← Chapters

ကောင်းကင်ဘုံမှ တေးသီချင်းအား သေမျိုးကမ္ဘာသို့ ယူဆောင်ခြင်း

Vol. 6 Ch. 76

ကောင်းကင်ဘုံမှ တေးသီချင်းအား သေမျိုးကမ္ဘာသို့ ယူဆောင်ခြင်း

Vol. 6 Ch. 76

တုန်ဖန်ရွှယ်၏ သီချင်းသံ ဆုံးသည့်အခါတွင် ပရိသတ်ထံမှ ကျယ်လောင်သည့် ဩဘာပေးသံများ ထွက်ပေါ်လာသည်။

သူမသည် စင်ပေါ်မှ ချက်ချင်း မဆင်းဘဲနှင့် နောက်ထပ် ဖျော်ဖြေမည့် အဆိုတော်အား မိတ်ဆက် ပေးနေလေသည်။ ပုံမှန်ဆိုလျှင် တုန်ဖန်ရွှယ်သည် သီချင်းတစ်ပုဒ် ပြီးဆုံးသည်နှင့် စင်ပေါ်မှ ချက်ချင်း ဆင်းသွားမြဲ ဖြစ်သည်။

ပရိသတ်များ အားလုံးမှာ အလွန်အံ့ဩ သွားကြသည်။

တုန်ဖန်ရွှယ်၏ ဖျော်ဖြေပွဲတွင် လာရောက် ဖျော်ဖြေကြသည့် အဆိုတော်များ အားလုံးမှာ အမြဲလိုလိုပင် ဝန်ထမ်းများမှ ကြော်ငြာပေးသည်သာ ဖြစ်သည်။

သီချင်း ပြီးဆုံးသည်နှင့် တုန်ဖန်ရွှယ်မှာ လေကဲ့သို့ ပျောက်ကွယ်သွားမြဲ ဖြစ်သည်။

ယနေ့တွင်မူ သူမသည် နောက်ထပ် သီဆိုဖျော်ဖြေမည့် အဆိုတော်အား ကိုယ်တိုင် မိတ်ဆက် ပေးနေလေသည်။ အလွန် ထူးခြားလွန်းသည်။ ပရိသတ် အားလုံးမှာ သိလိုစိတ်ကြောင့် စိတ်လှုပ်ရှား နေကြသည်။ တုန်ဖန်ရွှယ် ကိုယ်တိုင် မိတ်ဆက်ပေးသည့် အဆိုတော်မှာ မည်သို့သော လူမျိုးဖြစ်မည်ကို လွန်စွာ သိချင်နေကြသည်။

ထို့နောက်တွင် ပရိသတ် အားလုံးတို့သည် တုန်ဖန်ရွှယ်၏ မိတ်ဆက်ပေးမှုကြောင့် နောက်သီဆိုမည့် အဆိုတော်အား အလွန်အမင်း စိတ်ဝင်စားမှု မြင့်တက်ကာ အထင်ကြီးလျက် ရှိလာတော့သည်။

ထိုသူသည် ထွန်းတောက်လာမည့် ကြယ်တစ်ပွင့် ဖြစ်သည်။ ဂီတလောက၌ လျှောက်လှမ်းရန် အလားအလာ ကောင်းလွန်းသူလည်း ဖြစ်သည်။

သူသီဆိုမည့် တေးသီချင်းသည် ပရိသတ်အားလုံးအား အံ့ဩတုန်လှုပ်ကာ ဖမ်းစား သွားလိမ့်မည်။

တုန်ဖန်ရွှယ်သည် စင်ပေါ်မှ ဆင်းလာကာ အန်လင်း လက်ထဲသို့ မိုက်အား လွှဲပြောင်း ပေးလိုက်ကာ အားပေးသည့် အနေဖြင့် ကြည့်လိုက်သည်။

“သွား … လုပ်ကြည့်လိုက်တော့ …”

