အခန်း (၇၈)
Vol. 7 Ch. 78
"ဒီလက်မှတ်တွေက အတုတွေပဲဖြစ်ရမယ်။"
ဆွေးနွေးမှုများကြား စကားသိပ်မပြောခဲ့သော လင်းချောင်က စကားစပြောလိုက်၏။
"တစ်ယောက်ယောက်က ကျွန်မအပေါ် အာရုံစိုက်မှုတွေ အရမ်းများနေတာကိုမြင်ပြီး မနာလိုဖြစ်သွားတာပဲဖြစ်ရမယ်။ ဒီလိုလူမျိုးက ကိုယ်တိုင်ကတော့ ဘာမှမဟုတ်ဘဲ ကိုယ့်ထက်သာတဲ့သူတွေကိုပဲ အောက်ကိုဆွဲချချင်နေတာ။ ဒီလို စိတ်ပျက်စရာကောင်းတဲ့ အရာမျိုးကိုပဲ သူတို့လုပ်နိုင်တယ်လေ။ ဘယ်သူက သူတို့ရဲ့ တကယ့်နာမည်ကို အသုံးပြုရဲမှာတဲ့လဲ။"
ဒါက သူမ၏စိတ်နေစိတ်ထားနှင့် မကိုက်ညီနေခဲ့ပေ။ သူမအကြောင်း ကောင်းကောင်းသိထားသူများကတော့ သူမက ပေါင်းသင်းဆက်ဆံရလွယ်ကူပြီး ယခုလို ကြမ်းတမ်းသည့် စကားလုံးများနှင့် မပြောတတ်ဘူးဆိုသည်ကို နားလည်ကြသည်။
ကျောင်းအုပ်ကြီးကျန်းနှင့် အဖွဲ့
ခေါင်းဆောင်ကောတို့ နှစ်ယောက်လုံးက စိတ်ရှုပ်ထွေးနေကြပြီး ဆရာမယန်ကလည်း သူမကို ကြည့်နေခဲ့သည်။ သူမအကြောင်း ကောင်းကောင်းမသိထားသည့် အခြားသူများကတော့ သိပ်အလေးအနက်မထားကြဘဲ သူမက ဒေါသနှင့် ပြောနေသည်ဟုသာ ယူဆလိုက်ကြသည်။ ငယ်ရွယ်သူများက သွေးဆူလွယ်ကြသည်။
သို့သော်လည်း လင်းချောင်ကတော့ တစ်ယောက်ယောက်က တုံ့ပြန်လာပြီး အမူအရာတစ်ခုခုပေါ်သွားစေရန် တမင်တကာ ကြမ်းကြမ်းတမ်းတမ်း စကားပြောလိုက်ခြင်းဖြစ်သည်။
ဒီလိုတိုင်ကြားမှုမျိုးကို သူမ ရင်းနှီးနေပြီဖြစ်သည်။ လွန်ခဲ့သည့် တစ်ခါတုန်းကလည်း သူမ ကျောင်းသားများနှင့်အတူ စမ်းသပ်မှုများလုပ်ခဲ့ချ်ိန် တစ်ယောက်ယောက်က ကျောင်းအုပ်ကြီးကျန်းကို တိုင်ကြားခဲ့သေးသည်။ ဒီတစ်ခါတွင်တော့ ကျောင်းအုပ်ကြီးကျန်းက သူမကို ဟောပြောပွဲလုပ်ခိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည့်အတွက် တစ်ဖက်လူက ကျောင်းကိုကျော်ပြီး မြို့နယ်ပညာရေးဌာနကို တိုက်ရိုက်တိုင်ကြားခဲ့သည်။
ထို့အပြင် တိုင်ကြားစာထဲမှ စကားလုံးအသုံးအနှုန်းများက သိမ်မွေ့၏။ လင်းချောင်၏နာမည်ကို လုံးဝမဖော်ပြထားဘဲ ဓာတုဗေဒဆရာ၊ဆရာမအားလုံးက ကျောင်း၏ မျက်နှာလိုက်သည့်လုပ်ဆောင်မှုများကို မကျေနပ်ကြသောကြောင့် ပူးပေါင်းပြီး တိုင်ကြားကြသည်ဟုသာ ဖော်ပြထားသည်။
