← Chapters

အခန်း (၈၁)

Vol. 7 Ch. 81

အခန်း (၈၁)

Vol. 7 Ch. 81

လျိုကွေ့ရင်းက ဒီအကြောင်းများကို ကျွင်းဇီထံမှ ကြားခဲ့ရခြင်းဖြစ်ပြီး ကျွင်းဇီကလည်း တခြားသူများထံမှ ပြန်ကြားခဲ့ခြင်းပင်။ သူမက သူမ၏ ရိုးသားသည့်ပုံစံအတိုင်း အားလုံးကို ပြန်ပြောပြလိုက်သည်။

ဆရာမကျန်းက လင်းချောင်ကို အခက်တွေ့အောင်လုပ်ပုံ၊ ဟောပြောပွဲအတွင်း သူမကို မျက်လုံးပြူးပြီး စိုက်ကြည့်ခဲ့ပုံ၊ လင်းချောင်က ဘာမှမဖြစ်ဘဲ သူမကသာ ဒုက္ခရောက်သွားပုံ၊ ကျောင်းသားများ မျက်ရည်ကျလောက်အောင် ထူးချွန်ကောင်းမွန်သည့် ဟောပြောပွဲတစ်ခုကို သူမကဘယ်လို လုပ်ခဲ့ပုံ စသည်တို့ကိုပါ ဖော်ပြပြောဆိုခဲ့သည်။

တကယ်တမ်းတော့ လင်းချောင်က ရှက်ရကောင်းမှန်း သိပ်မသိသူဖြစ်သည်။ သို့သော် ဒီလိုချဲ့ကားပြောပြချက်ကို ကြားပြီးနောက်မှာတော့ သူမ တွင်းတူးပြီးပုန်းနေချင်စိတ်ပါ ပေါက်သွားခဲ့တော့၏။

ကျိသော်ကတော့ တည်ငြိမ်စွာနှင့် ပြောလ်််ိုက်သည်။ "မင်းကို တိုင်ခဲ့တာက ဆရာမကျန်းလား။"

"မသိဘူး။" လင်းချောင်က ရိုးသားစွာ ပြန်ဖြေလိုက်၏။

"ကျွန်မ သက်သေတစ်ခုမှ မတွေ့ခဲ့ဘူး၊ ဒါပေမဲ့ ဒီအခွင့်အရေးအတွက် ကျွန်မနဲ့ သူမပဲ ပြိုင်နေခဲ့ကြတာ။"

ကျိသော် ဘာမှ ထပ်မပြောတော့ပေ။ လျိုကွေ့ရင်းကို ပြန်ပို့ပြီးနောက်မှာတော့ သူက စားပွဲကိုပြင်ရင်း မေးလိုက်၏။

"မင်း တမင်လုပ်ခဲ့တာလား။"

ဒီလူက လူတိုင်းကို တည့်တည့်စိုက်ကြည့်တတ်ပြီး သူ၏နက်ရှိုင်းသည့်မျက်လုံးများက အရာရာကို မြင်နိုင်စွမ်းရှိသည်ဟုပင် ခံစားရစေသည်။ သို့သော် လင်းချောင်ကတော့ သူ ဘယ်လောက်အထိ မြင်နိုင်သလဲဆိုသည်ကို မသိသောကြောင့် စားပွဲပေါ် မှီပြီး မျက်ခုံးကို ပင့်လိုက်ကာ ပြန်မေးလိုက်၏။

"ဘာကို ဆိုလိုတာလဲ။"

"အဲ့ဒီ ဆရာမကျန်းလေ။"

ကျိသော်က သူမကို တူယူပေးရင်း သူမ၏မျက်နှာကို စိုက်ကြည့်လိုက်၏။

"စာသင်တာ ဒီလောက် ညံ့နေတာကို ဘယ်သူမှ အရင်က သူမအကြောင်း မတိုင်ကြားဖူးကြဘူးလား။"

