← Chapters

အခန်း (၇၄)

Vol. 7 Ch. 74

အခန်း (၇၄)

Vol. 7 Ch. 74

လင်းချောင်က သူ အိမ်နီးချင်းခြံဝင်းတံခါးထဲ ဝင်သွားသည်ကိုကြည့်ပြီးမှ ကျိသော်တံခါးပိတ်နေသည်ကို ပြန်တွေ့တော့ မေးလိုက်၏။

"ရှင် သူ့ကို ဘာပြောလိုက်တာလဲ။"

ကျိသော်ကတော့ လှုပ်ရှားမှုကို မရပ်ခဲ့ပေ။

"ပြီးခဲ့တဲ့နှစ်၊ အရင်တစ်နှစ်ခွဲလောက်၊ ငါးနှစ်၊ ဆယ်နှစ်အကြာက ရာထူးတိုးနှုန်းတွေ၊ စစ်တက္ကသိုလ်ကို နောက်ထပ်လေ့ကျင့်ရေးအတွက် သွားတဲ့သူတွေနဲ့ မသွားတဲ့သူတွေရဲ့ ရာထူးအဆင့်တွေ၊ စစ်သားတွေ စစ်မှုထမ်းပြီးနောက် ခန့်အပ်ခံရတဲ့ ဌာနတွေနဲ့ အရာရှိတွေ အရပ်သားဘဝကို ပြောင်းတဲ့အခါ ခန့်အပ်ခံရတဲ့ ဌာနတွေ။"

အချက်အလက်တွေအပေါ် လုံးဝမှီခိုနေသည့် ဒီအချက်အလက်များသည် ဗိုလ်မှုးကြီးလျန်က စစ်မှုထမ်းခြင်းသည် စစ်တက္ကသိုလ်တက်ခြင်းထက် အကျိုးကျေးဇူးပိုနည်းသည်ဟု အိမ်တွင် ပြောခဲ့သည့် စကားလုံးများထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိနိုင်၏။ ကျွင်းဇီသာ အထက်တန်းကျောင်းပြီးအောင် မတက်ဘဲ စစ်မှုထမ်းရန် ရွေးချယ်ခဲ့လျှင် သူမဘက်က ဘာမှ မလုပ်ပေးနိုင်တော့ပေ။

"ဒီအချက်အလက်တွေက သာမန်လူတွေရဖို့ ခက်တယ် မဟုတ်လား။"

လင်းချောင်က ဒီလူကို မေးတော့မည်အလုပ် သူက တံခါးပိတ်လိုက်ပြီရုတ်တရက် သူမကို ကြည့်ကာ "ဆရာမယောက်ျား" ဟုပြောလိုက်၏။

သူမက အံ့အားသင့်သွားပြီး ပြောလိုက်သည်။

"ကျွန်မက နောက်တာပါလို့ ပြောခဲ့တယ်လေ။ ရှင် တကယ်ကြီး အတည်ယူလိုက်တာတော့ မဟုတ်ပါဘူးနော်။"

ကျိသော်က ဘာမှ မပြောဘဲ ဧည့်ခန်းထဲကို လေးငါးလှမ်း လျှောက်သွားပြီး ဆိုဒါပုလင်းများနှင့် ကျွင်းဇီကို ပြခဲ့သည့် အချက်အလက်များကို သိမ်းဆည်းလိုက်၏။

လင်းချောင်က တံခါးနားတွင် ရပ်နေပြီး သူပြီးသည်အထိ စောင့်နေလိုက်သည်။ သူမ ဧည့်ခန်းမီးကို ပိတ်လိုက်သည်နှင့် သူက သူမကို ကလေးတစ်ယောက်လို ကောက်ချီလိုက်ကာ သူ့လက်တစ်ဖက်က သူမ၏ လက်အောက်ကိုရောက်ပြီး နောက်တစ်ဖက်က သူမ၏ ခြေထောက်အောက်ကို ရောက်နေ၏။

သူမ လန့်သွားပြီး အသံကလည်း အလိုအလျောက် မြင့်သွားခဲ့သည်။

"ဘာလုပ်နေတာလဲ။"

ဒီလူက ဘာမှမပြောဘဲ သူမကို ဆိုဖာပေါ် ပြန်ချီသွားပြီး သူ့အိတ်ကပ်ထဲမှ ရင်းနှီးပြီးသား ပိုက်ဆံအချို့ကို ထုတ်လာခဲ့၏။

"မင်းပဲ ကိုယ့်ကို ပိုက်ဆံ ပေးခဲ့တာ မဟုတ်ဘူးလား။"

သူမ နေ့လည်စာမစားခင်ကတည်းက သူ့ကို စခဲ့သည်ဖြစ်ပြီး အခုက ဒီလောက်နောက်ကျနေပြီ။ သူက ဒီလိုအကြာကြီး အောင့်အီးသည်းခံပြီး မှောင်လာမည့်အချိန်ကို စောင့်နေခဲ့သည်လား။

