အခန်း (၇၃)
Vol. 7 Ch. 73
ကျိသော်က လင်းချောင်၏ မှဲ့လေးကို မြင်ရသည့်ဘက်ခြမ်းတွင် ထိုင်နေ၏။ သူမ၏ အပြုံးက မျက်နှာကို လင်းလက်သွားစေပြီး၊ မှောင်ရီပျိုးစ အလင်းရောင်ထဲ၌ သွက်လက်ပြီး ကြော့ရှင်းသည့်ပုံ ပေါ်နေကာ ဆွဲဆောင်မှုရှိသည့်တိုင် ဂုဏ်သိက္ခာရှိပုံလည်း ပေါက်နေ၏။
လင်းချောင်ကတော့ သတိမထားမိခဲ့ပေ။ စာရင်းစစ်ပြီးနောက်မှာတော့ ပိုက်ဆံများကို ပျော်ပျော်ရွှင်ရွှင်နှင့် ထပ်ရေနေခဲ့သည်။
ဒါတွေက သူမ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပင်။ ဒီလူက တစ်နေ့နေ့ သူမကို ကျောခိုင်းသွားပြီး ပိုက်ဆံခွဲမပေးတော့လျှင်တောင် သူမ အဆင်ပြေပြေနှင့် နေနိုင်သေး၏။
“ပျော်နေလား။”
ကျိသော်က ဘေးဘက်မှ ညင်သာစွာ မေးလိုက်၏။
လင်းချောင် လှည့်ကြည့်လိုက်တော့ ခွက်ကိုကိုင်ထားသည့် ဒီလူက သူမကို စူးစိုက်ကြည့်နေပြီး သူ့လေသံမှာတော့ ဘာခံစားချက်မှ မပေါ်လွင်နေခဲ့ပေ။
သို့သော်လည်း ဒီရက်ပိုင်းများတွင် ဒီလူက မေးခွန်းများ ပိုမေးလာပုံရ၏။ အရင်ကဆိုလျှင် သူ့စကားလုံးများက ညွှန်ကြားချက်များနှင့် အမိန့်များသာဖြစ်ပြီး ရိုးရှင်း၏။
လင်းချောင် စဉ်းစားလိုက်တော့ ဒါကလည်း မကောင်းသည့်အရာမဟုတ်ပေ။ ရိုးရိုးသားသားပြောရလျှင် အရင် သူ၏ ဆက်ဆံပုံက အထက်အရာရှိက လက်အောက်ငယ်သားကို ဆက်ဆံသလို ဒါမှမဟုတ် အကြီးအကဲက အငယ်ကို ဆက်ဆံသလို ခံစားရသည်။ အရာအားလုံးက စနစ်တကျစီစဉ်ထားပြီး ဂရုစိုက်သည့်တိုင် ရင်းနှီးမှုကတော့ နည်းပါးနေသည်။
ဒါပေမဲ့ ညဘက် မီးပိတ်ထားသည့်အခါတော့ သူတို့က ဘာနှင့်မှမတူအောင် ရင်းနှီးကြ၏။ ဘယ်သူမှ တစ်ယောက်နှင့်တစ်ယောက်၏ ခန္ဓာကိုယ်ကို သူတို့နှစ်ယောက်ထက် ပိုသိကြမည် မဟုတ်ပေ။
ဒါကို တွေးမိတော့ လင်းချောင်က သူတို့နှစ်ယောက်၏ မကြာသေးခင်က ရင်းနှီးခဲ့သော အခိုက်အတန့်လေးများကို ပြန်သတိရမိသွားသည်။ ထိုအချိန်များတွင်ဆိုလျှင် ဒီလူက နေ့ဘက်က ပုံစံနှင့်မတူဘဲ စကားအနည်းငယ်သာ ပြောတတ်သည်။
အတူရှိခဲ့ကြသည့် အချိန်အများစုတွင် လင်းချောင် လှည့်ကြည့်လိုက်တိုင်း သူက ဘာကိုမှ တွေးတောနေဟန်မရှိဘဲ သူမကိုသာ ငြိမ်သက်စွာ စိုက်ကြည့်နေတတ်သည်။ ဆေးရုံမှ ပြန်လာပြီးကတည်းက သူဒီလိုဖြစ်နေခြင်းဖြစ်သည်။
လင်းချောင်က ပြုံးပြီး ပြောလိုက်၏။