ဓာတ်ခွဲခန်းကလည်း ဤနှစ်အတွက် ပညာရေးဝန်ကြီးဌာန၏ အဓိကပရောဂျက်တစ်ခုဖြစ်နေပြီး အထက်လူကြီးများ အလေးအနက်ထားသော ကိစ္စတစ်ခု ဖြစ်သည်။ သူတို့က တိုင်ကြားစာကို လက်ခံရရှိသည်နှင့်ချက်ချင်း ကျောင်းအုပ်ကြီးကျန်းကို ခေါ်ပြီးစကားပြောခဲ့သည်။
သူမက မထီမဲ့မြင်အမူအရာနှင့် ဆက်ပြောလိုက်၏။
"ဒီလို အသေးအဖွဲကိစ္စလေးတစ်ခုကိုတောင် စိတ်သဘောထားညစ်ပတ်ပြီး အခြားသူတွေကို ဆွဲထည့်သေးတယ်။ တကယ်ပဲ ရှက်စရာကောင်းလိုက်တာ။"
မထင်မှတ်ထားဘဲ တစ်စုံတစ်ယောက်က စိတ်မထိန်းထားနိုင်တော့ပေ။
"ဆရာမလင်း၊ ရှင့်စကားတွေက အရမ်းကို အထက်စီးဆန်လွန်းနေတာ မဟုတ်ဘူးလား။ ဒီမှာ အတွေ့အကြုံရှိတဲ့ ဆရာ၊ဆရာမတွေ အများကြီးရှိတယ်။ ဘယ်သူကများ ရှင့်ထက် အတွေ့အကြုံနဲ့ အရည်အချင်းအရာမှာ မသာလွန်နေလို့လဲ။ ရှင်ကပဲ ဟောပြောပွဲလုပ်ဖို့ သင့်တော်တယ်ဆိုပြီး အခြားသူတွေက ရှင်အရွေးခံရတာကို သည်းမခံနိုင်လို့ ပူးပေါင်းတိုင်ကြားတယ်ဆိုတာကို စိတ်ထားညစ်ပတ်တယ်လို့ ယူဆလို့ရတာလား။"
အတွေ့အကြုံရှိပြီး စာသင်ကြားမှုကောင်းနေသော ဆရာဟောင်းတစ်ယောက်က ဒီလိုပြောခဲ့လျှင် ကိစ္စမရှိသော်လည်း ဒီလူက...
လင်းချောင် လှောင်ပြောင်ပြုံးလိုက်ပြီးပြောလိုက်သည်။
"ဆရာမကျန်း၊ ရှင် အခုပြောချင်တာက ရှင်က ကျွန်မထက် အတွေ့အကြုံနဲ့ အရည်အချင်း ပိုသာတယ်ဆိုတာကိုလား။"
သူမ၏ စကားလုံးများတွင် လှောင်ပြောင်မှုများ ပြည့်နေခဲ့ပြီး ကျန်းဟွေ့ဖန်က ချက်ချင်းဆိုသလို မျက်နှာပျက်လာတော့သည်။
"ရှင်က ရှင့်ရဲ့ အသိဉာဏ်နည်းနည်းလေးကို အားကိုးနေတာပဲ။ ရှင့်ကိုအထက်ကို အကြံပြုစာပို့ဖို့အတွက် ဘယ်သူ ကူညီပေးခဲ့လဲဆိုတာကိုရော ဘယ်သူသိနိုင်မှာလဲ။ ရှင့်ကိုယ်ရှင် အဲ့လောက်တော်တယ်လို့ ထင်နေတာလား။ ဒီလိုကိစ္စမျိုးတွေကို ပွင့်ပွင့်လင်းလင်း ရွေးချယ်သင့်တာ။ ရှင်က မကြာခင်ပဲ ထွက်တော့မှာကို နာမည်ကောင်းတွေအားလုံး ဘာလို့ တစ်ယောက်တည်းသိမ်းပိုက်ချင်နေတာလဲ။ တကယ်လိုအပ်တဲ့သူတွေက ဘာမှမရတော့ဘူးလေ။"
ယခု လင်းချောင် ဘာမှပြောစရာမလိုတော့ပေ။ အစည်းအဝေးခန်းထဲမှ လူတိုင်းက ကျန်းဟွေ့ဖန်ကို စကားပင်မပြောလိုတော့သော အမူအရာနှင့်ကြည့်နေခဲ့ကြသည်။
