← Chapters

အခန်း (၇၉)

Vol. 7 Ch. 79

အခန်း (၇၉)

Vol. 7 Ch. 79

လင်းချောင် ခဏစဉ်းစားပြီး ပြောလိုက်၏။ "ကျွန်မတို့အိမ်မှာ ဆီးသီးလာခူးရင်း ခြစ်မိသွားတယ်လို့ ပြောလိုက်ပါလား။ ကျွန်မတို့အိမ်မှာ ဆီးသီးတွေ မှည့်နေပြီ။ အစ်ကို့ ဇနီးနဲ့ ကလေးတွေအတွက် ယူသွားလို့ရတယ်။"

မထင်မှတ်ဘဲ ကျိသော်ကလည်း ဝင်ပြောလိုက်၏။ "ကျွန်တော့်အိမ်မှာ ဆီးသီးခူးရင်း ခြစ်မိတယ်လို့ပဲ ပြောလိုက်ပါ။"

သူတို့ နှစ်ယောက် စိတ်ကူးချင်းတူနေသောကြောင့် တစ်ချိန်တည်းမှာပဲ ခေါင်းလှည့်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

လောင်ကျိုးအတွက်တော့ ဒါက တိတ်တဆိတ်နားလည်မှုတစ်ခု ဖြစ်ပြီး အနည်းငယ်ပင် မနာလိုဖြစ်သွားစေခဲ့၏။

"မင်းတို့ နှစ်ယောက်က တော်တော် လိုက်ဖက်တာပဲ။ ငါကတော့ ဒီမှာ ဆက်ပြီး ဆင်းရဲဒုက္ခ ရောက်နေရတယ်။"

လောင်ကျိုးက စကားဆုံးသည်နှင့် ဆီးသီးခူးမည့်ဖြစ်နိုင်ခြေကို အလေးအနက် စဉ်းစားနေတာကြောင့် လင်းချောင်က အကြည့်လွှဲလိုက်ပြီး ကျိသော်က သူမကိုတစ်ချက် ထပ်ကြည့်လိုက်သည်ကို သူသတိမထားမိခဲ့ပေ။

"ဒါဆို ငါဆီးသီးနည်းနည်းခူးပြီးရင် ပြန်တော့မယ်။"

လောင်ကျိိုးက သူ့လက်ရှည်အင်္ကျီ၏ လက်များကို ခေါက်တင်လိုက်သည်။

"နေ့လယ်စာအတွက် အိမ်မပြန်လို့ဆိုပြီး ပြဿနာမတက်ချင်ဘူး။"

သ်ို့သော် သူက နိုင်ငံရေးဆိုင်ရာ အရာရှိတစ်ဦးအနေနဲ့ စစ်ဘက်အမိန့်ပေးရာထူးတွင်ရှိသည့် ကျိသော်လောက် ကိုယ်ခံအားမရှိသလို အရပ်လည်းမရှည်ပေ။ နောက်ဆုံးတော့ ဆီးသီးအများစုကို ကျိသော်ကသာ ခူးပေးခဲ့ရသည်။

တကယ်တော့ သူတို့တွင် ပလတ်စတစ်စအကြီးကြီးတစ်ခုသာ ရှိနေလျှင် အပင်အောက်တွင် ဖြန့်ထားပြီး တုတ်နှင့်ရိုက်ချလိုက်ရုံပင်။ သို့သော် ကံမကောင်းစွာနှင့် သူတို့တွင်မရှိနေခဲ့။ လင်းချောင်က ကြွေပန်းကန်လုံးတစ်လုံးကို ကိုင်ပြီး ကျိသော်နောက် လိုက်နေခဲ့ရသည်။ ထိုလူက နည်းနည်းစီခူးပြီး သူမပန်းကန်လုံးထဲကို ပစ်ထည့်လိုက်သည်က လျင်မြန်ပြီး တိကျ၏။ ဒါကြောင့် အချိန်သိပ်မယူခဲ့ရပေ။

ပန်းကန်လုံး ပြည့်လုနီးပါးဖြစ်နေသည်ကို မြင်တော့ လင်းချောင် ကိုင်ထားရသည့်လက်များလည်း အနည်းငယ်နာနေလေပြီ။ ဒါကြောင့် ကျိသော်က လက်တစ်ဖက်တည်းနှင့်ယူပြီး မီးဖိုချောင်ထံ သယ်သွားခဲ့လိုက်၏။

"ရေဆေးစရာမလိုပါဘူး။ အိမ်ရောက်ရင် ကိုယ့်ဘာသာ ဆေးလိုက်ပါ့မယ်။" လောင်ကျိုးက အနောက်မှ စိုးရိမ်တကြီး ပြောလိုက်၏။

