အခန်း (၇၇)
Vol. 7 Ch. 77
ကျိဇယ်က တကယ်ကို စိတ်ဓာတ်တက်ကြွနေခဲ့သည်။ ပွဲတော်ပြီးသည်နှင့် သူက ရင်းနှီးသည့် ဆိုင်များနှင့် ပူးပေါင်းရန်ညှိနှိုင်းဆွေးနွေးလိုက်သည်။
လက်ကားဈေးနှုန်းကို ၉ ဆင့် သတ်မှတ်ပြီး လက်လီဈေးနှုန်းကို ၁ ယွမ် သတ်မှတ်လိုက်သည်။ ဒီအစီအစဉ်ကြောင့် သူက ပုံမှန်အတိုင်း ဆိုင်များကို ပစ္စည်းပို့ပေးခဲ့ပြီး အရောင်းဝန်ထမ်းများကို အားလပ်စေခဲ့၏။
အားလပ်သည်တော့ မဟုတ်ချေ။
ကျိဇယ်က ချင်မိသားစုသားအဖ ရောင်းထားသည့် နေရာအားလုံးကို မြေပုံပေါ် မှတ်သားထားပြီး သူတို့ နောက်ထပ်သွားနိုင်မည့် နေရာများကို ခန့်မှန်းကာ ထိုနေရာများကို လူလွှတ်ပြီး ရောင်းချစေခဲ့သည်။
ဒီလူများက အနီရောင်ဝတ်စုံဝတ်ဆင်ထားပြီး စက်ဘီးနောက်တွင် ပလတ်စတစ်ပုံးများကို သေသေချာချာ စီစဉ်ထားကာ အော်ဟစ်နေစရာမလိုဘဲ လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ကျိဇယ်က သူ၏နာမည် "မု" နှင့်လင်းချောင်၏ နာမည် "ဇီ" တို့ကို ပေါင်းပြီး "မုဇီ ဆပ်ပြာရည်" ဟု အင်္ကျီများနှင့် ပုံးများအပေါ် ရေးသားထားခဲ့သည်။
စက်ဘီးများစီးပြီး လှည့်ပတ်ကာ အော်ဟစ်၍၊ အစစ်နှင့်အတုကို ဘယ်လိုခွဲခြားရမလဲဆိုသည်ကို ရှင်းပြလိုက်သည့်အခါ ပခုံးပေါ်ထမ်းပြီး အတု လိုက်ရောင်းသူဆီက ဘယ်သူကမှ မဝယ်တော့ပေ။
ချင်သားအဖက ပစ္စည်းများ ထွက်ရောင်းသော်လည်း ဘယ်သူမှ မဝယ်ကြ။ သူတို့ နေရာပြောင်းပြီး လည်ချောင်းနာအောင် အော်ဟစ်ကြသည့်တိုင် ဘယ်သူမှ မဝယ်ကြတော့ပေ။ ညစ်ပတ်သည့် အကြည့်များကိုတောင် အကြိမ်များစွာ ခံလိုက်ရသေး၏။ သူတို့ လူတစ်ယောက်ကို မေးတော့မလိုလုပ်တုန်း စက်ဘီးတစ်စီး ပေါ်လာပြီး သူတို့ကို မြင်တော့ လှည့်ပြန်သွား၏။ မကြာခင်မှာပဲ လူနှစ်ယောက် ရောက်လာပြီး မေးလိုက်၏။
"အဲ့ဒီလူတွေက အတုရောင်းတဲ့သူတွေလား။"
"ဟုတ်တယ်၊ သူတို့ပဲ။"
အမျိုးသမီးနှစ်ယောက်က ပုလင်းများကိုင်ကာ အလျင်အမြန် ပြေးလာပြီး အော်လိုက်သည်။
"စိတ်ကောင်းမရှိတဲ့သူတွေ! အသက်ကြီးတဲ့လူတွေကိုပါ လိမ်စားနေတာ! ကျွန်မ ပိုက်ဆံတွေ ပြန်ပေး!"
