အခန်း (၇၆)
Vol. 7 Ch. 76
မကြာခင်တွင် သူတို့က စားပွဲအောက်မှ ဖောင်တိန်နှင့်အခြားသေးငယ်သော ပစ္စည်းလေးများကို တွေ့ခဲ့ကြသည်။ ကျိသော်က တံမြက်စည်းနှင့် ဂေါ်ပြားသွားယူသည့်အခါ ကျိဇယ်က ချက်ချင်း ဝင်လုပ်ပေးလိုက်သည်။
ဒီလို စိတ်အားထက်သန်မှုက သူ့တွင်ပြောစရာ တစ်ခုခုရှိနေသည်ဆိုသည်ကို ပြနေသောကြောင့် ကျိသော်က အလျင်စလို မထွက်သွားခဲ့ပေ။
ခန့်မှန်းထားသည့်အတိုင်း အဘိုးကြီး ဧည့်ခန်းသို့ ပြန်သွားပြီးနောက် ကျိဇယ်က အသံတိုးတိုးနှင့် ပြောလိုက်၏။
"ဦးလေး၊ ကျွန်တော် လျှပ်စစ်ပစ္စည်းလုပ်ငန်းကို မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျွန်တော် ဆပ်ပြာရည်စက်ရုံတစ်ခုပဲ ဆောက်တော့မယ်။"
သူ့ဘေးက အသံက တိုးလွန်းပေမဲ့၊ ကျိသော်ရွှေ့ကြည့်လိုက်တော့ သူ့တူဖြစ်သူ၏ မျက်လုံးများထဲမှ ခိုင်မာသည့်စိတ်ဓာတ်ကို မြင်လိုက်ရသည်။
ဒီစာသင်ခန်းထဲမှ ရွှီလီ၏ မွေးနေ့ပွဲည စကားဝိုင်းနှင့်နှိုင်းယှဉ်လျှင် ဒါက ခိုင်မာသည့်စိတ်ဓာတ်တစ်ခုထက် ပိုနေ၏။ ထိုအချိန်က သူ့ကို ဒီစကားများပြောရန် တွန်းအားပေးခဲ့ခြင်းသည် ကာလကြာရှည်ခံစားခဲ့ရသော ဖိအားများ၊ အနာဂတ်အတွက် တမ်းတခြင်းများနှင့် အရာအားလုံးကို ပြောင်းလဲပစ်ချင်သည့် ဆန္ဒများသာဖြစ်ခဲ့သည်။ အခုတော့ သူ့ကို ထောက်ပံ့ပေးနေသည်က လွန်ခဲ့သည့်သုံးလတာအတွင်း တစ်လှမ်းချင်းစီလှမ်းခဲ့သည့် ခြေလှမ်းများမှ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် ယုံကြည်မှုများပင်။
ဒါကြောင့် သူက စိတ်အေးလက်အေး ပိုရှိလာသည်။ ကျိသော် သူ့ကို ကြည့်နေသည်ကို မြင်တော့ သူက ပြုံးပြီး ပြောလိုက်၏။
"ဦးလေးအတွက် စိတ်ပူပင်စရာ ဖြစ်နေပြီလား။ ကျွန်တော် ကလေးဘဝတုန်းကဆို ဦးလေးနောက်ကို အမြဲလိုက်ချင်ခဲ့တာ၊ အခုတော့ ဦးလေးရှင်းပေးဖို့ အရှုပ်တွေပဲ ထားခဲ့တော့တယ်။"
သူ နောက်ဆုံးအကြိမ် အရှုပ်များအကြောင်း ပြောခဲ့သည်က ကျိသော်၏ အခန်းထဲတွင်ဖြစ်သည်။ ကျိသော် သူ့ကိုမတားခင် သူ တစ်ခုခု ပြောမိတော့မလို ဖြစ်ခဲ့၏။ ထိုအချ်ိန်တုန်းက ကျိသော်က အိမ်ထောင်ပြုရန်သဘောတူခဲ့သော်လည်း ဒီကိစ္စကို သူ့တူအတွက် သင်ခန်းစာပေးရန် အသုံးချချင်ခဲ့သည်။ အခု သူ့တူ ထိုဝေါဟာရကိုထပ်သုံးသည်ကို ကြားတော့ ကျိသော် အနည်းငယ် စိတ်မကောင်းဖြစ်သွား၏။
"သူမက အရှုပ်မဟုတ်ပါဘူး။"