ဒီကိစ္စက သူမလုပ်ရပ်သာဖြစ်ရမည်။ သူမ မဟုတ်လျှင်တောင် ဒီစိတ်က သူမစိတ်ထဲ ရှိနေသည်မှာ သေချာပြီး စကားပြောနေချိန်တွင်တောင် အခြားသူများကို အပြစ်တင်ရန်မမေ့ပေ။
ကျောင်းအုပ်ကြီးကျန်းကလည်း စကားသိပ်မပြောတော့ဘဲ ကျောင်း၏ ဝန်ထမ်းဟောင်းများကို ကာကွယ်ထားပြီး ဘယ်လ်ိုပဲဖြစ်ဖြစ် အခြေအနေများကို အလွန်မဆ်ိုးသွားအောင် ထိန်းထားသင့်သည်ဟု တွေးနေခဲ့သည်။ ဒုကျောင်းအုပ်ချီက စစ်မှုထမ်းမိသားစုဝင်များကို ဝင်ခွင့်စာမေးပွဲစစ်မည့်ကိစ္စ အကြိမ်ပေါင်းများစွာ အဆိုပြုခဲ့သော်လည်း သူက သဘောမတူခဲ့ပေ။ ထိုကိစ္စ၏ ရလဒ်က ယခုတော့ ပညာရေးဌာနရောက်သည်အထိ ပြဿနာများ ဖန်တီးခဲ့ခြင်းပင်။
သူက လင်းချောင်ကို တောင်းပန်သည့်မျက်နှာအမူအရာနှင့် ကြည့်ပြီးပြောလိုက်၏။
"ပညာရေးဌာနရဲ့ သဘောထားကတော့ အဲ့ဒီစာက အမှန်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ် ပြန်ရွေးချယ်တာက အကောင်းဆုံးပဲတဲ့။ တရားမျှတပြီး မျှတမှုရှိမှရမယ်။ အားလုံး ဟောပြောပွဲလုပ်ဖို့ ကြိုးစားကြည့်ကြပါလား။"
"ကျွန်တော်တော့ မကြိုးစားဘူး။ ရှောင်လင်းက ဒီဓာတ်ခွဲခန်းကို ရအောင်ကြိုးစားထားတာ။" လင်းချောင် ဘာမှမပြောရသေးခင်မှာပဲ အဖွဲ့ခေါင်းဆောင်ကောက အရင်ပြောလိုက်၏။
ဆရာမယန်ကလည်း ပါဝင်ရန်ဆန္ဒမရှိပေ။ "ကျွန်မတစ်ယောက်တည်း အတန်းသုံးတန်းကို သင်ရတာနဲ့တင် အလုပ်များနေပြီ။ ဟောပြောပွဲတစ်ခုအတွက် ဘယ်မှာပြင်ဆင်ဖို့ အချိန်ရှိမှာတဲ့လဲ။"
သူတို့နှစ်ယောက်စလုံးက သူတို့၏ ရပ်တည်ချက်ကို ဖော်ပြလိုက်ကြ၏။ အရင်တုန်းက ဆန္ဒရှိခဲ့သူများတောင် အခု စကားမပြောရဲဖြစ်နေပြီး ရန်ပွဲကြားမှ အသုံးချခံ မဖြစ်လိုကြပေ။
နောက်ဆုံးတွင်တော့ အထက်တန်းပထမနှစ်မှ ဆရာ၊ဆရာမနှစ်ယောက်နှင့် အလယ်တန်းမှ ဆရာ၊ဆရာမနှစ်ယောက်စလုံးက ပါဝင်ရန် ဆန္ဒမရှိကြောင်း ဖော်ပြခဲ့ကြသည်။ ဒါကြောင့် ကျန်းဟွေ့ဖန်နှင့် လင်းချောင်တို့ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ လင်းချောင်က စကားမာမာထန်ထန် ပြောခဲ့သောကြောင့် အခြားဆရာများက သူမဘက်မှရပ်တည်မည်ဟု ကျန်းဟွေ့ဖန် မထင်ထားခဲ့ပေ။
