အခန်း (၇၅)
Vol. 7 Ch. 75
ကျိသော်၏ အသံကတော့ တည်ငြိမ်နေဆဲပင်။
"မင်းဒါကို လေ့ကျင့်ဖို့အတွက် အသုံးပြုရုံပဲလို့ မပြောခဲ့ဘူးလား။"
ကျိဇယ်၏ စွန့်ဦးတီထွင်လုပ်ကိုင်ချင်စိတ် အိပ်မက်များက ဒီမေးခွန်းကြောင့် ရုတ်တရက်အေးခဲသွားပြီး လုံးဝတုံ့ဆိုင်းသွားခဲ့သည်။
ဟုတ်သည်၊ သူက အစက ဒီအလုပ်ကို လေ့ကျင့်ရန်နှင့် စီးပွားရေးကို နားလည်ရန်အတွက်သာ အသုံးပြုချင်ခဲ့ခြင်းဖြစ်သည်။
ဘာပဲဖြစ်ဖြစ်၊ ဆပ်ပြာရည်ကို အိမ်တိုင်ရာရောက် လိုက်ရောင်းသည်က လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့်ယှဉ်လျှင် အသေးစားအဆင့်သာရှိသည်။ ထိုပစ္စည်းများက တစ်ခုတည်းကို ယွမ်ထောင်ချီရောင်းချလို့ရသည်။
အကယ်၍ သူသာ အောင်မြင်ပြီး နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့မည်ဆိုလျှင် အနာဂတ်တွင် တိုင်းပြည်က ကိုယ်ပိုင်ပစ္စည်းများကို အသုံးပြုလာနိုင်ပြီး ပြည်ပမှတင်သွင်းစရာ မလိုတော့ပေ။
ဒါက ကြီးမြတ်သည့်အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မည်။ သူ့အဘိုးနှင့် ဦးလေးထက် မသာလျှင်တောင် နိမ့်ကျနေမည် မဟုတ်ပေ။
အနည်းဆုံးတော့ လူအများက သူ့အကြောင်းပြောသည့်အခါ အောင်မြင်သည့် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်ကျိဇယ်အဖြစ်နှင့် အရင်ဆုံး သိကြလိမ့်မည်၊ ပြီးမှသာ သူ့ဦးလေး၏တူ၊ သူ့အဘိုး၏မြေးဟု သိကြလိမ့်မည်။
သူ အချိန်အကြာကြီး စကားမပြောနိုင်ဘဲ ငြိမ်သက်နေသည်ကို မြင်တော့ ကျိသော်က မျက်လုံးများကိုအောက်ချလိုက်ပြီး ပြောလိုက်၏။
"နောက်ထပ် နည်းနည်းလောက် စဉ်းစားကြည့်ပါဦး။ ငါသွားပြီ။"
ကျိဇယ် "ဦးလေး" ဟု အလျင်အမြန် လှမ်းခေါ်လိုက်သော်လည်း ခေါ်ပြီးနောက် ဘာပြောရမှန်းမသိတော့သည့်အတွက် ကျိသော်က ဖုန်းချလိုက်သည်။
ဖုန်းချပြီးနောက် ကျိသော်က အလုပ်ထဲ ချက်ချင်းပြန်မဝင်သေးဘဲ ရေနွေးဘူးကိုယူကာ ရေတစ်ခွက်ငှဲ့လိုက်သည်။
ကျိဇယ်၏ မျက်လုံးများက စီးပွားရေးအကြောင်းပြောတိုင်း တောက်ပလာပြီး စကားပြောခြင်းကို မရပ်နိုင်တော့ပေ။ အရင်က စစ်တပ်အကြောင်း မေးမြန်းခဲ့စဉ် ဒါမှမဟုတ် သူ့အဘိုးကို စွန့်ဦးတီထွင်လုပ်ငန်းလုပ်ချင်ကြောင်း ရဲရဲဝံ့ဝံ့ပြောခဲ့ချိန်ကထက်တောင်ပိုပြီး စိတ်အားထက်သန်နေခဲ့သေးသည်။
ယခင်က သူ၏ဖော်မြူလာကို ခိုးသွားသည်ဖြစ်စေ၊ ဒီတစ်ခါ ပစ္စည်းအတုများရောင်းသည်ဖြစ်စေ သူ ဒေါသထွက်ခဲ့သော်လည်း စိတ်ပျက်အားငယ်ခြင်းမရှိဘဲ အဖြေရှာဖို့သာ တက်ကြွနေခဲ့သည်။
ကျိသော်က ကျိဇယ်ကို သူ၏ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနှင့် ပထမဆုံးရရှိနိုင်မည့်ရွှေအိုးကို ရှာဖွေစေချင်ခဲ့ပြီး သူ့ကို လေ့ကျင့်ပေးရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ လင်းချောင်က ကျိဇယ်၏ အောင်မြင်လာမှုအတွက် တွန်းအားတစ်ခုဖြစ်လာလိမ့်မည်ဟုတော့ သူမျှော်လင့်မထားခဲ့ပေ။
ကျိဇယ်ကလည်း သူအစက ရှောင်ရှားခဲ့သည့် လင်းချောင်ကို အခုလိုလားနေပြီဆိုသည်ကို သတိထားမိမည် မဟုတ်ပေ။
လင်းချောင်တွင် သူမပတ်ဝန်းကျင်က လူများ၏ သဘောထားကို တဖြည်းဖြည်းချင်း ပြောင်းလဲပစ်နိုင်သည့် နည်းလမ်းတစ်ခုရှိပုံရ၏။ ကျိဇယ်၊ ဗိုလ်မှုးကြီးလျန်၏ဇနီး၊ ဒါ့အပြင် သူကိုယ်တိုင်...
