← Chapters

ဘယ်ကောင်ဝင်ပါတာလဲကွ

Vol. 40 Ch. 559

ဘယ်ကောင်ဝင်ပါတာလဲကွ

Vol. 40 Ch. 559

ဝမ်းသာအားရ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ ကူကျန်းရန်၏ မျက်လုံးများမှာ စူးရှသောအလင်းဖြင့် ပေါက်ကွဲထွက်လာပြီး ထိတ်လန့်မှုနှင့် ဒေါသတို့ရောယှက်လျက် အော်ဟစ်လိုက်သည်။

"မင်းက မီးလျှံနတ်ဆိုးဂိုဏ်းချုပ်လား!"

ကူကျန်းရန် အံ့အားသင့်ခြင်း မရှိဟု ဆိုလျှင် လိမ်ရာကျမည်။ သူသည် မူလက မီးလျှံနတ်ဆိုးဂိုဏ်းချုပ်ဆိုသူမှာ ယဲ့ဝူရှန်းအဆင့်ထက် အနည်းငယ် ပိုသန်မာသည့် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။

ပြိုင်ဘက်၏ ခွန်အားကား သူ့စိတ်ကူးထက် အလွန်မြင့်မားနေခဲ့ပြီး ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဟုန်ချန်ယဲ့၏ ကျောနောက်ဘက်တွင် မီးတောင်ပံတစ်စုံ စုစည်းပေါ်ပေါက်လာသည်။ ဖီးနစ်ငှက်တောင်ပံများနှင့် ဆင်တူသော ဤခမ်းနားသည့် တောင်ပံတစ်စုံသည် ကြောက်မက်ဖွယ်‌ စွမ်းအင်လှိုင်းများကိုထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်လေဟာနယ်ကိုပင် လှိုင်းတွန့်များဖြစ်ပေါ်စေ၏။

"အဘိုးကြီး၊ ခင်ဗျား ကျုပ်လူတွေကို ထိရဲတယ်ပေါ့? ဒီနေ့က ခင်ဗျား သေရမယ့်နေ့ပဲ!"

ရေခဲကဲ့သို့ အေးစက်သော အသံတွင် သတ်လိုစိတ်နှင့် ပယ်ရှားမရသော သြဇာအာဏာကြီးစိုးမှုက ပြည့်နှက်နေသည်။

ဤမြင်ကွင်းကြောင့် မီးလျှံနတ်ဆိုးဂိုဏ်း၏ နောက်လိုက်များမှာ အလွန် စိတ်အားတက်ကြွလာခဲ့ကြပြီး နတ်ဘုရားတစ်ပါးအား ကိုယ်တိုင်မြင်တွေ့နေရသလိုပင် ထင်မှတ်မိရတော့၏။

"ဂိုဏ်းချုပ်က ကောင်းကင်ဘုံရဲ့အရှိန်အဝါကို ပိုင်ဆိုင်ထားတာပဲ" လင်းယုန်အကြီးအကဲက အော်သည်။

အခြား အကြီးအကဲသုံးပါးကလည်း သူတို့၏ မျက်လုံးအကြည့်များတွင် လေးစားမှုများ ပြည့်နှက်လျက် တစ်ချိန်လုံး အားကျလေးစားလာသော အိုက်ဒေါမင်းသားကို နောက်ဆုံး တွေ့ခွင့်ရလိုက်သည့် ပရိသတ်များကဲ့သို့ ကြည့်မဝရှုမဝဖြစ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း ဟုန်ချန်ယဲ့၏ လွှမ်းမိုးမှုကြောင့်သာ မီးလျှံနတ်ဆိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်းပင် ဖြစ်သည်။

ကူကျန်းရန်သည် ဒေါသထွက်မည့်အစား တဟားဟား ရယ်မောလိုက်သည်။

"မင်းလို နောက်ပေါက်ကလေးက ဒီအဘိုးကြီးရှေ့မှာ ကြွားဝါရဲတယ်ပေါ့? ဒီအဘိုးကြီး နတ်ဆိုးလမ်းစဥ်ကို လွှမ်းမိုးခဲ့တုန်းက မင်းဆိုတာ မွေးတောင် မမွေးသေးဘူး!"

