အခန်း (၅၆၀)
Vol. 40 Ch. 560
"မြင်လား? ဒါက ငါတို့ဂိုဏ်းချုပ်ရဲ့ ခွန်အားပဲ!" ကွေ့ကျန်းချုံက ဝမ်းသာအားရဖြင့် အားတက်သရော ပြောသည်။
"ဂိုဏ်းချုပ်ရဲ့ နတ်ဘုရားစွမ်းအားကို ဘယ်သူမှ မယှဉ်နိုင်ဘူး! သူ့ မသေမျိုးစွမ်းအားက အဆုံးမရှိဘူး!"
မူလက စိုးရိမ်ပူပန်နေသော တပည့်များသည်လည်း ဤ တစ်သက်မမေ့နိုင်သည့် နှိမ်နင်းရေးမြင်ကွင်းကို မြင်လိုက်ရသောအခါ အားဆေးထိုးခံလိုက်ရသော တိုက်ကြက်များကဲ့သို့ ဖလန်းဖလန်းထသွားပြီး တက်ကြွပြင်းပြစွာ အော်ဟစ်ကုန်ကြ၏။
မီးလျှံနတ်ဆိုးဂိုဏ်း၏ စိတ်ဓာတ်ပြင်းပြမှုနှင့် ဆန့်ကျင်စွာပင် အခြား တစ်ဖက်မှ ကျင့်ကြံသူ စစ်တပ်ကား တစပြင်အလား တိတ်ဆိတ်နေခဲ့သည်။
ယဲ့ဝူရှန်းလည်း အံ့အားသင့်လျက်သား။ "ဒီခွန်အားက ရူးလောက်အောင်အားကောင်းတာပဲ..."
သူ့မူလနားလည်မှုနှင့် အမြင်တွင် မသေမျိုးဘုရင် လက်အောက်က မည်သူမဆို ပုရွက်ဆိတ်ဖြစ်သင့်သည်သာ။ သို့သော် မျက်စိရှေ့မှ အချက်အလက်များက သူ့ မျက်နှာကို ရိုက်ချနေသကဲ့သို့ ရှိ၏။
"ဒီတိုက်ကွက်အသစ်လေးက အတော်မဆိုးဘူးပဲ" အရှေ့မှ သူပုံသွင်းထားသော အရိုးစုအကျိုးအပဲ့လေးကိုကြည့်ရင်း ဟုန်ချန်ယဲ့၏ နှုတ်ခမ်းများကား ခပ်ရွှင်ရွှင် ကွေးညွှတ်သွားသည်။
ကောင်းကင်ကိုးထပ်တွင် ဖီးနစ်ကခုန်ခြင်း ကျင့်စဥ်သည်ကား သူ မသေမျိုးအရှင်သခင်အဆင့်သို့ တက်လှမ်းသည့်အခါက လေ့လာတတ်မြောက်ခဲ့သည့် မီးဒြပ်စင် နတ်ဘုရားကျင့်စဥ် အသစ်စက်စက်တစ်ခု ဖြစ်သည်။
၎င်း၏ အဆင့်ကား ကြာနီမီးလျှံထက် နိမ့်သော်လည်း အသုံးပြုရာတွင် ပို၍ပေါ့ပါးလွယ်ကူကာ အာရုံစိုက်ရလွယ်သည်။
"မဖြစ်နိုင်ဘူး၊ မင်းမှာ သတ္တမအဆင့် မသေမျိုးစွမ်းအား ရှိရင်တောင် ဒီအဘိုးကြီးကို မင်းလက်နဲ့ အနိုင်ယူလို့ မရစေရဘူး!"