ထိုအချိန်တွင် တစ်ယောက်ယောက်က နေ့လယ်စာစားရာမှ ပြန်လာပြီး စင်္ကြံက တံခါးကို "ဘုန်း" ဆိုသော ကျယ်လောင်သည့်အသံတစ်ခုနှင့် ဆောင့်ပိတ်လိုက်သည်။
ကျိသော်လည်း သူကိုင်ထားသော ကြွေခွက်ထဲကရေနွေးသည် အငွေ့တထောင်းထောင်း မထွက်နေတော့သည်ကို သတိပြုမိသွားပြီးမှ လက်ရှိအခြေအနေကို သိလိုက်သည်။ သူသည် အတွေးထဲ၌ဆယ်မိနစ်အတိ နစ်မြောနေခဲ့သည်။
ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေချိန်မှလွဲလျှင် ဘာမှမလုပ်ဘဲ တစ်စုံတစ်ယောက်အကြောင်းကို သူဤမျှအချိန်ကြာကြာ တွေးနေခဲ့ဖူးခြင်းမျိုးမရှိပေ။
တစ်ဖက်တွင်တော့ လင်းချောင်က သူမ၏ အမည်ခံနှင့် ရုပ်ပိုင်းဆိုင်ရာ ခင်ပွန်းအကြောင်းကို တွေးရန်အချိန်မရှိခဲ့။ ပထမဆုံးအကြိမ် လူမှုရေးဆိုင်ရာလေ့ကျင့်မှုဖြစ်သောကြောင့် အတန်းလေးမှ ကျောင်းသားများက အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။ ပုံနှိပ်စက်ရုံသို့သွားရာ လမ်းတွင်ဆိုလျှင် အချို့က ဘတ်စ်ကားပေါ်၌ သီချင်းများဆိုနေကြသည်။
အရွယ်ရောက်ခါစ ဆယ်ကျော်သက်ဆယ်ဂဏန်းကျော် စုဝေးနေကြပြီး အားအင်အပြည့်ဖြင့် သီချင်းဆိုနေကြသော်လည်း နည်းစနစ်မမှန်ဘဲ အသံများက တစ်ယောက်တစ်ပေါက်ဖြစ်နေကြသည်။
လင်းချောင်ဘေးတွင် ထိုင်နေသော အတန်းသုံးနှင့်လေး၏ တရုတ်စာဆရာမက လှည့်ကြည့်ပြီးပြောလိုက်သည်။
"မင်းတို့ အတန်းက အရင်က ဘာမှမဟုတ်ခဲ့ဘူးဆိုရင်တောင် အခုတော့ အငွေ့အသက်ကောင်းတွေ ရှိလာပြီပဲ။"
အထက်တန်း နောက်ဆုံးနှစ်တွင် ကျောင်းသား ခြောက်ဆယ်ကျော်ရှိပြီး လင်းချောင်က တစ်ယောက်တည်း ထိန်းမနိုင်မည်စိုးသဖြင့် အခြားဆရာမတစ်ယောက်ကို အဖော်ခေါ်ခဲ့သည်။ ထိုအမျိုးသမီး တရုတ်စာဆရာမက စေတနာ့ဝန်ထမ်းအနေနှင့် လိုက်ပါခဲ့သော်လည်း အခြေအနေတစ်ခုရှိခဲ့သည်။ ၎င်းမှာ ကျောင်းသားတိုင်း ပြန်လာပြီးနောက် အက်ဆေးတစ်ပုဒ်စီ ရေးရမည်ဟုပင်။
"သူတို့ရဲ့အဆင့်တွေက အငွေ့အသက်ကောင်းတွေလို ကောင်းလာရင်တော့ အရမ်းကောင်းမှာပဲ။"
လင်းချောင်လည်း လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
"မဆိုးပါဘူး။ အတန်းလေးက ငါတို့အတန်းအဆင့်မှာ စီမံခန့်ခွဲရအခက်ဆုံးဖြစ်နေကျဆိုတာ မင်းလည်းသိပါတယ်။ အခုဆိုရင် အနည်းဆုံးတော့ ရန်ဖြစ်တာနည်းလာပြီး ကျောင်းပြေးတာလည်း နည်းလာပြီ။ မနေ့ကဆို မနက်ခင်းစာကြည့်ချိန် ငါက စာမေးဖို့သွားခဲ့တာ၊ ချီဟွိုင်ဝမ်က သူ့ရဲ့အက်ဆေးကိုတစ်ခုမှ မမှားဘဲ ပေးလိုက်နိုင်တယ်။"
