← Chapters

အခန်း (၈၀)

Vol. 7 Ch. 80

အခန်း (၈၀)

Vol. 7 Ch. 80

အလယ်တန်းဌာနမှ ဆရာမယန်သည် ကျန်းဟွေ့ဖန် ကျောင်းသားများနှင့် လေ့ကျင့်နေခဲ့သည်ကို သိထားသောကြောင့် စိတ်ထဲမှခေါင်းခါမိလိုက်သည်။

ဒီလိုအဆင့်နှင့်တောင် ဟောပြောပွဲ လုပ်ချင်သေးသည်လား။

ခေါင်းဆောင်များသာ အမှန်တကယ် ရောက်လာပါက သူမကြောင့် ဂုဏ်တက်ရမည်လား ရှက်ရမည်လား ဆိုသည်ကို သူတို့ မသိကြတော့ပေ။

သူမက သင်ခန်းစာကို ၂၆ မိနစ်ကြာ ပို့ချခဲ့ရာ ထိုအချိန်အတောအတွင်း အနောက်ဘက်ရှိ ခေါင်းဆောင်များသည် သူတို့၏ နာရီများကို အကြိမ်များစွာ ကြည့်ရှုနေခဲ့ကြသည်။ ကျန်းဟွေ့ဖန်က နောက်ဆုံးတွင်တော့ ဖြည်းဖြည်းချင်း အဆုံးသတ်လိုက်သည်။

"အခုတစ်ခေါက်မှာ အထက်တန်း ဒုတိယနှစ်က ဆရာမလင်းချောင်က မင်းတို့ကို ကျန်တဲ့တစ်ဝက်ကို သင်ပြပေးပါလိမ့်မယ်။"

မည်သူမျှ လက်ခုပ်မတီးကြပေ။ လင်းချောင်ကတော့ ဂရုမစိုက်ခဲ့။ သူမက ထိုင်နေရာမှ ထရပ်လိုက်ပြီး အဖွဲ့ခေါင်းဆောင်ကောနှင့်အတူ သူမအတွက်လိုအပ်သော ပစ္စည်းများကို စင်ပေါ်သို့ ရွှေ့လိုက်သည်။ စင်ပေါ်ရောက်သည်နှင့် သူမက ပြုံးလိုက်ပြီး မြေဖြူတစ်ချောင်းကို ကောက်ယူလိုက်သည်။

"ဆရာမကျန်း အစောပိုင်းမှာ ပြောသွားတဲ့အထဲက အချက်တစ်ခုကို ကျွန်မ ပြင်ဆင်ဖို့ လိုနေတယ်။"

သူမက အဓိကအချက်ကို ထိသွားသောကြောင့် လက်ခုပ်သံမရခြင်းထက်ပို၍ ကျန်းဟွေ့ဖန်အား ထိုးနှက်နိုင်ခဲ့သည်။

ကျန်းဟွေ့ဖန် အနောက်ဘက်တွင် ထိုင်လိုက်သည်နှင့် သူမ၏မျက်နှာမှာ မည်းသွားတော့သည်။ သို့သော် သူမ တစ်စုံတစ်ရာ မပြောနိုင်သေးခင်တွင် လင်းချောင်က ထိုမှားနေသောအရာကို ပိုမိုနားလည်လွယ်သောနည်းဖြင့် လျင်မြန်ထိရောက်စွာ ရှင်းပြပြီးသွားပြီဖြစ်သည်။

"နောက်တစ်ခုအနေနဲ့ မှော်ဆန်တဲ့အရာတစ်ခုကို ပြပေးမယ်။"

သူမက ကျန်းဟွေ့ဖန်၏အမှားကို အချိန်ကြာကြာ ပြောမနေတော့ဘဲ သူမ၏ ထိရောက်သောသင်ကြားမှုနှင့် ကျောင်းသားများ၏အာရုံကို လျင်မြန်စွာ ဆွဲဆောင်လိုက်သည်။

မှော်ဆန်သော စမ်းသပ်မှုကို ကြည့်ရမည်ဆိုသည်ကို မကြိုက်သူမရှိပေ။

ကျန်းဟွေ့ဖန် စမ်းသပ်မှု ပြသခဲ့သည့် ပထမဆုံးအကြိမ်တုန်းကပင် ကျောင်းသားများက အာရုံစိုက်ခဲ့ကြသေးသည်။