ဒီစကားများက ရုတ်တရက်ဆိုလာသော စကားများဖြစ်ပြီး အနည်းငယ်လေးလံ၏။ ကျိဇယ်ခဏတာ ကြောင်သွားပြီးနောက် ခါးခါးသည်းသည်း ပြုံးလိုက်တယ်။
"ဟုတ်ပါတယ်၊ အဒေါ်က အရမ်းတော်တာ။ ဘယ်လိုလုပ် အရှုပ်ဖြစ်နိုင်ပါ့မလဲ။"
သူ အချို့အရာများကို ဝန်ခံရန် အမြဲရှောင်ရှားခဲ့သော်လည်း လင်းချောင်က သူထင်ထားသည်ထက် အများကြီး ပိုတော်သည်ဆိုသည်ကိုတော့ သူ လက်ခံရလိမ့်မည်။
သူက နှစ်ပတ်လည် ခွင့်ရက်ရရှိထားပြီး စစ်တပ်စခန်းတွင် အချိန်အနည်းငယ်သာ ကုန်ဆုံးခဲ့သော်လည်း ရံဖန်ရံခါ အခြားလူများပြောသည့်စကားများကို ပြန်ကြားရသည်။
"လင်းချောင်းက မင်းရဲ့ အဒေါ်မလား။ သူမက အရမ်းစာသင်ကောင်းတယ်။"
လူအများက လင်းချောင် ကျောင်းတွင်ဘယ်လိုကိစ္စများလုပ်ခဲ့သလဲဆိုသည်ကို ပြောပြပြီး သူတို့၏ ကလေးများကို သူမအတန်းထဲထည့်ပေးရန် သူ့ကိုပင် စီစဉ်ပေးစေချင်ခဲ့သေးသည်။
သူ၏ စီးပွားရေးအောင်မြင်မှုက လင်းချောင်၏ ဖော်မြူလာအပေါ်မှီခိုနေသည်ဆိုသည်ကိုလည်း ချန်ထား၍မရ။
ဖော်မြူလာ အခိုးခံခဲ့ရသည့်တိုင် လင်းချောင်က သတိကြီးပြီး အစကတည်းက အရန်အစီအစဉ်ရှိထားခဲ့သည့်အတွက် အဆင်ပြေပြေ ဖြေရှင်းနိုင်ခဲ့သည်။
ဒီမိန်းကလေးက ထင်ရှားသည့်ပုလဲတစ်လုံးဖြစ်ပြီး တစ်စုံတစ်ယောက်က သူမကို ရွှံ့နွံထဲမှ ဆွဲထုတ်ပေးလိုက်သည်နှင့် တောက်ပလာမည့်သူမျိုးဖြစ်သည်။ ဘယ်လိုလုပ် အရှုပ်ဖြစ်နိုင်ပါ့မလဲ။
ကျိဇယ်က သူ့ခေါင်းကို ငုံ့ပြီး ကြမ်းပြင်ကို ခြေထောက်နှင့် ဆက်ပွတ်နေ၏။
"ဦးလေး၊ ဦးလေးပြောတာ မှန်ပါတယ်။ ကျွန်တော် အရမ်းမာနကြီးပြီး ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းခဲ့မိတယ်။"
ထူးဆန်းစွာနှင့်၊ ကျိဇယ်က အိမ်ထောင်ပြုရန် အသည်းအသန် ရှောင်ရှားနေချိန်တွင် ကျိသော် စိတ်မချမ်းသာခဲ့သလို ယခု သူက သူမာနကြီးခဲ့မိကြောင်း ဝန်ခံလိုက်တော့လည်း ကျိသော် မပျော်ရွှင်ရပြန်ပေ။
ပိုပြီး အဓိပ္ပါယ်မရှိသည့်စကားများကို ထပ်မကြားချင်တော့သည့်အတွက် သူက သူ့တူ၏ ကိုယ့်ကိုကိုယ် အပြစ်တင်နေသည့် စကားများကို ဖြတ်ပြောလိုက်တော့သည်။
"လိုရင်းကို ပြော။"
ကျိဇယ် ခဏတာ စကားမပြောနိုင်ဖြစ်သွားပြီး သူ့စိတ်ခံစားချက်များက အနည်းငယ် ရှုပ်ထွေးနေ၏။ သို့သော် သူ့ဦးလေးက ဒီလို မပြတ်မသား မလိုအပ်သည့် စကားလုံးများကို မုန်းသည့်အတွက် သူက လိုရင်းကို တန်းပြောလိုက်၏။