ထိုအမျိုးသမီး တရုတ်စာဆရာမက ဤအကြောင်းကြောင့် လင်းချောင်ကို လေးစားသွားသည်။
"မင်းက ငယ်ရွယ်တယ်၊ အကြံဉာဏ်တွေအပြည့်ရှိပြီး ဒီကျောင်းသားတွေအတွက် ကြိုးစားအားထုတ်မှုတွေ အများကြီး လုပ်ချင်စိတ်လည်းရှိတယ်။"
"ဘာပဲဖြစ်ဖြစ် ဒါက ကျွန်မရဲ့ပထမဆုံးအတန်းပဲလေ၊ နောက်ပြီး ဒါက ကျွန်မရဲ့တစ်ခုတည်းသောအတန်းလည်း ဖြစ်နိုင်တယ်။"
သူမသည် လာမည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည်ဖြစ်ပြီး ဘွဲ့ရသွားသည့်တိုင် အလယ်တန်းကျောင်းသို့ပြန်လာပြီး စာသင်ကြားပေးနိုင်မည်မဟုတ်ပေ။ ဒါကြောင့် ဤသည်မှာ သူမ စာသင်ကြားခဲ့သည့် တစ်ခုတည်းသော အတန်းဖြစ်လိမ့်မည်။
သူတို့ ပုံနှိပ်စက်ရုံသို့ ရောက်ရှိသောအခါ ဝန်ထမ်းများက သူတို့ကို လိုက်ပို့ရန် စီစဉ်ပေးခဲ့ပြီး အတွေ့အကြုံရှိသော အလုပ်သမားတစ်ဦးက သူတို့ကို လမ်းညွှန် သရုပ်ပြပေးခဲ့သည်။
ကျောင်းသားများသည် စာအုပ်များနှင့် မှတ်စုစာအုပ်များကို မြင်ဖူးသော်လည်း ၎င်းတို့ကို မည်သို့ပြုလုပ်သည်ကိုတော့ မသိခဲ့ကြပေ။
စာစီသူက လက်ချောင်းတစ်ချောင်းတည်းကို ဖုံးအုပ်ထားသော ရာဘာလက်အိတ်ကို ဝတ်ထားပြီး စာစီခန်းထဲရှိ ခဲအမျိုးအစားတိုင်း၏ အနေအထားကို လက်ဖဝါးပေါ်ရှိ လိုင်းများကဲ့သို့ ကျွမ်းကျင်စွာရိုက်နှိပ်နေခဲ့သည်။
စာလုံးများကို တရုတ်ရိုးရာစာလုံးများအတိုင်း စီထားသော်လည်း သူက သက်ဆိုင်ရာ ရိုးရှင်းသော စာလုံးများကို တိတိကျကျ ရှာဖွေနိုင်ခဲ့သည်။
စက္ကူရေတွက်သည့် အမျိုးသမီးအလုပ်သမားသည်လည်း အလွန်လျင်မြန်ကာ ဝါးပျဉ်ပြားတစ်ချပ်ဖြင့် စက္ကူငါးရွက်ကို တစ်ခါတည်း ခြစ်ယူနိုင်ခဲ့သည်။ ကျောင်းသားတစ်ဦးက မယုံသဖြင့် ရေတွက်ကြည့်သောအခါ စက္ကူတစ်ရွက်မှ ပိုနေခြင်းမရှိသည်ကို တွေ့ခဲ့ရသည်။
"တကယ်ကို အံ့မခန်းပါပဲလား။ အချိန်တိုလေးအတွင်းမှာ ရေတွက်လို့ ပြီးသွားတာလား။"
ကျောင်းသားများသည် သူတို့မျက်စိကိုပင်သူတို့ မယုံနိုင်ဖြစ်နေကြသည်။
သူတို့ဘေးတွင်ရှိသော တရုတ်စာဆရာမက ပြောလိုက်သည်။
"ဒါက ကြိုးစားအားထုတ်မှုကြောင့်ပဲလေ။"
သို့သော် ဤမျှ ကျွမ်းကျင်လာရန်ဆိုသည်ကတော့ တစ်ရက်နှစ်ရက်အတွင်း ရရှိနိုင်သည့် အရာမဟုတ်။ ပုံနှိပ်စက်ကို ထိန်းချုပ်သည့် အလုပ်သမား၏ စက္ကူဖြတ်ပုံပင်လျှင် ထူးခြားသည့်စည်းချက်တစ်ခု ရှိနေခဲ့သည်။
နောက်ဆုံးတွင် လက်တွေ့လုပ်ဆောင်ရမည့် အချိန်ရောက်လာခဲ့သည်။