ပခုံးပေါ်ထမ်းပြီး ဆပ်ပြာရည် လိုက်ရောင်းနေသည့် သားအဖက အမျိုးသမီးများလောက် အမြန် မပြေးနိုင်ကြပေ။
သူတို့ ပြေးရန်လှည့်လိုက်တော့ ပုံးများ မှောက်ကုန်ပြီး လဲကျကုန်၏။
နောက်တစ်နေ့ သူတို့ နေရာပြောင်းပြီး ထပ်ကြိုးစားခဲ့သော်လည်း ဘယ်သူမှ မဝယ်ကြပေ။ အခုဆိုလျှင် လူတိုင်းက အနီရောင် ဝတ်စုံများနှင့် ပလတ်စတစ်ပုံးများကိုသာ လိုက်ရှာတတ်ကြပြီး အရည်ကျဲပါက အတုဖြစ်ပြီး အသုံးမဝင်ဘူးဆိုသည်က်ို သိနေကြပြီဖြစ်သည်။
ကျိဇယ်က နောက်ဆုံးတော့ ဒေါသကို ဖြေဖျောက်လိုက်ပြီး ချင်မိသားစုကို သူတို့ဆပ်ပြာစက်ရုံအထိ ခြေရာခံလိုက်လိုက်၏။ တိုင်စာတစ်စောင်က ချင်ချွမ်းကို စက်ရုံ၏ ဖော်မြူလာကို အသုံးပြုပြီး အိမ်တွင် ဆပ်ပြာများလျှို့ဝှက်ထုတ်လုပ်ရောင်းချနေသည်ဟု ဖော်ထုတ်လိုက်သည်။ ချင်ချွမ်းက သူ့ဂုဏ်သတင်းကို ဖျက်ဆီးခဲ့သည့်အတွက် သူက ချင်ချွမ်းကို ပြန်ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ဒါက တရားမျှတသည့် အလဲအလှယ်တစ်ခုဖြစ်ပြီး ဘယ်သူကမှ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရနိုင်ပေ။
မုဇီဆပ်ပြာရည်က ယန်ဒူတွင် အနီရောင်ဝတ်စုံဖက်ရှင်ကို ဖန်တီးနေချိန် လင်းချောင်၏ အတန်းလေးက အထက်တန်း ဒုတိယနှစ်၏ ပထမဆုံး စာမေးပွဲကို ရင်ဆိုင်ခဲ့ရ၏။
ကျိသော်က သူမနှင့်အပိုရင်းနှီးမြှုပ်နှံမှုအကြောင်း ဆွေးနွေးခဲ့သည်။ ဒီလူက လုပ်ငန်းကိုချဲ့ထွင်ချင်သည်ဆိုသည်မှာ ပေါ်လွင်၏။ ဒါကြောင့် သူမ သဘောတူခဲ့ပြီး သူက အမြတ်ရဲ့တစ်ဝက်ကို သူမကို အပိုထပ်ပေးခဲ့သည်။
စစ်ထဲစောစောဝင်ရန် ကျောင်းထွက်မည်ဆိုသော အတွေးမရှိတော့သည့်နောက် ကျွင်းဇီက ပုံမှန်နှင့်မတူဘဲ စိတ်လှုပ်ရှားနေခဲ့သည်။
"ဒီတစ်ခါ ငါကောင်းကောင်း လုပ်နိုင်မယ်ထင်လား။"
သူ့ထံမှ အကြိမ်ပေါင်းများစွာ မေးမြန်းခံရပြီးနောက် ချီဟွိုင်ဝမ်က ပြန်မေးလိုက်၏။
"မင်းကရော ကောင်းကောင်းလုပ်နိုင်မယ်လို့ ထင်လား။"
ကျွင်းဇီ - "..."
ဝမ်ကောချန်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"ကောင်းကောင်း မလုပ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး။ ဆရာမလင်း ပြောသလိုပဲ၊ မင်းမှာ ကျဖို့ နေရာသိပ်မရှိဘူး။"
ကျွင်းဇီ - "..."