လင်းချောင်က လက်လှမ်းပြီး ပိုက်ဆံများကို ယူလိုက်၏။

"အခု မပေးတော့ဘူး၊ ရပြီလား။"

ဒါပေမဲ့ ဒီလူ၏ နမ်းရှိုက်မှုက ရောက်ရှိလာပြီးပြီဖြစ်ပြီး သူ့လက်တစ်ဖက်က သူမ၏ လည်ပင်းကို ကိုင်ထားကာ ကျန်တစ်ဖက်က သူမကို ဆိုဖာပေါ် ဖိထားသည့်အတွက် သူမတွင် နောက်ဆုတ်စရာ နေရာမရှိတော့ပေ။

လင်းချောင်၏ ခုခံမှုက အားနည်းပြီး မရှိသလောက်ပင်။ အကြိမ်အနည်းငယ် နမ်းပြီးနောက် သူမတွင် တစ်ခုတည်းသော စိုးရိမ်ပူပန်မှုသာ ကျန်တော့၏။

"အကာအကွယ်။"

အဖြေက တိတ်ဆိတ်သည့်အမှောင်ထဲမှ ပလတ်စတစ်ထုပ်ပိုးသံသာ ဖြစ်ပြီး တစ်ခုတည်းလည်း မဟုတ်..။

နောက်နေ့မနက် လင်းချောင် အောက်ထပ်ဆင်းလာတော့ ဆိုဖာကိုရော သူ့ရှေ့က ကော်ဖီစားပွဲကိုပါ မကြည့်နိုင်တော့ပေ။ ချမ်းသာသည့် အမျိုးသမီးတစ်ယောက်ဖြစ်ဖို့က မလွယ်ကူ၊ ချမ်းသာမှုသာမက ကောင်းမွန်သည့် ခြေထောက်နှင့် ခိုင်မာသည့်ခါးလည်း လိုအပ်သေး၏။

သ်ို့သော် အစား ကောင်းကောင်းစားပြီးနောက် သူမ၏ စိတ်က ကြည်လင်လာ၏။ ကျွင်းဇီနှင့် ချီဟွိုင်ဝမ်ကို တွေးရင်း သူမ၏ အတိတ်ဘဝနှင့် အတန်းဖော်များကို ပြန်သတိရမိသွားသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲက ဘဝ၏ အလှည့်အပြောင်းဟု ဆိုကြ၏။ အဓိကအားဖြင့် အနာဂတ်ကို ဆုံးဖြတ်ပေးသည်။ သ်ို့သော် ကျောင်းသားအများစုကတော့ စာမေးပွဲပြီးသည်အထိ ဒီအနာဂတ်ဆိုသည်ကို သဘောမပေါက်ကြပေ။ ထိုအချိန်မှသာ သူတို့၏ အထူးပြုဘာသာရပ်များကို စရွေးချယ်ကြကာ ဘွဲ့ရပြီး လူ့အဖွဲ့အစည်းထဲ ဝင်လာမှ ထိုအကြောင်းကို သူတို့ သိလာကြသည်။

နောက်ပိုင်းခေတ်များနှင့် မတူသည်မှာ ထိုအချိန်တုန်းက သတင်းအချက်အလက် ပေါများခြင်းမျိုး မရှိသည့်အတွက် ကျောင်းသားများအနေနှင့် လူ့အဖွဲ့အစည်းကို နားလည်ရန် ပိုခက်ခဲခဲ့၏။ ဒါကြောင့် သူမက သူတို့အတွက် လက်တွေ့ကျသည့် သင်ခန်းစာတစ်ခုကို ထပ်ထည့်ပေးချင်ခဲ့သည်။

"သူတို့ကို စက်ရုံတွေ၊ စတိုးဆိုင်တွေနဲ့ တခြားလုပ်ငန်းခွင်တွေက အလုပ်တွေကို ကိုယ်တိုင်မြင်ပြီး ခံစားစေချင်တယ်ပေါ့။"

ဒုကျောင်းအုပ်ချီက လင်းချောင်၏ စကားများကို ပြန်ပြောလိုက်သည်။

လင်းချောင်က ခေါင်းညိတ်လိုက်၏။

"ဆရာလည်း လက်ရှိ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုနှုန်းကို သိပါတယ်။ အတန်းတိုင်းမှာ အများဆုံး ဘွဲ့ကြိုကျောင်းသားနှစ်ယောက် သုံးယောက်၊ စက်မှုလက်မှုကျောင်းသား ဆယ်ယောက်လောက်ပဲ ရှိပြီး ကျန်တဲ့သူတွေက အလုပ်လုပ်ရမယ် ဒါမှမဟုတ် စစ်မှုထမ်းရမယ်။ သူတို့ ကျောင်းပြီးတဲ့အခါ ဘာတွေလုပ်နိုင်လဲဆိုတာကို မြင်ပြီး သူတို့ရဲ့အနာဂတ်အတွက်ကို စီစဉ်တတ်စေချင်တယ်။"