သူ ကျိသော်ထံလာရသည့် အဓိကအကြောင်းရင်းက ကျိသော်က စကားနည်းကာ လျှို့ဝှက်ချက်များကို ထိန်းသိမ်းတတ်သောကြောင့် သူ့ကို လှောင်ပြောင်မည်မဟုတ်။ ဒါကြောင့် အယုံကြည်ရဆုံးသူငယ်ချင်း ဖြစ်မည်ဟု ထင်ခဲ့ခြင်းသာဖြစ်သည်။ ဒီဇနီးမောင်နှံက သူ့ကို အကြံပေးရုံတင်မကဘဲ ဆီးသီးများပါပေးပြီး ဆီးသီးခူးပေး၊ ဆေးကြောပေးခြင်းမျိုးပါ လုပ်ပေးလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။

လောင်ကျိုးက အလွန်စိတ်လှုပ်ရှားကျေနပ်သွားသော်လည်း သူက ဆီးသီးတစ်ဝက်ကိုသာ ဆေးကြောပြီး ပန်းကန်ပြားပေါ်တင်ကာ လင်းချောင်ကို ပေးလိုက်သည်ကို မြင်လိုက်ရ၏။ မဆေးရသေးသည့် ကျန်တစ်ဝက်က သူ့အတွက်ဖြစ်သည်။ သူတို့က သူတို့စားဖို့အတွက်သာ ဆေးကြောခြင်းဖြစ်ပြီး သူက စိတ်ကူးယဉ်လွန်နေခြင်းသာဖြစ်၏။

လောင်ကျိုး၏ စိတ်လှုပ်ရှားကျေနပ်မှုက ချက်ချင်းဆိုသလို တစ်ဝက်လောက် လျော့ကျသွားခဲ့သည်။ သို့သော်လည်း သူက ကျေးဇူးတော့တင်နေဆဲပင်။ မပြန်ခင်တွင်လည်း သူတို့ဇနီးမောင်နှံကို ကျေးဇူးတင်စကား ထပ်ပြောလိုက်သေး၏။

လင်းချောင်က ပန်းကန်ပြားကို ကိုင်ထားပြီး သူထွက်သွားသည်ကို ကြည့်နေခဲ့သည်။ ပိုပြီးယုံရလွယ်အောင် သူက ပြန်လာပြီး သူ့မျက်နှာကို သစ်ကိုင်းနဲ့ ထပ်ခြစ်သွားသေး၏။ ဆီးသီးတစ်လုံးကို ကိုက်ရင်း သူမက ပြုံးပြီးပြောလိုက်သည်။

"အစ်ကိုကျိုးရဲ့ ဇနီးက တကယ်ပဲ အဲ့ဒီလောက် ကြမ်းတာလား။"

ဆီးသီးအားလုံးကို ထိုလူ ခူးပေးခဲ့ခြင်းဖြစ်ကြောင်းတွေးမိပြီး သူမက ကျိသော်ကို တစ်လုံးပေးလိုက်၏။

ကျိသော်က ပုံမှန်အားဖြင့် ဒီလိုအရာများကို မစားတတ်သော်လည်း လက်ခံလိုက်သည်။

"သူ့ဇနီးက မူလတန်းကျောင်းမှာ ကိုယ်လက်လှုပ်ရှားပညာ သင်တယ်လေ။ အရင်တုန်းက ဆန်ဒါ အားကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။"

[T/N Sanda - တရုတ်ကိုယ်ခံပညာ]

"ဒါဆို အစ်ကိုကျိုးကို နှစ်ချက်ပဲ ခြစ်သွားတာက သနားလို့ပေါ့။ ဒါကြောင့် အစ်ကိုကျိုးက သူမနဲ့ သူနာပြုဝေ့ရဲ့ ရည်းစားနဲ့ ဘယ်သူက ပိုပြီးတိုက်ခိုက်ရေးကျွမ်းလဲလို့ မေးတာဖြစ်မယ်။"

ခြံထဲက ဆီးသီးပင်က အမျိုးကောင်းပြီး ဆီးသီးများကလည်း အတော်ချိုသည်။ လင်းချောင်က နေ့လယ်ဘက် ရုံးခန်းကို ထည့်ယူသွားရန် စီစဉ်ထား၏။ လောင်ကျိုးက အလွန်စိတ်ဝင်စားစရာကောင်းသောကြောင့် သူမ အထဲကိုလျှောက်ဝင်လာရင်း မေးလိုက်မိ၏။

"အစ်ကိုကျိုးက အချစ်ဇာတ်လမ်းတွေကို အရမ်းသဘောကျတာ။ ဘာလို့ အဲ့ဒီလိုဇနီးမျိုးနဲ့ အိမ်ထောင်ကျသွားတာလဲ။"