"ကောင်းပြီ၊ ခွန်အားအရာမှာ တကယ့် ကွာခြားချက်က ဘာလဲဆိုတာ မင်းကို ငါ ပြရပေတော့မယ်!"

ထိုစကားအဆုံးတွင်၊

သူသည် လက်တစ်ဖက်ဖြင့် လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလျက် ကျိန်စာမန္တန်များအား ရွတ်ဆိုလိုက်သည်။

ဝှစ်!

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို မည်းမှောင်ပိန်းပိတ်နေသော အငွေ့အသက်ရောင်ခြည်များဖြင့် ဖုံးလွှမ်းသွားပြီး သေမင်းတစ်ပါးကဲ့သို့ သေခြင်းတရား အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့နောက် အလွန်မြန်ဆန်စွာဖြင့် ကြီးမား၍ ခမ်းနားထည်ဝါသော အရိုးစုခန္ဓာအဖြစ် ကြီးထွားပုံပေါ်လာခဲ့တော့၏။

ဤအရိုးစုခန္ဓာသည် အပေါ် တစ်ဝက်သာ ကြီးထွားနိုင်သော်လည်း ထိုတစ်ဝက်သည်ပင် ပေငါးသိန်းအထိမြင့်သည်။ ယှဥ်လိုက်ပါက စပါးစေ့လေးမျှသာရှိတော့သည့် ကူကျန်းရန်ကို ၎င်း၏ခန္ဓာအတွင်း ထည့်သွင်းဖုံးအုပ်ပေးထား၏။

အထူးဆန်းဆုံးအချက်သည်ကား ၎င်း၏ အရိုးစုလက် ရှစ်ချောင်းပင်။ အမှောင်တစ်မျိုးလွှမ်းနေသည့် ရွှေရောင်သင်္ကေတစာလုံးများသည် အရိုးစုကြီးတစ်ခုလုံးကို တစ်လက်မပင်မကျန်စေရအောင် စီးဆင်းယှက်နွယ်နေကာ ဆိုးယုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဤ လက်ရှစ်ချောင်းပါ ကျိန်စာအရိုးစုခန္ဓာကြီး ပေါ်လာသည့်အချိန်တွင် မိုင်ထောင်ပေါင်းများစွာသော ဧရိယာပတ်လည်တစ်ခုလုံးကို လေးလံသော ဖိနှိပ်မှုခံစားချက်ဖြင့် ပြည့်နှက်သွားစေခဲ့သည်။

"အိုး ဘုရားရေ..." ရေတွက်မရသော ကျင့်ကြံသူများမှာ ဆောက်တည်ရာမရအောင် ကြောက်လန့်ပြီး‌မြေပြင်ပေါ်သို့ ပြိုလဲကာ မိမိတို့ကိုအုပ်မိုးနေသည့် အရိုးစုခန္ဓာကြီးအား ထိတ်လန့်စွာ မော့ကြည့်နေမိကြသည်။

"ကြောက်စရာကောင်းလိုက်တာ၊ ဒါကြီးကိုတော့ သွေးနီနတ်ဆိုး ဘယ်လိုမှ မနိုင်နိုင်ဘူး!" ယဲ့ဝူရှန်းလည်း ကြောက်စိတ်ဖြင့် တုန်ယင်နေသည်။ ဟုန်ချန်ယဲ့တစ်ယောက်တော့ သေကိုသေရတော့မည်။

အရိုးစုခန္ဓာအတွင်း၌ အကျအနထိုင်နေသည့် ကူကျန်းရန်သည် ဤ ဧရာမခန္ဓာကို အလွယ်တကူ ကိုင်တွယ်ထိန်းချုပ်နိုင်လေသည်။