သူတို့ ဘာကိုပဲရွေးချယ်ပါစေ၊ ဆယ်နှစ် ဒါမှမဟုတ် အနှစ်နှစ်ဆယ်ကြာပြီးသည့်အခါ ထိုအချိန်က အသိဉာဏ်နည်းခဲ့သည်ဟူ၍ နောင်တမရစေချင်ပေ။

"ကျွန်တော်လည်း ဒီဆုံးဖြတ်ချက်ကို မချနိုင်ဘူး။ ကျောင်းအုပ်ကြီးကျန်းကိုတော့ မေးပေးမယ်။"

ဒုကျောင်းအုပ်ချီက ကတိမပေးခဲ့သော်လည်း ကျောင်းအုပ်ကြီးကျန်းကိုတော့ အားကောင်းကောင်းနှင့် တိုက်တွန်းခဲ့သည်။

ကျောင်းသားများကို ကျေးလက်ဒေသကိုခေါ်သွားပြီး ရွာသားများကို ကူညီပေးခဲ့ဖူးတဲ့ ကျောင်းအုပ်ကြီးကျန်းက တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးတော့ သဘောတူခဲ့သည်။ သ်ို့သော် အခြေအနေများက အများကြီးရှိ၏- သင့်တင့်သည့် အချိန်ခွဲဝေမှု၊ ကျောင်းသား၏လုံခြုံမှု၊ ဆန္ဒအလျောက် ပါဝင်မှုနှင့် ဆရာများက တပ်ခွဲများကို ဆက်သွယ်ပြီး ကျောင်းသားများအတွက် လက်တွေ့လေ့ကျင့်ခန်း စီစဉ်ပေးရမည် စသည်ဖြင့်ဖြစ်သည်။

ကျန်သည့်အရာများကို စီမံခန့်ခွဲလို့ရသော်လည်း လင်းချောင်က လူတိုင်းကို ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုထံခေါ်ပြီး အုတ်များရွှေ့ခိုင်း၊ သယ်ခိုင်းလို့တော့ မရပေ။

အများကြီး စဉ်းစားပြီးနောက် သူမ၏ ပထမဆုံး လက်တွေ့လေ့ကျင့်မှု နေရာကို သူတို့ကျောင်းနှင့် အဆက်အသွယ်ရှိသည့် ပုံနှိပ်စက်ရုံတစ်ခုကိုသာ ရွေးချယ်လိုက်၏။ ထိုခေတ်တုန်းက ကျောင်းအချို့က ဝင်ငွေတိုးစေရန်နှင့် ဝန်ထမ်းမိသားစုများအတွက် အလုပ်အကိုင်ရရှိစေရန် ကိုယ်ပိုင်စက်ရုံများကိုလည်း လည်ပတ်ကြသည်။

သို့သော် သူတို့ကျောင်းက စစ်မှုထမ်းမိသားစုများအတွက်နေရာဖြစ်ပြီး ရန်ပုံငွေလည်း လုံလောက်ကာ လူဦးရေလည်း နည်းသည့်အတွက် စက်ရုံမဖွင့်ခဲ့ပေ။ သူတို့၏ စာအုပ်များကိုလည်း တခြား ပုံနှိပ်စက်ရုံများတွင် ရိုက်နှိပ်ကြ၏။ လင်းချောင်က အချိန်တစ်ခုရှာပြီး ဆွေးနွေးသည့်အခါ အလုပ်သမားများ အနားယူသည့်နေ့ ကျောင်းသားများကို လာရောက်လေ့လာခွင့်ပေးရန် သဘောတူခဲ့သည်။

နောက်တစ်ခုက ကျောင်းသားများ၏ အချိန်ဇယားကို ညှိနှိုင်းရန်ဖြစ်သည်။ ထိုခေတ်တုန်းက တစ်ရက်တည်း နားရက်ယူသည်ကများပြီး အချို့အဖွဲ့များတွင်ဆိုလျှင် နားရက်မရှိပေ။

လင်းချောင်က ပုံနှိပ်စက်ရုံမှ ဘတ်စ်ကားမှတ်တိုင်ကို သွားရန်ထွက်လာသည့်အခါ ပုခုံးပေါ်တွင် ထမ်းပိုးဖြင့် ပုံးနှစ်ပုံးကို ထမ်းထားသည့် လူငယ်တစ်ယောက်က စက်ရုံတံခါးတွင် တစ်ခုခု ရောင်းနေသည်ကို တွေ့လိုက်ရ၏။

"ဆပ်ပြာရည်! ယန်ဒူတစ်ခုလုံး ဆပ်ပြာရည် သုံးနေပြီ! လက်ဆေးဖို့နဲ့ ခေါင်းလျှော်ဖို့အတွက် အကောင်းဆုံး၊ သုံးကျင်းကို နှစ်ယွမ်ပဲ! သုံးကျင်းကို နှစ်ယွမ်!"