ကျောင်းသားများအနေဖြင့် စာစီခြင်းနှင့် ပုံနှိပ်ခြင်းကို လုပ်ဆောင်ရန် အချိန်အလွန်တိုတောင်းခဲ့သော်လည်း ၎င်းတို့က ကိုယ်တိုင် ပြုလုပ်ထားသော ဗလာစာအုပ်တစ်အုပ်ကိုတော့ ပြုလုပ်နိုင်ခဲ့ကြသည်။
စက္ကူရေတွက်ခြင်း၊ ကော်သုတ်ခြင်း၊ ဖြတ်ခြင်းနှင့် အဖုံးချုပ်ခြင်းတို့အထိ ကျောင်းသားများသည် အဆင့်တိုင်းကို လမ်းညွှန်မှုအောက်တွင် ပြီးစီးစွာလုပ်ကိုင်ခဲ့ကြပြီး အောင်မြင်မှု၏ ခံစားချက်မှာလည်း ကြီးမားလှသည်။ ၎င်းတို့က ကိုယ်တိုင်ပြုလုပ်ထားသော မှတ်စုစာအုပ်များကို ဝယ်ယူရန်တစ်ဦးလျှင် ယွမ်အနည်းငယ်စီ စုဆောင်းခဲ့ကြပြီး ကျောင်းသို့ ပြန်ယူလာခဲ့ကြသည်။
ဤသည်မှာ ကျောင်း၌ စာသင်ကြားရသည့် တစ်နေ့တာထက် အများကြီး ပိုစိတ်ဝင်စားစရာကောင်းခဲ့သည်။
နောက်ပိုင်းတွင် အက်ဆေးရေးရမည်ဖြစ်သော်လည်း သူတို့ကတော့ နောက်တစ်ကြိမ်ကို မျှော်လင့်နေကြပြီဖြစ်သည်။
ကျောင်းကို ပြန်ရောက်တော့ ကျောင်းဆောင်ဘေးက ဓာတ်ခွဲခန်း အဆောက်အအုံအသစ်ကို ခေါင်မိုးမိုးနေသည်ကို တွေ့လိုက်ရပြီး အလုပ်သမားများ၏ အော်ဟစ်သံများကို ခပ်ဝေးဝေးမှ ကြားနေရသည်။
ကျွင်းဇီက ရပ်လိုက်ပြီး ချီဟွိုင်ဝမ်ကို မေးသည်။
"မင်းကို ဆရာမက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ရှာတွေ့တယ်လို့ ကြားတယ်။ မင်း အဲ့ဒီမှာ ဒီလိုအလုပ်မျိုး လုပ်နေတာလား။"
ချီဟွိုင်ဝမ်က တည်ငြိမ်သည့်မျက်နှာနှင့် ခေါင်းမော့ကြည့်လိုက်သည်။
"ငါက အလုပ်အကူသဘောပါ။ ဒီလိုအလုပ်မျိုးက ငါ့အတွက် မဟုတ်ဘူး။"
"ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမားအဆင့်တွေက ကွာခြားသေးတာလား။"
အခြားသူများကလည်း ဓာတ်ခွဲခန်းအဆောက်အအုံ၏ တိုးတက်မှုကို သတိပြုမိကြသည်။
"အမိုးမိုးတာက စနေတုန်းပဲ။ စစ်မှုထမ်းခေါ်ယူတာက နောက်လကျရင်ရောက်ပြီ။ ငါတို့ အချိန်မှီမှာ မဟုတ်လောက်ဘူး။"
"သေချာပေါက် မမှီဘူး။ အမှန်ပြောရရင် အဆောက်အအုံအသစ်မှာ ဓာတ်ခွဲခန်းအတန်း တက်ချင်တယ်။ ဆရာမလင်းက ငါတို့ကို ဘယ်လိုစမ်းသပ်မှုတွေ လုပ်ခိုင်းမလဲ မသိဘူး။"
"ပြီးတော့ လူမှုရေးဆိုင်ရာ လေ့ကျင့်မှုအတန်းပေါ့၊ နောက်လ ဘယ်သွားရမလဲ မသိဘူး။"
လင်းချောင်က တစ်လတစ်ကြိမ် စီစဉ်ထားသော်လည်း ဒီအကြိမ်ပြီးနောက် သူတို့က နောက်တစ်ကြိမ်ကို စိတ်အားထက်သန်စွာမျှော်လင့်နေကြသည်။