ထို့အပြင် လင်းချောင် ယူဆောင်လာသည့်အရာမှာ အလွန်စိတ်ဝင်စားစရာ ကောင်းသည်။ အောက်တွင် အမည်မသ်ိအမှုန့်အချို့ ပါဝင်သည့် အငွေ့ပျံခွက်တစ်ခုရှိပြီး ၎င်းအပေါ်တွင် ဖန်ဘူးအကြည် တစ်ခု တင်ထားသည်။ ဖန်ဘူး၏ တစ်ခုတည်းသောအပေါက်ကို ရာဘာအဆို့ တစ်ခုဖြင့် ပိတ်ထားပြီး ရာဘာအဆို့ အတွင်း၌ ရေဖြည့်ထားသော ခွဲခြားသည့်ကတော့ တစ်ခုပါဝင်သည်။

[T/N seperate funnel ကိုပြောတာပါ။]

လင်းချောင်က ခွဲခြားသည့်ကတော့ကို ဖွင့်လိုက်ပြီး ရေစက်အနည်းငယ်ကို ကျအောင်လုပ်ခဲ့သည်။ ချက်ချင်းဆိုသလို ဖန်ဘူးအတွင်း၌ ခရမ်းရောင်အငွေ့များ ထွက်ပေါ်လာတော့၏။

ဤမြင်ကွင်းသည် မှော်ဆန်ရုံသာမက အလွန်လည်းလှပသည်။ ကျောင်းသားများအပြင် နောက်ဘက်တွင်ထိုင်နေသော ကျောင်းအုပ်ကြီးများနှင့် ဆရာများလည်း အာရုံစိုက် ကြည့်ရှုနေခဲ့ကြ၏။

လင်းချောင်က အလျင်စလို မလုပ်ခဲ့ဘဲ ခရမ်းရောင်အငွေ့များ လုံးဝထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းပြီးမှ ပြုံး၍ ကျောင်းသားများကို မေးလိုက်သည်။

"ဒီ ခရမ်းရောင်အငွေ့တွေက လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတုဒြပ်စင် တစ်ခုဖြစ်တယ်။ ဒီဓာတ်ချို့တဲ့ရင် လည်ပင်းကြီးရောဂါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပင်လယ်ရေမှော်ကို စားသုံးပေးဖို့ လိုအပ်တယ်။ ဒါက ဘာလဲဆိုတာ ဘယ်သူများ သိကြလဲ။"

ကျောင်းသားအများစုက နားမလည်သော ပုံစံဖြင့်ကြည့်နေကြသော်လည်း အချို့မှာတော့ သိနေကြပြီး စမ်းသပ်သည့်အနေဖြင့် မေးလိုက်ကြသည်။

"အိုင်အိုဒင်းလား။"

"ဟုတ်တယ်၊ ဒါက အိုင်အိုဒင်းပဲ။"

ကျောင်းသားက လက်မထောင်သော်လည်း လင်းချောင်ကတော့ လက်ခုပ်တီးလိုက်သည်။

"ဒီကျောင်းသား ခန့်မှန်းတာမှန်တယ်။ လက်ခုပ်တီးပြီး အားပေးကြရအောင်။"

ဒီစမ်းသပ်မှုကြောင့် ကျောင်းသားအများစုက ကျန်းဟွေ့ဖန်၏ အရင်ကညွှန်ကြားချက်များကို မေ့သွားကြတော့သည်။ ဒါ့အပြင် လင်းချောင်တင်မက နောက်ကဆရာ၊ဆရာမများနှင့် ခေါင်းဆောင်များကပါ လက်ခုပ်တီးနေကြသည်။

မကြာခင်မှာပဲ ဓာတ်ခွဲခန်းတစ်ခုလုံး လက်ခုပ်သံများနှင့် ပြည့်နှက်သွားပြီး စာသင်ခန်းထဲက လေထုအနေအထားကလည်း တက်ကြွလာတော့သည်။ လင်းချောင်က အခွင့်အရေးကိုအရယူပြီး စမ်းသပ်မှု၏နိယာမကို ရှင်းပြကာ အလူမီနီယမ်အိုင်အိုဒိုက်၏ ဓာတုဗေဒဖော်မြူလာကိုလည်း သင်ပုန်းပေါ် ရေးချပြလိုက်သည်။