သူမ၏ ခြေလှမ်းများ ရပ်တန့်သွား၏။

သုံးကျင်းကို နှစ်ယွမ်။

သူမတို့ရဲ့ဈေးနှုန်းက တစ်ကျင်းကို တစ်ယွမ် မဟုတ်ဘူးလား။

လွန်ခဲ့သော ရက်အနည်းငယ်က လင်းချောင် စာရင်းများကို စစ်ဆေးခဲ့ရာ တစ်ကျင်းလျှင် တစ်ယွမ်သာ ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျိသော်အနေဖြင့် သူမကိုစာရင်းများလိမ်လည်ရန် အကြောင်းမရှိသောကြောင့် ဤနေရာတွင် ပြဿနာတစ်ခုခု ရှိနေသည်မှာ သေချာသည်။

လတ်တလောတွင် ဆပ်ပြာရည်များ ရောင်းကောင်းနေပြီး ဝယ်ယူခြင်း မရှိသူများပင်လျှင် ဒီအကြောင်းကို ကြားဖူးကြသည်။ မကြာမီ အမျိုးသမီး အလုပ်သမားအချို့ ထွက်လာပြီး ကြည့်ရှုကြ၏။ လင်းချောင်က စိတ်ဝင်စားဟန်ဆောင်ကာ သူတို့နှင့်အတူ လိုက်ပါသွားလိုက်သည်။ သို့သော် ပုံးထဲသို့တစ်ချက်ကြည့်လိုက်သည်နှင့် သူမမျက်မှောင်ကြုတ်မိသွား၏။

အရောင်က အတူတူပင်ဖြစ်သော်လည်း ပို၍အရည်ကျဲသည်။ ဆားချပြီး ဆီစစ်သည့်နည်းဖြင့် မပြုလုပ်ထားခြင်းလား၊ ရေရောထားခြင်းလားဆိုသည်ကိုတော့ မသိရပေ။ သို့သော် အမျိုးသမီး အလုပ်သမားများကတော့ သတိထားမိပုံမပေါ်ပေ။ သို့မဟုတ် စျေးဝယ်ရန်ကြည့်နေသူများကတော့ အစစ်အမှန်ကို မမြင်ဖူး၍ ဝယ်ယူသင့် မဝယ်ယူသင့်ကို ဆွေးနွေးနေကြသည်။

လင်းချောင်က လူအုပ်ထဲတွင် ရောနှော၍ ပြောလိုက်၏။

"ကျွန်မရဲ့ယောက်မက ပြီးခဲ့တဲ့အပတ်က တစ်ကျင်းဝယ်ထားတယ်၊ ဒါထက် အများကြီးပိုပျစ်တယ်။ မင်းတို့ရဲ့ ဆပ်ပြာရည်က ဘာလို့ ပိုပြီး အရည်ကြည်နေရတာလဲ။"

သူမပြောမှသာ လူအများက သတိထားမိကြတော့သည်။ ပြောလိုက်သည်နှင့် တပြိုင်နက်တည်း လူအများက "ဒါ အတုလား" ဟု အသံကျယ်ကျယ်ဖြင့် ဆွေးနွေးကြတော့၏။

"ဘယ်ဟုတ်ပါ့မလဲ။ မယုံရင် ရေနည်းနည်းထည့်ပြီး ဆေးကြည့်ပါလား။"

ရောင်းသူက ကြိုတင်ပြင်ဆင်ထားပုံရ၏။

"ဒါက အချိန်ကြာကြာမထားရသေးလို့ပါ။ နောက် သုံးရက်၊လေးရက်ဆို ပိုပြီးပျစ်လာလိမ့်မယ်။ ကျွန်တော်တို့ သူဌေးရဲ့ ဆိုင်ခန်းက အငှားသက်တမ်းကုန်သွားပြီ၊ သိမ်းထားစရာနေရာမရှိလို့ပါ။ မဟုတ်ရင် ဒီလောက်ဈေးပေါပေါနဲ့ ရောင်းပါ့မလား။"

သူက လင်းချောင်ကို တိတိကျကျ သေသေချာချာ မေးလိုက်သည်။

"မင်းရဲ့ယောက်မက ဘယ်လောက်ပေးဝယ်ခဲ့ရလဲ။ တစ်ကျင်းကို တစ်ယွမ်၊ ဟုတ်တယ်မလား။"