သို့သော်လည်း သူမနှင့် လင်းချောင်တို့ နှစ်ယောက်တည်းသာ ကျန်တော့သည့်အတွက် သူမအတွက် ၅၀ ရာခိုင်နှုန်း အခွင့်အရေးရှိနေသေးသည်။ ဒီအတိုင်းတော့ သူမ လက်မလျှော့လိုပေ။
ကျန်းဟွေ့ဖန် အံကြိတ်ပြီး ပြောလိုက်သည်။ "ကျွန်မ ကြိုးစားကြည့်လို့ရတယ်။ ဒါပေမဲ့ သူမက အထက်တန်းသင်ပြီး ကျွန်မက အလယ်တန်းကိုသင်ရတာ။ အခက်အခဲချင်း မတူတာကတော့ သေချာတယ်။ ဒီလို ယှဉ်ပြိုင်ရတာက မတရားရာမရောက်ဘူးလား။"
အခက်အခဲချင်းက မတူညီသည့်အတွက် မတရားဘူးဟု ပြောနေခြင်းက ဒီအခွင့်အရေးကို သူမ ဘယ်လောက်အထိ လိုချင်နေသလဲဆိုသည်ကို ပြသနေခဲ့သည်။ လင်းချောင်ကိုလည်း သူမကဲ့သို့ အလယ်တန်းကို သင်စေချင်နေခြင်းလား။
ဆရာမယန် မခံမရပ်နိုင်ဖြစ်လာတော့သည်။ လူငယ် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့် စကားမများလိုသော အဖွဲ့ခေါင်းဆောင်ကောကလည်း မကျေမနပ်ဖြစ်နေခဲ့၏။ သို့သော် သူတို့ စကားမပြောနိုင်ခင်မှာပဲ လင်းချောင်ကအရင်ပြောလိုက်၏။
"ဆရာမကျန်းက မတရားဘူးလို့ ထင်တယ်ဆိုရင် ကျွန်မလည်း အလယ်တန်းကျောင်းသား၊ကျောင်းသူတွေကိုပဲ သုံးပါမယ်။"
သူမ၏ ဖီးနစ်မျက်လုံးများဖြင့် ကျန်းဟွေ့ဖန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ကျွန်မတို့တွေ အတန်းတစ်ခုတည်းကို သုံးမယ်။ ဆရာမကျန်းက တစ်ဝက်သင်ပြီး ကျွန်မက ကျန်တဲ့တစ်ဝက်ကို သင်မယ်။ ဘယ်လိုလဲ။"
သူမ၏အကြည့်က ရန်စနေသကဲ့သို့ဖြစ်နေသောကြောင့် ကျန်းဟွေ့ဖန် ချက်ချင်းပဲ သဘောတူလိုက်သည်။
"ကောင်းပြီ၊ အဲ့လိုလုပ်မယ်လေ။ ရှင်က အရာအားလုံးကို လုပ်နိုင်တယ်လို့ တကယ်ပဲထင်နေတာပေါ့။"
ကျောင်းသား၊ကျောင်းသူများက မူလကတည်းက သူမ၏ ကျောင်းသား၊ကျောင်းသူများဖြစ်ပြီး သူမက အလယ်တန်းသင်ရိုးညွှန်းတမ်းကို ရင်းနှီးသည်။ ပြင်ဆင်မှုအချို့နှင့် ကျောင်းသား၊ကျောင်းသူများနှင့် အကြိမ်အနည်းငယ် လေ့ကျင့်လိုက်ပါက လင်းချောင်ကဲ့သို့ လူစိမ်းတစ်ယောက်ထက် မသာလွန်နိုင်စရာအကြောင်းမရှိတော့ပေ။
"ဒါဆိုရင် ဒီအတိုင်းပဲ လုပ်တာပေါ့။ ပစ္စည်းတွေရောက်လာတာနဲ့ စမ်းသပ်သင်ခန်းစာ စလုပ်မယ်။"