သူမက သူ့ထက် သူများကိစ္စများကို ပိုစိတ်ဝင်စားနေပုံရ၏။ ကျိသော်က ဆီးသီးကို ကော်ဖီစားပွဲပေါ် ပစ်တင်လိုက်ချင်သော်လည်း လက်ထဲတွင် ဆက်ကိုင်ထားရန်သာ ဆုံးဖြတ်လိုက်သည်။

လင်းချောင်က သူဘာမှမပြောသေးတော့ မျက်လုံးလှည့်ကြည့်လိုက်ရာ သူမ၏ ကြီးမားတောက်ပသော ဖီးနစ်မျက်လုံးများထဲတွင် အပြုံးတစ်ခုက ရှိနေသေးသည်။ သူ၏ ရိုးရှင်းသည့်အဖြေက ခဏတာ ရပ်တန့်သွားခဲ့၏။

"တပ်မှူးတင်းရဲ့ဇနီးက အစ်ကိုကျိုးနဲ့ သူ့ဇနီးကို မိတ်ဆက်ပေးခဲ့တာ။ သူမက သူ့ယောက်ျားလက်အောက်က စစ်သားတွေကို အောင်သွယ်ပေးရတာ သဘောကျတယ်။"

"သူမက ရှင့်ကိုရော ဘယ်သူနဲ့မှ မိတ်မဆက်ပေးဘူးလား။"

လင်းချောင်က ဆီးသီးစေ့ကို ပစ်ချပြီး ပန်းကန်ပြားထဲမှ နောက်တစ်လုံးကို ထပ်ယူလိုက်၏။

သူမက စကားပြောဖော်ရရန် ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်းသာဖြစ်ပြီး မေးပြီးမှ ဒီအမျိုးသားက သာမန်စကားပြောဆိုမှုများကို မကြိုက်၊ အထူးသဖြင့် သူ့ကိုယ်ရေးကိုယ်တာ ကိစ္စများကို မပြောဆိုတတ်ဘူးဆိုသည်ကို သတိရသွားခဲ့သည်။

သူမ စကားပြောင်းပြောရန် ပြင်တုန်းမှာပဲ ကျိသော်ကတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"သူမ မိတ်ဆက်ပေးခဲ့တာပေါ့။ နှစ်ယောက် မိတ်ဆက်ပေးခဲ့တာ၊ ဒါပေမဲ့ ကိုယ်က မတွေ့ခဲ့ဘူးလေ။"

ဒီစကားကြောင့် လင်းချောင် အံ့ဩသွား၏။ "ဘယ်သူနဲ့မှ မတွေ့ခဲ့ဘူးလား။ ဒီအိမ်ထောင်ရေး ကြိုစီစဉ်ထားတဲ့ကိစ္စကိုလည်း မသိခဲ့ဘူး ထင်တယ်။"

သူတို့ လက်ထပ်ပြီးကတည်းက မိသားစုများ၏ အိမ်ထောင်ရေး စီစဉ်မှုအကြောင်းကို ပထမဆုံးအကြိမ် စကားပြောဖြစ်ကြခြင်းဖြစ်သည်။ တကယ်တော့ သူတို့ လက်မထပ်ခင်တုန်းကလည်း ဒီအကြောင်းကို မပြောဖြစ်ခဲ့ကြပေ။ တွေ့ဆုံပွဲတွင်တောင် အခြေအနေများအကြောင်း တရားဝင် ဖလှယ်ခဲ့ခြင်းသာရှိ၏။ အခုစဉ်းစားကြည့်လိုက်ရာ တစ်ယောက်က အကူအညီတောင်းနိုင်ရန် အတင်းရှာဖွေခဲ့ရပြီး၊ နောက်တစ်ယောက်က အတင်းအကျပ် လက်ထပ်ရန် တွန်းပို့ခံခဲ့ရသည်။ သူတို့၏ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အခြေခံက ကြင်ဖက်တွေ့ပြီး လက်ထပ်သူများထက်တောင် ပိုပြီး အားနည်းနေခဲ့သည်။

ကျိသော်က သူ့လက်ထဲမှ ဆီးသီးကို ကိုက်လိုက်ပြီး မေးလိုက်၏။ "မင်းကရော။ ဒီအိမ်ထောင်ရေး စီစဉ်မှုသာ မရှိခဲ့ဘူးဆိုရင် မင်း ဘာလုပ်မှာလဲ။"

"ဒီအိမ်ထောင်ရေး စီစဉ်မှုသာ မရှိခဲ့ဘူးဆိုရင်..."