သူ၏ အထင်ကရ နတ်ဘုရားကျင့်စဥ်တစ်မျိုးဖြစ်လေရာ အလွန်ကို ယုံကြည်စိတ်ချရသော အနေအထားတွင် ရှိ၏။

မသေမျိုးဘုရင် အဌမကောင်းကင်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤကျင့်စဥ်ကို မသေမျိုးအရှင်သခင်တစ်ပါးအား ချေမှုန်းရန်ထုတ်သုံးခြင်းမှာ ပုရွက်ဆိတ်အား လက်ဖျားဖြင့်အသာချေမွခြင်းဖြင့် မခြား။

ကူကျန်းရန်၏ ပန်းတိုင်ကား ခွန်အားကို အပြည့်အဝ အသုံးပြုလျက် ဤ အသိဉာဏ်မဝင်သေးသော လူငယ်ကို အနိုင်ပိုင်းချေမှုန်းရန်သာလျှင် ဖြစ်သည်။

"ဟဲဟဲ၊ ကြောက်ပြီး စကားတောင် မပြောနိုင်တော့ဘူး မဟုတ်လား?"

ကူကျန်းရန်က ဟုန်ချန်ယဲ့၏ ထိတ်လန့်နေသောအမူအရာကို မျှော်လင့်ထားသကဲ့သို့ လှောင်ရယ်သည်။

မမျှော်လင့်ဘဲ ဟုန်ချန်ယဲ့ထံမှလည်း လှောင်ရယ်သံပြန်ထွက်လာသည်။ ပြိုင်ဘက်မှ ထုတ်လွှတ်နေသော ဖိနှိပ်မှုအရှိန်အဝါကို လျစ်လျူရှုပြီး ‌ကျောနောက်ရှိ မီးတောင်ပံများကို ပြင်းထန်စွာ ခတ်လိုက်သည့်အခါ ထို လူသားဖီးနစ်ပုံသဏ္ဌာန်သည် ကောင်းကင်ကို ဆုတ်ဖြဲဖို့ဟန်ပြင်နေသော တောက်ပသည့် သွေးနီရောင် မီးလျှံစီးကြောင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ပြင်းထန်သော ရွှီခနဲ အသံ ပဲ့တင်ထပ်ပြီးနောက် လေထဲတွင် ကြီးမားသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့၏။

အုံး အုံး အုံး…

ချက်ချင်းဆိုသလို အရိုးစုခန္ဓာသည် မီးလျှံဓားသွားများဖြင့် အထပ်လိုက် ထိမှန်ခံလိုက်ရပြီး ခန္ဓာသဏ္ဌာန်ကြီးတစ်ခုလုံး မူမမှန်သော အလင်းတန်းများဖြင့် ပြိုးပြိုးပြက်ပြက်လက်သွားခဲ့သည်။

"နေဦး၊ မင်းမှာ တကယ်ပဲ သတ္တမအဆင့် မသေမျိုးစွမ်းအား ရှိနေတာလား?!" ကူကျန်းရန်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ရှိပြီး တအံ့တသြမေးလာသည်။

ထိုအခါမှ ပြိုင်ဘက်၏ မသေမျိုးစွမ်းအား အရည်အသွေးက သူ့ထက် ပိုမြင့်သည်ကို သိနားလည်သွားခဲ့ရခြင်းပင်။

"အဘိုးကြီး၊ ခင်ဗျား အထဲမှာပုန်းနေရုံနဲ့ အကာအကွယ်ရမယ်ထင်သလား?!"