သို့သော် ဒီရိုးသားသည့်မှတ်ချက်နှစ်ခုကို ကြားလိုက်ရတော့ သူ သိပ်ပြီး စိတ်မလှုပ်ရှားတော့ပေ။ သူ လုပ်နိုင်သလောက် လုပ်ခဲ့ပြီး မလုပ်နိုင်သည့်အရာများကိုလည်း ဖြည့်စွက်ရေးခဲ့ကာ ဘာကိုမှ လွတ်မထားခဲ့ပေ။
လင်းချောင် ရှုပ်ပွနေသည့်လက်ရေးနှင့် စာရွက်ကိုတွေ့သည့်အခါ မျက်ခုံးပင့်လိုက်ပြီး ရှေ့စာရွက်ကို သေချာ ကြည့်လိုက်၏။ သေချာပေါက် "လျန်ကျွင်း" ဟုရေးထားသည်။
ဒီကောင်လေးက တကယ်ကိုတစ်ခုခုပဲ။ ဒီတစ်ခါလည်း သူ အောင်သွားပြန်ပြီ။ အမှတ်က အရင်တစ်ခါနှင့် ဆင်တူသော်လည်း ဒီတစ်ခါတော့ လီရှောင်ချို့က သူ့ကို အဓိကမေးခွန်းနှင့် ပတ်သက်ပြီး ကူညီပေးခဲ့ခြင်း မရှိပေ။
သူမ နောက်စာရွက်ကို လှန်မည်အလုပ် အတန်း ၁ နှင့် ၂ မှ ရူပဗေဒဆရာများက အံ့သြသံပြုပြီး ရှေ့စာရွက်ကို ကြည့်လိုက်ကြသည်။ သူတို့က ဒုကျောင်းအုပ်ချီကို လှမ်းခေါ်ပြီး ပြောလိုက်၏။
"ချီဟွိုင်ဝမ်ရဲ့စာရွက်။"
"သူ စာရွက်အလွတ် ထပ်တင်ပြန်ပြီလား။"
ဒုကျောင်းအုပ်ချီက ဒီစကားကို ကြားသည်နှင့် မျက်မှောင်ကြုတ်မိသည့် အလေ့အကျင့် ရနေပြီဖြစ်သည်။
"မဟုတ်ပါဘူး။"
ရူပဗေဒဆရာ၏ အမူအရာက ရှုပ်ထွေးနေပြီး ဘယ်လိုဖော်ပြရမှန်း မသိသောကြောင့် စာရွက်ကို သူ့လက်ထဲကို ပေးလိုက်သည်။
"ဆရာ ကိုယ့်ဘာသာ ကြည့်လိုက်ပါ။"
လင်းချောင် တစ်ခုခုကို တွေးမိသွားပြီး သူတို့အသံအတိုင်း လိုက်ကြည့်လိုက်ရာ တကယ်ပဲ ဒုကျောင်းအုပ်ချီ ပိုပြီးတွေဝေလာသည်ကို မြင်လိုက်ရသည်။
"သူ စာမေးပွဲ ဘယ်လိုဖြေခဲ့တာလဲ။"
အားလုံးက ဘာမှမသိသလို လုပ်နေသည့်အတွက် အဖွဲ့ခေါင်းဆောင်ကောက မနေနိုင်ဘဲ ယူကြည့်လိုက်သည်။
"သူ အားလုံး မှန်ခဲ့တာလား။ နှစ်မှတ်ပဲ လျော့တယ်။"
နှစ်မှတ်ပဲ လျော့သည်ဆိုသည်က ချီဟွိုင်ဝမ် ဒီလစာမေးပွဲ၏ ရူပဗေဒတွင် ၉၈ မှတ် ရခဲ့သည်ဆိုသည့် သဘောပင်။ အထက်တန်း ဒုတိယနှစ်မှစ၍ သုံးနှစ်အတွင်း သူ ရူပဗေဒကို တစ်ခါမှ မအောင်ခဲ့ဖူးသော်လည်း ယခုတော့ မမျှော်လင့်ဘဲ ၉၈ မှတ် ရခဲ့သည်။
သူ့ဘာသာ စာမေးပွဲမဖြေဘူးဟု ပြောလျှင်လည်း သူ့အတန်းဖော် လီရှောင်ချို့တောင် ဒီတစ်ခါ ၉၆ မှတ်သာရခဲ့ပြီး တခြားအတန်းများက ကျောင်းသားများလည်း ဒီထက် နည်းခဲ့သည်။
ဒါက တကယ်တော့ သူတို့အတန်း၏ ဒီတစ်ခါစာမေးပွဲ ရူပဗေဒတွင်အမြင့်ဆုံးအမှတ်ပင်။ ရှင်းရှင်းပြောရလျှင် ဒီကလေးက ရူပဗေဒကို မလေ့လာခဲ့သည်မဟုတ်။ လူတိုင်းက ဒုကျောင်းအုပ်ချီကို ကြည့်နေကြပြီး ဒီအချိန်တွင် သူ ဘယ်လိုခံစားနေရမည်ဆိုသည်ကို မသိကြပေ။