"ပျော်တာပေါ့။ ပိုက်ဆံကို ဘယ်သူက မကြိုက်ဘဲနေမှာလဲ။"
သူမက ထူထဲသည့် ပိုက်ဆံအထပ်လိုက်ထဲမှ ပိုက်ဆံအနည်းငယ်ကို ဆွဲထုတ်လိုက်ပြီး ထိုလူ၏ခါးပတ်အစွန်းတွင် ထိုးထည့်လိုက်သည်။ ပြီးတော့ သူ့ကို မော့ကြည့်ပြီးပြောလိုက်ပြန်၏။
"ဒီသူဌေးမလေးကို ပြုံးပြလိုက်မယ်ဆိုရင် ဒါတွေအားလုံးက မင်းပိုင်တာပဲ။"
ဒါက လုံးဝကို မသင့်တော်တဲ့ အပြုအမူပင်။ ကျိသော်၏ မျက်ခုံးများက ချက်ချင်းတွန့်သွားပြီး ပြောလိုက်၏။
"ဒါမျိုးတွေကို ဘယ်ကနေ သင်ယူလာတာလဲ။"
လင်းချောင်ကတော့ သူ၏ ပုံမှန်ပုံစံအတိုင်းတည်ကြည်နေသည့် ပုံစံကို ကြည့်ပြီး ပျော်လာကာ သူ့ကို ပိုပြီး စနောက်လိုက်သည်။
သူ မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သော်လည်း သူမက လက်ကို မရုတ်လိုက်ပေ။ လက်ချောင်းနှင့် သူ့စစ်ဘောင်းဘီ၏ ခါးပတ်ကို ချိတ်ဆွဲလိုက်ပြီး သူ့ဗိုက်သားများအောက်အထိကို ဆွဲချလိုက်၏။
"ဘာလဲ။ မလုံလောက်သေးလို့လား။"
သူမက ကလပ်တစ်ခုတွင် အမျိုးသားမော်ဒယ်တစ်ယောက်ကို စမ်းသပ်နေသည့် သူဌေးမတစ်ယောက်ကဲ့သို့ ပြုမူလိုက်၏။ ဒီအမျိုးသား၏ ခန္ဓာကိုယ်က ပိုပြီးကောင်းမွန်ကာ ခါးကလည်း ပိုသန်မာသောကြောင့် သူမက သူဌေးမများထက်တောင် ပိုပြီး ကံကောင်းသည်ဟုလည်း ခံစားရသည်။ အဝတ်တစ်ထပ်သာ ခြားထားသည့် သူမ၏လက်ချောင်းသွယ်လေးများက ညဘက်အဝတ်မပါသည့်အချိန်ထက်တောင် ပိုပြီး ဆွဲဆောင်မှု ရှိနေခဲ့သည်။ ကျိသော်၏ ဗိုက်သားများက တင်းသွားပြီး သူ့လည်စေ့ကလည်း လှုပ်ရှားသွားသည်။
ဒီအပြုအမူက သူ့ရဲ့ အကြည့်များကို ပိုပြီး နက်ရှိုင်းလာစေခဲ့သည်။
"လင်းချောင်။"
သူမရဲ့ နာမည်ကို ခေါ်လိုက်ခြင်းက အန္တရာယ်ကို ရှင်းရှင်းလင်းလင်း သတိပေးနေခြင်းပင်။ သ်ို့တိုင်အောင် လင်းချောင်၏ လက်ကတော့ ခဏရပ်လိုက်ပြီး လွှတ်မပေးသေးပေ။
"ကိုယ်တို့က နေ့လယ်စာ စားဖို့အတွက် ထမင်းဆိုင်ကို သွားတော့မှာနော်။"
ဒီလိုအချိန်မျိုးတွင် အရာရှိအိုကြီးတစ်ယောက်အနေနှင့် ဆိုဖာပေါ်တွင် သူမကို ဘာများ လုပ်နိုင်ဦးမည်လဲ။
သူ၏ တုံ့ပြန်မှုကတော့ ကော်ဖီခွက်ကို စားပွဲပေါ်မှာ "ဒုန်း" ဆိုသည့် အသံမြည်အောင် တင်လိုက်ခြင်းပင်။
ချက်ချင်းပဲ လင်းချောင်က ခုန်ထလိုက်ပြီး စားပွဲပေါ်မှ ပိုက်ဆံနှင့် စာရင်းများကို ဆွဲယူပြီး ပြောလိုက်သည်။
"ဒါတွေကို အပေါ်ထပ်ကို ယူသွားလိုက်ဦးမယ်။"