ထို့နောက် ဒါကို အစအဖြစ် အသုံးပြုပြီး ကျန်းဟွေ့ဖန် မပြီးဆုံးသေးသော ဓာတုဗေဒဇယား သင်ခန်းစာကို ဆက်လက်သင်ကြားပေးခဲ့သည်။

"ဒီအစပျိုးမှုက ကောင်းတယ်။ အရမ်းသဘာဝကျပြီး စိတ်ဝင်စားစရာလည်း ကောင်းတယ်။"

အထက်တန်းပထမနှစ် ဓာတုဗေဒဆရာတစ်ဦးက တီးတိုးပြောလိုက်ခြင်းပင်။

သူ့ဘေးနားရှိဆရာက တိတ်ဆိတ်နေသော်လည်း ခေါင်းညိတ်ပြီး သဘောတူလိုက်၏။ သူတို့က လင်းချောင် စာသင်သည်ကို တစ်ခါမှမကြားဖူးကြပေ။ သူတို့၏ အဓိကထင်မြင်ချက်ကတော့ လင်းချောင်သည် အမြော်အမြင်ရှိပြီး ရဲရင့်သောသူ ဟူ၍ပင်။

ယေဘုယျအားဖြင့် သူမ၏အရွယ်တွင် သင်ခန်းစာကို ရှင်းရှင်းလင်းလင်းသိသူပင် နည်းပြီး ခေါင်းဆောင်များကို အကြံပြုစာ ရေးပို့ရဲသူ မရှိပေ။

မထင်မှတ်ထားဘဲ၊ သူမက စာသင်ကြားမှု အတော်ကောင်းခဲ့သည်။ သူမသင်သည့် အတန်းနှစ်တန်းက ဘာကြောင့် ဒီလောက်မြန်မြန် တိုးတက်လာသလဲဆိုသည်မှာ အံ့သြစရာမရှိတော့ပေ။ ထို့ပြင် ဒါက အချိန်တစ်ရက်အတွင်း ပြင်ဆင်ထားခြင်းဖြစ်ပြီး ဒီကျောင်းသားများနှင့်လည်း ကြိုတင်ညှိနှိုင်းမှု မရှိခဲ့ပေ။ သူမ၏ ကိုယ်ပိုင်အတန်းများကိုသာ သင်ကြားပေးမည်ဆိုလျှင် အကျိုးသက်ရောက်မှုက သေချာပေါက် ပိုကောင်းလိမ့်မည်။

ကျောင်းသားများနှင့် ဆရာများသာမက ဓာတုဗေဒမသင်ကြားသော ကျောင်းအုပ်ကြီးများပါ သင်ခန်းစာထဲမှာ နစ်မျောနေခဲ့ကြပြီး စာသင်ချိန်ကုန်သည့် ခေါင်းလောင်းထိုးလိုက်သည့်အခါ အချိန်များမြန်မြန်ကုန်ဆုံးသွားသလို ခံစားခဲ့ကြရသည်။

လင်းချောင်က သူမ၏နောက်ဆုံးဝါကျကို အချိန်ကိုက်ပြောလိုက်သည်။

"ဒါဆို ဒီအတန်းက ဒီမှာပဲ ပြီးပါပြီ။ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်။"

ဒီလောက်မြန်မြန် ပြီးသွားတာလား။

အောက်ဘက်က အလယ်တန်းကျောင်းသားများ ခဏတာ ကြောင်သွားကြပြီးနောက် လှိုင်းလုံးကြီးကဲ့သို့ လက်ခုပ်သံများ ထွက်ပေါ်လာတော့သည်။ သူတို့က ကျန်းဟွေ့ဖန်၏ ညွှန်ကြားချက်များကို မေ့သွားခဲ့ပြီး အခုချိန်တွင် စာသင်ချိန်တစ်ဝက်က အလွန်တိုလွန်းနေသောကြောင့် ပိုပြီးလိုချင်နေကြတော့သည်။