နောက်ဆုံးမှာတော့ ကျောင်းအုပ်ကြီးက ဒုကျောင်းအုပ်ချီ၏ ပခုံးကိုပုတ်ပြီး ဘာမှ မပြောတော့ဘဲ လင်းချောင်ကို လှမ်းခေါ်လိုက်သည်။
"သူ့ရဲ့ ဓာတုဗေဒစာရွက်ကို သေချာကြည့်လိုက်ပါ။ ဒါလည်း ကောင်းနိုင်တယ်။"
ချီဟွိိုင်ဝမ်၏ သပ်ရပ်သည့်လက်ရေးက အတော်မှတ်မိလွယ်၏။ မကြာခင်မှာပဲ သူတို့နှစ်ယောက် စစ်ဆေးခဲ့ပြီး သူက ၉၁ မှတ် ရခဲ့သည်။ ဒါက အရင်တစ်ခါထက် ၄ မှတ် ပိုများနေခြင်းဖြစ်၏။ ဒီဘာသာရပ်နှစ်ခုက အမှတ် အကောင်းဆုံးရခဲ့ပြီး တခြားဘာသာရပ်များက အနည်းငယ်လျော့ကာ ၇၅ မှတ်အထက် ရခဲ့၏။ အင်္ဂလိပ်စာကသာ ပျမ်းမျှအမှတ်ကို ဆွဲချခဲ့ပြီး ၇၀ အောက် ရခဲ့သည်။
သ်ို့သော် ဒီခေတ်ကျောင်းသားများက နိုင်ငံခြားဘာသာစကားများကို မကျွမ်းပေ။ ဒါကြောင့် အောင်မှတ်ရလျှင်တောင် မြင့်မားသည့်အမှတ်အဖြစ် သတ်မှတ်လို့ရပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်မစခင်က ဘယ်သူမှ ဒီဘာသာရပ်များကို ဂရုမစိုက်ခဲ့ကြ။ တူညီသည့်ကျောင်းနှင့် တူညီသည့်အတန်းမှာတောင် အချို့အတန်းများက အင်္ဂလိပ်စာသင်ကြားပြီး အချို့က ဂျပန်စာ၊ အချို့က ရုရှားဘာသာကို သင်ကြသည်။
သိပ္ပံရုံးခန်းမှ ဆရာများက ဘာမှ မပြောနိုင်ကြတော့ပေ။ ဒုကျောင်းအုပ်ချီက အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ အမှတ်စာရင်းကို သူ၏သင်ကြားရေးအစီအစဉ်စာအုပ်ထဲကို ထည့်လိုက်၏။
နောက်တစ်နေ့ အတန်းလိုက် အဆင့်သတ်မှတ်ချက် ထွက်လာသည့်အခါ ချီဟွိုင်ဝမ်က ထိပ်တန်း ၆၀ ထဲကို တကယ်ရောက်သွားခဲ့ပြီး ၅၈ အဆင့်နေရာတွင် ရှိနေခဲ့၏။
လီရှောင်ချို့၏ အမှတ်များက သူ့ထက် အများကြီး ပိုကောင်းပြီး အတန်းအဆင့် ၆ နေရာတွင်ရှိနေခဲ့သည်။ သူမ၏ တရုတ်စာနှင့် အင်္ဂလိပ်စာက အမှတ်ကို ဆွဲချနေလို့သာဖြစ်ပြီး မဟုတ်လျှင် ပိုပြီးတောင် မြင့်မားတဲ့အဆင့်ကို ရနိုင်သည်။