"ဒီနှစ်ရက်အတွင်း ကျွန်တော် သေသေချာချာ စဉ်းစားခဲ့ပါတယ်။ ကျွန်တော် သိထားတဲ့အရာနဲ့ အလုပ်စလုပ်တာက ပိုကောင်းတယ်။ ကျွန်တော့်မှာ ဆပ်ပြာရည်နဲ့ပတ်သက်တဲ့ အတွေ့အကြုံရှိပြီးသားပါ။ လုံးဝ မရင်းနှီးတဲ့ လုပ်ငန်းတစ်ခုထဲကို ဝင်ဖို့ ပိုက်ဆံအများကြီး ချေးတာထက်၊ ဒီလုပ်ငန်းကို ချဲ့ထွင်ပြီး ခိုင်မာအောင် လုပ်တာက ပိုကောင်းတယ်။ ကျွန်တော် အများကြီး ရင်းနှီးဖို့လည်း မလိုအပ်ဘူး။ ယန်ဒူမှာရှိတဲ့ စျေးကွက်ကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ဖို့ပဲ လိုတယ်။"
သူက သူ့အစီအစဉ်များကို ကျိသော်နှင့် မျှဝေလိုက်၏။
"စက်ရုံဆောက်ဖို့ကတော့ မလိုအပ်သေးဘူး။ ကျေးလက်ဘက်မှာ ခြံကျယ်ကြီးနည်းနည်းလောက် ငှားလိုက်တာနဲ့တင် လုံလောက်မယ်ထင်တယ်၊ အဓိကက ပစ္စည်းသိုလှောင်ဖို့ပေါ့။ ကျွန်တော် စက်ဘီးနည်းနည်းဝယ်ဖို့လည်း စီစဉ်ထားတယ်၊ နောက်ထိုင်ခုံတွေကို ပြင်ဆင်ပြီး တွန်းလှည်းတွေတပ်မယ်။ ဒီနည်းနဲ့ဆိုရင် စက်ဘီးတစ်စီးစီက ပိဿာလေးငါးရာအထိ သယ်နိုင်မှာမို့ ပို့ဆောင်ရတာက ပိုလွယ်ကူသွားလိမ့်မယ်။"
ပြန်လည်တည်ထောင်ကာလ အစပိုင်းတွင် သုံးဘီးဆိုင်ကယ်များကို အလွယ်တကူ ဝယ်ယူလို့မရသေးပေ။ ကုန်ပစ္စည်း ပိုသယ်နိုင်ရန်အတွက် တွန်းလှည်းများနှင့် စက်ဘီးများကို ဆက်စပ်ပြီးသာ ဖန်တီးခဲ့ကြရသည်။
သို့သော် စက်ဘီးများ၏ ဈေးကလည်း မနည်းလှ။ ဆပ်ပြာရည် ပိဿာ ၄၀၀-၅၀၀ သယ်နိုင်သည့် လှည်းတစ်စီးကို ယွမ်ငွေ ၄၀၀-၅၀၀ နှင့် ဝယ်ရတော့ သူတို့အနေနှင့် အရောင်းသမားများ၏ လောဘကိုလည်း သတိထားရဦးမည်။
ကျိဇယ်ကတော့ ရှင်းရှင်းလင်းလင်း ပြင်ဆင်ထားပုံရ၏။
"ကျွန်တော် အကျင့်စာရိတ္တကောင်းတဲ့ ဝန်ထမ်းနည်းနည်းကို မန်နေဂျာရာထူးတွေ တိုးမြှင့်ပေးဖို့ စီစဉ်ထားတယ်။ နောက်ပြီး ကျွန်တော့်ဆီမှာ ၆ လကျော် အလုပ်လုပ်ထားတဲ့ ဝန်ထမ်းအားလုံးကို သူတို့ရဲ့ ရာထူးအလိုက် အမြတ်ငွေရဲ့ တစ်ဝက်ကို ခွဲဝေပေးမယ်။"
ကိုယ်ပိုင်အလုပ်လုပ်ရသည်က သူများအတွက် အလုပ်လုပ်ရသည်ထက် ပိုပြီးစိတ်အားထက်သန်မှုကို ဖြစ်ပေါ်စေ၏။ နောင်တစ်ချိန်တွင် ရလာမည့် အမြတ်ဝေစုများနှင့်နှိုင်းယှဉ်လျှင် အခုလက်ရှိတစ်ကြိမ်တည်းတွင်ရသည့် အမြတ်ငွေက တန်ဖိုး သိပ်မရှိပေ။ သူက အများကြီး ရင့်ကျက်လာခဲ့ပြီဖြစ်သည်။