လင်းချောင် စဉ်းစားခဲ့ဖူး၏။ "အဲ့ဒါဆိုရင် ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုလိုပဲ တရားမဝင် နေထိုင်သူ လုပ်မှာပေါ့။"

ဒီဘက်ခေတ်တွင် အိမ်ထောင်စုစာရင်းများက တစ်ခုနှင့်တစ်ခု ဆက်စပ်မနေပေ။ နည်းလမ်းရှိသရွေ့ တခြားနေရာအတွက် စာရင်းသွင်းနိုင်သည်။ သို့သော်လည်း ခက်ခဲလိမ့်မည်၊ အထူးသဖြင့် အစပိုင်းတွင်ဖြစ်သည်။

လင်းချောင် စဉ်းစားနိုင်သလို ကျိသော်လည်း စဉ်းစားနိုင်၏။ သူတို့၏ လက်ထပ်ထိမ်းမြားမှုက ကံကြမ္မာ၏ အလှည့်အပြောင်းတစ်ခုသာ ဖြစ်ခဲ့သသည်။

ဒီအချက်က သူ့ခံစားချက်များကို အနည်းငယ် ရှုပ်ထွေးသွားစေပြီး၊ သူက ဆီးသီးကို အရသာမခံဘဲ ဝါးနေခဲ့သည်။

"မင်း တစ်ခါမှ ထိတ်မလန့်ခဲ့ဖူးဘူးလား။"

"ထိတ်လန့်ခဲ့ဖူးတယ်။" လင်းချောင်က သူ့ကို မမျှော်လင့်ထားသည့် အဖြေတစ်ခုပြန်ပေးလိုက်၏။

တကယ်တော့၊ သူမကို သူ သိခဲ့သည်မှာ ဒီလောက်ကြာပြီဖြစ်သည့်တိုင် လင်းချောင် ထိတ်လန့်နေသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဘာကိစ္စပဲဖြစ်ဖြစ် သူမက အမြဲတည်ငြိမ်အေးဆေးနေပုံပေါ်နေ၏။ သို့ရာတွင် လင်းချောင်က သူမနှင့် လုံးဝ မရင်းနှီးသည့် စာအုပ်တစ်အုပ်ထဲ ရောက်နေပြီး နှလုံးရောဂါကြောင့် အိပ်ရာထဲ လဲလျောင်းနေရချိန်တွင် တကယ်ကို ထိတ်လန့်ခဲ့ဖူးသည်။ ရောင်းစားခံရမည့် ကံကြမ္မာနှင့် သူမ၏ လက်ရှိ ကူကယ်ရာမဲ့ အခြေအနေကို ရင်ဆိုင်ရချိန်တွင် အရာအားလုံးကို အဆုံးသတ်လိုက်ပါက သူမ ပြန်ရောက်သွားမလားဟုပင် ခဏတာ တွေးခဲ့ဖူးသည်။

"ဒါပေမဲ့ ထိတ်လန့်နေတာက အသုံးမဝင်ဘူးလေ။ ကျွန်မ ကိုယ့်ဘာသာ နည်းလမ်းရှာမထွက်နိုင်ရင် မာရုန်လျန်ကို လက်ထပ်ရမှာပဲ။"

လင်းချောင်က ဒီအကြောင်းကို ပြောနေချိန်တွင် အလွန်တည်ငြိမ်နေပြီး၊ ဒီတည်ငြိမ်မှုက သူမ၏ ထိတ်လန့်နေခြင်းက အသုံးမဝင်ဘူးဆိုသည့် ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားကိုလေးနက်သွားစေခဲ့သည်။ ဒါကြောင့်လည်း သူမက ဘယ်သူ့ကိုမှ အားမကိုးဘဲ နေနေခြင်းဖြစ်နိုင်၏။ သူမ ကြီးပြင်းလာချိန်တွင်လည်း အားကိုးစရာ လူတစ်ယောက်မှ မရှိခဲ့သည့်အတွက်ပင်။

ဒီအချက်က ကျိသော်အား သူတို့၏အရင်က စကားဝိုင်းကို သတိသွားရစေခဲ့သည်။ သူမအတွက်တော့ သူ၏ ယုံကြည်မှုအကြောင်း ရုတ်တရက်ပြောဆိုမှုက နောက်ပြောင်သလိုသာ ဖြစ်ခဲ့ပုံရသည်။

သူ တစ်ခုခု ပြောရန်ပြင်လိုက်ချိန်တွင်ပဲ လင်းချောင်၏ အကြည့်က သူ့လက်ပေါ် ရုတ်တရက် ကျရောက်လာပြီး၊ သူမ၏ မျက်နှာအမူအရာကလည်း ထူးဆန်းနေ၏။

"ကပ္ပတိန်ကျိ၊ ဆီးသီးတွေက အရသာရှိရဲ့လား။"