အဖွဲ့ခေါင်းဆောင်ကောကို အများဆုံး စိတ်ပျက်သွားစေခဲ့သည်ကတော့ သူ၏ အတန်းတစ်က လင်းချောင်၏ အတန်းလေး၏ကျော်တက်ခြင်းကို ခံခဲ့ရပြီး အတန်းပျမ်းမျှအဆင့်တွင် ဒုတိယမှ တတိယကို ကျဆင်းသွားခဲ့ခြင်းပင်။ စတုတ္ထနေရာတွင်ရှိသည့် အတန်းသုံး ထက် ၀.၁ မှတ်သာ အသာရခဲ့၏။ အတန်းတစ်မှ ကျောင်းသားတစ်ယောက်ယောက်ကသာ အဓိကမေးခွန်းတစ်ခုကို မှန်ကန်စွာမဖြေနိုင်ခဲ့လျှင် သူတို့က အောက်ဆုံးနေရာတွင် ရှိသွားနိုင်သည်။ သူက အကျပ်အတည်းကို သတိထားရန် အော်ဟစ်ခဲ့သော်လည်း ဒီလောက်မြန်မြန် ကျော်တက်ခံရလိမ့်မည်ဟုတော့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ အမြဲတမ်း အောက်ဆုံးနေရာတွင်ရှိခဲ့သည့် အတန်းလေးထံမှ ကျော်တက်ခံရခြင်းက ပိုဆိုး၏။ လင်းချောင်၏ လုပ်ဆောင်မှုများက အတန်းတစ်ခုလုံးရဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖျက်ဆီးနေခြင်းပင်။
အနီရောင်စာရင်းကြီးကို သင်ကြားရေးအဆောက်အအုံအောက်တွင် ကပ်ထားပြီး လူအများအပြား အံ့အားသင့်ခဲ့ကြသည်။ လင်းချောင် ထိုအနားဖြတ်သွားပြီး ကြည့်လိုက်သည့်အခါ ကျောင်းအုပ်ကြီးကျန်းနှင့် တွေ့ခဲ့သည်။ သူကလည်း ရလဒ်များကို စစ်ဆေးနေခဲ့၏။
"စာသင်ကောင်းတယ်"
ကျောင်းအုပ်ကြီးကျန်းက သူမကို ချီးကျူးလိုက်၏။
"မင်း အလုပ်များနေလား။ မများရင် ငါနဲ့အတူ အသစ်ဆောက်ထားတဲ့ ဓာတ်ခွဲခန်းကို သွားကြည့်ရအောင်။"
ဓာတ်ခွဲခန်းအဆောက်အအုံက ပွဲတော်မတိုင်ခင်တည်းက ပြီးစီးခဲ့ပြီး ဒီကာလအတွင်း နံရံများကို ဆေးသုတ်ခြင်း၊ ရေပိုက်နှင့် လျှပ်စစ်မီးတပ်ဆင်ခြင်း၊ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။
လင်းချောင်က အတန်းမရှိသည့်အတွက် မငြင်းဆန်ခဲ့။ သူတို့က အောက်ထပ်တွင် ဒုကျောင်းအုပ်ချီကို ခဏစောင့်ပြီးတော့ သင်ကြားရေးအဆောက်အဦဘေးမှ ဓာတ်ခွဲခန်းကို အတူတူ သွားခဲ့ကြသည်။
ခေတ်ဟောင်းဖြစ်သည့်အတွက် ဓာတ်ခွဲခန်းက လင်းချောင်၏ အရင်ဘဝ ဓာတ်ခွဲခန်းလောက်တော့ မကောင်းပေ။ သို့သော် လုပ်ငန်းခုံများနှင့် အလယ်တွင်ရေစစ်ခုံများကဲ့သ်ို့ လိုအပ်သည့် ပစ္စည်းများတော့ ရှိနေ၏။
ဓာတ်ခွဲခန်း၏ အနောက်ဘက်တွင် ဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့် ဓာတ်ပစ္စည်းများကို သိမ်းဆည်းရန်အတွက် ဖန်သားတံခါးငယ်လေးများနှင့် ဗီရိုတန်းတစ်ခုလည်း ရှိနေ၏။
အခုဆိုလျှင် သူတို့က ထောက်ပံ့ရေးဌာနက ပစ္စည်းများကို ဝယ်ယူရန်သာ စောင့်ရတော့မည်။ ပြီးလျှင် ဒီအသစ်ဆောက်ထားသည့် ဓာတုဗေဒဓာတ်ခွဲခန်းကို အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သူတို့သုံးယောက် ရှေ့မှနောက်အထိ လိုက်စစ်ဆေးပြီး ရေစစ်ခုံတစ်ခုချင်းစီက ရေပိုက်များကိုတောင် ဖွင့်ပြီး စမ်းသပ်ခဲ့ကြသည်။ ကျောင်းအုပ်ကြီးကျန်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေခဲ့ကာ ရုတ်တရက် လင်းချောင်ကို ပြောလိုက်၏။