ထို့အပြင် အချိန်ကလည်း ကွက်တိကျ၏။ ၆ လကျော် အလုပ်လုပ်ပြီးသည့်အခါ လူတစ်ယောက်က သူ၏ အလုပ်ပတ်ဝန်းကျင်နှင့် အသားကျလာပြီး သက်တောင့်သက်သာရှိသည့် အလုပ်နေရာမှ အလွယ်တကူ ထွက်မသွားချင်တော့ပေ။ မတည်ငြိမ်သူများက ၆ လမတိုင်ခင် သူတို့ဘာသာသူတို့ ထွက်သွားခြင်း ဒါမှမဟုတ် အမှားလုပ်လို့ အလုပ်ထုတ်ခံရခြင်းများကြောင့် အလုပ်မမြဲတတ်ပေ။
သို့သော် သူ ဒီလောက်အသေးစိတ်နှင့် အများကြီးပြောနေသည်က ကျိသော် သဘောမတူမည်ကို စိုးရိမ်သဖြင့် စည်းရုံးနေသလိုပင်။
ကျိသော်က ဧည့်ခန်းပြတင်းပေါက်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့တူကို ပြန်ကြည့်လိုက်၏။
"မင်း အဒေါ်ကို ပြောဖို့ အစီအစဉ်က အခုထိ မရှိသေးဘူးလား။"
ကျိဇယ်က သူ့လျှို့ဝှက်ချက် ပေါ်သွားသည့်အတွက် ချက်ချင်း ရှက်သွားပုံရ၏။
"ကျွန်တော်က ဒါက ဘာမှ မထူးခြားသေးဘူးလို့ပဲ ခံစားရတယ်။ အနည်းဆုံးတော့ တစ်ခုခု အောင်မြင်တဲ့အထိ စောင့်ချင်သေးတယ်။"
သူ၏ လင်းချောင်အပေါ် ခံစားချက်များက ရှုပ်ထွေးနေ၏။ သူမကို ရင်ဆိုင်နိုင်ရန်က ခက်ခဲနေသည်။ လင်းချောင်က လူကောင်းတစ်ယောက်ဟု တွေးမိလေလေ၊ သူ၏ အားနည်းချက်များကို သူမကို မပြသလိုလေလေပင်။
ထို့အပြင် ဘယ်လို ဖုံးကွယ်ထားခြင်းမျိုးမှ မရှိလျှင်အဆင်ပြေသည်။ အခုလို ဖုံးကွယ်ထားပြီးနောက်မှာတော့ သူ ပြောရခက်နေ၏။ သူကလည်း ဘာမှ မအောင်မြင်သေးပေ။ စက်ရုံတည်ဆောက်ပြီး ယန်ဒူတွင်ခိုင်မာသည့် ခြေကုပ်ရမှ၊ ရှေ့ဆက်နိုင်ပြီဆိုမှသာ လင်းချောင်ရှေ့ရပ်ပြီး သူမ၏ ဖော်မြူလာကို အလဟသ မဖြစ်စေခဲ့ဘူးဟု ပြောနိုင်သည့် ယုံကြည်ချက်ရှိလာလိမ့်မည်။
ဒီလို ခံစားချက်ကို သူ့ဦးလေးကို ဘယ်လို ရှင်းပြရမှန်း သူမသိခဲ့။ ထို့ပြင် စိုးရိမ်ပူပန်စရာတစ်ခု ရှိသေးသည်က သူ့အမေ။
"တစ်ခုလေးမှ မအောင်မြင်ဘဲ ကျွန်တော့်အမေကို အသိပေးလို့ မရဘူး။ စက်ရုံငယ်လေးနဲ့ စက်ရုံကြီးဆိုရင် ဒုတိယတစ်ခုက ပိုပြီးဆွဲဆောင်မှုရှိတယ်။"
သူ့အမေက စက်ရုံကြီးနှင့်တောင် သဘောမတူနိုင်ပေမဲ့၊ အပြင်တွင် နာမည်တစ်ခုရထားတော့ သူ့အမေလည်း မျက်နှာပန်းပိုလှကာ ပြဿနာနည်းသွားနိုင်သည်။
ကျိသော်က တိတ်ဆိတ်နေပြီး သူ့စကားဆုံးသည်အထိ နားထောင်နေခဲ့သည်။
ဒါက ကျိဇယ်ကို အနေခက်စေ၏။ သူ့ဦးလေးက သူ့စိတ်ခံစားချက်များကို အမြဲ ထိန်းချုပ်ထားပြီး အခုလည်း ဘာမှ မပြောခဲ့။ သူ စိတ်ဆိုးနေလားဆိုသည်မှာ ဘယ်သူမှ မသိနိုင်။
သို့သော် သူ ပြောပြီးသွားပြီဖြစ်သည့်အတွက် စိုးရိမ်ပူပန်မှုများသွားပြီး အနည်းငယ် တောင်းပန်မှဖြစ်တော့မည်။