ဟုန်ချန်ယဲ့၏ မျက်လုံးများက ထက်ရှလျက်ရှိကာ ခန္ဓာအတွင်း၌ လှိုင်းထနေသော မသေမျိုးစွမ်းအားကို အသက်သွင်းလျက် ကျောနောက်ရှိ မီးတောင်ပံများအား ရွှေရောင်ပြောင်းသွားစေသည်။ ထိုရွှေရောင်တောင်ပံများကား မြင့်မြတ်သောအရောင်အဝါကို ထုတ်လွှတ်နေလျက်။

"ကောင်းကင်ကိုးထပ်တွင် ဖီးနစ်ကခုန်ခြင်း!"

ရုတ်တရက် ကောင်းကင်ကိုးဆင့် တစ်လျှောက်လုံးတွင် ဖီးနစ်ငှက်၏ ခမ်းနားသည့် အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်လာသည့်အတွက် ရေတွက်မရသော ကျေးငှက်များနှင့် သားရဲများမှာ နှလုံးသားများ တုန်လှုပ်အားနည်းကုန်ကြရသည်။

လူအုပ်၏ ထိတ်လန့်အံ့သြနေသော အကြည့်အောက်၌ တောက်ပသည့် ရွှေရောင်မီးအလင်းတန်း တစ်ခုသည် မသေမျိုးဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ၎င်း၏ တောင်ပံများကို အစွမ်းကုန် ကားဖြန့်၍ ကောင်းကင် တစ်လျှောက်လုံး ပျံဝဲကြွေးကြော်နေသကဲ့သို့ ဖြစ်၏။

"သေပြီ!"

ကူကျန်းရန်သည် စိုးရိမ်တကြီးဖြင့် အရိုးစုခန္ဓာကို လျင်မြန်စွာ ကိုင်တွယ်ကာ တန်ပြန်တိုက်ခိုက်သည်။

ပါဝင်သော အေးစက်စက် အရိုးစုလက် ရှစ်ချောင်းစလုံးကို တစ်ပြိုင်နက် ဝှေ့ယမ်းသည်။ ထို လက်သီးရှစ်ခုသည် အနက်ရောင်ချီအငွေ့အသက်ဖြင့် ဖုံးလွှမ်းနေပြီး ယှဥ်နိုင်လောက်စရာမရှိသော ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းအားကို သယ်ဆောင်လျက် အဆက်မပြတ် ရိုက်ခတ်နေသည်။

အုံး!

မြေပြင်ကျယ်ကို တုန်လှုပ်စေသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြန်သည်။

ကောင်းကင်တွင် အလွန် မျက်စိကျိန်းစပ်စေသည့် တောက်ပလင်းလက်သော ဧရာမအလင်းလုံးတစ်ခုကိုသာ သူတို့ မြင်လိုက်ကြရ၏။

နောက်ဆက်တွဲ တုန်လှုပ်ရိုက်ခတ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်အခါ၊

ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရထားသော အရိုးစုခန္ဓာကို လက်ခြောက်ချောင်းကျိုးလျက်သားဖြင့် တွေ့လိုက်ကြရသည်။

ကူကျန်းရန်သည် မျက်လုံးပြူးမျက်ဆံပြူးဖြင့် မျက်စိသူငယ်အိမ်များက တဆတ်ဆတ်တုန်ယင်နေသည်။ ရလဒ်ကို လက်ခံနိုင်ခြင်း မရှိသေးသကဲ့သို့။

"ဒီလို စွမ်းအားမျိုး၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?!"

ထို နောက်ဆုံးရိုက်ချက်သည်ကား မသေမျိုးအရှင်သခင်တစ်ဦး ထုတ်လွှတ်နိုင်သော အရာ လုံးဝမဟုတ်ပေ။ ဟုန်ချန်ယဲ့၏ စစ်မှန်သော ကျင့်ကြံဆင့်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူးဆိုလျှင် ကူကျန်းရန်သည် မဟာစွမ်းအားရှင်တစ်ပါး အားနည်းဟန်ဆောင်နေခြင်းပေလားဟု သံသယ ဝင်မိမည် ဖြစ်သည်။

All Chapters