ကိစ္စများက ဒီလိုဖြစ်လာသောကြောင့် ကျောင်းအုပ်ကြီးကျန်းတွင် ပြောစရာ ဘာမှမရှိတော့ပေ။
"ဒီလောက်ပါပဲ၊ အစည်းအဝေးရပ်နားမယ်။"
ဒုတိယနှစ် သိပ္ပံရုံးခန်းကို ပြန်ရောက်သည်အထိ အဖွဲ့ခေါင်းဆောင်ကောက ထိုအကြောင်းကို ဆက်ပြောနေခဲ့သည်။
"ဒါက ဘယ်လိုလူမျိုးလဲ။ ငါတို့ရဲ့ လက်မှတ်တွေကိုတောင် အတုလုပ်ရဲတယ်။"
အတန်းမရှိနေသော အတန်းပိုင်ဆရာတစ်ယောက်ကလည်း ထိုအကြောင်းကို မေးမြန်းခဲ့ပြီး ဇာတ်လမ်းကို ကြားရသည့်အခါ စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။
"ဒီရှောင်ကျန်းဆိုတာက စာသင်ညံ့တယ်ဆိုတဲ့တစ်ယောက် မဟုတ်လား။"
"ညံ့တာထက်တောင် ပိုတယ်။ ကျွန်တော့်ရဲ့ အတန်းနှစ်ခုက အကောင်းဆုံးကျောင်းသားဆယ်ယောက်ကိုတောင် သုံးစရာမလိုဘူး။ အကောင်းဆုံး အယောက်နှစ်ဆယ်ထဲက ဘယ်တစ်ယောက်ကမဆို သူမထက် ပိုကောင်းအောင် စာသင်ပေးနိုင်တယ်။"
အဖွဲ့ခေါင်းဆောင်ကော၏ စကားများက အနည်းငယ် ချဲ့ကားရာရောက်သော်လည်း ကျန်းဟွေ့ဖန်က ကျောင်းတွင် စာသင်နှစ် ခြောက်နှစ်၊ ခုနစ်နှစ်လောက် ရှိနေသည့်တ်ိုင် အလယ်တန်း ဓာတုဗေဒကိုသာ သင်ပေးနိုင်ပြီး ညံ့နေသေးသောကြောင့် ဝေဖန်ခံရသည်မှာ အံ့သြစရာမရှိပေ။
လင်းချောင်ကတော့ ဘာမှသိပ်မပြောခဲ့။ သူမက စကားများနေမည့်အစား စာသင်ခန်းထဲတွင် တကယ့်အရည်အချင်းများကို ပြသရသည်ကိုသာ နှစ်သက်သည်။ သူမ၏စိတ်နေစိတ်ထားကိုသိသော အတန်းပိုင်ဆရာတစ်ယောက်က တစ်ဝက်စီသင်မည့်သင်ခန်းစာအစီအစဉ်အကြောင်း ကြားရသောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။
"အဲ့ဒီနေ့ ကျွန်တော့်မှာ အတန်းရှိမရှိတော့ မသိဘူး။ မရှိရင်တော့ သွားကြည့်ဦးမယ်။"
ယှဉ်ပြိုင်မှုက ကြမ်းတမ်းလိမ့်မည်။ ကျောင်းသား၊ကျောင်းသူများက နားထောင်ပြီးလျှင် မိဘများက ကျောင်းဘက်သို့ သေချာပေါက် တိုင်ကြားလာလိမ့်မည်။ ရှောင်ကျန်းက လင်းချောင် စာသင်သည်ကို တစ်ခါမှ မကြားဖူးပုံပေါ်သည်။ မဟုတ်လျှင် သူမက ရဲရဲတင်းတင်း သဘောတူမည်မဟုတ်။
အဖွဲ့ခေါင်းဆောင်ကောကလည်း ရယ်မောခဲ့၏။ သူ၏ ရှည်လျားသော ခြေထောက်များကို စားပွဲပေါ်တင်ပြီး ပြောလိုက်သည်။