အန်လင်းသည် အနည်းငယ် ပြုံးယောင်သမ်းကာ ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက်တွင် စင်ပေါ်သို့ ခြေလှမ်း လိုက်တော့သည်။ အန်လင်း ထွက်ပေါ်လာသည်နှင့် ကျယ်လောင်သည့် လက်ခုပ်ဩဘာသံများနှင့် အားပေးသံများက ဆီးကြို နှုတ်ဆက်နေသည်။

ထိုအတွေ့အကြုံအား ကိုယ်တိုင် တွေ့ကြုံဖူးခြင်း မရှိလျှင် လူအများ၏ အားပေးသံ များသည် မည်မျှလောက် စိုးရိမ် ထိတ်လန့်ဖွယ် ကောင်းကြောင်း နားလည်နိုင်မည် မဟုတ်ချေ။

ရှစ်သောင်းသော ပရိသတ်များ၏ လက်ခုပ် ဩဘာသံများကို စုပေါင်းလိုက်သည့် အခါတွင် အန်လင်း၏ သွေးကြောထဲရှိ အဒရီနယ်ဂလင်း များသည်ပင်လျှင် ထွက်ပေါ် လာတော့သည်။ (နှလုံးတဒိတ်ဒိတ်ခုန်လာတဲ့ သဘောမျိုးပါပဲ …)

ပရိသတ်များ၏ ပူပြင်းသည့် အကြည့်များကြောင့် အန်လင်း၏ စိုးရိမ်ပူပန်မှုသည့် အမြင့်ဆုံးသို့ ရောက်ရှိ သွားတော့သည်။

မရေတွက် နိုင်တော့လောက်အောင် များပြားလှသည့် အဖြူရောင် အလင်းများသည် ညအချိန်တွင် စည်းချက်ညီညီ ဝှေ့ယမ်း နေကြသည်မှာ နှင်းများ ဖုံးလွှမ်းနေသည့် ကမ္ဘာကြီးအလားပင် ဖြစ်သည်။ ထိုမြင်ကွင်းမှာ တစ်သက် မမေ့နိုင်စရာပင် ဖြစ်လေသည်။

အန်လင်း အတွက် လူအများ၏ အလယ်တွင် ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သည်။ ပရိသတ် ရှစ်သောင်းအား စင်ပေါ်မှနေ တွေ့မြင်ရသည့်အခါတွင် မည်ကဲ့သို့ ခံစားရသည်ကို သိရှိခဲ့ပြီပဲ ဖြစ်သည်။

“အားလုံးပဲ မင်္ဂလာပါ … အန်လင်းလို့ ခေါ်ပါတယ် …”

“ဒီညမှာ ကျွန်တော်ဖျော်ဖြေဖို့ ရွေးချယ်ထားတဲ့ သီချင်းက ‘လူဆိုတာ’ လို့ အမည်ရပါတယ် … ကျွန်တော်က တခြားအတွဲအဖက်တွေ မပါဘဲ ဖျော်ဖြေသွားမှာပါ …”

အန်လင်းသည် အဖြူရောင် ပင်လယ်ကြီးအား ကြည့်ကာ မနှေးမမြန်သည့် နှုန်းဖြင့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ သူ့ကိုယ်သူ မိတ်ဆက် လိုက်သည်။

သူ့စကားများအား ကြားလိုက်ရသည့် အခါတွင် ပရိသတ်များ အကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

“ဘုရားရေ … ငါကြားလိုက်တာ အမှန်ပဲလား … တုန်ဖန်ရွှယ်ရဲ့ ဖျော်ဖြေပွဲမှာ သူက ဒီအတိုင်းကြီး ဖျော်ဖြေဖို့ ကြိုးစားနေတာတဲ့လား …”

“ဒါက သူမပြောတဲ့ အံ့ဩတုန်လှုပ်ဖွယ်ရာ ဆိုတာလား … ဒါက တကယ်ကို ချောက်ချားဖို့ ကောင်းလွန်းတယ် … ဟုတ်တယ်မလား …”

“အဲဒီ အန်လင်းက ဘယ်သူလဲ … ဟွားနိုင်ငံမှာ အန်လင်းဆိုတဲ့ နာမည်နဲ့ အဆိုတော် မရှိပါဘူး …”