ဒီကောင်မလေးက သူ့ကို တခြားသူများနှင့် မိတ်ဆက်ပေးချိန်တွင်သာ ကျိသော်ဟု ခေါ်သည်။ ပုံမှန်အားဖြင့်တော့ သူမက သူ့ကို လုံးဝ နာမည်မခေါ်ဘဲ ခေါ်လျှင်လည်း ကပ္ပတိန်ကျိဟုသာခေါ်သည်။ အရင်တုန်းကဆိုလျှင် ဦးလေးငယ်ဟုတောင် ခေါ်ခဲ့ဖူးသေးသည်။

ကျိသော်က အတွေးများထဲ နစ်မြောနေဆဲဖြစ်ပြီး ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်၏။

"စားလို့တော့ ရပါတယ်။"

ထို့နောက် လင်းချောင်က တိတ်ဆိတ်သွားပြီး သူ့ကို ကြည့်နေသည့် သူမ၏ မျက်နှာအမူအရာက ပိုပိုပြီး ထူးဆန်းလာ၏။

ကျိသော်လည်း တစ်ခုခု မှားနေပြီဟု ခံစားမိပြီး သူမ ကြည့်နေသည့်အတိုင်း သူ့လက်ပေါ်ကို ကြည့်လိုက်ရာ ဆီးသီးကိုက်ရာ မျက်နှာပြင်ပေါ်မှ ပိုးဖောက်ထားသောအပေါက်လေးကို သတိထားမိလိုက်သည်။

လင်းချောင်က နေ့လယ်ပိုင်းတွင် ဆီးသီးများကို ရုံးခန်းသ်ို့ယူလာပြီး လူတိုင်းကိုမျှဝေပေးသည့်အခါ အထူးတလည် သတိပေးခဲ့သည်။

"အထဲမှာ ပိုးကောင်တွေ ပါနိုင်တယ်နော်။"

ထိုအချိန်က ကျိသော်၏ မျက်နှာအမူအရာကို သူမ အလွန်အထင်ကြီးခဲ့၏။ သူက ထိုအချိန်ထိ မျက်နှာထား တင်းမာနေခဲ့သော်လည်း သူ့စိတ်ကတော့ သက်တောင့်သက်သာ မရှိနေဘူးဆိုသည်မှာ ရှင်းနေ၏။

ဒီလူက အစားအသောက်ကို သိပ်စိတ်မဝင်စားသော်လည်း ဒီနေ့နောက်ပိုင်းတွင်တော့ ဆီးသီးများကလည်း ပင်လယ်စာကဲ့သ်ို့ သူမစားလိုသည့် စာရင်းထဲ ပါသွားနိုင်သည်။

ထိုခေတ်တုန်းက သစ်သီးပင်များကို ပိုးသတ်ဆေး မဖျန်းကြဘူးဆိုသည်က်ို လူတိုင်း သိထား၏။ လူတိုင်းက ဆီးသီးနှစ်လုံးစီ ဆွဲယူလိုက်ကြရာ မကြာခင်မှာပဲ အကုန်နီးပါး ကုန်သွားတော့၏။ ကံကောင်းစွာနှင့် အဖွဲ့ခေါင်းဆောင်ကော ဝင်လာချိန်တွင် သူ့အတွက် အနည်းငယ် ကျန်နေခဲ့သေးသည်။ သူက လာယူပြီး ပြောလိုက်၏။

"အခုလေးတင် အောက်ထပ်မှာ ကျောင်းက မှာထားတဲ့ စက်ပစ္စည်းတွေ ရောက်လာတာကို တွေ့လိုက်တယ်။"

"ရောက်လာပြီလား။"

လင်းချောင်၏ စားပွဲက ပြတင်းပေါက်နားတွင် ရှိသောကြောင့် ဒီစကားကိုကြားတော့ အပြင်ကို လှမ်းကြည့်လိုက်၏။

တကယ်ပဲ စမ်းသပ်ဆောင်အောက်တွင် ထရပ်ကားဟောင်းတစ်စီး ရပ်ထားပြီး ထောက်ပံ့ရေးဝန်ထမ်းများက ဖန်ထည်ပစ္စည်းများကို ဂရုတစိုက် ချနေကြသည်ကို တွေ့လိုက်ရ၏။

မကြာခင်မှာပဲ စာရင်းကိုယူကာ လူတစ်ယောက် ရောက်လာပြီး လင်းချောင်နှင့် အဖွဲ့ခေါင်းဆောင်ကောကို လာရှာခဲ့သည်။

"လိုအပ်တဲ့ ဓာတုဗေဒပစ္စည်းတွေ ရောက်ပါပြီ။ ဘယ်နေရာမှာ ထားရမယ်၊ ဘယ်လို စီစဉ်ရမယ်ဆိုတာကို လာကြည့်ပေးပါ။"

နားမလည်သူများ ဝင်မရှုပ်သင့်သောကြောင့် လင်းချောင်နှင့် အဖွဲ့ခေါင်းဆောင်ကောက သူတို့လုပ်လက်စအလုပ်များကို ချထားပြီး ဓာတုဗေဒ ဓာတ်ခွဲခန်းကို စီစဉ်နေရာချရာ၌ ကူညီပေးရန်သွားခဲ့ကြသည်။