"ဒါဆို မင်း အစောကြီးသွားတာ ပိုကောင်းမယ်။ အဲ့ဒီနေ့ လူအများကြီး ပေါ်လာလိမ့်မယ်ဆိုတာ လောင်းရဲတယ်။"
လက်မှတ်အတုလုပ်ခြင်းက စိတ်ပျက်စရာကောင်း၏။ အစည်းအဝေးပြီးနောက် လူအများက သူမကိုနောက်ကွယ်တွင် ကျိန်ဆဲကြပြီး အားလုံးက ထိုနေရာသို့ရောက်လာနိုင်သည်။ လင်းချောင်၏ အကြံက ကောင်းသည်။ သူမကို သူမအကြောင်းသူမ ထုတ်ဖော်ခွင့်ပေးလိုက်သည်။ ယှဉ်ပြိုင်မှုမရှိပါက သူမက လင်းချောင်သည် သူမမိသားစု၏ သြဇာလွှမ်းမိုးမှုကိုသာ အားကိုးနေသည်ဟု ထင်နေနိုင်သေးသည်။
နေ့လည်စာစားရန် အိမ်ပြန်ရောက်သည့်အချိန်၌ လင်းချောင် ဒီကိစ္စအပေါ် စိတ်ပါဝင်စားမှု မရှိတော့ပေ။ သို့ရာတွင် ဤနေ့တွင်လည်း ဧည့်သည်များ အိမ်သို့ ထပ်ရောက်နေလိမ့်မည်ဟုတော့ သူမ မမျှော်လင့်ထားမိခဲ့ပေ။
"သူမ တကယ်ပဲ ဒီလိုလုပ်ဖို့လိုအပ်တယ်လို့ မင်းထင်လား။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိစ္စတစ်ခုလေ၊ အဲ့လောက်တန်ရဲ့လား။"
ဒါက လောင်ကျိုး၏ ရန်ဖြစ်သံဖြစ်နေခဲ့၏။
လင်းချောင်က တံခါးဖွင့်ပြီးအထဲဝင်လိုက်၏။ တစ်ဖက်လူကိုလည်း နှုတ်ဆက်လိုက်သည်။ "အစ်ကိုကျိုး ရောက်နေတာပဲ။"
ထို့နောက် တစ်ဖက်လူက နောက်လှည့်လိုက်ကြည့်လိုက်ပြီး တကယ်က်ို ထိတ်လန့်သွားခဲ့၏။
လောင်ကျိုး၏ပုံစံက နိုင်ငံရေးအရာရှိတစ်ယောက်နှင့် တူ၏။ သူက ယဉ်ကျေးသိမ်မွေ့ပြီး အသားဖြူရုံသာမက လူတိုင်းနှင့်လည်း အဆင်ပြေသည်။ သူ့ရင်ဘတ်နားရှိအိတ်ကပ်ထဲ၌ ဘောပင်တစ်ခုကို အမြဲညှပ်ထားပြီး အမြဲလိုလိုပြုံးနေတတ်၏။ သို့သော် ယခုတော့ ထိုပြုံးနေသည့်မျက်နှာတွင် မကျေမနပ်ဖြစ်မှုများနှင့် ဒေါသများပြည့်နေခဲ့ပြီး သူ၏ မေးရိုးဘယ်ဘက်မှစ၍ လည်ပင်းအထိ ရှည်လျားသော အမာရွတ်နှစ်ခုရှိနေခဲ့၏။
'သူ့ဇနီးနဲ့ ရန်ဖြစ်ရင်း ခြစ်မိတာလား။'
လင်းချောင် ခဏရပ်လိုက်ပြီး ထူးဆန်းသည့်တုံ့ပြန်မှု တစ်စုံတရာမပြဘဲ ကော်ဖီစားပွဲပေါ်တွင် သော့များထားရန် လျှောက်သွားလိုက်သည်။
သူက ကျ်ိသော် မကြာသေးမီက သူ၏အိမ်ထောင်ရေးအကြောင်း မေးခွန်းထုတ်သည့်အဖြစ်များကို ကြည့်ပြီး ဒီဇနီးမောင်နှံ ရန်ဖြစ်နေကြသည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းတော့ သူတို့က သူ့ထက်တောင် ပိုပြီးအဆင်ပြေနေကြသည်ကို တွေ့လိုက်ရသည်။