သူမက ဆိုဖာကို ပတ်ပြေးပြီး ထမင်းစားခန်းတံခါးကို ရောက်သွားတော့သည်။ သူမက လွတ်မြောက်အောင် ထွက်ပြေးနေသည့် မြေခွေးငယ်လေးတစ်ကောင်လိုပင်။
ခြေသံတွေက အပေါ်ထပ်ကိုတက်ရင်း မြည်ဟီးနေသော်လည်း ထိုလူကတော့ သူမကို ဖမ်းဖို့ ထမလာခဲ့ချေ။ ခွက်ကို ကောက်ယူပြီးသာ ရေတစ်ငုံ သောက်လိုက်သည်။။ ဒီလှုပ်ရှားမှုက သူ့ခါးတွင် ထိုးထည့်ထားသည့် ပစ္စည်းတစ်ခုကို ပိုပြီး သိသာစေခဲ့၏။ သူက အောက်ကို ငုံ့ကြည့်လိုက်ပြီး ပိုက်ဆံများကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။ သူမက ပြောသင့်သည်ကို မပြောခဲ့၊ မေးသင့်သည်ကို မမေးခဲ့သော်လည်း သူ့ကို စနောက်လိုသည့်သတ္တိကတော့ ကြီးထွားလာနေသည်။
သူ့ပေါင်ပေါ် ထိုင်ခြင်း၊ သူ့ဒူးကို နင်းခြင်း၊ အခုဆိုလျှင် သူ့ခါးပတ်ကို ချိတ်ဆွဲပြီး အတွင်းကိုပါ ထိကိုင်လာပြီ...။ သူက တစ်ခုခုပြုမူတော့မည်လုပ်လျှင် သူမက မြန်မြန်ထွက်ပြေးတော့သည်။ နောက်ဆုံးမှာတော့ သူမက အသက် ၁၉ နှစ်သာရှိသေးသော ကလေးမလေးတစ်ယောက်ပင်။ သူမဘယ်လောက်ပဲ လူကြီးဆန်အောင် ပြုမူနေပါစေ၊ တစ်ခါတစ်ရံမှာတော့ သူမ၏ မရင့်ကျက်သေးသည့် ဘက်ခြမ်းကို ပြသလာတတ်၏။ သ်ို့သော် ဒီလိုဆော့ကစားရသည်က သူမ၏ အေးဆေးတည်ငြိမ်ပြီး ဘာမှမမေးသည့်ပုံစံထက် ပိုပြီး သက်တောင့်သက်သာဖြစ်စေ၏။
လင်းချောင် အောက်ထပ်ကို ပြန်ဆင်းလာသည့်အခါ ကျိသော်၏ မျက်နှာအမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်နေခဲ့ပြီ။ ပိုက်ဆံများလည်း မရှိတော့ပေ။
သူမ၏ အကြည့်ကို သတိမထားမိသကဲ့သို့ ဒီလူက ထရပ်လိုက်ပြီး အချက်အလက်များအကြောင်း ဆွေးနွေးရင်း သူမနှင့်အတူ ထမင်းဆိုင်သို့ လျှောက်သွားလိုက်သည်။
"ညနေ ကိုယ်ပိုင်စာကြည့်ချိန်ပြီးရင် သူ့ကို ခေါ်လာပေးမယ်။"
"ကျွန်မ ပြောစရာရှိတာတွေ အကုန်ပြောထားပြီးပြီ။ ကျန်တာတော့ သူ့အပေါ်မှာပဲ မူတည်တယ်။"
သူက တခြားတစ်ယောက်ကို အတင်းအကျပ် စေခိုင်းသလိုပုံစံမျိုး ဖြစ်နေ၏။ ကျိသော်ကတော့ ဂရုမစိုက်ဘဲ "အင်း" ဟုသာ တီးတိုးအသံပြုလိုက်သည်။
ညနေဘက်တွင် လင်းချောင်က ကိုယ်ပိုင်စာကြည့်ချိန်ကို ကြီးကြပ်ရန် ကျောင်းကိုသွားပြီး ကျွင်းဇီကို ခေါ်ကာ ဒီကိစ္စကို ဆွေးနွေးလိုက်သည်။
ကျွင်းဇီက ကျိသော် သူ့ကို တွေ့ချင်သည်ဟု ကြားလိုက်သည်နှင့် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်၏။
