ရှုပ်ထွေးလျက် ရှိသည်။
ဘာတွေ ဖြစ်နေတာလဲ?
တစ်ဖက်လူသည် ရှင်းရှင်းလင်းလင်းပင် မသေမျိုးအရှင်သခင်တစ်ပါးဖြစ်သည်။ အဘယ့်ကြောင့် ဤမျှအားကောင်းနေရသနည်း?
အရှေ့တွင် ဟုန်ချန်ယဲ့သည် သူ့ကို အဝေးမှ စိုက်ကြည့်နေပြီး ဆံပင်နက်များက လေထဲတွင် လွင့်ပျံလျက်။ မျက်စိသူငယ်အိမ်များမှာ ရွှေရောင်မီးတောက်နှစ်ခုဖြင့် မှိတ်တုတ်မှိတ်တုတ် လင်းလင်နေပြီး ချောမောလှပသော မျက်နှာတွင် အေးစက်သော သတ်ဖြတ်လိုစိတ်က အပြည့်ဖုံးလွှမ်းနေသည်။
“မင်းဘယ်သူလဲ?” ကူကျန်းရန် မျက်မှောင်တင်းတင်းကြုတ်သည်။
“သွေးနီနတ်ဆိုး!” ယဲ့ဝူရှန်း အံ့အားသင့်စွာ တုန်လှုပ်သွားသည်။ ဟုန်ချန်ယဲ့သည် ထိုအဘိုးကြီးကိုပင် တွန်းလှန်နိုင်စွမ်း ရှိနေသလော။
“ဂိုဏ်းချုပ်!!!”
ထို ထူးခြားသော အနီရောင်ပုံရိပ် ဆင်းသက်လာပြီး အားကောင်းသော လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်ကို မြင်သောအခါ တပည့်များသည် ခေတ္တကြောင်အတိတ်ဆိတ်သွားပြီးနောက် မြေပြင်တုန်လှုပ်စေသော အောင်ပွဲခံကြွေးကြော်သံများ ထွက်ပေါ်လာသည်။
သွေးများဖြင့် ဖုံးလွှမ်းနေသော ကွေ့ကျန်းချုံသည် အသက်မသေခင်လေး အချိန်မီလွတ်မြောက်ခဲ့ပြီး ဟုန်ချန်ယဲ့ ပေါ်လာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များရစ်ဝဲလာလျက် တုန်တုန်ယင်ယင် အော်ဟစ်သည်။
“ဂိုဏ်းချုပ်၊ ခင်ဗျား ကျွန်တော်တို့ကို တကယ်ပဲ စွန့်ပစ်မသွားခဲ့ဘူး…”