နောက်ဘက်မှ ခေါင်းဆောင်များနှင့် ဆရာများလည်း လက်ခုပ်တီးနေကြ၏။ ကျောင်းအုပ်ကြီးကျန်းက ခုံပေါ်မှထရပ်လိုက်သည်။

"အတန်းပြီးပြီဆိုတော့ ဒီနေရာမှာပဲ မဲပေးလိုက်ကြရအောင်။ ဘယ်သူက သင်ကြားမှုပိုကောင်းတယ်၊ ဒီလူထုဟောပြောပွဲကို လုပ်သင့်တယ်လို့ ထင်လဲ။ ထင်တဲ့သူရဲ့နာမည်ကို ရေးချလိုက်ပါ။ တရားမျှတပြီး ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ကြတာပေါ့။"

"ကောင်းပါပြီ၊ ကျွန်တော် မှတ်စုစာအုပ် ယူလာခဲ့တယ်။"

အဖွဲ့ခေါင်းဆောင်ကောက စက္ကူများကို ချက်ချင်းဆုတ်ဖြဲလိုက်ပြီး ခေါင်းဆောင်များနှင့် ဆရာများကို ဝေရန် ပြင်ဆင်လိုက်သည်။

ကျန်းဟွေးဖန်က စိုးရိမ်တကြီးဖြစ်သွားပြီးပြောလိုက်၏။

"ကျောင်းသားတွေ မဲပေးသင့်တာ မဟုတ်ဘူးလား။ ဒီအတန်းက ကျောင်းသားတွေအတွက် ရည်ရွယ်တာလေ။"

ဆရာများကို မဲပေးခိုင်းခြင်းက သူမကို အလွန်စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ ကျောင်းသားများကတော့ သူမ သင်ကြားပေးထားသူများဖြစ်ပြီး အနာဂတ်တွင်လည်း သူမကသာ ဆက်သင်ပေးရမည်ဖြစ်သည်။

"ဒါက ဘယ်တော့မှ ပြီးတော့မှာလဲ။"

ကျောင်းအုပ်ကြီးကျန်း၏ မျက်ခုံးများ အတော်လေးတွန့်ချိုးသွားသော်လည်း ဒုကျောင်းအုပ်ချီကတော့ ကျန်းဟွေ့ဖန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောခဲ့သည်။

"ဒါဆို ကျောင်းသားတွေကိုပါ မဲပေးခိုင်းလိုက်လေ။"

သူက လင်းချောင်ကို အဓိကလေးစားသူဖြစ်ပြီး ကျောင်းအုပ်ကြီးကျန်းလည်း ဒီစကားကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ဒုကျောင်းအုပ်ကြီးချီ၏ ရှင်းလင်းပြတ်သားပြီး အဓိပ္ပာယ်ပါသော မျက်လုံးချင်းဆုံမှုကို မြင်ခဲ့ပြီးနောက် သူက တဖြည်းဖြည်း နားလည်လာခဲ့သည်။

"ဒါဆို ကျောင်းသားတွေလည်း မဲပေးပါစေ။"

ကျန်းဟွေ့ဖန် စိတ်သက်သာရာရသွားပြီး အတန်း၏ ဒုတိယတစ်ဝက်ကတည်းက မှောင်မိုက်နေခဲ့သော မျက်နှာသည်လည်း ပြန်လည်လင်းလက်လာတော့သည်။

မကြာခင်မှာပဲ စက္ကူစုတ်လေးများပေါ် စာများရေးကာ လေးထောင့်အသေးလေးများဖြစ်အောင် ခေါက်၊ ပြီး စမ်းသပ်သင်ကြားမှုတွင် မပါဝင်သည့် ဓာတုဗေဒဆရာအချို့က တန်းစီစုဆောင်းကာ စင်မြင့်ပေါ်တွင် မဲအရေအတွက် ရေတွက်ရန်ပြင်ဆင်လိုက်ကြသည်။

ကျောင်းအုပ်ကြီးကျန်းက ပထမဆုံးတစ်ခုကို ဖွင့်လိုက်ရာ "လင်း" ဟူ၍ သပ်သပ်ရပ်ရပ် ရေးထားသည်ကို တွေ့လိုက်ရသည်။

ဒုကျောင်းအုပ်ကြီးချီက လင်းချောင်၏ နာမည်အောက်တွင် မြေဖြူနှင့် မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။