"ကပ္ပတိန်ကျိက ကျွန်တော့်ကို ဘာလို့တွေ့ချင်တာလဲ။"
သူက ဗိုလ်ကြီးလျန်ကိုတော့ မကြောက်ဘဲ ကျိသော်ကိုတော့ ကြောက်နေသည်က ထူးဆန်း၏။
"ဘာမှတော့ မဟုတ်ပါဘူး၊ မင်းစစ်တပ်ထဲ ဝင်ချင်တယ်လို့ ကြားလို့ လက်ရှိ စစ်မှုထမ်းတာနဲ့ ပတ်သက်တဲ့ အမြင်တွေကို နားလည်အောင်ပြောပြချင်တာပါ။"
လင်းချောင်၏ စကားများက ကျွန်းဇီကို စိတ်သက်သာရာရစေခဲ့ပေမဲ့ သူက ဆက်ပြောလိုက်၏။
"စစ်တပ်ဝန်းတစ်ခုလုံးမှာ လူတွေအများကြီးပဲ။ ဘာလို့ ကျွန်တော့်ကိုမှ ရွေးရတာလဲ။ ရင်းနှီးလွန်းတာလည်း မကောင်းပါဘူး။"
ဘယ်လိုကောင်လေးလဲ! လင်းချောင် သူ့ခေါင်းကို မထိတထိ ပုတ်ရင်း ပြောလိုက်၏။
"ပြန်ပြီး စာလုပ်တော့။ ကျောင်းဆင်းရင် ငါနဲ့ လိုက်ခဲ့။"
"ဟုတ်ကဲ့!"
ကျွင်းဇီ ပြေးပြီးပြန်သွားကာ သူ့ဘေးကလူများကို ဂုဏ်ယူနေပုံနှင့် တစ်ခုခု တီးတိုးပြောနေခဲ့၏။
လင်းချောင် စင်မြင့်ဆီသို့ပြန်အလာတွင် ချီဟွိုင်ဝမ်က သူမကို ကြည့်ပြီး လျှောက်လာသည်ကို သတိထားမိလိုက်၏။
သူမက အလျင်မလိုဘဲ စင်္ကြန်လမ်းသို့ပြန်ကာ သူနောက်မှလိုက်လာမည်ကို စောင့်နေခဲ့သည်။ သူရောက်လာမှ "ဘာဖြစ်လို့လဲ" ဟု ညင်သာစွာ မေးလိုက်၏။
ဝူဟိုင်ယန် ထွက်သွားပြီးကတည်းက ချီဟွိုင်ဝမ် ဒီနှစ်ရက်အတွင်း အနည်းငယ် တိတ်ဆိတ်နေပြီး စိတ်မကြည်မသာ ဖြစ်နေသည်မှာ သိသာထင်ရှား၏။
ဒါကလည်း နားလည်လို့ရသည်။ ချီဟွိုင်ဝမ်က ဝူဟိုင်ယန်ကို သဘောမကျသည်တော့ မဟုတ်၊ သူက ဒုကျောင်းအုပ်ချီ၏ သဘောထားနှင့် အပြုအမူများအပေါ် ပိုစိုးရိမ်နေခြင်းပင်။ သို့သော် သူတို့နှစ်ယောက်ကြားကကိစ္စကြောင့် ဝူဟိုင်ယန်နှင့် သာမန်အတိုင်း မဆက်ဆံနိုင်ခဲ့ပေ။
အခု ဝူဟိုင်ယန်က သူ့ဘာသာ သူ့ဆန္ဒအလျောက် ထွက်သွားသည့်အခါ ချီဟွိုင်ဝမ် စိတ်ရှုပ်ထွေးနေမိသည်။ သို့သော် အချိန်တန်လျှင်တော့ သူ အဆင်ပြေသွားလိမ့်မည်။
လင်းချောင်နှင့် တွေ့သည့်အခါ ကောင်လေးက ပုံမှန်ကဲ့သ်ို့ အေးစက်စက် မဟုတ်တော့ပေ။ သူမက မေးလိုက်တော့ သူကပြန်ဖြေ၏။
"ဆရာမလင်း နောက်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမယ်လို့ ကြားတယ်။"
လင်းချောင်က ကျောင်းအုပ်ကြီးကျန်းရုံးခန်းတွင် ဒါကို ပြောခဲ့ပြီးသားဖြစ်သောကြောင့် လူအများအပြား သိနေပြီးသားဖြစ်ပြီး ဖုံးကွယ်စရာ မလိုတော့ပေ။