သူမက အရေးတယူ မလုပ်သလို ရယ်လည်းမရယ်တော့ လောင်ကျိုး၏ စိတ်ထဲ မသက်မသာဖြစ်မှုများ သိသိသာသာ လျော့သွား၏။ သူက သူမကို နှုတ်ဆက်လိုက်ပြီး ကျိသော်ထံ ဆက်လက်ညည်းတွားပြောဆိုနေခဲ့သည်။
"ဒီပုံစံနဲ့ အလုပ်ကို ဘယ်လိုသွားရမှာလဲ။ သူမက ကုတ်ချင်တယ်ဆိုရင်တောင် မြင်သာတဲ့နေရာမဟုတ်တာကို ရွေးပြီးကုတ်လို့မရဘူးလား။"
'ဒါဆို ကုတ်တာက ပြဿနာမဟုတ်ဘဲ မြင်သာတဲ့နေရာကို ကုတ်လိုက်တာကမှ ပြဿနာပေါ့... အစ်ကိုကျိုးရဲ့ စံနှုန်းက ဒီလောက်တောင် ကျသွားတာလား။'
လင်းချောင်လည်း ကျိသော်ကို မသိမသာ စောင်းကြည့်လိုက်မိရာ ထိုလူက အရင်လိုပဲ တည်ငြိမ်နေသည်ကို တွေ့လိုက်ရ၏။ ထူးခြားသည့် တုံ့ပြန်မှု တစ်ခုမှမပြဘဲ သူ့ရှေ့က ဆေးပုလင်းကိုသာ လက်ညှိုးထိုးပြနေခဲ့သည်။
"ကိုယ့်ဘာသာ လိမ်းလိုက်။"
"မလိမ်းဘူး။"
လောင်ကျိုးက သူ၏ နောက်ဆုံးမာနကို ထိန်းသိမ်းထား၏။
"အခု လိမ်းလိုက်ရင် မိန်းမဆီက အကုတ်ခံထားရမှန်း လူတိုင်း သိကုန်လိမ့်မယ်။"
သူက ဆက်ပြီး ညည်းညူနေပြန်၏။
"မင်းလည်း သိပါတယ်၊ အဲ့ဒီတုန်းက ငါက လက်မထပ်ရသေးဘူး၊ ရည်းစားလည်းမရှိသေးဘူး၊ တစ်ယောက်ယောက်အတွက် ကဗျာတစ်ပုဒ် ရေးပေးတာက ဘာများမှားလို့လဲ။ ဝေ့ချွမ်ရဲ့ ရည်းစားက ဘာမှမပြောဘူး၊ ဒါပေမဲ့ သူမက ဆေးရုံသွားပြီး တစ်ယောက်ယောက်ဆီက ကြားလာတာ။ ပြီးတော့ ငါကပဲ သူမကို အမှားလုပ်ထားသလိုမျိုး ပြန်လာပြီး ရိုက်တော့တာပဲ။"
"သူနာပြုဝေ့ရဲ့ ရည်းစားကတော့ အခုထိ မသိလောက်သေးဘူး။"
သူ ဆေးမလိမ်းသည့်အတွက် ကျိသော်က ပုလင်းကို ပြန်သိမ်းလိုက်၏။
ဒီစကားကြောင့် လောင်ကျိုး တံတွေးနင်သွားတော့သည်။
"ဘာလဲ! သူ့ရည်းစားသိရင်လည်း ငါ့မိန်းမလိုပဲ လာထိုးမှာလား။"
ကျိသော်က သူ့ကို စကားမပြောဘဲ ကြည့်နေခဲ့သည်။
လောင်ကျိုး ချက်ချင်း တွန့်ဆုတ်သွားပြီး အသံကိုတိုးလိုက်၏။
"တကယ်လား။ သူကရော တကယ်ပဲ ထိုးမှာလား။ မင်းတို့က အတူတူ လေ့ကျင့်ခဲ့ကြတာပဲ။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လိုလဲ။"
ဒီလို သူရဲဘောကြောင်သည့်ပုံစံကြောင့် လင်းချောင် ရယ်မောမိမလို ဖြစ်သွားခဲ့သည်။ ရယ်ချင်စိတ်ကို ထိန်းရန် ခေါင်းလှည့်လိုက်ချိန်၌ ကျိသော်၏ အကြည့်နှင့်သွားဆုံမိ၏။