“ငါကတော့ ‘လူဆိုတာ’ ဆိုတဲ့ သီချင်းကို အရမ်းစိတ်ဝင်စားနေပြီ … ဒါက လူမျိုးရေး ဝါဒဖြန့်တဲ့ သီချင်းမျိုးတော့ မဟုတ်လောက်ဘူးမလား …”

“စောင့်ကြည့်ကြတာပေါ့ … ဘယ်လိုမျိုး လာမယ်ဆိုတာ …”

***

ပရိသတ်များသည်သာ ထိုအကြောင်းအား ဆွေးနွေး ပြောဆိုနေကြသည့်မဟုတ် စင်နောက်တွင် ရှိနေသည့် တုန်ဖန်ရွှယ်မှာလည်း အန်လင်း ပြောလိုက်သည်ကြောင့် ထိတ်လန့် တုန်လှုပ် သွားတော့သည်။

အန်လင်း ရွေးချယ်ထားသည့် သီချင်းအား သူမတစ်ခါမျှပင် မကြားဖူးချေ။ ထို့နောက် သူသည် မည်သည့် အတွဲအစပ်မှ မပါဘဲ သီဆိုဖို့ ကြံစည်နေသည်။ ဒီလူက ဘယ်လို အကွက်တွေ ရွှေ့နေတာတုန်း …။

“မစ္စလျှို … အဲဒါက ဘာတွေဖြစ်နေတာလဲ …” တုန်ဖန်ရွှယ်က မျက်မှောင်ကြုတ်ကာဖြင့် အေးစက်စွာ မေးလာသည်။

မစ္စလျှို၏ မျက်နှာတွင် ကိုးရို့ ကားယားနိုင်သည့် အမူအရာဖြင့် ရှိနေလေသည်။

“အဲဒီဟာက မစ္စတာအန် သေချာလေး တောင်းဆိုထားလို့ စီစဉ်ရတာပါ … သူပြောတာတော့ လူအုပ်ကြီးကို ထိန်းချုပ် နိုင်တယ်တဲ့လေ …”

“လူအုပ်ကို ထိန်းချုပ်မယ် ဟုတ်လား …” တုန်ဖန်ရွှယ်သည် စင်ပေါ်တွင် ရှိနေသည့် ပုံရိပ်လေးအား ကြည့်လိုက်သည်။ သူမမျက်လုံးထဲတွင် စိုးရိပ်မှုသည့် အရိပ်အယောင်များ ယှက်သန်း နေလေသည်။

ဒီဟာက အလယ်တန်းကျောင်း သီချင်းဆိုပြိုင်ပွဲ မဟုတ်ဘူးရှင့် …။ ပရိသတ် ရှစ်သောင်းကျော် ရှိနေတဲ့ ဖျော်ဖြေပွဲကြီးရှင့် …။ ရူးသွားများများလား …။

ထိုအချိန်တွင် အန်လင်းမှာ စင်မြင့်ထက်တွင် မတ်မတ်ရပ်လျက် ရှိသည်။

အန်လင်းသည် ပရိသတ်များထံမှ ထွက်ပေါ်လာသည့် ကျယ်လောင်သည့် စကားသံများအား လျစ်လျူရှုလိုက်သည်။ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် စတင် သီဆိုလိုက်တော့သည်။

“လူဆိုတာဟာ … မင်းလှောင်ရယ်သံတွေကြား … မင်းမွန်းကျပ်လာတဲ့အခါ … စိတ်ညစ်မနေနဲ့ကွာ … လူဆိုတာဟာ … မင်းဒုက္ခ အမျိုးမျိုးကွာ … မင်းကြုံတွေ့ရမှာ … အရှုံးမပေးနဲ့ ကြိုးစား …

လူဆိုတာဟာ … မင်းပန်းခင်းလမ်းလည်းကွာ … မင်းလျှောက်ရဖို့ အတွက်ကွာ … ကြိုးစားကြရမှာ … လူဆိုတာဟာ … မင်းဆူးခင်းလမ်းလည်းကွာ မင်းနင်းဖြတ်ရဲရမှာ … မင်းအရဲစွန့်ပြီး နင်းသွား …