သူက အားလုံးကို သိနေပုံရသောကြောင့် လင်းချောင်က ပြောလိုက်၏။

"ဟုတ်မယ်ထင်တယ်။ ဒါပေမဲ့ သေချာတော့ မမှတ်မိဘူး။"

"သေချာပါတယ်။ အရင်ကဆိုရင် တစ်ကျင်းကို တစ်ယွမ်နဲ့ ရောင်းခဲ့တာ။ မင်း ဝယ်ချင်လား။ အခုက ဈေးသက်သာနေတာ နောက်ဆို ဒီလိုဈေးနဲ့ မရနိုင်တော့ဘူး။"

ရောင်းသူ၏ စကားသည် ဆွဲဆောင်မှုရှိသောကြောင့် လင်းချောင်က သဘောတူပြီး ခုနစ်ယွမ်တန်ဖြင့် တစ်ကျင်းဝယ်ခဲ့သည်။

ကျောင်းသို့ ပြန်ရောက်သောအခါ ဆရာပိုင်ကလည်း ပုလင်းတစ်လုံးကို ယူလာပြီးမေးခဲ့သည်။

"ဒါက မင်းသူငယ်ချင်း ရောင်းတဲ့ ဆပ်ပြာရည်လား။"

လင်းချောင်က သူ့အမူအရာကို ကြည့်ကာ တစ်ခုခု မှားနေပြီဟု သိလိုက်သည်။

"ဆရာလည်း အရည်ကြည်နေတဲ့ ဆပ်ပြာရည်ကို ဝယ်လာတာလား။"

"ကျွန်တော်တော့ မဟုတ်ဘူး၊ ကျွန်တော့်ညီမဝယ်ခဲ့တာ။"

ဆရာပိုင်က ပြောလိုက်သည်။

"ကျွန်တော်က ဆပ်ပြာရည် သုံးလို့ကောင်းတယ်လို့ ပြောဖူးတော့ သူမက ဆပ်ပြာရည်တွေ့လို့ ဝယ်လာတာ။ ဒါပေမဲ့ ခေါင်းလျှော်တော့ အများကြီးထည့်တာတောင် အမြှုပ်မထွက်ဘူး။ သူက ကျွန်တော့်ကို ပြောပြတော့ ကျွန်တော်မယုံနိုင်ဘူးလေ၊ ဒါကြောင့် သူ့ကို အဲ့ဒီပုလင်း ယူလာခိုင်းလိုက်တာ။ တကယ်ပဲ မတူဘူး။"

လင်းချောင်က သူမ၏ ပုလင်းကို ပြပြီးပြောလိုက်၏။

"ကျွန်မလည်း ဒီလိုပဲ ကြုံခဲ့တာ။ သူငယ်ချင်းကို ပြဖို့ တစ်ကျင်းဝယ်လာတယ်။"

"ဒါဆို မင်းသူငယ်ချင်း ရောင်းတာ မဟုတ်ဘူးလား။"

ဆရာပိုင်က ပုလင်းကို လှုပ်ခါလိုက်သည်။

"ဒီပစ္စည်းက ကောင်းကောင်းရောင်းရတယ်လို့ ထင်ခဲ့တာ။ ဈေးလျှော့ရောင်းဖို့အတွက် ရေရောစရာမလိုပါဘူး။ ကြိုးစားရတာလည်း အချည်းနှီးဖြစ်ပြီး၊ နာမည်လည်း ပျက်တယ်။"

သူ့လက်များကို ခါးတွင်ထောက်ထားပြီး စိတ်ဆိုးနေသည့်အမူအရာမှာ ထင်ရှားနေ၏။

"ဘယ်သူက ဒီလောက်တောင် စိတ်ဓာတ်ဆိုးရွားရတာလဲ။ သုံးကျင်းကို နှစ်ယွမ်တဲ့လား။ ဒီပစ္စည်း ငါးကျင်းကတောင် အစစ်နှစ်ကျင်းလောက် မကောင်းဘူး။"

သူ့တုံ့ပြန်မှုကို ကြည့်ရသည်မှာ သူကိုယ်တိုင်လည်း ငွေချွေတာရန် ကြိုးစားရင်း ဆပ်ပြာရည်အများကြီး ဝယ်ခဲ့မိပုံပင်။

မည်သို့ပင်ဆိုစေ ထိုအချက်ကို ထောက်ပြရန်ကတော့ မလိုအပ်ပေ။ လင်းချောင်က ပစ္စည်းများကို မည်သည့်နေရာမှ ဝယ်ယူခဲ့ကြောင်းသာ မေးလိုက်၏။

ဆရာပ်ိုင်က "သူ့ညီမ" ပစ္စည်းများကို ဝယ်ယူခဲ့သည့်နေရာကို တိတိကျကျ သိထားသည်။ လင်းချောင် မှတ်သားလိုက်ရာ သူမဝယ်ခဲ့သည့်နေရာနှင့် အနည်းငယ် ကွာဝေးသော်လည်း အလွန်ဝေးသည်တော့မဟုတ်။