ကူကျန်းရန်သည် ပထမတွင် ခေတ္တအံ့အားသင့်သွားပြီးနောက် ဒေါသပိုထွက်လာသည်။ ထို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးအား သူ့လက်ဖြင့် အပြီးတိုင် ချေမှုန်းဖျက်ဆီးရန် စိတ်ပိုင်းဖြတ်လိုက်ပြီး ခွန်အားအလုံးစုံကို ထုတ်သုံးကာ ဟုန်ချန်ယဲ့ကိုရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။
မကြာမီပင် သူ၏ပါးစပ်မှ အမျိုးအမည်မသိနိုင်သည့် ကျိန်စာမန္တန်များ ထွက်ပေါ်လာခဲ့သည်။ ကူကျန်းရန်၏ လက်သင်္ကေတများနှင့် မန္တန်လှုံ့ဆော်မှု အောက်တွင် မှိုင်းဝေသော အမှောင်အငွေ့အသက်သည် ကြယ်ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲဖွဲ့စည်းကာ သူ့ခေါင်းထက်တွင် စတင်ပုံပေါ်လာသည်။
"လူငယ်လေး၊ ဒီအဘိုးကြီးရဲ့ နာမည်ကြီးတိုက်ကွက်နဲ့သေရတာ မင်းအတွက်တော့ ဂုဏ်ရှိမှာပဲ!"
နားမခံသာသော အိုမင်းရွတ်တွနေသည့် အသံကြီးတွင် နက်ရှိုင်းသည့်သတ်လိုစိတ် ပါဝင်နေသည်။
ဝေါင်း!!!
ခမ်းနားသော နဂါးဟောက်သံသည် ကျယ်ပြန့်သည့် ကောင်းကင်တစ်လျှောက်လုံး ပဲ့တင်ထပ်သွားသည်။ ကောင်းကင်နှင့်မြေကြီး အရောင်အသွေး ပျောက်ကွယ်ပြီး တောင်များဟိန်းသံပေးကာ ပြိုကျကုန်သည်။ ပြည်နယ်တစ်ခုလုံးကိုပင် သက်ရောက်စေကာ နေရာတိုင်းတွင် မီးတောက်များပေါက်ကွဲ မြေကြီးများပြိုကျနေသော ကမ္ဘာပျက်ပုံရိပ်များကိုသာ မြင်တွေ့နေရတော့၏။
"ဒါက ဘာကြီးလဲ?"
ဟုန်ချန်ယဲ့ မျက်ခုံးတွန့်သွားသည်။ နှလုံးသားတွင် အေးစက်စက်ခံစားချက်တစ်ခုကို အာရုံခံလိုက်မိပြီး ပြိုင်ဘက်၏စွမ်းအားကို အထင်သေးလို့မရကြောင်း သဘောပေါက်သွားရသည်။
အနက်ရောင် ကြယ်ပုံသဏ္ဌာန် ဖွဲ့စည်းမှုအတွင်းမှ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသော အရိုးစုနဂါးတစ်ကောင်သည် ကောင်းကင်ကို ဖုံးလွှမ်းတော့မတတ် ကြီးမားကျယ်ပြန့်သော တောင်ပံများဖြင့် ပျံထွက်လာသည်။ ၎င်း၏ မျက်လုံးများကား ထူးဆန်းသော အစိမ်းရောင် မီးလျှံများဖြင့် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေလျက် အစိမ်းရောင်မီးတောက်များအား အစုလိုက်အပုံလိုက် ထုတ်လွှတ်နိုင်သည်။ ခန္ဓာကိုယ်၏ အရွယ်အစားမှာလည်း လူအများ ရင်တုန်ပန်းတုန်ဖြစ်ချင်စရာ။
"သတ်!"