ငါကြိုးစားခဲ့ရ ငါ့ရဲ့ဘဝဟာ လှောင်ရယ်သံတွေကြား … တိုက်ခိုက်မှုနဲ့ ကဲ့ရဲ့မှုဟာ ဘဝအတွက် အားဆေးပမာ … ငါပန်းခင်းလမ်းလည်း လျှောက်ရဖို့ငါ မလွယ်ကူတဲ့အခါ … ငါဆူးခင်းလမ်းနဲ့ တွေ့တဲ့အခိုက်မှာ အရဲစွန့်ပြီး နင်းသွား …”

ကြည်လင်ပြီး ညှို့ဓာတ်ပြင်းသည့် အသံတစ်ခုသည် ဖျော်ဖြေပွဲ ကျင်းပရာ အဆောက်အဦ၏ ထောင့်များမှနေ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

အန်လင်းစတင်ပြီး သီဆိုလိုက်သည့် အခါတွင် ရှစ်သောင်းသော ပရိသတ် အားလုံးတို့သည် သူ့အသံကို ကြားလိုက် ကြရသည်။

ထိုသို့ဖြင့် ဖျော်ဖြေပွဲတွင် ရှိနေသည့် ပရိသတ် အားလုံးတို့သည် အံ့ဩတုန်လှုပ် နေကြတော့သည်။

“ဘုရားရေ … သူဘာတွေ ဆိုသွားတာလဲ … စာသား တစ်ကြောင်းတောင် နားမလည်လိုက်နိုင်ဘူး …”

“နင်တစ်ယောက်တည်း မဟုတ်ဘူး …”

“ငါက နတ်ဘုရားတို့ရဲ့ ဂီတသံကို နားထောင ်လိုက်ရတယ်လို့တောင် ခံစားနေရတယ် … ဒါတွေက တကယ်ကြီး သီချင်းစာသားတွေလား …”

ထိုအချိန်မှာပင် ပရိသတ်ထဲမှ တစ်ယောက်သည် အံ့ဩသင့်လွန်းစွာဖြင့် အော်ဟစ်လိုက်သည်။

“ငါ အဲဒီစာသားတွေကို သိနေတယ် … အဲဒါက တကယ်ကြီး ‘လူဆိုတာ’ ဆိုတဲ့ သီချင်းရဲ့ စာသားတွေပဲ …”

အန်လင်းစတင် သီဆိုချိန်တွင် ပရိသတ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။ သူတို့၏ အသံများသည် သီချင်းသံအကြားမှနေ တစ်စထက်တစ်စ ကျယ်လောင်စွာ ပေါ်ထွက်လာသည်။

သူတို့သည် သီဆိုနေသူအား ရိုင်းပြခြင်း မလေးမစား လုပ်ကြခြင်း မဟုတ်ပေ။ အလွန် ထူးခြားလွန်းသည့် သီချင်းစာသားကြောင့်သာ ထိုသို့ဖြစ်ရခြင်းပင်။ သို့သော်လည်း သီချင်း၏ စည်းချက်နှင့် စာသားများကို ကြားလိုက်ရချိန်တွင် အားလုံးတို့သည် မည်သည့် အတွက်ကြောင့်မှန်း မသိ တိတ်ဆိတ်ငြိမ်သက် သွားကြတော့သည်။

“ဟမ် … မဆိုးဘူးဟ …”

“ရှူး ... ငါ့ကို မနှောင့်ယှက်စမ်းနဲ့ … ဒီမှာ နားထောင်နေတယ်လေ …”

အန်လင်း၏ အသံသည် ညှို့ချက်ပြင်းသည့် စည်းချက်နှင့် ပေါင်းစပ်ကာ ဖျော်ဖြေပွဲ အဆောက်အဦ တစ်ခုလုံးတွင် လွင့်မျော နေတော့သည်။

အန်လင်း ဆိုနေသည့် သီချင်းအား နားမလည် ကြသော်လည်း စာသား တစ်လုံးချင်းစီသည် လူတိုင်း၏ နှလုံးသားအတွင်း စီးဆင်းလာပြီး သူတို့အား စိတ်၏ အလင်းရောင်ထံသို့ ဆွဲခေါ်ယူနေ သကဲ့သို့ ရှိနေသည်။