"ဓာတ်ခွဲခန်းကို တရားဝင်အသုံးပြုတဲ့အခါ ပညာရေးဝန်ကြီးဌာနက စစ်ဆေးဖို့ ဆင်းလာလိမ့်မယ်။ မင်း လူသိရှင်ကြား ဟောပြောပွဲတစ်ခုလုပ်ဖို့အတွက် ပြင်ဆင်ထားသင့်တယ်။"
"လူသိရှင်ကြား ဟောပြောပွဲလား။"
လင်းချောင်က သူ ဒီလိုပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျောင်းအုပ်ကြီးကျန်းက ခေါင်းညိတ်လိုက်သည်။
"အကြံပေးတာက မင်းပါ။ မင်းကြောင့်ပဲ ကျောင်းက ရှေ့ပြေးဖြစ်လာတာ။ ဒီပထမဆုံး ဟောပြောပွဲကိုလုပ်ဖို့ မင်းထက် ပိုသင့်တော်တဲ့သူ ဘယ်သူမှ မရှိဘူး။"
ဒီကိစ္စကို သိထားတဲ့ပုံရသည့် ဒုကျောင်းအုပ်ချီက ပြုံးပြီး လင်းချောင်ကို ပြောလိုက်သည်။
"ဘာလဲ။ ခေါင်းဆောင်တွေ အများကြီးလာမှာကို ကြောက်ပြီး ကောင်းကောင်း မလုပ်နိုင်မှာ စိုးရိမ်နေတာလား။"
"အဲ့လိုတော့ မဟုတ်ပါဘူး၊ နည်းနည်း အံ့သြသွားတာပါ။"
"ငါလည်း အဲ့လို မထင်ဘူး။ မင်း အထက်တန်းကို စာသင်ဖို့လာတုန်းက ရှောင်ကော၊ လောင်ရွှီနဲ့ ငါတို့အားလုံး အောက်မှာထိုင်နေခဲ့ကြတာတောင် မင်းက စိတ်လှုပ်ရှားပုံမရခဲ့ဘူး။"
ဒုကျောင်းအုပ်ချီက သူ့ကိုယ်တိုင် အထက်တန်းကျောင်းကို ခေါ်လာခဲ့သည့် ဒီလူငယ်ဆရာမကို အမြဲတမ်း အလေးထားခဲ့သည်။
လင်းချောင်က ချီဟွိုင်ဝမ်ကိုလည်း ပြန်ခေါ်လာပေးခဲ့သည့်အတွက် သူက အလေးအနက် ပြောခဲ့သည်။
"ကောင်းကောင်းလုပ်ပါ။ ခေါင်းဆောင်တွေအပေါ် ကောင်းမွန်တဲ့ အထင်အမြင်ချန်ထားခဲ့နိုင်ရင် အနာဂတ်မှာ မင်းအတွက်အကျိုးရှိလိမ့်မယ်။"
ဒါက ရင်းနှီးသူများသာ ပေးနိုင်သည့် စိတ်ရင်းမှန်အကြံပေးချက်မျိုးပင်။ လင်းချောင်က အလေးအနက် ခေါင်းညိတ်ပြီး သူ့စေတနာကို လက်ခံကာ ကျေးဇူးတင်ခဲ့သည်။ သို့သော် ဒီစကားများပြောပြီး ရက်အနည်းငယ်အကြာတွင်ပဲ ထောက်ပံ့ရေးဌာနက မှာထားသည့်ပစ္စည်းများ မရောက်ခင် တစ်စုံတစ်ယောက်က မြို့နယ်ပညာရေးဌာနကို တိုင်ကြားစာ ပို့လိုက်လိမ့်မည်ဟုတော့ ဘယ်သူမှ မထင်ထားခဲ့ကြပေ။
"ကျွန်တော်တို့ကျောင်းက စည်းကမ်းဖောက်ဖျက်ပြီး ရှောင်လင်းကို လူအများရှေ့ဟောပြောပွဲ လုပ်ခွင့်ပေးတယ်လို့ တစ်ယောက်ယောက်က တိုင်ကြားထားတာလား။"