"နောက်ထပ်နည်းနည်းလေးပဲ စောင့်ပေးပါဦးနော်။"
သူ့လက်ချောင်းများနှင့် နည်းနည်းလေးဆိုသည့် ပမာဏကိုတောင် ပြလိုက်သေး၏။ သူ့အမူအရာနှင့် မျက်လုံးများက ငယ်ငယ်က ကျိသော်အနားကပ်ပြီး သူ့ကို အတူတူ ခေါ်သွားရန် တောင်းဆိုခဲ့သည့်ပုံစံအတိုင်းပင်။
"မင်း ဆန္ဒအတိုင်းပဲ။"
ကျိသော် လှည့်ထွက်သွားလိုက်သော်လည်း တံခါးဝတွင် ခဏရပ်လိုက်သည်။
"ဒီထုတ်လုပ်မှုကို တိုးချဲ့ဖို့အတွက် မင်း ရန်ပုံငွေ ဘယ်လောက်လိုအပ်လဲ။"
"အနည်းဆုံး နှစ်သောင်းကနေ သုံးသောင်းလောက် လိုပါတယ်။ အဓိကကတော့ ဂိုထောင်ဆောက်ဖို့နဲ့ စည်တွေ၊ စက်ဘီးတွေ ဝယ်ဖို့ပါ။ ကျွန်တော့်မှာ ပိုက်ဆံနည်းနည်းရှိပြီး ဘဏ်ကနေလည်း နည်းနည်း ချေးမယ်။ ဒါပေမဲ့ ဒါက ကျွန်တော်နောက်ရမယ့် ပိုက်ဆံအားလုံးကို ပြန်ရင်းနှီးရမှာဖြစ်ပြီး ချေးငွေကိုလည်း ပြန်ဆပ်ရဦးမယ်။ ခဏလောက်တော့ အဒေါ့်ကို အမြတ်ဝေစုတွေ ပေးနိုင်မှာ မဟုတ်သေးဘူး။"
ပြည်ပမှထုတ်လုပ်ရေးလိုင်းများ မဝယ်ရန်ဆုံးဖြတ်ပြီးကတည်းက သူစီးပွားရေးတွင် ချွေတာသုံးစွဲခဲ့ပြီး လိုအပ်သည့်နေရာတွင်သာ သုံးစွဲခဲ့သည်။
ကျိသော်က ခဏလောက် စဉ်းစားလိုက်သည်။
"မင်းအဒေါ်မှာ တစ်သောင်းကျော်လောက် ရှိလိမ့်မယ်။ ငါ သူ့ကို မေးကြည့်လိုက်မယ်။"
မင်္ဂလာမဆောင်ခင်က သူနှစ်ရှည်လများ စုဆောင်းထားသော ငွေစာရင်းစာအုပ်ကို လင်းချောင်ကိုပေးခဲ့ပြီး ထိုအထဲတွင် ယွမ်ရှစ်ထောင်ကျော်ရှိသည်။ မင်္ဂလာပွဲအတွက် အိမ်ကပေးခဲ့သောငွေနှင့် အခြားလက်ဆောင်များလည်း ရှိသေး၏။ လွန်ခဲ့သည့်လအနည်းငယ်က သူ့လစာနှင့် လင်းချောင်၏ ဆပ်ပြာရောင်းရငွေကို ထပ်ပေါင်းလိုက်လျှင် ယွမ်တစ်သောင်းသုံးလေးထောင်လောက်တော့ ရှိမည်။
"ဒါဆိုရင်တော့ ဘဏ်ကနေ ချေးဖို့ မလိုတော့ဘူးပေါ့။ အဒေါ့်အတွက် ရင်းနှီးမြှုပ်နှံမှုလို့ပဲ သဘောထားလိုက်ပါ။ အမြတ်ရဲ့တစ်ဝက်ကို ကျွန်တော်သူ့ကိုပေးမယ်။"
အကယ်၍ အဆင်ပြေခဲ့လျှင် ဒီရင်းနှီးမြှုပ်နှံမှုက ခြောက်လမပြည့်ခင်မှာတင် အရင်းပြန်ရလိမ့်မည်။ အမြတ်၏ တစ်ဝက်ကိုသာ ရလျှင်တောင် လင်းချောင်ကတစ်နှစ်အတွင်း အရင်းပြန်ရနိုင်သည်။
ကျိသော် ဘာမှထပ်မပြောတော့ပေ။ သူတို့နှစ်ယောက် ပစ္စည်းများကို သိမ်းဆည်းပြီး ဧည့်ခန်းကို ပြန်လာခဲ့ကြ၏။ ကျ်ိလင်က ကော်ဖီစားပွဲပေါ်က ဖန်ခွက်ကို ကြည့်ပြီးပြောလိုက်၏။
"တကယ် ကနေတာပဲ!"