ခဏအကြာတွင်တော့ ဆရာမယန်နှင့် နောက်ထပ် အမျိုးသားအလယ်တန်းပြဆရာတစ်ဦး ရောက်လာကြ၏။ သူတို့ လေးယောက်က တစ်နေ့လုံး အလုပ်လုပ်ကြပြီး ပစ္စည်းများကို ဓာတ်ခွဲခန်းစားပွဲများအောက်တွင် ထားကာ အချို့ကိုတော့ ဗီရိုများထဲထည့်၍ သိမ်းဆည်းလိုက်ကြသည်။ တန်ဖိုးရှိပစ္စည်းများ၊ အန္တရာယ်ရှိသည့် ပစ္စည်းများကိုတော့ ဗီရိုအပြင်ဘက်တွင် သီးသန့်သိမ်းဆည်းကာ သော့ခတ်ထားလိုက်သည်။

ဆရာမယန်က လက်ဆေးကန်တွင် လက်ဆေးနေရင်း ပြောလိုက်၏။

"အခု ပစ္စည်းအကုန်ရောက်ပြီဆိုတော့ မင်း မနက်ဖြန် စမ်းသပ်သင်ခန်းစာ စလို့ရပြီပေါ့။"

"ဘယ်နေ့စရမယ်မှန်းတော့ မသိသေးဘူး။"

လင်းချောင်လည်း လက်ဆေးလိုက်၏။ စာသင်ကြားဆောင်ကို ပြန်ရောက်သည်နှင့် စင်္ကြံတွင် ကျွင်းဇီက သူမကို ရပ်ပြီးစောင့်နေသည်ကို တွေ့လိုက်ရသည်။

"ဆရာမလင်း၊ ဆရာမကို အရေးတကြီး ပြောစရာတစ်ခု ရှိပါတယ်။"

ပုံမှန်အားဖြင့် ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါးပါး နေတတ်သော ကျွင်းဇီက ဤမျှလောက်အထိ စိတ်အားထက်သန်နေခြင်းမှာ ရှားလှသည်။ လင်းချောင် ကိုယ်ကို မတ်မတ်ထားလိုက်ပြီး မေးလိုက်၏။

"ဘာဖြစ်တာလဲ။"

"ဆရာမကျန်းနဲ့ အတူတူ ဟောပြောပွဲအတွက် ပြိုင်ဆိုင်ရမှာလား။ ကျောင်းအုပ်ကြီးကို အတန်းပြောင်းခိုင်း သင့်တယ်။"

မနက်ပိုင်းကမှ ဆုံးဖြတ်ခဲ့သောကိစ္စကို နေ့လယ်ရောက်တော့ သူသိနှင့်နေလေပြီ။ လင်းချောင်လည်း အကြောင်းရင်းကို ချက်ချင်း ခန့်မှန်းမိလိုက်သည်။

"ချီဟွိုင်ဝမ် မင်းကို ပြောပြတာလား။"

ဆရာတစ်ဦး၏ သားဖြစ်သူအနေနှင့် ချိီဟွိုင်ဝမ်သည် ရုံးခန်းသို့ မကြာခဏ ဝင်ထွက်ခွင့်ရပြီး အလွန်အမင်း လျှို့ဝှက်ထားခြင်းမရှိသော ကိစ္စများကို ကြားသိနိုင်သည်။

ထင်သည့်အတိုင်း ကျွင်းဇီက ခေါင်းကုတ်လိုက်ပြီး နောက်သို့ လှမ်းကြည့်လိုက်၏။ "သူ ပြောပြတာပါ။"

သူက အသံကို ချက်ချင်း ပြန်လျှော့လိုက်ပြန်သည်။ "အတန်းလေးက ယွီထောင်ရဲ့ညီလေးက ပြောတယ်၊ ဆရာမကျန်းက သူ့အတန်းသားတွေနဲ့ အစည်းအဝေးလုပ်ပြီး ဆရာမရဲ့သင်ခန်းစာပို့ချချိန်မှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ မေးခွန်းတွေဖြေဖို့ လက်ထောင်တာမျိုးမလုပ်ဖို့ ပြောထားတယ်တဲ့။"

ထိုကောင်လေး စိတ်တိုနေသည်မှာ ထင်ရှားသည်။ "ဒီသင်ခန်းစာက ဆရာမရဲ့ သင်ခန်းစာပဲကို သူမက ဝင်ပါပြီး နှောက်ယှက်နေတယ်။ သူမက ဘယ်လိုလူမျိုးလဲ။"