ပရိသတ်များ စကားပြောဆိုခြင်း မရှိတော့သဖြင့် ဖျော်ဖြေပွဲ တစ်ခုလုံး တိတ်ဆိတ် သွားသည်။ အန်လင်း သီဆိုနေသံ တစ်မျိုးတည်းကိုသာလျှင် ကြားရတော့သည်။ သို့သော်လည်း ထိုအချိန်မှာပင် ရုတ်တရက် ဆိုသလို ကုချင်းတီးခတ်သံကို ကြားလိုက်ရသည်။

တူရိယာ တီးခတ်သံသည် တောင်တန်းများကို ဖြတ်သန်းကာ စီးဆင်းလာသည့် စမ်းချောင်းလေးကဲ့သို့ ကြည်လင်လွန်းလှကာ အန်လင်း သီဆိုနေဟန်နှင့် အနိမ့်အမြင့် အတက်အကျသည် စီးချက်ညီကာ လိုက်ဖက်လျက် ရှိသည်။

အန်လင်းသည် ဂီတသံ ထွက်ပေါ်လာသည့် နေရာအား ကြည့်လိုက်သည့် အခါတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေး တစ်ဦးသည် ကုချင်း တီးခတ် နေသည်ကို မြင်တွေ့လိုက်ရသည်။

ညှို့ဓာတ် အပြည့်နှင့် ကုချင်းသံသည် သူမ၏ လက်ချောင်းများ ထံမှနေ စီးဆင်း လာပုံရသည်။

ငြိမ့်ညောင်းစွာ စီးဆင်းလာသည့် စမ်းချောင်းလေးသည် လူတစ်ဦး၏ နှလုံးသားအား နူးညံ့လှပ စေသကဲ့သို့ ဖြစ်သည်။ ကုချင်းသံသည် အန်လင်း သီဆိုနေသည့် ‘လူဆိုတာ’ ဟူသော သီချင်းနှင့် လိုက်ဖက်ညီသည့် အတွဲအဖက် ဖြစ်သည်။

ထိုမိန်းမပျိုလေးသည် အန်လင်းအား ရဲတင်းစွာဖြင့် မျက်စိမှိတ် ပြလိုက်သေးသည်။ အန်လင်းမှာ အနည်းငယ် တွေဝေသွားသည်။ အဖြူရောင်ဝတ်စုံနှင့် မိန်းမလှလေးသည် စုရှောင်လန်မှလွဲ အခြားမရှိချေ။ သူတို့နှစ်ဦးသည် မတိုင်ပင်ပါဘဲနှင့် တစ်ဦးကိုတစ်ဦး ပြုံးပြ လိုက်ကြသည်။ သီချင်းသံနှင့် ကုချင်းသံသည် နောက်တစ်ဖန် ထွက်ပေါ်လာပြန်သည်။

စုရှောင်လန်၏ လက်ချောင်းများ ထိပ်မှ စီးဆင်း ထွက်ပေါ်လာသည့် အသံသည် တာအိုရှာဖွေနေသည့် လိပ်ပြာများနှင့် တူလေသည်။ နူးညံ့သည့် အတောင်လေးများအား တဖျပ်ဖျပ် ခပ်ကာ သေခြင်းနှင့် ရှင်ခြင်းအကြားရှိ နယ်နိမိတ်အား ကျော်ဖြတ် နေသကဲ့သို့ပင် ရှိနေသည်။

အန်လင်း၏ ကြည်လင် သာယာနေသည့် အသံမှာ ထာဝရတာအိုကို ရှာဖွေရာတွင် အဆုံးမရှိသည့် ပုံပြင်တစ်ပုဒ်အား ပြောပြနေသကဲ့သို့ ဖြစ်သည်။

သူတို့ကြားနေရသည့် စည်းချက်နှင့် သီဆိုဟန်ကို ဖော်ပြဖို့ရန် မဖြစ်နိုင်ချေ။ အလွန်လှပသဖြင့် ကမ္ဘာ့အပြင်ဘက်မှ လာဟန်ရှိသည်။