ဆရာမလင်းတွင် အမြဲတမ်း အကြံဉာဏ်အသစ်များ ရှိနေပုံရပြီး သူတို့ကို အတန်းတက်ရခြင်း၊ ကျောင်းကိုလာရခြင်းနှင့် အသိပညာအသစ်များ လေ့လာရသည်ကို ပျော်ရွှင်စေသည်။ သူတို့က စစ်ထဲဝင်လျှင် ကျောင်းမှ လွတ်မြောက်လိမ့်မည်ဟုယခင်က ထင်ခဲ့ကြသော်လည်း အခုတော့ အချိန်နီးလာသည်နှင့်အမျှ အနည်းငယ် စိတ်မပါတပါ ဖြစ်လာကြသည်။
စကားပြောနေရင်း ကျွင်းဇီက ရုတ်တရက် ပြောလိုက်သည်။
"ငါ နောက်လ စစ်မှုထမ်းခေါ်ယူတာ မသွားတော့ဘူး။"
"မင်း မသွားဘူးလား။"
လူတိုင်း အံ့အားသင့်သွားကြပြီး ချီဟွိုင်ဝမ်တောင် သူ့ကို လှမ်းကြည့်လိုက်သည်။
"ငါ မသွားတော့ဘူး။"
ကျွင်းဇီ အစကတော့ တုံ့ဆိုင်းနေခဲ့သည်။ သူက သူ့သူငယ်ချင်းများကို ကတိပေးထားပြီး သူ့မိသားစုကိုလည်း ပြောပြထားခဲ့ပြီးသားဖြစ်သည်။ သို့သော် သူကပြောပြီးသည်နှင့် သန္နိဋ္ဌာန်ချလိုက်သည်။
"ငါက ဘယ်လိုပဲဖြစ်ဖြစ် အရွယ်မရောက်သေးဘူးလေ။ အခု စစ်ထဲဝင်ရင် အိမ်ထောင်စုစာရင်းပြောင်းရမှာ။ နောက်ထပ်တစ်နှစ်က ဘာမှ အရေးမကြီးဘူး။ ဒါ့အပြင် အခု စစ်တပ်ထဲမှာက ရာထူးတိုးဖို့ ခက်တယ််။အထက်တန်းကျောင်းကို အရင်ပြီးအောင် တက်တာကပိုကောင်းတယ်။ ဘယ်သူသိမလဲ၊ ကံကောင်းရင် စစ်တက္ကသိုလ် ဝင်ခွင့်ရသွားနိုင်တာပဲ။"
အရာရှိများနှင့် စစ်သားများ၏ အဆင့်အတန်းက အတော်လေး ကွာခြားသည်။ ရာထူးမမြင့်လျှင်တောင် အရပ်ဘက်ကို ပြောင်းရွှေ့လာသည့် အရာရှိများလည်း အများအားဖြင့် ခေါင်းဆောင်များ ဖြစ်လာနိုင်သည်။
ကျွင်းဇီက သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။
"ငါ တပ်ရင်းမှူးဖြစ်သွားရင် အိမ်ပြန်လာတဲ့အခါ ရဲစခန်းမှူးဖြစ်လာလိမ့်မယ်။ မင်းတို့ ဘာအကူအညီလိုလို ငါ့ဆီ လာလို့ရတယ်။"
"မင်းက ဆရာမလင်းရဲ့ ဓာတ်ခွဲခန်းနဲ့ လက်တွေ့အတန်းတွေကို လိုက်တက်ချင်နေတာပဲ။"
ကျောင်းသားများက ရယ်လိုက်ကြသည်။
"မင်းတို့က မတက်ချင်ဘူးလား။"
ကျွင်းဇီက အသံအကျယ်ဆုံးနှင့် ရယ်နေသူအချို့ကို ရယ်ရင်းနှင့် ရိုက်လိုက်ပြီး အလေးအနက်ထားကာပြောလိုက်၏။
"တကယ်ပြောတာ၊ မင်းတို့ စဉ်းစားသင့်တယ်။"
သူက ကျိသော် သူ့ကို ပြောခဲ့သည့် အချက်အလက်များကို ဝေမျှပေးခဲ့သည်။ အချက်အလက်များသည် တိကျမှုမရှိသော်လည်း ဗိုလ်မှုးကြီးလျန်၏ ခါးပတ်ထက်တော့ ပိုမိုယုံကြည်စိတ်ချရသည်။ ကောင်လေးများက တိတ်ဆိတ်စွာ နားထောင်ပြီးနောက် ရယ်မောပြောဆိုလိုက်ကြ၏။
"ငါတို့က စစ်တက္ကသိုလ်တက်ချင်တာမှန်ပေမယ့် နောက်ထပ် နှစ်နှစ်စာသင်ရင်တောင် ဝင်ခွင့်ရနိုင်မှာ မဟုတ်ဘူး။"