ဒုတိယမြောက်မဲကလည်း "လင်း" ဖြစ်နေပြီး၊ တတိယနှင့် စတုတ္ထမြောက် မဲအားလုံးကလည်း "လင်း" ပဲ ဖြစ်နေခဲ့သည်။

ကျန်းဟွေ့ဖန် ထိုင်မနေနိုင်တော့ဘဲ ဒီအရာများက ဆရာများ၏ မဲများ ဖြစ်ရမည်ဟုတွေးပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားခဲ့သည်။

တကယ်ပဲ နောက်တစ်စောင်က သူမ၏ "ကျန်း" ဖြစ်နေသည့်အတွက် သူမ သက်ပြင်းချနိုင်ခဲ့ရသည်။

သို့သော်လည်း ဒါက တစ်ခုတည်းသော မဲဖြစ်ပြီး ကျန်သည့်မဲများကတော့ ဆက်တိုက်ဆိုသလို "လင်း" သာဖြစ်ပြီး မဲရေတွက်မှု ပြီးဆုံးသည့်အခါ သူမက စုစုပေါင်း လေးမဲသာရရှိခဲ့သည်။

လင်းချောင်ကတော့ တစ်ဒါဇင်ကျော် မဲရရှိခဲ့ပြီး ကြားနေသူ အနည်းငယ်ကို ချန်လှပ်လိုက်လျှင်တောင် ကျန်းဟွေ့ဖန်က လေးမဲသာရခဲ့သည်။

ကျောက်သင်ပုန်းပေါ်တွင် ဘေးချင်းယှဉ်ပြီးရေးထားသည့် မဲအရေအတွက်ကို မြင်လိုက်ရသည်မှာ အလွန် ရှက်စရာကောင်းနေခဲ့သည်။

အဖွဲ့ခေါင်းဆောင်ကောက စိတ်ကျေနပ်မှုကို ခံစားလိုက်ရပြီး ကျန်းဟွေ့ဖန်၏ မျက်နှာကတော့ လုံးဝ မှောင်မိုက်သွားခဲ့သည်။ သူမက ရလဒ်များကို မယုံကြည်နိုင်တာကြောင့် စက္ကူစုတ်လေးများကို တက်စစ်ကြည့်ခဲ့သေးသည်။

ကျောင်းအုပ်ကြီးကျန်းက သူမကို ကြည့်ခွင့်ပေးခဲ့ပြီး သူမ၏ လုပ်ရပ်များ တုံ့ဆိုင်းသွားပြီး နောက်ဆုံး ရပ်တန့်သွားသောအခါမှ သူက ကြေညာလိုက်သည်။

"ဒါဆိုရင် လူထုဟောပြောပွဲကို ဆရာမလင်းချောင်က လုပ်ပါလိမ့်မယ်။ ဘယ်သူ့မှာ ကန့်ကွက်စရာ ရှိလဲ။"

"မရှိပါဘူး။"

အနောက်မှ ဆရာအချို့က လက်ခုပ်တီးလိုက်ကြပြီး ကျောင်းသားအချို့ကလည်း လက်ခုပ်တီးချင်ကြသည့်တိုင် ကျန်းဟွေ့ဖန်၏ ဒေါသတကြီးမျက်နှာကို မြင်လိုက်ရသောကြောင့် လက်များကို အမြန်ပြန်ရုပ်သိမ်းလိုက်ကြသည်။

ပစ္စည်းများသိမ်းဆည်းပြီး ဓာတ်ခွဲခန်းမှ ထွက်ခွာလာသောအခါ ကျောင်းသားအချို့က တီးတိုးပြောဆိုလိုက်ကြသည်။

"မင်းတို့အားလုံး ဆရာမလင်းကို မဲပေးခဲ့ကြတာလား။ ဟောပြောပွဲအတွက် ဆရာမကျန်းကို မဲပေးမယ်လို့ ထင်ထားခဲ့တာ။"

"ဟောပြောပွဲက ဘာအကျိုးရှိမှာလဲ။ နေ့တိုင်း လေ့ကျင့်ခန်းတွေလုပ်ခိုင်းပြီး၊ မလုပ်ရမဲ့အရာတွေကို ပြောနေတာပဲဟာ။"