ပရိသတ်၏ နားအတွင်းသို့ လှပသည့် သံစဉ်တစ်ခု စီးဝင်လာသည်။ ထိုသံစဉ်သည် နားဆင်နေကြသော ပရိသတ် ရှစ်သောင်း၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်တို့ကို သန့်စင်စေသည်။

ပရိသတ်များသာလျှင် ဂီတ၏ ညှို့ယူဖမ်းစားခြင်း ခံရသည်မဟုတ်။ စင်နောက်တွင် ရှိနေသည့် တုန်ဖန်ရွှယ်နှင့် ထျန်းလင်းလင်း တို့သည်ပင်လျှင် နစ်မြော သွားကြလေသည်။

ထာဝရ သို့မဟုတ် တဒင်္ဂမျှသာ ရှိသည့် အချိန်မှာပင် သီချင်း၏ အဆုံးနားသို့ ရောက်ရှိလာလေပြီ။ သီချင်း ဆုံးသွားသည့် အခါတွင် နောက်ဆုံးသော စာသားသည် လေထဲတွင် လွင့်မျောကာ ပျောက်ကွယ် သွားတော့သည်။

အဝေးတွင် ပျံသန်း ပျောက်ကွယ်သွားသည့် လိပ်ပြာလေးပမာ … တာအိုရှာဖွေခြင်း ခရီးကြမ်း သည်လည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ သီချင်းသံ ပြီးဆုံးသွားသော်လည်း လူတိုင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်ကာ ထင်ကျန်ရစ်နေဆဲ ဖြစ်သည်။

ပရိသတ်အားလုံးသည် အတွေးထဲ နစ်မျောလျက်ရှိကာ ငြိမ်သက် တိတ်ဆိတ်စွာဖြင့် ထိုင်နေကြလေသည်။ အန်လင်းနှင့် စုရှောင်လန်သည် လက်များကို တွဲကာဖြင့် ပရိသတ်အား ဦးညွှတ်လိုက်ကြသည်။

“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း …”

ရုတ်တရက် ဆိုသလို ပရိသတ်အတွင်းမှ တစ်ဦးသည် လက်ခုပ်တီး လာသည်။

မရှေးမနှောင်းမှာပင် ပရိသတ် အားလုံးတို့သည် လက်ထဲတွင် ကိုင်ထားသည့် အလင်းချောင်းများအား ဘေးတွင်ချကာ ဩဘာ ပေးလာတော့သည်။

ဝှေ့ယမ်းနေသည့် အလင်းတန်းများ မရှိတော့သလို ကျယ်လောင် စူးရှသည့် အားပေးသံများလည်း မရှိချေ။

ပရိသတ် အားလုံးတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှုရှိနေပုံ ရသည်။

သူတို့စိတ်အာရုံတွင် စွဲထင်နေသည့် သီချင်းသံအား တောက်ပနေသည့် အချောင်းများ၊ အော်ဟစ် အားပေးသံများဖြင့် ဖျက်ဆီးလိုစိတ် မရှိကြချေ။

လူတိုင်းသည် သူတို့၏ စိတ်ခံစားချက်အား အဖြူစင်ဆုံးနည်းဖြင့် ဖော်ပြ ကြလေသည်။

များမကြာမီ အချိန်မှာပင် ဖျော်ဖြေပွဲကျင်းပရာ အဆောက်အဦ တစ်ခုလုံးသည် လက်ခုပ်ဩဘာသံများဖြင့် ပြည့်လျှံ သွားတော့သည် …။

(စကားချပ်။ မူရင်းသီချင်းနာမည်က “တာအိုရှာဖွေခြင်း ခရီးလမ်း” ပါတဲ့ … စာသားတွေက နူးညံ့တော့ ဘာသာပြန်ဖို့ မရဲဘူး … အဲဒါကြောင့် အန်လင်းနဲ့ တိုက်ဆိုင်တဲ့ ‘လူဆိုတာ’ သီချင်းကို အသုံးပြု လိုက်ပါတယ် …)

***

All Chapters