ဒါက ဟာသမဟုတ်ခဲ့။ ကျွင်းဇီရှေ့တွင် ထိုင်သော စွင်းတျဲ့ကျွင်းက အတန်းထဲတွင် စာနားထောင်ပြီး အိမ်စာများလုပ်ခဲ့ပေမယ့် သူ၏အမှားများက ထူးဆန်းနေပြီး စာကိုဘယ်လိုမှ သင်ယူနိုင်ခြင်းမရှိခဲ့ပေ။ သူက စာလေ့လာသည်ထက် အားကစားဘက်တွင် ပိုတော်ပြီး ကျောင်းအားကစားပွဲများတွင် အတန်းအတွက် ပထမနေရာ အမြဲရလေ့ရှိသည်။
ထို့ကြောင့် ပထမဆုံးလပတ်စာမေးပွဲ မတိုင်ခင် လလယ်ပိုင်းပွဲတော်မတိုင်မီအချိန်တွင် သူက သူ့ပစ္စည်းများကိုထုပ်ပိုးပြီး စစ်မှုထမ်းအတွက်ပြင်ဆင်ရန် အိမ်သို့ပြန်ခဲ့သည်။
ဝမ်ကောချင်က အကြာကြီးတုံ့ဆိုင်းပြီးနောက် သူ့မိဘများနှင့် တိုင်ပင်ပြီးကျွင်းဇီကဲ့သို့ ကျောင်းတွင် နောက်ထပ်တစ်နှစ် ဆက်နေရန် ဆုံးဖြတ်လိုက်သည်။
"နောက်ထပ်တစ်နှစ်ပဲလေ၊ မြန်မြန်ကုန်သွားမှာပါ၊ ပြီးတော့ ဆရာမလင်းရဲ့ ဓာတ်ခွဲခန်းနဲ့ လက်တွေ့အတန်းတွေကိုလည်း တက်နိုင်သေးတယ်။"
အကယ်၍ ဗိုလ်မှူးကြီးလျန်ကသာ တော်လှန်ရေးစစ်သား မဟုတ်ခဲ့လျှင် လျိုကွေ့ရင်းက ကျွင်းဇီ စစ်တက္ကသိုလ် ဆက်တက်ရန် စီစဉ်နေသည်ကို ကြားပါက ကျေးဇူးတင်ရန် အမွှေးတိုင်ဝယ်ပြီးတော့ပင် ပူဇော်မိလိမ့်မည်။
ဗိုလ်မှုးကြီးလျန်၏ ရဲဘော်တစ်ဦးက သူ့ဇာတိမြို့မှ မှိုလတ်လတ်ဆတ်ဆတ်များကို တောင်းကြီးတစ်လုံးနှင့် ယူလာပေးသည့်အခါ လျိုကွေ့ရင်းက အားလုံးကို လင်းချောင်ထံ ပေးလိုက်သည်။
လင်းချောင်က ပြောလိုက်၏။
"ဒါက ကျိသော်က ကျွင်းဇီကို ပြောပြခဲ့လို့ပါ၊ ပြီးတော့ ကျွန်မတို့အိမ်မှာ ချက်ပြုတ်တာမျိုးလည်း မရှိပါဘူး။"
"မင်းကသာ ကျွင်းဇီကို စာမသင်ပေးခဲ့ရင် ကျိသော်က သူ့ကို ပြောခဲ့ပါ့မလား။ ဒါ့အပြင် သူက မင်းရဲ့ ဓာတ်ခွဲခန်းနဲ့ လက်တွေ့အတန်းတွေကို တကယ်တန်ဖိုးထားတာ မြင်ရတယ်၊ အမြဲတမ်း အဲ့ဒီအကြောင်းပဲ ပြောနေတာ။"
လျိုကွေ့ရင်းက ခိုင်မာစွာ ပြောလိုက်သည်။
"မင်းတို့အိမ်မှာ မချက်ပြုတ်ဘူးဆိုရင် ကျိသော်ရဲ့မိဘတွေကို ပေးလိုက်ပါ။ လလယ်ပိုင်းပွဲတော်နဲ့ အချိန်ကိုက်ပဲ။"
သူမက လင်းချောင်၏ လက်ကိုတောင် ဆုပ်ကိုင်ထားသေးသည်။
"အရင်ကတော့ ငါ နားမလည်ခဲ့ဘူး။ မင်းလို ယဉ်ကျေးတဲ့အမျိုးသမီးတစ်ယောက်က အိမ်မှာ အိမ်မှုကိစ္စတွေ မလုပ်နေသင့်ဘူး။ ကျောင်းသားတွေကိုပဲ စာသင်ပေးသင့်တယ်။"
ဒီလို စိတ်ရင်းကောင်းသည့် စကားများကြောင့် လင်းချောင် ငြင်းရခက်ခဲခဲ့သည်။ အထူးသဖြင့် သူတို့က အိမ်နီးချင်းများ ဖြစ်နေသောကြောင့်ပင်။