"ဟုတ်တယ်။ ဒါပေမဲ့ ဘာလို့ ဆရာမလင်းက ငါတို့ကို စာမသင်ပေးတာလဲ။ သူမသာသင်ပေးမယ်ဆိုရင် နေ့တိုင်း ဓာတုဗေဒအတန်းကို တက်ချင်တယ်။"

"ငါလည်းပဲ။ အတန်းရဲ့ ဒုတိယတစ်ဝက်မှာ လုံးဝကိုစိတ်မလွင့်တော့တာဟ။"

"ဆရာမလင်းကို မဲပေးတဲ့အတွက် ငါတို့တော့ အဆူခံရမှာ သေချာတယ်။ ဆရာမကျန်းက သူ့အရည်အချင်းနဲ့ ဘယ်လိုလုပ် ဆရာမဖြစ်လာလဲ မသိဘူး..."

ယှဉ်ပြိုင်မှုက ပျော်ရွှင်မှုကို ခိုးယူခြင်းပင်။ သူတို့က ကျန်းဟွေ့ဖန် မကောင်းသည်ကို သိခဲ့သော်လည်း ဒီအချိန်မတိုင်ခင်အထိ ဘယ်လောက်ဆိုးသလဲဆိုသည်ကို မသိခဲ့ကြပေ။ လင်းချောင်၏ သင်ခန်းစာကို ကြားပြီးမှသာ ကျန်းဟွေ့ဖန်၏ သင်ကြားမှုက ဘယ်လောက်ညံ့ဖျင်းသလဲဆိုသည်ကို သဘောပေါက်သွားကြတော့သည်။

သိပ်မဝေးသည့်နေရာတွင် စုန့်ကျင်းနှင့် နောက်ထပ် အလုပ်သင်ဆရာတစ်ဦးက ကျောင်းသားများ၏ စကားပြောသံကို ကြားလိုက်ရ၏။

အလုပ်သင်ဆရာက ခေါင်းမခါဘဲ မနေနိုင်တော့ပေ။ "တကယ်ကို စာကောင်းကောင်း သင်ဖို့လိုတာပဲ။"

သူက သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။ "ဆရာမလင်းက ထူးချွန်တယ်။ ခေါင်းဆောင်တွေကို အကြံပြုချက် ပေးနိုင်တာ အံ့သြစရာမရှိဘူး။ သူက ငါ့ထက်တောင် အသက်ငယ်သေးတယ်နော်။"

"သူမက အမြဲတမ်းစာသင်ကောင်းခဲ့ပါတယ်။"

စုန့်ကျင်းက တိုးတိုးလေး ပြောလိုက်ပြီး စကားလုံးများ သူမ၏နှုတ်မှ ထွက်သွားတော့မှ ဘာပြောလိုက်မိသလဲဆိုသည်ကို သဘောပေါက်သွားခဲ့သည်။ မဲပေးသည့်အချိန်တွင် သူမနှင့် အမျိုးသားအလုပ်သင်ဆရာလည်း မဲစာရွက်များ ရရှိခဲ့ကြပြီး သူမကလည်း လင်းချောင်ကို မဲပေးခဲ့သည်။ အမျိုးသားအလုပ်သင်ဆရာလည်း ထိုအတိုင်းဖြစ်မည်။

စုန့်ကျင်းက နှုတ်ခမ်းများကို ဖိထားပြီး ဘာမှထပ်မပြောတော့ပေ။ လင်းချောင် ဓာတ်ခွဲခန်းမှ ထွက်သွားသည်နှင့် ဂုဏ်ပြုနှုတ်ဆက်မှုများက လှိုင်းလုံးကြီးသဖွယ် ထွက်ပေါ်လာခဲ့သည်။

ဒုတိယနှစ် သိပ္ပံရုံးခန်းကို ပြန်ရောက်သည့်အခါ အဖွဲ့ခေါင်းဆောင်ကော၏ မျက်နှာကို ကြည့်လိုက်ရုံနှင့် လူတိုင်းက ရလဒ်ကို သိနေကြပြီဖြစ်သည်။