ဖန်ခွက်ကြီးထဲတွင် ရေတစ်ဝက်လောက်ရှိပြီး စပျစ်သီးခြောက်လေးများက အပေါ်အောက်ရွေ့လျားနေကြပြီး ကခုန်နေသလိုပင်။
မိန်းကလေးက မျက်လုံးအပြူးသားနှင့်လင်းချောင်ကိုကြည့်ပြီး မေးလိုက်၏။
"ဘယ်လိုလုပ်လိုက်တာလဲ။"
လင်းချောင်က ဖန်ခွက်ကို လက်ညှိုးထိုးပြလိုက်သည်။
"အထဲမှာ မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည် ထည့်ထားတယ်။ သူတို့ ဓာတ်ပြုတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ထွက်လာပြီး စပျစ်သီးခြောက်တွေရဲ့ မျက်နှာပြင်မှာ တွယ်ကပ်နေလို့ သူတို့ကို အပေါ်ကို တွန်းတင်နေတာ။ အပေါ်ရောက်တော့ ဓာတ်ငွေ့တွေက လေထဲကို ထွက်သွားပြီး သူတို့က ပြန်နစ်သွားတာ။"
ကျိလင် နားလည်တစ်ဝက်၊ မလည်တစ်ဝက်နှင့်နားထောင်နေခဲ့သည်။
"ဓာတုဗေဒက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ! အဒေါ်၊ အဒေါ်က အရမ်းတော်တာပဲ။ အကုန်လုံးကို သိတယ်!"
"နင့်အစ်မ စုန့်ကျင်းလည်း သိပါတယ်။ သူကလည်း ဓာတုဗေဒဆရာမပဲ။"
ယဲ့မင်ရှူးက မနေနိုင်ဘဲ ဖြည့်ပြောလိုက်၏။
"ဒါဆို ဘာလို့ ကျွန်မကို ကျူရှင်သင်ပေးတုန်းက ဒါမျိုးမလုပ်ပြတာလဲ။"
ကျိလင်က မကြားချင်ယောင်ဆောင်ပြီး ပြောလိုက်၏။ ဖန်ခွက်ထဲမှ ပူဖောင်းများ ပျောက်သွားသည်ကို မြင်တော့ သူမက မေးလိုက်၏။
"ကျွန်မရော စမ်းကြည့်လို့ရလား။"
လင်းချောင်က သူမကို မီးဖိုချောင်ခေါ်သွားပြီး စမ်းသပ်မှု လုပ်ခိုင်းလိုက်သည်။ ထွက်လာတော့ သူတို့က ကျိသော်တို့နှင့် ဆုံမိကြ၏။ ကျိဇယ်က စာကြည့်ခန်းထဲတွင် သူပြောခဲ့သည့်စကားကို ချက်ချင်းပြန်သတိရသွားပြီး မသိစိတ်မှ လင်းချောင်ဘက်ကို လှမ်းကြည့်လိုက်မိသည်။
လင်းချောင်ကတော့ သတိမထားမိသော်လည်း မီးဖိုချောင်မှ ပြန်လာပြီးနောက် မတော်တဆ သူ့အကြည့်နှင့်ဆုံသွား၏။ သူကတော့ ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး အကြည့်လွှဲသွားခဲ့သည်။
သူ့မျက်နှာက ဘာလို့ အပြစ်လုပ်ထားသလိုမျိုး ဖြစ်နေရသည်လဲ။ ဒါက သူမနှင့် ပတ်သက်နေခြင်းလည်း ဖြစ်နိုင်သည်။
လင်းချောင်က ဘာမှမဖြစ်သလို အဖိုးအိုနှင့်စစ်တုရင်ကစားနေသည့် ကျိသော်ကို လှမ်းကြည့်လိုက်ရာ သူကတော့ ဘာလက္ခဏာမှမပြခဲ့။ သို့သော် ဒီလိုဖြစ်ရပ်မျိုး နှစ်ခါဖြစ်လာပါက လင်းချောင် စိတ်အနှောင့်အယှက်ဖြစ်နိုင်သည်။ အထူးသဖြင့် သူမ အကြည့်လွှဲသွားပြီးနောက် သူ့တူက သူမကိုနောက်တစ်ကြိမ် ခိုးကြည့်သွားသည်ကို မြင်လိုက်ရသေး၏။