"ဟုတ်တယ်၊ ဘာလို့လဲ။"
"ပထမနှစ် သင်ရိုးစာအုပ်တွေနဲ့ မှတ်စုတွေ ရှိလား။"
ချီဟွိုင်ဝမ် မျက်လွှာချထားရင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
အရင်တုန်းက သူပျင်းရိပြီး စာမကြိုးစားခဲ့သည့်အတွက် လင်းချောင်ကို မျက်လုံးချင်းဆိုင်ပြီး ပွင့်ပွင့်လင်းလင်း ကြည့်တတ်၏။ အခု သူစာကျက်ချင်လာတော့မှ စိတ်မသက်မသာ ဖြစ်နေရသည်။
လင်းချောင် ရယ်ချင်သည့်တိုင် မရယ်ခဲ့ပေ။
"ရှိတယ်၊ ပထမနှစ်ကနေစပြီး လုပ်ချင်လို့လား။"
သူ့စိတ်ကို ထုတ်ဖော်လိုက်ရသလို ခံစားလိုက်ရသောကြောင့် ကောင်လေးက ပိုပြီး စိတ်မသက်မသာ ဖြစ်သွားပြီး ပြောလိုက်ပြန်၏။
"ဆရာမက စာပြန်လိုက်လုပ်ဖို့ နည်းလမ်းရှာပါလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။"
လင်းချောင်က သူ့ကို စာသင်နှစ်အစတွင် သူပျက်ကွက်ခဲ့သည့် ရက်အနည်းငယ်ကို ပြန်လိုက်ရန် ပြောခဲ့ခြင်းပင်။ သူစိတ်ပြန်ဝင်စားလာသည့်အခါ ပထမနှစ်တစ်နှစ်လုံး ပျက်ကွက်ခဲ့သည့်စာများ အားလုံးကိုပါ ပြန်လိုက်လုပ်ချင်မည်ဟုတော့ သူမ မထင်ထားခဲ့ပေ။
ဒါက ကောင်းသည့်ကိစ္စတစ်ခုဖြစ်ပြီး လင်ချောင်က သူ၏စိတ်အားထက်သန်မှုကို ဟန့်တားမည် မဟုတ်ပေ။
"ဘယ်ဘာသာရပ်တွေ လိုလဲ။ နောက်အပတ် ငါယူလာခဲ့ပေးမယ်။"
မနက်ဖြန်က တနင်္ဂနွေနေ့ဖြစ်သောကြောင့် စာသင်ရက်မဟုတ်ပေ။
မမျှော်လင့်ထားဘဲ ပုံမှန်အားဖြင့် တောင်းဆိုမှု သိပ်မရှိတတ်သည့် ချီဟွိုင်ဝမ်က ဒီတစ်ကြိမ်မှာတော့ အရေးတကြီးတောင်းဆိုလာ၏။
"ညနေစာကြည့်ချိန်ပြီးရင် ဆရာမနဲ့အတူ လိုက်ယူလို့ရမလား။"
ကျွင်းဇီက သူ့နေရာကို ပြန်ရောက်သွားတော့ ဒီည ဆရာမအိမ်ကို သွားရမည်ဟု ကြွားဝါခဲ့သည်မှာ သိသာ၏။
ပူလောင်သည့်ဘီးက ဆီရသည်ဆိုသည့်အတိုင်း ပိုပြီးစိုးရိမ်စရာကောင်းသည့် ကျောင်းသားများက ဆရာများ၏ အာရုံစိုက်မှုကို ပိုရတတ်၏။ အထူးသဖြင့် သူမ ကိုယ်တိုင် ပြန်ခေါ်လာခဲ့သူမျိုးဆိုလျှင်ပင်။ လင်းချောင်က စစ်တပ်ဝန်းထဲမှ လုံခြုံရေးကောင်းခြင်းနှင့် အကွာအဝေးနီးခြင်းတို့ကိုတွေးပြီး မငြင်းဆန်ခဲ့ပေ။
"ကောင်းပြီ၊ မင်းတို့နှစ်ယောက် ဒီည ငါနဲ့ လိုက်ခဲ့ကြ။"
ဒါကြောင့် ကျိသော် သတင်းကြည့်ပြီး ဆိုဖာပေါ်ထိုင်ကာ သတင်းစာဖတ်နေတုန်း လင်းချောင်က ကျွင်းဇီအပြင် နောက်တစ်ယောက်ပါ ထပ်ခေါ်လာသည်ကို သတိထားမိလိုက်၏။