ဒါကြောင့် လလယ်ပိုင်းပွဲတော် မိသားစုတွေ့ဆုံပွဲတွင် လင်းချောင်နှင့် ကျိသော်တို့က မှိုတောင်းကြီးတစ်လုံးကို သယ်ဆောင်ပြီး ညစာစားရန်အတွက် အိမ်ဟောင်းကို ပြန်လာခဲ့ကြသည်။
"ဒီမှိုတွေကို ယန်ဒူမှာ မရောင်းသေးဘူးမလား။"
အထဲတွင် စာဖတ်နေသည့် ရွှီလီက ဆူညံသံကို ကြားတော့ သူမ၏ မျက်မှန်ကို ချိန်ရင်း ထွက်လာခဲ့သည်။
ဈေးကို နေ့တိုင်းသွားပြီး ဟင်းသီးဟင်းရွက် ဝယ်လေ့ရှိသည့် အဒေါ်ကျန်းကလည်း သေချာသိသည်။
"ရောင်းတာ မတွေ့ဖူးသေးပါဘူး။ မြို့ပြင်ကနေ ရောက်လာတာပဲ ဖြစ်ရမယ်။"
ကျိသော်က ပစ္စည်းများကို မီးဖိုချောင်ထဲ ယူသွားနှင့်ပြီးပြီဖြစ်သောကြောင့် လင်းချောင်က ရွှီလီ၏ လက်မောင်းကိုဆုပ်ကိုင်ပြီး အခြေအနေကို အတိုချုပ် ရှင်းပြလိုက်သည်။
"ဒုတိယသားက ဒီလိုကိစ္စသေးသေးလေးတွေကိုတောင် အချိန်ပေးနေပြီလား။"
ရွှီလီသည် သူမ၏သားကို ပြုံးစိစိနှင့် ကြည့်လိုက်သည်။
ကျိသော်က သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး အဘိုးကြီးကို မေးလိုက်၏။
"အခုနက ဘာရှာလို့ မတွေ့ဘူးလို့ ပြောခဲ့တာလဲ။"
"ငါ့ရဲ့ ဖောင်တိန်လေ။"
အဘိုးကြီးက သူ့သားကို စာကြည့်ခန်းရှိရာ ချက်ချင်း ခေါ်သွားလိုက်သည်။
"အဒေါ်ကျန်းက လှုပ်ရှားရတာ အဆင်မပြေဘူး၊ ဒါကြောင့် မင်းပြန်လာတုန်းလေး ဘယ်နားကျသွားလဲ ရှာပေးပါဦး။"
သူတို့သားအဖ စာကြည့်ခန်းထဲ ပစ္စည်းများရွှေ့နေတုန်း ကျိကျွင်းနှင့် သူ့ဇနီးတို့ ပြန်ရောက်လာပြီး ခြေဖျားထောက်ကာ ခုန်ပေါက်နေသသည့် ကျိလင်လည်း လိုက်ပါလာသည်။
ဒါက ဘဲလေးကကွက်တစ်ခုဖြစ်ပြီး ယဲ့မင်ရှူးက သူမကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
မိန်းကလေးငယ်က ချက်ချင်း သူမ၏ခြေထောက်များကို ပြန်သိမ်းလိုက်ပြီး ရွှီလီနှင့် လင်းချောင်ထံသို့ ပြေးသွားလိုက်သည်။
"အဒေါ်၊ ကျွန်မတို့ ကျောင်းမှာ ဓာတ်ခွဲခန်းအဆောက်အအုံ စဆောက်နေပြီ။"
"မင်းတို့ ကျောင်းကလည်း စမ်းသပ်လုပ်ဆောင်ဖို့ ရွေးချယ်ခံရတာလား။"
လင်းချောင် အံ့အားသင့်သွားသည်။
"မင်းက နောက်နှစ်မှ အလယ်တန်းကျောင်း တတိယနှစ် စတက်ရမှာမလား။"
"ဟုတ်တယ်၊ နောက်နှစ်မှ တတိယနှစ် စတက်ရမှာ။"
မိန်းကလေးငယ်က ခေါင်းညိတ်ပြီး စူးစမ်းစွာ မေးလိုက်သည်။
"အဒေါ်က ခေါင်းဆောင်တွေကို စာရေးပြီးအကြံပေးခဲ့တာလို့ ကျွန်မကြားခဲ့ရတယ်။ အဲ့ဒါ တကယ်ပဲလား။"
ကျိကျွင်းက သူမကို ပြောပြခဲ့သည်လား။