နေ့လယ်စာစားပြီးနောက် အိပ်ရန် အခန်းထဲဝင်တော့ သူမ မေးလိုက်၏။
"ရှင်နဲ့ကျိဇယ် ကျွန်မနောက်ကွယ်မှာ ဘာတွေပြောနေကြတာလဲ။"
သူမ၏ လေသံက မေးမြန်းသည်ထက် နောက်ပြောင်သည်နှင့်ပိုတူ၏။
ကျိသော်က ရွှီလီအပြင်တွင် လှန်းထားသည့်စောင်ကို ယူလာရင်း ပြန်ဖြေလိုက်၏။
"ဘာမှမပြောပါဘူး။"
"ဘာလို့ ကျိဇယ်က ကျွန်မကို စိုက်မကြည့်ရဲတာလဲ။ ကျွန်မတို့ မျက်လုံးချင်းဆုံတိုင်း သူက အကြည့်လွှဲသွားတယ်။"
ဒီတစ်ခါ ဒီလူက မော့ကြည့်လိုက်သော်လည်း မျက်မှောင်ကြုတ်သွား၏။
"ဘာလို့ မင်းက သူ့ကို ခဏခဏ ကြည့်နေတာလဲ။"
"ကျွန်မ သူ့ကိုကြည့်လိုက်လို့ သူ ရှက်သွားတယ်လို့တော့ မပြောနဲ့နော်။"
လင်းချောင်က မျက်ခုံးပင့်ပြီးပြောလိုက်သည်။ ဒီလူက အကောင်းဆုံး ခုခံမှုက တိုက်ခိုက်မှုပဲဆိုသည့် စကားကို သုံးနေသလိုပင်။
ကျိသော်ကတော့ ဒီလိုပြောရန် ရည်ရွယ်ချက်မရှိသော်လည်း ရှင်းပြချက်ကောင်းလည်း မရှိနေပေ။
"အခုအချိန်က မသင့်တော်သေးဘူး။ နောက်မှ မင်းကို ပြောပြမယ်။"
စီးပွားရေးကိစ္စနှင့်ပတ်သက်ပြီး လင်းချောင် စောစောသိလေ ကောင်းလေပဲဟု သူ အစက ထင်ခဲ့သည်။ သူတို့က စက်ရုံတည်ဆောက်ပြီး ရေရှည်လုပ်သွားမှာဖြစ်သည့်အတွက် လင်းချောင် နောက်ဆုံးတော့ သိလာမည်ဖြစ်သည်။ သို့သေည် ကျိဇယ်ကတော့ သူ့ကိုယ်သူ မထိန်းနိုင်ခဲ့ဘဲ လင်းချောင်ကို သံသယဝင်သွားစေခဲ့၏။
သူသာ လင်းချောင်နှင့် အချိန်ကြာကြာတွေ့နေရလျှင် အစားထိုးလဲလှယ်ထားသည့် အမှန်တရားက မကြာခင်မှာ ပေါ်လာလိမ့်မည်။ နောက်ပိုင်း ပြဿနာတက်မည့်အစား အခုအချိန်တွင် ဆက်ဖုံးကွယ်ထားသည်က ပိုကောင်းသည်။
လင်းချောင် ဒီကိစ္စကို ကျေနပ်ပါ့မလားဆိုသည့်အတွေးဖြင့် ကျိသော်က သူမ၏ နောက်ထပ်မေးခွန်းကို စောင့်နေခဲ့ပေမဲ့ လင်းချောင်ကတော့ "အင်း" ဟုသာ ပြောပြီး ထပ်မပြောတော့ပေ။
ဒီကိစ္စက သူ့ကို စိတ်မသက်မသာ ဖြစ်စေပြီး သူက လင်းချောင်ကို ထပ်ကြည့်လိုက်သည်။
"တခြား မေးစရာရှိသေးလား။"