လင်းချောင် ကျောင်းသားများကို အိမ်ခေါ်လာလို့ မရသည်တော့ မဟုတ်သော်လည်း ဒီကျောင်းသား၏ မက်မွန်ပွင့်ကဲ့သ်ို့ မျက်လုံးများက ကျိသော်ကို လင်းချောင်၏ "တခြားဘာပြောစရာ ရှိသေးလဲ" ဆိုသည့် မေးခွန်းကို ပြန်သတိရစေခဲ့၏။
ကျိသော်ကို မြင်လိုက်ရတော့ ချီဟွိုင်ဝမ်လည်း ဆေးရုံမှ အဖြစ်အပျက်များကို ပြန်မှတ်မိသွား၏။ ကျွင်းဇီက နှုတ်ဆက်လိုက်ပြီးနောက် ချီဟွိုင်ဝမ်က သူ့ကိုကြည့်ကာ "ဆရာမယောက်ျား" ဟုပြောလိုက်၏။
ဆရာမယောက်ျား? ကျိသော်၏ မျက်နှာအမူအရာက တောင့်တင်းသွားပြီး ကျွန်းဇီလည်း ရယ်မိတော့မလိုဖြစ်သွားကာ ပါးစပ်ကိုအမြန်ဖုံးပြီး ခေါင်းကို ဘေးဘက်လှည့်လိုက်သည်။
"တစ်ခုခု မှားနေလို့လား။"
ချီဟွိုင်ဝမ်က အေးစက်စက်မေးလိုက်၏။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။"
ကျွင်းဇီက သူ့လက်ကို ခါနေသော်လည်း ကျိသော်၏ မျက်နှာအမူအရာကိုတော့ ခိုးကြည့်မိနေဆဲပင်။
လင်းချောင်က ဒီကောင်လေး ဒီလောက်စကားနားထောင်လိမ့်မည်ဟု မထင်ထားခဲ့။ သူမက ဆရာမယောက်ျားဆိုပြီး မိတ်ဆက်ပေးလိုက်သည်ကို သူက တကယ်ပဲ ဒီအတိုင်း ခေါ်လိုက်သည်။
ကျိသော် တိတ်ဆိတ်နေသည်ကို မြင်တော့ သူမ အမြန်ရှင်းပြလိုက်၏။
"အဲဒီနေ့က ဆေးရုံမှာ ကျွန်မက စလိုက်တာပါ။"
သူက နောက်တာပါဆိုသည်ကို သိသင့်သည့်တိုင် ယခုထိ ဒီလိုခေါ်နေသေးသည်က တကယ်ကို ရဲတင်းလွန်း၏။
စစ်သားများကို နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့သည့် အတွေ့အကြုံအရ ကျိသော်က တစ်ယောက်ယောက် တကယ်ပဲ နားထောင်သည်လား၊ ဒါမှမဟုတ် ဟန်ဆောင်သည်လားဆိုသည်ကို ခွဲခြားသိနိုင်သည်။ သို့သော် အသက်ကြီးသူတစ်ယောက်နှင့် ဆရာမမိသားစုဝင်တစ်ယောက်အနေနှင့် ကလေးငယ်တစ်ယောက်ဖြင့် စကားများနေရန် မလိုအပ်ပေ။ သူက လင်းချောင်ကို ပုံမှန်အတိုင်းမေးလိုက်၏။
"တစ်ခုခု လိုအပ်လို့လား။"
"သူက ပထမနှစ် သင်ရိုးစာအုပ်တွေနဲ့ မှတ်စုတွေ ငှားချင်လို့ပါ။ မနက်ဖြန်က တနင်္ဂနွေနေ့ဆိုတော့ ကျွန်မ သူ့ကို အိမ်ခေါ်လာခဲ့တာ။"
ဆရာ့အိမ်ကို လာရသည့်ကျောင်းသားများက စိတ်လှုပ်ရှားကြသည်မှာပုံမှန်ဖြစ်ပြီး၊ အထူးသဖြင့် ကျိသော်၏ ထူးခြားသော ပင်ကိုယ်အရှိန်အဝါနှင့် တည်ကြည်သည့် မျက်နှာကြောင့် ပိုလို့တောင် ဆိုးဦးမည်။ အခြေအနေကို ဖြေလျှော့ရန်အတွက် လင်းချောင်က ဆိုဒါဘူးများကို ထုတ်လာပြီး ပြောလိုက်၏။