သူတို့၏အနောက် မလှမ်းမကမ်းတွင်ရှိသော ချီဟွိုင်ဝမ်သည်လည်း ဒါကိုကြားတော့ လျှောက်လာ၏။ "ဆရာမလင်း၊ ဆရာမ အတန်းပြောင်းသင့်တယ်။"

"ဟုတ်တယ်၊ ဟုတ်တယ်၊ သူမသင်ရတဲ့ အတန်းကို ပြောင်းဖို့ ကျောင်းအုပ်ကြီးကို ပြောလိုက်ပါ။" ကျွင်းဇီကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

"သူမက တအား စိတ်ပျက်စရာကောင်းနေပြီ။"

ဤကျောင်းသားများက သူမအတွက် တကယ်ကို စိုးရိမ်နေကြပြီဖြစ်၍ လင်းချောင်က ပြုံးပြပြီး မျက်တောင်ခတ်လိုက်သည်။

"ဒီအတန်းကိုပဲ ဆရာမက တမင်ရွေးလိုက်တာဆိုရင်ရော မင်းတို့ ဘယ်လို ထင်လဲ။"

"တမင်ရွေးလိုက်တာ?" ကျွင်းဇီက အံ့အားသင့်သွားပြီး ချီဟွိုင်ဝမ်ကတော့ သူ့ထက် ပိုပြီးမြန်မြန် နားလည်သွားပုံရကာ လင်းချောင်ကို စဥ်းစားဟန်ဖြင့် ကြည့်နေခဲ့သည်။

လင်းချောင်က ကျွင်းဇီ၏ခေါင်းကို ပုတ်လိုက်သည်။ "ဒါကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။ ဘာလုပ်ရမလဲဆိုတာ ဆရာမ သိပါတယ်။ အခုတော့ အိမ်ပြန်ပြီး ထမင်းစားဖို့သာ မြန်မြန်လုပ်တော့။"

ကျွင်းဇီ နားမလည်နိုင်သေးဘဲ စိတ်ရှုပ်ထွေးနေသည်ကို တွေ့ရသောအခါ သူမက ပြုံးပြီး ထပ်ပြောလိုက်သည်။

"ဆရာမရဲ့လျှို့ဝှက်ချက်ကိုလည်း ထိန်းသိမ်းထားဖို့ မမေ့နဲ့နော်။"

"စိတ်ချပါ၊ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး။" ကျွင်းဇီ အပြည့်အဝ နားမလည်သေးသော်လည်း ကတိတော့ပေးလိုက်သည်။

နောက်တစ်နေ့တွင်တော့ ကျောင်းအုပ်ကြီးကျန်းက လင်းချောင်နှင့် ကျန်းဟွေ့ဖန်တို့အား နောက်တစ်နေ့နေ့လယ်တွင် စမ်းသပ်အဆောက်အအုံ၌ သင်ခန်းစာလုပ်ရန် အတွက် ပြင်ဆင်ထားရန် အကြောင်းကြားခဲ့သည်။

ကျန်းဟွေ့ဖန်က အချိန်ကာလတိုလွန်းနေသည်ဟု ခံစားမိ၏။ "နောက်ထပ် ရက်နည်းနည်း စောင့်ကြရအောင်။ ရှောင်လင်းက အထက်တန်းပြဆိုတော့ သူ့ကို အချိန်ပေးပြီး ပြင်ဆင်ခွင့်ပြုသင့်တယ်။"

ပုံမှန်အားဖြင့် သတိကြီးပြီး စိတ်သဘောထားပြတ်သားခြင်းမရှိသော ကျောင်းအုပ်ကြီးကျန်းက ယခုတော့ တိုင်ကြားစာကြောင့် သိသိသာသာ စိတ်ဆိုးနေ၏။

"စမ်းသပ်သင်ခန်းစာလေးတစ်ခုကို ပြင်ဆင်ဖို့အတွက် ရက်အကြာကြီး လိုအပ်လို့လား။ တရားဝင် ဟောပြောပွဲသင်ခန်းစာသာဆိုရင် ဘယ်လိုလုပ်မလဲ။ မနက်ဖြန်ပဲ လုပ်မယ်။ ရှောင်လင်း၊ ဘာ ကန့်ကွက်စရာရှိလဲ။"

လင်းချောင်က ခေါင်းညိတ်လိုက်သည်။ "ပြဿနာမရှိပါဘူး။"

ကျန်းဟွေ့ဖန်တွင်လည်း ပြောစရာ မရှိတော့ပေ။ သူမက ပြန်သွားပြီး သင်ကြားမှု၏ တိုးတက်မှုအခြေအနေကို လင်းချောင်အား အသိပေးကာ ကျောင်းသားများနှင့် အလျင်အမြန် စတင်လေ့ကျင့်တော့သည်။ သူမက ကျောင်းသားများအား လက်ခုပ်တီးရမည့်အချိန်နှင့် စမ်းသပ်မှုများ ပြုလုပ်ရမည့် အချိန်များကိုပါ ညွှန်ကြားထားခဲ့သည်။