ကူကျန်းရန်၏ မျက်နှာကား ရူးသွပ်မှုဖြင့် ပုံပျက်ပန်းပျက်နေပြီး အားကုန်ကြိမ်းဝါးလိုက်သည်။
နဂါးဟောက်သံကား နားကွဲမတတ် ရိုက်ခတ်လာသည်။
ထို အရိုးစုနဂါးသည် တောင်ပံများကို ခတ်ကာ ပျံတက်သွားပြီး ပါးစပ်ကိုဖြဲဟလျက် ဖျက်ဆီးခြင်း စွမ်းအင်အရှိန်အဝါဖြင့် ပြည့်နှက်နေသော အနက်ရောင် ငရဲမီးလျှံ အစုလိုက်အပုံလိုက်ကို မှုတ်ထုတ်သည်။
ဟုန်ချန်ယဲ့ မျက်မှောင်တင်းတင်းကြုတ်ကာ သူ၏ ရွှေရောင်တောင်ပံများကို အရှေ့တွင်ယှက်ကာလျက် ထိုကြောက်မက်ဖွယ်မီးလျှံများအား ပိတ်ဆို့စေလိုက်သည်။
ထိခိုက်မှုမရှိသော်ငြား တောင်ပံကိုဖောက်ထုတ်ဖို့ ကြိုးစားနေသော ဖိအားကို သူအတော်အတန် တောင့်ခံရသည်။ နဖူးတွင် ချွေးစက်များ စိုရွှဲလာပြီး အားကုန်တင်းထားရသဖြင့် မျက်လုံးများ နီကျင်လာခဲ့သည်။
သိထားသင့်သည့် တစ်ချက်မှာ ကူကျန်းရန် ဆင့်ခေါ်သည့် အရိုးစုနဂါး မှုတ်ထုတ်သော ငရဲမီးလျှံများသည် မသေမျိုးဘုရင်အဆင့် စွမ်းအားရှင်များစွာကိုပင် မခံနိုင်စွာ မီးဟုန်းဟုန်းတောက် လောင်ကျွမ်းပြာကျစေနိုင်စွမ်း ရှိခြင်းပင်။
ဟုန်ချန်ယဲ့သည် သူ၏ မသေမျိုးအရှင်သခင် ကျင့်ကြံဆင့်ဖြင့် ထိုမျှပိတ်ဆို့အချိန်ဆွဲထားနိုင်ခြင်းသည်ကား အံ့ချီးဖွယ်သာဖြစ်၏။
"ဒါက..."
အခြေအနေ ရုတ်တရက် ပြောင်းပြန်ဖြစ်သွားခြင်းက ကွေ့ကျန်းချုံနှင့် မီးလျှံဂိုဏ်းသားများ၏ နှလုံးသားကို လည်ချောင်းဝသို့ ဆန်တက်လာစေခဲ့သည်။
မြင်ကွင်းသည် ချက်ချင်းဆိုသလို အလွန် တင်းမာလာခဲ့သည်ပင်။
"မင်း တောင့်ခံနိုင်မှာမဟုတ်ဘူး၊ သေခြင်းကိုသာ လက်ခံလိုက်!" ကူကျန်းရန်က စွမ်းအားများ အဆက်မပြတ်ထုတ်လွှတ်နေရင်း အော်ဟစ်သည်။
ချက်ချင်းဆိုသလို အရိုးစုနဂါး၏ ခန္ဓာကိုယ်တစ်ခုလုံး အမှောင်စွမ်းအင်ဖြင့် ပြင်းထန်စွာ တောက်ပလာပြီး တစ်ဖက်မှ ထိုးစစ်မီးလျှံကိုလည်း အဆပေါင်းများစွာ တိုးမြှင့်အားထည့်သည်။ အလွန်အကျွံအားမြှင့်လိုက်သော ငရဲမီးလျှံသည်ကား ကမ္ဘာကိုပင် လောင်ကျွမ်းစေတော့မတတ်။
"ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး..." ဟုန်ချန်ယဲ့ သွားကို တင်းနေအောင်ကြိတ်ကာ တဖြည်းဖြည်းပိုလေးလာသောဖိအားကို တောင့်ခံထားရသည်။
သို့သော် နောက် တစ်စက္ကန့်တွင်။
ကမ္ဘာမြေကြီး တုန်လှုပ်ကာ နေနှင့်လ အရောင်အဝါ ပျောက်ကွယ်သွားခဲ့သည်။ အမျိုးအမည်မသိနိုင်သော ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခု မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာသကဲ့သို့။
"ဝေါင်း~~~~!!!"