"မင်းတို့ မတွေ့လိုက်ရဘူး၊ ဒါပေမဲ့ သူမရဲ့ ကိုယ်ပိုင်ကျောင်းသားတွေက မဲပေးခဲ့ကြတာတောင် သူမက လေးမဲပဲ ရခဲ့တာ။"

အဖွဲ့ခေါင်းဆောင်ကောက ရုံးခန်းထဲဝင်လာပြီး ရေခွက်၏ တစ်ဝက်ကို မော့ချလိုက်ရင်း ကျေနပ်စွာ ပြောလိုက်သည်။

လင်းချောင်၏ လည်ချောင်းက စကားပြောရများသောကြောင့် ခြောက်သွေ့နေသည့်အတွက် ရေနွေးတစ်ငုံသောက်လိုက်ပြီးမှ ပြောလိုက်သည်။

"သူမက ကျောင်းသားတွေကို မဲပေးခိုင်းလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။"

"ဟုတ်တယ်။"

အဖွဲ့ခေါင်းဆောင်ကောက လုံးဝ နားမလည်နိုင်ဖြစ်နေခဲ့သည်။

"သူမက စာကိုဘယ်လောက်အထိ ကောင်းအောင်သင်နိုင်လဲဆိုတာ သူမဘာသာ သဘောမပေါက်ဘူးလား။"

"သူမ ကျောင်းသားတွေ သတ္တိရှိမှာ မဟုတ်ဘူးလို့ ထင်တာဖြစ်နိုင်တယ်။ ဒီနှစ်တွေအတွင်း သူမကို မိဘတွေ အများကြီး လာတိုင်ကြားခဲ့ကြပေမယ့် ဘာမှမဖြစ်ခဲ့ဘူးလေ။"

ကျန်းဟွေ့ဖန်က စာသင်ညံ့သည်ဆိုပြီး နာမည်ဆိုးထွက်နေသောကြောင့် သြဇာအရှိန်အဝါရှိသော မိဘများက သူတို့၏ ကလေးများကို လွန်ခဲ့သည့်နှစ်နှစ်အတွင်း အခြားအတန်းများထဲ ရွှေ့ပြောင်းပေးရန် စီစဉ်ခဲ့ကြသည်။ သူမ၏ အတန်းတွင် ကျန်ခဲ့သူများကတော့ မသိသောကြောင့်ဖြစ်စေ၊ ပြောရေးဆိုခွင့် အားနည်းသောကြောင့်ဖြစ်စေ ကျန်ခဲ့ကြခြင်းပင်။ သူမ၏ သင်ကြားရေးအဆင့် တိုးတက်မလာခဲ့သော်လည်း ဒေါသကတော့ အတော်ကို ကြီးလာခဲ့၏။

"သူမက ဘာမှဖြစ်လာမှာမဟုတ်ဘူး ထင်နေလို့ ဆင်ခြင်တုံတရားမရှိဘဲ ပြုမူနေတာလား။"

အဖွဲ့ခေါင်းဆောင်ကောက ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

"ဒီလိုသာဆက်လုပ်နေမယ်ဆိုရင် နောက်ပိုင်းကျ တစ်ခုခု ဖြစ်လာမှာပဲ။ ကျောင်းသားတွေနဲ့ မိဘတွေကလည်း လူမိုက်တွေ မဟုတ်ဘူးလေ။"

ဒီတစ်ကြိမ်တွင် ကျောင်းသားများ၏ တုံ့ပြန်မှုက အရင်ကထက် ပိုပြင်းထန်လာခဲ့သည်။ အထူးသဖြင့် ကျန်းဟွေ့ဖန်က အတန်းတစ်ဝက်နီးပါးကို ဆူပူကြိမ်းမောင်းပြီးနောက်တွင်ဖြစ်သည်။

လင်းချောင်နှင့်ကျိသော်တို့အတွက် ကြက်သွန်မြိတ်တစ်ဘူး လာပို့ပေးသော လျိုကွေ့ရင်းကလည်း ပြောခဲ့သည်။

"ဗိုလ်မှူးကြီးကျန့်၏ သမီးလေးက အိမ်ပြန်ရောက်လာပြီးကတည်းက ငိုနေတယ်။ ဆရာမကျန်းက စာသင်တာညံ့တယ်လို့ ပြောတယ်။ သူတို့က မင်းကို မဲပေးကြတာကို ဆရာမကျန်းက ဆူပူနေတော့ သူမအမေက ဒေါသထွက်နေတယ်တဲ့။"