အိမ်ပြန်ရောက်သောအခါ သူမက ဆပ်ပြာရည်ပုလင်းနှင့် လိပ်စာနှစ်ခုကို ကျိသော်အား ပေးလိုက်သည်။

"ဒါကို စစ်ဆေးကြည့်ပါ။ ဒါဘယ်ကနေ ရလာတာလဲဆိုတာ ကျွန်မ မသိဘူး။"

ဖြစ်နိုင်ခြေ နှစ်ခုရှိသည်- တစ်ခုမှာ ပြီးပြည့်စုံသော ဖော်မြူလာကို မရရှိခဲ့သော သားအဖက ၎င်းတို့၏ ဆုံးရှုံးမှုအချို့ကို ပြန်ရအောင် ကြိုးစားနေခြင်းဖြစ်ပြီး၊ နောက်တစ်ခုမှာ ကျိသော်သူငယ်ချင်း၏ ရောင်းချသူများထဲမှ တစ်ဦးဦးဖြစ်မည်။

မည်သို့ပင်ဖြစ်စေ ထုတ်ကုန်ပမာဏက ကန့်သတ်ထားသော်လည်း ရေရောလိုက်လျှင် ပမာဏတိုးလာပြီး စနစ်တကျ ထိန်းချုပ်နိုင်လျှင် ငွေများစွာ ရရှိနိုင်သည်။ နာမည်ပျက်သွားခြင်းကတော့...

လုပ်ငန်းက သူတို့အပိုင်မဟုတ်သည့်အတွက် နာမည်ပျက်သွားလျှင် နောက်တစ်ခုပြောင်းပြီး သူတို့ပိုက်ဆံရှာနိုင်သေးသည်။

လုံခြုံသည့်အလုပ်အကိုင်ရှိသော အဖွဲ့အစည်းများတွင်တောင် အရောင်းသမားများက ဒီလိုမျိုးလုပ်လေ့ရှိသသည်။

ကျိသော် ပုလင်းထဲက အရာကိုမြင်သည်နှင့် ချက်ချင်းနားလည်လိုက်သည်။ သူက လိပ်စာများကို မှတ်သားထားလ်ိုက်ပြီး နောက်နေ့မနက်တွင် ရှောင်ဖန်းကို ကားမောင်းကာ ကျိဇယ်ထံသို့ သွားပို့ခိုင်းလိုက်သည်။

ပစ္စည်းများကို ထုပ်ပိုးရမည်ဖြစ်သောကြောင့် ဆပ်ပြာလုပ်ရင်း ညဉ့်နက်သည်အထိ အလုပ်လုပ်ခဲ့ရသော ကျိဇယ်က အစပိုင်းတွင်တော့ စိတ်ရှုပ်ထွေးနေခဲ့သည်။ သို့သော် ပုလင်းကိုဖွင့်လိုက်သည်နှင့် ချက်ချင်းသတိထားမိလိုက်၏။ နောက်ရက်အနည်းငယ်တွင် သူ့ထံမှ ရောင်းချသူများကို တစ်ဦးချင်းလိုက်လံ စစ်ဆေးပြီး လင်းချောင် ပြောခဲ့သောနေရာများတွင် အတုရောင်းချသူများကို ဖမ်းရန် စောင့်ကြည့်နေခဲ့သည်။

ရောင်းသူသည်လည်း သတိကြီးသောကြောင့် နေရာတစ်ခုတည်းတွင် နှစ်ကြိမ်မရောင်းပေ။ ကျိဇယ်က သူ့ရှာဖွေမှုဧရိယာကိုချဲ့ထွင်ခဲ့ပြီး နောက်ဆုံးတွင်တော့ သူတို့ကို ရှာတွေ့ခဲ့လေသည်။

အခြေအနေရှင်းလင်းသွားသောအခါ သူ့ဦးလေးကို ဖုန်းခေါ်လိုက်၏။ သို့သော် ဗိုလ်မှုးကြီးလျန်၏ ဇနီးက သူအိမ်တွင်မရှိကြောင်းနှင့် သူတို့နှစ်ဦးစလုံး ပြန်မရောက်သေးကြောင်း ပြောပြခဲ့သည်။ နေ့လည်စာစားချိန်ဖြစ်နေပြီဖြစ်သောကြောင့် ထမင်းစားခန်းသို့ သွားခဲ့သည်ဆိုလျှင်ပင် ပြန်ရောက်သင့်ပြီဖြစ်သည်။

ကျိဇယ် ကျိသော်၏ ရုံးကိုထပ်ခေါ်ကြည့်ရာ ဤတစ်ကြိမ်တွင်တော့ ဖုန်းဝင်သွားသဖြင့် သူလည်းအံ့သြသွားခဲ့ရသည်။