ဒီလူ၏အကြည့်က တည်ငြိမ်ပြီး မျက်နှာက တင်းမာနေ၏။ သူ့လက်အောက်ငယ်သားကို မေးနေသလိုပင်။ လင်းချောင် ဒီထက်ပိုပြီး သိချင်သေးသော်လည်း သူ့ကို ဒီလိုမြင်ရသည့်အခါ ဆက်မမေးချင်တော့ပေ။
"မရှိတော့ဘူး။"
ထိုသို့ပြောပြီး အိပ်ရန်ပြင်လိုက်၏။ ဒါက ကျိသော်ကို ပိုပြီး စိတ်မသက်မသာ ဖြစ်စေသည်။ မျက်လုံးမှိတ်ထားသူကို ကြည့်ရင်း သူ ရှင်းပြလိုက်၏။
"မင်းကို မပြောပြချင်လို့ မဟုတ်ပါဘူး။ အချိန်မကျသေးလို့ပါ။"
ပုံမှန်ဆိုလျှင် သူက ရှင်းပြရခြင်းကို စိတ်မဝင်စားသော်လည်း သူ့တူကိစ္စဖြစ်တော့ သူမ အထင်လွဲမည်ကို သူ ကြောက်နေခဲ့သည်။
လင်းချောင်က မျက်လုံးဖွင့်ပြီး သူ့ကို စိတ်ချအောင် ပြောလ်ိုက်၏။
"ကိစ္စမရှိပါဘူး။ ကျွန်မနဲ့ မဆိုင်ရင် ပြောစရာမလိုပါဘူး။"
သူမစကားကြောင့် ကျိသော် အသက်ရှူကျပ်သလို ခံစားလိုက်ရပြီး ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။
"လင်းချောင်။"
သူက သူမကို အိပ်ခွင့်မပေးချင်သည်လား။ လင်းချောင်က သူမ မေးခဲ့သည့် မေးခွန်းအတွက် နောင်တရသွားပြီး ကိုယ်ကို မတ်လိုက်သည်။
"ဘာများ ပြောချင်ပါသလဲ၊ ဆရာ။"
အိပ်ရန်အတွက် သူမက ဆံပင်တွေကို ဖြည်ချထားပြီး ပခုံးတစ်ဝက်တွင် ဝဲကျနေ၏။ သူမ သူ့ကို မော့ကြည့်လိုက်သောအခါ သူမ၏မျက်လုံးများက ပျင်းရိပြီး အနည်းငယ် အိပ်ချင်မူးတူးပုံစံဖြစ်နေ၏။ ကျိသော် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီး ဘာပြောရမှန်း မသိတော့ပေ။ သူမကို ဆက်ပြီး မေးခွန်းထုတ်ရန် တောင်းဆိုလို့လည်းမရပေ။
ဒါက စိတ်ပျက်စရာကောင်းသည်။ အရင်တုန်းက ရှင်းပြရခြင်းကို သူ အလွန်ပျင်းခဲ့သော်လည်း ယခု သူ ပြောချင်သည့်တိုင် ဘယ်လိုပြောရမှန်း မသိပြန်ပေ။
ကျိသော် သူမကို အချိန်အကြာကြီး စိုက်ကြည့်နေပြီး နောက်ဆုံးမှပြောလိုက်သည်။
"ဘာမှမဟုတ်ဘူး။ မင်း အိပ်လိုက်တော့။"
သူက မျက်မှောင်ကြုတ်ရင်း ဆေးလိပ်ဗူးထဲက ဆေးလိပ်တစ်လိပ်ကို ထုတ်လိုက်သည်။ သူ မီးညှိဖို့ ပြင်နေတုန်း ခိုးထွက်တော့မည့် ကျိဇယ်က သူ့ကို တွေ့သွား၏။
"ဦးလေး၊ ဦးလေး မအိပ်သေးဘူးလား။"
လမ်းတစ်ခုကို ရှာတွေ့သွားသောကြောင့် ဒီကလေးက စိတ်ဓာတ်တက်ကြွနေ၏။ ဒါကြောင့် ကျိသော် သူ့ကို ခဏတာ စိုက်ကြည့်နေမိခဲ့သည်။
"အခုကစပြီး မင်းကိစ္စတွေကို မင်းကိုယ်တိုင်ပဲ ကိုင်တွယ်တော့။"
ကျိဇယ် - "..."