ခြံဝင်းထဲတွင်တရုတ်ဆီးသီးများ ပေါများနေပြီး လင်းချောင်နှင့်ကျိသော်တို့က စားမကုန်နိုင်သောကြောင့် သူတို့ အလုပ်ခွင်များသို့ ယူသွားကြသလို အိမ်နီးချင်းများကိုလည်း ဝေမျှပေးခဲ့ကြသည်။

ချက်ပြုတ်ရာတွင် အတော်ဆုံးဖြစ်သည့် လျိုကွေ့ရင်းက လင်းချောင်နှင့် ကျိသော်တို့ အိမ်တွင်ဟင်းချက်မစားဘူးဆိုသည်ကို သိထားသောကြောင့် တုံ့ပြန်လက်ဆောင် အနေနှင့် အစားအသောက်များ ယူလာပေးခြင်းပင်။

ကျိသော်က ပစ္စည်းများကို မီးဖိုချောင်အထိ ကူသယ်ပေးခဲ့ပြီး သူမတို့စကားက်ို နားမလည်သောကြောင့် မေးလိုက်၏။

"လင်းချောင်ကို မဲပေးတယ်ဆိုတာက ဘာအတွက်လဲ။"

"တစ်ယောက်ယောက်က ရှောင်လင်းနဲ့ ဟောပြောပွဲအတွက် ပြိုင်နေတာလေ။ ရှောင်လင်းက မင်းကို မပြောပြဘူးလား။"

လင်းချောင်က တကယ်ပဲ သူ့ကို မပြောပြခဲ့ပေ။ ပြိုင်ဆိုင်မှုအကြောင်းတင်မကဘဲ ကျောင်းတွင် ဟောပြောပွဲလုပ်ရမည်ကိုပါ သူ့ကို မပြောပြခဲ့ပေ။ သို့သော်လည်း ကျိသော်က အစောပိုင်းကဲ့သို့ သံသယမဝင်တော့ဘဲ အခု ပိုပြီးတည်ငြိမ်နေပြီဖြစ်သည်။ သူက လင်းချောင်ကို တစ်ချက်ကြည့်လိုက်၏။

"သူမက အသေးစိတ်ကို မပြောပြခဲ့လို့ပါ။"

ထိုအကြည့်က နားမလည်နိုင်စရာဖြစ်ပြီး လင်းချောင်က ထိုအကြည့်ထဲမှပေးနေသည့် ရှင်းလင်းသည့်ခံစားချက်ကို ခွဲခြားမသိနိုင်ခဲ့ပေ။ သူမကတော့ ကျိသော်ကို မပြောပြခြင်းက ပြဿနာမဟုတ်ဟု ထင်နေ၏။ သူမ ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်သည့်ကိစ္စကို သူ့ကို ဘာလို့ သွားပြောနေရမည်လဲ။ ကပ္ပတိန်ကျိက အလုပ်များနေသည်မဟုတ်လား။

သူမ၏ အတွေးများကို ခန့်မှန်းနိုင်သော်လည်း သူမ၏ တုံ့ပြန်မှုကို မြင်လိုက်ရချိန်မှာတော့ ကျိသော် ရပ်တန့်သွားခဲ့သည်။

လျိုကွေ့ရင်းကတော့ ဒီစုံတွဲကြားက အခြေအနေကို သတိမထားမိဘဲ ဆက်ပြောနေ၏။ "ရှောင်လင်းကြောင့် သူတို့ကျောင်းမှာ ဓာတ်ခွဲခန်းဆောက်ဖြစ်တာ မဟုတ်ဘူးလား။ ဆောက်ပြီးတဲ့နောက် သူတို့က ဟောပြောပွဲစီစဉ်ပြီး အဆင့်မြင့်ခေါင်းဆောင်တစ်ယောက်လည်း လာမယ်လို့ပြောတယ်။ ကျောင်းက အရင်က ရှောင်လင်းကို ရွေးထားပေမဲ့ တစ်ယောက်ယောက်က မနာလိုစိတ်နဲ့ တိုင်လိုက်တာ..."

All Chapters