"ချီဟွိုင်ဝမ်နဲ့ ကျွန်မ စာအုပ်တွေ ခဏယူလိုက်ဦးမယ်။ ရှင်တို့နှစ်ယောက် ဧည့်ခန်းမှာ စကားပြောနှင့်ကြပါ။"
"ဆရာမ၊ ကျွန်တော်တို့ ဆိုဒါမလိုပါဘူး။ ဆရာမပဲ သိမ်းထားလိုက်ပါ။"
ကျွင်းဇီက အမြန်ငြင်းလိုက်ပြီး ချီဟွိုင်ဝမ်ကလည်း စိတ်မဝင်စားသလိုပင်။
"ထုတ်ပြီးသားကို။ ဆရာမအိမ်မှာ ဧည့်သည်လို မနေပါနဲ့။"
လင်းချောင်က လွန်ခဲ့သည့် ရက်အနည်းငယ်က ဝယ်ထားတဲ့ ပုလင်းဖောက်တံကို ရှာလိုက်သည်။
အတန်ကြာအောင် ရှာပြီးသည့်တိုင် မတွေ့ခဲ့ဘဲ ကျောင်းသားနှစ်ယောက်ကလည်း စကားပြောပြီး အိမ်ပြန်ဖို့ စောင့်နေကြ၏။
လင်းချောင် ရှာရင်း အချိန်ကုန်မခံတော့ဖို့ ဆုံးဖြတ်လိုက်ပြီး ဆိုဒါပုလင်းကို ကျိသော်ထံ ပေးကာ ပြောလိုက်၏။
"ဒါလေး ဖောက်ပေးလို့ရမလား။"
ဒါက သူ သူမအတွက် ဝယ်ပေးခဲ့သည့်ဆိုဒါပင်။ အခု သူမက အခြားသူများကို ပေးနေပြီး သူကလည်း ဖောက်ပေးရဦးမည်။ ကျိသော် အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း သူမ၏ နူးညံ့သည့်လက်ကို ကြည့်ပြီးနောက် မီးဖိုချောင်ထဲသွားပြီး တူတစ်ချောင်း ယူလာခဲ့လိုက်သည်။
ကျွန်းဇီက ဆိုဒါကို ယူလိုက်ရင်း ပြုံးပြီး ခေါင်းကုတ်လိုက်၏။
"နည်းနည်းပါးပါးလောက်လေး မေးခွန်းမေးရုံကို ဆိုဒါတောင် တိုက်သေးတယ်။ ဒါက များလွန်းပါတယ်။"
မြန်မြန်ဆန်ဆန်နှင့် မေးခွန်းများမေးခြင်းမှ အကြံဉာဏ်တောင်းခံခြင်းဖြစ်သွား၏။ ဒီကောင်လေးက ပြန်ပြီး မာန်တက်နေပြီဆိုသည်မှာ သံသယဖြစ်စရာမလိုတော့ပေ။
လင်းချောင်က ဒါကို စိတ်ဝင်စားစရာကောင်းသည်ဟု ထင်နေပြီး တကယ်ပဲ ကျိသော်ကလည်း လှမ်းကြည့်ကာ သူ့မျက်လုံးများနှင့်မေးနေခဲ့သည်။ သူမက သူ့နားနား ကပ်ပြီး ရှင်းပြလိုက်၏။
ဒီလူကြီးက စကားမပြောနိုင်ဖြစ်သွားပုံရသော်လည်း ဘာမှတော့မပြောခဲ့ပေ။ ဟန်ဆောင်နေသည့် ကျွင်းဇီကိုသာ တစ်ချက်ကြည့်လိုက်သည်။
လင်းချောင်က ဆိုဒါနောက်တစ်ပုလင်းကို ချီဟွိုင်ဝမ်ကို ပေးလိုက်ပြီး သူ့ကို အပြင်ခေါ်သွားတော့မည်အလုပ် ဧည့်ခန်းက ကော်ဖီစားပွဲကို နောက်တစ်ချက် လှမ်းကြည့်မိလိုက်၏။
ကျိသော် မေးတော့မလိုပြင်လိုက်ချိန်တွင် သူမက ကြွေဖန်ခွက်ကို လှမ်းယူလိုက်၏။
"သူနဲ့ သေသေချာချာ စကားပြောလိုက်ပါဦး။ အစည်းအဝေးတစ်ခုက အဘိုးကြီးတစ်ယောက်လို လုပ်မနေနဲ့။"