ကျောင်းအစည်းအဝေးခန်းငယ်လေးထဲတွင် ရုတ်တရက် အစည်းအဝေး ခေါ်ယူခြင်းခံလိုက်ရသည့်အတွက် အဖွဲ့ခေါင်းဆောင်ကောတစ်ယောက် စကားမပင်ပြောနိုင်ဖြစ်နေတော့သည်။
"ဒီတိုင်တဲ့လူက ရူးများနေတာလား။ ဟောပြောပွဲလေးတစ်ခုကို မနာလိုဖြစ်နေတာ။"
ကျောင်းအုပ်ကြီးကျန်းက ယခုမနက်တွင် ဖုန်းလက်ခံရရှိခဲ့ပြီး မြို့နယ်ပညာရေးဌာနသို့ သွားခဲ့သည်။ သူပြန်ရောက်လာချိန်၌ ဓာတုဗေဒဆရာ၊ဆရာမအားလုံးကို အစည်းအဝေးခေါ်လိုက်၏။ ဓာတုဗေဒသင်ကြားရေးနှင့်ပတ်သက်သည့် ညွှန်ကြားချက်အသစ်များရှိသောကြောင့် ခေါ်သည်ဟု အားလုံးက ထင်ခဲ့သော်လည်း အမှန်တကယ်တော့ တစ်စုံတစ်ယောက်က တိုင်ကြားစာတင်ထားခြင်း ဖြစ်နေခဲ့သည်။
အလယ်တန်း ဓာတုဗေဒသင်ကြားရေးအဖွဲ့မှ ဆရာမယန်ကတော့ ဤကိစ္စကို မနာလိုမှုသက်သက်ဟု မထင်ခဲ့ပေ။
"ဒီလို ဟောပြောပွဲတွေလုပ်ခွင့်ရတာက ထူးချွန်ဆရာ၊ဆရာမ အကဲဖြတ်မှုအပေါ် သက်ရောက်မှုရှိတယ်မလား။"
လွန်ခဲ့သည့်ဆယ်နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လစာပမာဏ အကဲဖြတ်မှုများကို ရပ်ထားခဲ့သော်လည်း ယခင်နှစ်နှစ်အတွင်း ဖြည်းဖြည်းချင်း ပြန်စလာခဲ့ပြီး လစာများကို ပိုတိုးပေးလာခဲ့သည်။
တစ်ယောက်ယောက်က ထူးချွန်ဆရာ၊ဆရာမအဖြစ် အကဲဖြတ်ခြင်းခံရသည်ဆိုလျှင် မှတ်တမ်းထဲတွင်လည်း ဂုဏ်ရှိသလို နောင်အနာဂတ်တွင် လစာလည်းတိုးရနိုင်သည်။ ဤကဲ့သို့ အကြောင်းများ ရှိနေသည့်အတွက် တစ်ယောက်ယောက်က လင်းချောင်ကို ပစ်မှတ်ထားတိုက်ခိုက်သည်က အံ့သြစရာမဟုတ်ပေ။
ထို့အပြင် သူမက လင်းချောင်နှင့်အတူ အလယ်တန်းဌာနတွင် အတူတူအလုပ်လုပ်ခဲ့ဖူးပြီး သူမအကြောင်းကို ပိုသိထားသည့်အတွက် ဘေးတွင်ရှိနေသော ဆရာမကျန်းဟွေ့ဖန်ကို မသိမသာ ခိုးကြည့်လိုက်မိသည်။
လင်းချောင်ကိုယ်တိုင်လည်း ကျန်းဟွေ့ဖန်ကို ခိုးကြည့်မိ၏။ ထိုနေရာတွင် ရှိနေသူများထဲ၌ လင်းချောင်နှင့် ပြဿနာရှိဖူးသော တစ်ဦးတည်းသောသူက ကျန်းဟွေ့ဖန်ပင်။ သို့သော် အခြားသူများကိုလည်း ထည့်မစဉ်းစား၍မရပေ။
ကျန်းဟွေ့ဖန်၏ မျက်နှာတွင်တော့ ဘာအမူအရာမှ ရှိမနေခဲ့။ လင်းချောင် သူမကိုကြည့်လိုက်တော့ သူမက မကျေနပ်စွာနှင့်ပြောလိုက်၏။
"ဆရာမလင်းက ဘာလို့ ကျွန်မကို ကြည့်နေတာလဲ။ ကျွန်မ တိုင်လိုက်တယ်လို့ ထင်နေတာလား။"
လင်းချောင် ဘာစကားမှမပြောခဲ့သော်လည်း အဖွဲ့ခေါင်းဆောင်ကောကတော့ ကျောင်းအုပ်ကြီးကျန်းကို မေးလိုက်၏။