လင်းချောင်က သူမ၏ခဲအိုကို ကြည့်လိုက်သောကြောင့် ကျိကျွင်းက အနည်းငယ် အနေရခက်သွားခဲ့သည်။
ရွှီလီက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။ ခေါင်းဆောင်ရုံးကနေ ပြန်ထားတဲ့စာက မင်းအဘိုးရဲ့ စာကြည့်ခန်းထဲမှာ ရှိနေသေးတယ်။ ခေါင်းဆောင်ရဲ့ လက်ရေးလက်မှတ်နဲ့။"
ကျိလင်က ချက်ချင်းကြည့်ချင်ခဲ့သော်လည်း ယဲ့မင်ရှူးက တားလိုက်သည်။
"မင်းအဘိုးနဲ့ ဦးလေးက စာကြည့်ခန်းထဲမှာ အလုပ်များနေကြတယ်။"
ယဲ့မင်ရှုး၏ အသံက နူးညံ့သည်။ ပြောပြီးနောက် သူမက မီးဖိုချောင်သို့ ဟင်းသီးဟင်းရွက်များ ယူသွားပြီး ယန်ဒူတွင် မရနိုင်သေးသော မှိုများအကြောင်းကို ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။ ထို့နောက် ၎င်းတို့သည် ကျောင်းသားတစ်ဦး၏မိဘက လင်းချောင်ကို ကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်ပေးထားခြင်းဖြစ်ပြီး လင်းချောင်ကလည်း လူကြီးများအတွက် ယူလာပေးခြင်းဖြစ်ကြောင်းသိခဲ့ရသည်။
ယဲ့မင်ရှူးအတွက်တော့ နှစ်ထပ်ကွမ်း ထိုးနှက်ချက် ဖြစ်ခဲ့သည်။ သူမ ဝင်လာသည့်အချိန်မှစ၍ ပြောနေကြသည့် အကြောင်းအရာအားလုံးသည် လင်းချောင် အကြောင်းသာ ဖြစ်နေခဲ့ပြီး ကြားရများသောကြောင့် ညစာမစားခင်ပင် ဗိုက်ပြည့်လာသလို ခံစားမိခဲ့သည်။
ကံကောင်းစွာနှင့် မကြာခင်တွင် ကျိဇယ်ပြန်ရောက်လာပြီး သူမက ချက်ချင်းပဲ သားဖြစ်သူအပေါ် အာရုံစိုက်လိုက်ကာ စုန့်ကျင်းနှင့် သူ၏ဆက်ဆံရေးအကြောင်းကို မေးမြန်းလိုက်တော့သည်။
သို့သော် ကျိဇယ်ကတော့ ဝင်လာသည့်အချိန်မှစ၍ အာရုံပျံ့လွင့်နေပုံရပြီး "ဦးလေး ဘယ်မှာလဲ" ဟုသာ မေးလိုက်သည်။
"မင်း ဂရုစိုက်တာက မင်းရဲ့ဦးလေးပဲရှိတယ်။"
ယဲ့မင်ရှူး အနည်းငယ် စိတ်တိုလာတော့သည်။
"ငါက စုန့်ကျင်း ကျောင်းမှာဘယ်လိုနေလဲလို့ မေးတာ။ မင်းရဲ့အဒေါ်ချန်က သူမကို ငါ့ဆီအပ်ထားခဲ့တာ။"
"ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ။ အဒေါ့်ကို သွားမေးတာက ပိုကောင်းမယ်။ သူတို့က ကျောင်းအတူတူပဲ။"
ယဲ့မင်ရှူး တတိယအကြိမ် အသက်ရှူကျပ်လာသလို ခံစားရသည်။ သူမ၏သား ဘာဖြစ်သွားသည်လဲ။ အရင်တုန်းက လင်းချောင် အကြောင်းကို လုံးဝမပြောခဲ့ဘဲ အခုတော့ "ကျွန်တော့်အဒေါ်" ဟုသာ ဆက်တိုက်ပြောနေသည်။
သူမ တစ်ခုခုပြောဖို့ ပြင်လိုက်သော်လည်း ကျိဇယ်က စာကြည့်ခန်းထဲမှ သူ့အဖေနှင့်ဦးလေးကို မြင်သွားပြီး စားပွဲတစ်လုံးကို ရွှေ့ရန်သွားကူပေးလိုက်သည်။