သူမက မေးခွန်းအချို့၏ အဖြေများကိုပင် သင်ပေးခဲ့ပြီး အဖြေကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ လက်ထောင်၍ဖြေရမည်ဟု အလေးအနက် ပြောခဲ့သေးသည်။ သူမက ထိပ်တန်းကျောင်းသားများကိုသာ အဖြေများဖြေဆိုခိုင်းမည်ဖြစ်သည်။

ထိုအရာသည် လိမ်လည်လှည့်စားခြင်းသာဖြစ်သည်။ ကျောင်းသားများက စမ်းသပ်အတန်းကို မူလက စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့ကြသော်လည်း ဒုတိယအကြိမ်နှင့် တတိယအကြိမ် အတင်းညွှန်ကြားခံရပြီးနောက် စိတ်မရှည်ခြင်းများသာ ကျန်နေခဲ့တော့သည်။

တရားဝင် စမ်းသပ်သင်ခန်းစာနေ့တွင် ကျောင်းရှိ ဓာတုဗေဒဆရာများ အားလုံး ရောက်ရှိလာကြပြီး စုန့်ကျင်းနှင့် အခြားအလုပ်သင်ဆရာတစ်ဦးလည်း လာရောက်ခဲ့၏။

ကျောင်းအုပ်ကြီးကျန်း၊ ဒုကျောင်းအုပ်ချီနှင့် ပါတီကော်မတီလုပ်ငန်းများ၏ တာဝန်ခံဖြစ်သူ လောင်ရွှီ အပါအဝင် အခြားဆယ်ဦးခန့်သည် သူတို့၏ခုံများကို ယူဆောင်လာကာ ဓာတ်ခွဲခန်း၏ နောက်ဘက်တွင် ထိုင်နေကြသည်။ ကျောင်းသားများကတော့ ပုံမှန်အနေအထားဆိုလျှင်တောင် စိတ်လှုပ်ရှားနေကြပြီဖြစ်ရာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင်တော့ မျက်နှာအမူအရာများ ပို၍တင်းမာသွားကြတော့သည်။

ကျန်းဟွေ့ဖန် သူမ၏ သင်ခန်းစာကို စတင်လိုက်သောအခါ လက်ခုပ်တီးသံများ မညီမညာဖြစ်နေပြီး နောက်ဆုံးနှစ်တန်းမှ ကျောင်းသားများဆိုလျှင် အချိန်အတော်ကြာမှသာ ပါဝင်လာကြသည်။ ဤအရာက သူမ၏ မျက်နှာကို ပျက်သွားစေခဲ့သည်။

ကျောင်းအုပ်ကြီးများ နောက်ဘက်တွင်ထိုင်နေသဖြင့် သူမသည် ပုံမှန်အတန်းများတွင်ကဲ့သို့ ကျောင်းသားများကို ဆူပူ၍လည်းမရပေ။ တစ်ခါ စိတ်ပျက်သွားပြီဖြစ်သည့်အတွက် ရက်ပေါင်းများစွာ ကျက်မှတ်ထားခဲ့သော စကားများကိုလည်း သူမ သတိမရတော့ပေ။ သင်ခန်းစာ စတင်ပြီး ခြောက်မိနစ်အတွင်းမှာပင် သူမ အမှားလုပ်မိခဲ့သည်။

ရောက်ရှိနေသော တရားဝင် ဓာတုဗေဒဆရာများသာမက အလုပ်သင်ဆရာနှစ်ဦးပင်လျှင် မျက်မှောင်ကြုတ်မိကြသည်။

အဖွဲ့ခေါင်းဆောင်ကော၏ အမူအရာကိုမြင်သဖြင့် ဒုကျောင်းအုပ်ချီက အသံတိုးတိုးဖြင့် လှမ်းမေးလိုက်ရာ ကျောင်းအုပ်ကြီးကျန်းလည်း အလိုလို ကြည့်လိုက်မိသည်။ သူတို့ ပြောသည်ကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာတွင်လည်း မနှစ်မြို့သော အမူအရာများ စတင် ပေါ်ပေါက်လာတော့သည်။

အတန်းထဲရှိ ကျောင်းသားများသည် သင်ခန်းစာများကို အကြိမ်များစွာ ကြားဖူးထားသဖြင့် ရှင်းရှင်းလင်းလင်း မှတ်မိနေသော်လည်း ကျန်းဟွေ့ဖန်ကတော့ သတိမထားမိဘဲ သူမ၏ သင်ခန်းစာအမှားများကိုသာ ဆက်ပို့ချနေခဲ့သည်။

All Chapters