"ဦးလေး၊ နေ့လည်စာ အိမ်ပြန်မစားဘူးလား။"

ကျိသော် ဘယ်လိုပြန်ဖြေရမလဲမသိတော့ပေ။ 'မင်းအဒေါ်က ကျောင်းသားတွေကို လက်တွေ့ သင်တန်းပေးဖို့ခေါ်သွားလို့ ငါလည်း အိမ်မပြန်ဘူး' လို့ ပြောရမည်လား။

သူက ထိုအကြောင်းကို မပြောဘဲ "ကိစ္စကို သိရပြီလား" ဟုသာ မေးလိုက်သည်။

ကျိဇယ်လည်း စကားရှည်မနေဘဲ ပြောလိုက်၏။

"ဟိုသားအဖပါပဲ။ သူတို့က ဖော်မြူလာကို မဖျက်ဆီးခဲ့ဘဲ ဆပ်ပြာရေအဖြစ် ရောင်းနေတာ။"

သူတို့က ယွမ်တစ်ထောင်ကျော် သုံးစွဲခဲ့ပြီး ရဲစခန်းတွင်မှတ်တမ်းရှိနေပြီဖြစ်သောကြောင့် ဆုံးရှုံးမှုအချို့ကို ပြန်ရအောင် လုပ်ရမည်။

သူတို့က နေရာတစ်ခုတွင် ဆက်တိုက်မရောင်းနိုင်သောကြောင့် နေရာတစ်ခုမှတစ်နေရာသို့ ပြောင်းရွှေ့ပြီး တည်ဆောက်ထားသော နာမည်အတုမှတစ်ဆင့် ငွေရှာနေကြ၏။

ဆပ်ပြာရည်၏ နာမည်ပျက်သွားလျှင်လည်း သူတို့ ဂရုမစိုက်ပေ။ သူတို့က အရောင်းအဝယ်များကို တစ်ကြိမ်တည်းသာ လုပ်နေခြင်းဖြစ်ပြီး ကျိဇယ်ကို ထိခိုက်စေနိုင်လျှင် ပို၍ပင်ကောင်းသေးသည်ဟု ယူဆထားကြသောကြောင့်ပင်။

"ကျွန်တော် နာမည်ကောင်းရဖို့ ကြိုးစားထားခဲ့ရတာကို သူတို့က နှစ်ရက်အတွင်း ပျက်စီးသွားစေခဲ့တယ်။"

"သူတို့က ဆပ်ပြာလုပ်တဲ့ အချိန်ကိုတောင် မစောင့်ဘဲ တိုက်ရိုက်ရောင်းတာ။ အာနိသင်ကလည်း အဆင်မပြေဘူး။ ကျွန်တော့်ဆီကလို့လည်း ပြောသေးတယ်။ အခုတစ်ခါ ယန်ဒူတစ်မြို့လုံးမှာ ရောင်းကုန်သွားရင် ကျွန်တော် ဘယ်လိုဈေးကွက်ချဲ့ထွင်နိုင်တော့မှာလဲ။"

ဤသည်က သူ့ကို အဒေါသထွက်စေဆုံးကိစ္စ ဖြစ်သည်။ သူ၏ ဖော်မြူလာကို အရှက်မရှိ ခိုးယူရုံသာမက သူ၏နာမည်အောက်တွင် အတုများကို ရောင်းချပြီး သူ့ကို တမင်တကာ စိတ်ပျက်အောင် လုပ်ခြင်းပင်။

ကျိသော်၏ အသံကတော့ တည်ငြိမ်နေဆဲဖြစ်သည်။

"ဘာလုပ်ဖို့ စီစဉ်ထားလဲ။"

"ဘာလုပ်နိုင်မှာလဲ။ အတုတွေကို တိုက်ဖျက်တာနဲ့ စရမှာပေါ့။"

ဖုန်းမခေါ်ခင်ကတည်းက ကျိဇယ် ဤအကြောင်းကို ရှင်းရှင်းလင်းလင်း စဉ်းစားထားခဲ့ပုံရသည်။

"ကျွန်တော် စျေးရောင်းသူတွေကို ယူနီဖောင်းဝတ်ခိုင်းမယ်။ ဆပ်ပြာရည်ထည့်တဲ့ ပုံးတွေကိုလည်း ပလတ်စတစ်နဲ့ အကုန်အစားထိုးမယ်။ သူတို့ ဘယ်ကနေဝယ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။"