"အမည်မဖော်ထားတဲ့သူလား ဒါမှမဟုတ် လက်မှတ်ထိုးထားတာလား။"
"လက်မှတ်ထိုးထားတာ။" ကျောင်းအုပ်ကြီးကျန်းက ပြောလိုက်သည်။
ဒီစကားက လူတိုင်းကို အံ့အားသင့်သွားစေ၏။ ဤသို့သောကိစ္စမျိုးကို တိုင်သည်ဆိုသည်က လူအများကို ဒေါသဖြစ်စေသည်မှာ ထင်ရှားသည့်ကိစ္စဖြစ်သည်။ သို့တိုင်အောင် ဘယ်သူကများ ဒီလောက်အထိရဲရဲတင်းတင်း လုပ်ရဲသည်လဲ။ ဒါက လင်းချောင်ကို သိသိသာသာ ရန်စလိုက်ခြင်း မဟုတ်ဘူးလား။
ကျောင်းအုပ်ကြီးကျန်းက ဆက်ပြောလိုက်သည်။
"တိုင်ကြားစာကို ပူးတွဲလက်မှတ်ထိုးထားတာ။ လင်းချောင်ကလွဲရင် ဓာတုဗေဒဆရာ၊ဆရာမအားလုံးရဲ့ လက်မှတ်တွေ ပါနေတယ်။"
ဒီစကားက လူတိုင်းကို အံ့အားသင့်သွားစေ၏။
"ကျွန်တော့်လက်မှတ်ပါ ပါနေတာလား။ ဒါပေမဲ့ ကျွန်တော် လုံးဝလက်မှတ်မထိုးခဲ့ဘူးလေ။"
အဖွဲ့ခေါင်းဆောင်ကောက သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီးပြောလိုက်သည်။
လင်းချောင်မှလွဲ၍ ထိုနေရာတွင် ရှိနေသော ဓာတုဗေဒဆရာ၊ဆရာမအားလုံးက သူတို့လက်မှတ်မထိုးခဲ့သည့်အကြောင်း ပြောကြ၏။ သို့သော်လည်း ကျောင်းအုပ်ကြီးကျန်းက ပညာရေးဌာနတွင် တိုင်ကြားစာကိုမြင်ထားခဲ့ပြီး အားလုံး၏ လက်မှတ်များကလည်း အမှန်တကယ်ပါနေခဲ့၏။ ထိုလက်မှတ်များက မတူညီသည့်လူအများထံမှဖြစ်ပြီး ထိုအထဲမှ အနည်းငယ်ကိုသာ သူ ရင်းနှီးစွာသိသည်။ တကယ့်လက်မှတ်များနှင့် မတူသည်မှာလည်း သိသာနေ၏။
ဒီကိစ္စက အတော်လေး စိတ်ပျက်စရာကောင်းနေသည်။ မနာလိုဖြစ်လျှင်လည်း ကိုယ်တိုင်တိုင်ကြား၍ရသည်ကို ဘာလို့အခြားသူများကိုပါ ဆွဲထည့်ပြီး လက်မှတ်အတု လုပ်ခဲ့ရသည်လဲ။ လင်းချောင် ဟောပြောပွဲ လုပ်ခွင့်ရသည်ကို တခြားသူများက မနာလိုမဖြစ်နိုင်ဟူ၍တော့မဟုတ်။ ဒါက ပထမဆုံးအကြိမ်အနေနှင့်လုပ်သော အစိုးရစမ်းသပ်ပရောဂျက်၏ ပထမဆုံးဟောပြောပွဲဖြစ်ပြီး လာရောက်မည့်ခေါင်းဆောင်များကလည်း အရေးပါသူများဖြစ်သည်။ အစစအရာရာအဆင်ပြေသွားပါက သူမရရှိမည့် ကောင်းကျိုးများမှာ သိသာထင်ရှားနေ၏။
သို့သော် သူတို့တွင်လည်း လင်းချောင်နှင့် ယှဉ်ပြိုင်နိုင်သည့် အရည်အချင်းရှိရန် လိုအပ်သည်။ နိုင်ငံတွင် ဓာတ်ခွဲခန်းများ ဆောက်လုပ်နိုင်ပြီဖြစ်ပြီး ကျောင်းကစမ်းသပ်ပရောဂျက်၏ ပထမဆုံးသော အသုတ်တွင်ပါဝင်လာနိုင်သည်မှာ လင်းချောင်ကြောင့်ဆိုသည်ကို မသိသူမရှိပေ။