ဒီမှတ်ချက်က ကျိသော်ကို သူတို့၏အရင်က ကြွေဖန်ခွက်နှင့် ပတ်သက်သည့်စကားကို ပြန်သတိရစေပြီး သူ၏ မျက်နှာအမူအရာကလည်း တောင့်တင်းသွားပြန်သည်။
ခြေသံများ မှေးမှိန်သွားသည့်အခါ သူက ဆိုဖာကို လက်ညှိုးထိုးပြပြီး ကျွင်းဇီကို ထိုင်ရန်ညွှန်ပြကာ သူ့အသံကို ညင်သာအောင် ကြိုးစားပြီး လင်းချောင် ပေးထားတဲ့ အကြောင်းပြချက်နှင့် စတင်လိုက်၏။
တစ်ချိန်တည်းမှာပဲ ချီဟွိုင်ဝမ်ကတော့ စကားနားထောင်သည့် ကျောင်းသားတစ်ယောက်လို လင်းချောင်နောက်မှ လိုက်သွားခဲ့သည်။ ဒုတိယထပ်ကို ရောက်တော့ လင်းချောင်ရဲ့ အခန်းထဲဝင်ဖို့ မကြိုးစားဘဲ သူ့ကို တံခါးဝတွင် ယဉ်ကျေးစွာ ရပ်စောင့်နေခဲ့သည်။ ဒါကိုမြင်တော့ လင်းချောင်က စာအုပ်စာတမ်းများကို ထုတ်လာပြီး စင်္ကြန်လမ်းပေါ်၌သာ သူ့ကို ရွေးခွင့်ပေးလိုက်၏။
ကောင်လေးက သင်္ချာ၊ အင်္ဂလိပ်နှင့် ဇီဝဗေဒကိုယူပြီး ကျန်သည့်ဘာသာများကို လင်းချောင်ဆီ ပြန်ပေးကာ "ကျေးဇူးတင်ပါတယ် ဆရာမလင်း" ဟုပြောလိုက်သည်။
"ရူပဗေဒ မလိုဘူးလား။"
လင်းချောင် အနည်းငယ် အံ့သြသွား၏။ ဒီဘာသာရပ်တွင် သူ၏ရမှတ်ကအဆိုးဆုံးဖြစ်ပြီး စာရွက်လွတ် မပေးခဲ့လျှင်တောင် တစ်ခါမှ အောင်မှတ်မရခဲ့သည်ကို သူမ မှတ်မိနေ၏။
ချီဟွိုင်ဝမ်က တုံ့ဆိုင်းနေပြီး ပြောလိုက်သည်။
"မလိုပါဘူး၊ ကျွန်တော် အကုန်သိပါတယ်။"
ဒီအဖြေက လင်းချောင်ကို တိတ်ဆိတ်သွားစေခဲ့၏။ နောက်ဆုံးတော့ သူမက ကျန်သည့် စာရွက်စာတမ်းများနှင့် မှတ်စုများကို သိမ်းပြီး ပြောလိုက်၏။
"စာကို သေချာကျက်ပါ။ မင်းရဲ့ နောက်ထပ် စာမေးပွဲရလဒ်တွေကို ငါမျှော်လင့်နေပါတယ်။"
ချီဟွိုင်ဝမ်ကို ပြန်ပို့ပြီးချ်ိန်တွင် ကျိသော်ကလည်း ကျွင်းဇီနှင့်စကားပြောပြီးပြီ ဖြစ်သည်။ ကျွန်းဇီ အပြင်ထွက်လာတော့ သူ့စိတ်ထဲ တစ်ခုခု တွေးနေပုံရပြီး "ဆရာမလင်း" ဟုသာ နှုတ်ဆက်နိုင်ခဲ့သည်။
"ငါ မင်းကို အိမ်လိုက်ပို့ပြီး မင်းမိသားစုကို ရှင်းပြပေးရမလား။"
"မလိုပါဘူး။ ချီဟွိုင်ဝမ် ထွက်သွားပြီလား။"
အတန်းဖော်ကောင်းတစ်ယောက်အနေနှင့် ကျွင်းဇီက မေးဖို့ မမေ့ခဲ့ပေ။
သူထွက်သွားပြီဆိုသည်ကို ကြားလိုက်ရတော့ ကျွင်းဇီလည်း "နှုတ်ဆက်ပါတယ် ဆရာမလင်း၊ နှုတ်ဆက်ပါတယ် ကပ္ပတိန်ကျိ" ဟု နှုတ်ဆက်ပြီး ပြန်သွားတော့၏။