ယခင်က အနောက်တိုင်းနည်းပညာ ပိတ်ဆို့မှုများကြောင့် နိုင်ငံ၏ ရေနံဓာတုပစ္စည်းလုပ်ငန်းမှာ နောက်ကျကျန်နေခဲ့ပြီး ပလတ်စတစ်ထုတ်လုပ်မှုမှာလည်း အကန့်အသတ်ရှိခဲ့သည်။ တစ်ခုတည်းသော အများသုံး ပလတ်စတစ်ပစ္စည်းမှာ နွေရာသီစီးဖိနပ်များသာဖြစ်သည်။ သူက အဆက်အသွယ်အားကောင်းသောကြောင့် ပလတ်စတစ်ပုံးများကို ရနိုင်သည်။ တစ်ဖက်သားအဖမှာတော့ ထိုသို့သော အဆက်အသွယ်များ မရှိပေ။ ရှိသည်ဆိုလျှင်ပင် သူတို့က ထိုမျှကြီးမားသော ပမာဏကို သုံးစွဲနိုင်မည်မဟုတ်ပေ။

ကျိဇယ်က ပြုံးစိစိဖြင့်ပြောလိုက်သည်။

"သူတို့က ပစ္စည်းအတုတွေ ရောင်းနိုင်တယ်မဟုတ်လား၊ ဒါဆို ကျွန်တော်က ပစ္စည်းအတုတွေကို တိုက်ဖျက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ ရောင်းခဲ့တဲ့နေရာတွေကို လိုက်သွားပြီး အဲဒီနေရာတွေကို ကျွန်တော့်အတွက် အခမဲ့ ကြော်ငြာပေးမဲ့ နေရာတွေအဖြစ် အသုံးချလိုက်မယ်။ သူတို့ မရောင်းရသေးတဲ့ နေရာတွေကိုတော့ ကျွန်တော်ကိုယ်တိုင် သွားရောင်းမယ်။"

သူက တဖြည်းဖြည်းချဲ့ထွင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး၊ အခုတော့ ဒီလူတွေက သူ့ကိုအလျင်စလိုလုပ်ရန် တွန်းအားပေးလိုက်သလိုဖြစ်သွားသည်။

"ကျွန်တော် တခြားနေရာတွေမှာ ဂိုဒေါင်တွေငှားမယ်၊ ပစ္စည်းအတုတွေ တိုက်ဖျက်မယ်၊ ပြီးတော့ ဈေးကွက်ကို သိမ်းပိုက်မယ်။ ဒီလှိုင်းလုံးကြီး ပြီးသွားတာနဲ့ စတိုးဆိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စဆွေးနွေးမယ်"

"အစားအသောက်စက်ရုံတွေက ပဲငံပြာရည်နဲ့ ရှာလကာရည် ရောင်းသလိုမျိုးလား။"

"ဟုတ်တယ်၊ ဆိုင်တွေကို ပမာဏအများကြီး ရောင်းပေးမယ်။ အဲ့ဒီလိုဆိုရင် ကျွန်တော်က ပစ္စည်းပို့တာကိုပဲ ကိုင်တွယ်ရတော့မှာဖြစ်ပြီး အိမ်တိုင်ရာရောက် လိုက်ရောင်းစရာ မလိုတော့ဘူး။"

အရင်ကတော့ သူ့တံဆိပ်ကို လူသ်ိပ်မသိသေးသည့်အတွက် ဆိုင်များက သူ့ပစ္စည်းကို မယူခဲ့ကြသဖြင့် အိမ်တိုင်ရာရောက် လိုက်ရောင်းခဲ့ရသည်။ အခုတော့ သူ့တံဆိပ်က နာမည်ရနေပြီဖြစ်သည့်အတွက် အမြန်ရောင်းထွက်အောင် လုပ်နိုင်ခဲ့ပြီဖြစ်ပြီး လက်လီရောင်းချရာမှ လက်ကားရောင်းချသည့်ဘက်ကို ကူးပြောင်းနိုင်ပြီဖြစ်သည်။

အဓိက စတိုးဆိုင်ကြီးများနှင့်လက်တွဲနိုင်ပြီး လူအများကလည်း သူတို့ဆပ်ပြာရည်ကို ဝယ်ယူသုံးစွဲလေ့ရှိသွားပြီဆိုလျှင် အနာဂတ်တွင် ပေါ်လာမည့် ပြိုင်ဘက်များအတွက် သူ စိတ်ပူနေစရာမလိုတော့ပေ။

"မင်းရဲ့ ထုတ်လုပ်မှုက မှီရောမှီနိုင်ပါ့မလား။"

"မမှီရင်လည်း တိုးချဲ့မယ်လေ။ ဒါက ပစ္စည်းကိရိယာလည်း အများကြီး မလိုဘူး၊ အိုးကြီးတစ်လုံးပဲ လိုတာ။ အများဆုံးပြောရရင် အလုပ်သမား အယောက်နှစ်ဆယ်လောက် ထပ်ခန့်လိုက်ရုံပဲ။"

All Chapters