ထိုလူ၏မျက်လုံးများက တည်ငြိမ်နေပြီး စကားလုံးများက အေးဆေးငြိမ်သက်သည့်တိုင် ရှင်းပြလို့မရသော ဖိအားတစ်မျိုးတော့ ရှိနေခဲသည်။
"လူသုံးယောက်ကိုတော့ အေးအေးဆေးဆေး ရိုက်နိုင်တယ်။"
လောင်ကျိုး တိတ်ဆိတ်သွားပြီး စိတ်ဓာတ်ကျသွား၏။ ရုတ်တရက် အလေးအနက်ထားကာ မေးခွန်းတစ်ခု မေးလိုက်ပြန်သည်။
"ငါ့မိန်းမက သူ့ကို တိုက်ရင်ရော၊ ဘယ်နှစ်မှတ်လောက် ရနိုင်မလဲ။"
လင်းချောင် မထိန်းနိုင်တော့ဘဲ သူမ၏ အမူအရာကို ထိန်းချုပ်ရန် ဘေးနားကတစ်ခုခုကို အလိုလို ဆွဲယူလိုက်မိ၏။ ရယ်မောသံများကို ထိန်းနိုင်တော့မှ သူမ ဆွဲကိုင်ထားမိသည်မှာ ဆိုဖာပေါ်က ကျိသော်၏ လက်ဖြစ်နေမှန်း သိလိုက်ရသည်။ ထိုလူလည်း သတိထားမိသည်မှာ သေချာ၏။ သူမကို မျက်မှောင်ကြုတ်၍ကြည့်နေသော်လည်း ဘာမှမပြောဘဲ သူ့လက်ကိုလည်း ပြန်မဆွဲယူခဲ့ပေ။
လင်းချောင်က ချက်ချင်းလက်လွှတ်လိုက်ပြီး ထိုလူကို "ဆောရီး" ဟု တီးတိုးပြောလိုက်၏။ ကျိသော်က သူ့အကြည့်ကို ရုပ်သိမ်းသွားပြီး ဘာမှမပြောတော့သော်လည်း မျက်မှောင်ကြုတ်နေဆဲပင်။
ဤခေတ်တွင် ဇနီးမောင်နှံများက လမ်းပေါ် ပခုံးချင်းတိုက်ပြီးတောင် မလျှောက်ကြပေ။ လက်တွဲဖို့ဆိုလျှင် ပိုတောင် ဝေးသေး၏။ သူ့လို အရာရှိအိုကြီးကလည်း ဒီလိုအရာမျိုးကို လက်ခံနိုင်မည် မဟုတ်။ သို့သော် လင်းချောင်လည်း တမင်လုပ်ခဲ့ခြင်း မဟုတ်သောကြောင့် ပြန်လည်သုံးသပ်စာတော့ ရေးစရာ မလိုလောက်ဟုထင်မိသည်။
သူမက လောင်ကျိုးဘက်ကိုလှည့်ပြီး ပြောလ်ိုက်၏။ "အစ်ကို့ရဲ့ ဇနီးက အစ်ကို့အပေါ် အများကြီး ဂရုစိုက်လို့ ဖြစ်ရမယ်၊ မဟုတ်ရင် လက်မထပ်ခင်က ကိစ္စတွေကို ဘယ်သူကများ ဂရုစိုက်နေမှာလဲ။"
"ဒါပေမဲ့ သူက လူကို ကုတ်လို့တော့ မရဘူးလေ၊ ဟုတ်တယ်မလား။ အခု ဒီလိုပုံစံနဲ့ ဘယ်လိုလုပ်ပြီး အပြင်ထွက်ရတော့မှာလဲ။"
သာမန် ဇနီးမောင်နှံများ ရန်ဖြစ်ပြီး ယောက်ျား၏ မျက်နှာကုတ်ခံရသည်ကပင် ရယ်စရာဖြစ်နေပြီကို ဒီလို အကုတ်ရာများနှင့် စစ်တန်းလျားကို သွားပါက လူတိုင်းအတွက် တစ်နေ့တာ ဖျော်ဖြေရေးအစီအစဉ် ဖြစ်နေလိမ့်မည်။