မြင့်မားအားကောင်းသော နဂါးဟောက်သံသည် မိုင်တစ်သောင်းကျော်အထိ ပဲ့တင်ထပ်သွားပြီး ရေတွက်မရသော သက်ရှိများစွာမှာ အသိစိတ်ပျက်ပြားတော့မတတ် ကြောက်လန့်တုန်လှုပ်ခဲ့ရ၏။
နှစ်ခုလုံး နဂါးဟောက်သံများသာ ဖြစ်သော်လည်း အရိုးစုနဂါး၏ ဟောက်သံကား ကျားကို တုပသော ကြောင်ကဲ့သို့ ရယ်စရာပြက်လုံးသာသာ ဖြစ်နေခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ?!"
ကူကျန်းရန်၏ ဦးရေပြား စပ်ဖျင်းဖျင်းဖြစ်လာပြီး သူ၏ နှလုံးသားတွင် ရုတ်တရက် ပြင်းစွာသော အန္တရာယ်ခံစားမှုတစ်ခု ဖြစ်တည်လာသည်။
ရုတ်တရက် လွှမ်းမိုးနိုင်စွမ်းကြီးသော အရပ်ရှည်ရှည် ပုံသဏ္ဌာန်တစ်ခု ဆင်းသက်လာသည်။ ဆံပင်အနက်ရောင်က လေပြင်းနှင့်အတူ ရမ်းကားရှုပ်ပွနေပြီး ထိုသူ၏ နဖူးတွင် ကြောက်မက်ဖွယ် အနက်ရောင်ချိုနှစ်ချောင်း ပေါက်နေခဲ့သည်။။ ပန်းပုထုထားသကဲ့သို့ ပြေပြစ်သည့်မျက်နှာ၊ မြင့်မားဖြောင့်စင်းသော နှာတံနှင့် အမှောင်ထဲမှ မီးအိမ်နှစ်လုံးကဲ့သို့ ရွှေရောင်တောက်ပနေသည့် ကျဉ်းမြောင်းသော မျက်လုံးများ ပါရှိသည်။
သူသည် သန်မာပြီး အားကောင်းသော ကိုယ်အပေါ်ပိုင်းကို အဝတ်မဲ့ဖော်ပြထားသည်။ သူ၏ ရင်ဘတ်နှင့် လက်မောင်းအစပ်များမှာ မာကျောသော နဂါးအကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ထိုအကြေးခွံတို့မှ နတ်ဘုရားဆန်ဆန် ရွှေရောင်တောက်တောက်ကို ထုတ်လွှတ်နေသည်။ အနောက်ဘက်တွင်လည်း ထူထဲသော နဂါးမြီးတစ်ချောင်း။
အသွင်အပြင်နှင့် အရှိန်အဝါ နှစ်ခုလုံးက ထိပ်တန်းအဆင့်ပင်။
ဤ နဂါးလူသားသည် ဟုန်ချန်ယဲ့ကို ဖြည်းဖြည်းချင်း လေ့လာအကဲခတ်နေပြီး သူ၏ မျက်လုံးများတွင် စိတ်ဝင်စားမှု တစ်စွန်းတစ်စ ထင်ဟပ်လာသည်။ ထို့နောက် ကြမ်းကြုတ်စွာ တိုက်ခိုက်နေသည့် အရိုးစုနဂါးကို တစ်ချက်ကြည့်လိုက်ချိန်တွင် မျက်လုံးများက အတော်လေးရွံရှာစက်ဆုပ်နေဟန် ပြောင်းလဲသွားသည်။
"ဒီလို အမှိုက်မျိုးကို နဂါးလို့တောင် ခေါ်သင့်သလား?"
နက်ရှိုင်းသော ဆွဲငင်အားအပြည့်နှင့် အသံတွင် မထီမဲ့မြင်စိတ်နှင့် အထင်သေးမှု အလုံးအရင်းပါဝင်သည်။
ထို့နောက် ကူကျန်းရန်၏ မယုံနိုင်သော အကြည့်အောက်၌ ထိုနဂါးလူသားက လက်တစ်ဖက်ကိုမြှောက်၍ ရိုက်ချလိုက်သည်။
ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသည့် အရိုးစုနဂါးသည် ရိုက်ချက်တစ်ချက်ဖြင့် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး လေဟာနယ်တွင် အစအနမကျန် လွင့်မျောပျောက်ကွယ်သွားလေတော့၏...
စာစဉ်ပြီး၏