သူက မယုံနိုင်လောက်အောင် ထိုးထွင်းဉာဏ်ကောင်းသူဖြစ်ပြီး လင်းချောင်ရဲ့ ပိုနက်နဲသည့် ရည်ရွယ်ချက်ကို ချက်ချင်းခန့်မှန်းမိလိုက်၏။

လင်းချောင်က တကယ်ကို အလျှော့အတင်းများ အများကြီး လုပ်ခဲ့သည်။ စမ်းသပ်သင်ခန်းစာအတွက် ကိုယ်စားလှယ်လောင်းကို ပြန်ရွေးရန် သဘောတူခဲ့သလို၊ ကျန်းဟွေ့ဖန်ကဲ့သို့ အလယ်တန်းကို စာသင်ပေးခဲ့ပြီး၊ မသမာမှုရှိသည်ကို သိသည့်တိုင် ကျန်းဟွေ့ဖန်၏ ကျောင်းသားများကိုပဲ အသုံးပြုခဲ့သည်။ ဒါက ကျန်းဟွေ့ဖန်၏ အရည်အချင်းက ပိုဆိုးနေကြောင်း ပြသရန်နှင့် သူမကို အရှက်ရအောင်လုပ်ရန် သက်သက်တော့မဟုတ်။

သူမက ကျန်းဟွေ့ဖန်၏ ကျောင်းသားများကို စာသင်ခန်းထဲတွင် အခြားပုံစံတစ်မျိုးနှင့် စာသင်ကြားနိုင်သည်ဆိုသည်က်ို သိစေချင်ပြီး ကျန်းဟွေ့ဖန်ကဲ့သို့သော ဆရာများက ကျောင်းသားများကို ဆက်ပြီး လမ်းမှားသို့မပို့အောင် တားဆီးလိုခြင်းပင်။

လင်းချောင်က ထိုအမျိုးသားကို ကြည့်ပြီး ပြောလိုက်၏။ "ကျွန်မလုပ်တာ မှားတယ်လို့ ရှင်ထင်လား။"

သူမက ဒီလိုမေးနေသော်လည်း သူမ၏အကြည့်ကတော့ တည်ငြိမ်နေဆဲပင်။ သူမ မှားသည်ဟုလုံးဝ မခံစားရဘူးဆိုသည်မှာ ရှင်းနေ၏။

ထိုအမျိုးသားက မျက်ခုံးပင့်လိုက်၏။ "ကိုယ့်ကို စိတ်သဘောထား နူးညံ့တဲ့သူလို့ ထင်နေတာလား။"

သူ၏ တည်ကြည်လေးနက်ပြီး သင့်လျော်သည့် ပုံပန်းသဏ္ဍာန်၊ ခေတ်ဟောင်းဆန်သည့် ဟန်ပန်နှင့် လက်အောက်ငယ်သားများကို အထက်လူကြီးတစ်ယောက်ကဲ့သို့ စကားပြောလေ့ရှိသည့် အလေ့အကျင့်များကလည်း ဤသို့ထင်ရသည့် အကြောင်းရင်းများဖြစ်နေ၏။ သို့သော် သူ့မေးခွန်းက သူမ လုပ်ခဲ့သည်မှာ မမှားဘူးဟု သူ ယူဆကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြနေခဲ့သည်။

ဒီအချက်က လင်းချောင်ကို ပိုကောင်းမွန်သည့် ခံစားချက်ကို ပေးနိုင်ခဲ့၏။ အနည်းဆုံးတော့ သူမ၏ လက်တွဲဖော်က သူမကို ဆန့်ကျင်မနေပေ။ တစ်ခါတလေ၊ အချိန်အကြာကြီး အတူနေထိုင်ရသည့်သူများကြား အကြောက်ဆုံးအရာက တန်ဖိုးထားမှုများ ကွဲပြားနေမည်ကိုပင်။

သူမ၏ အရင်ဘဝက မိဘများဆိုလျှင်အမြဲတမ်း အလုပ်များနေကြပြီး ထိုင်ပြီး စကားပြောသည့်အချိန်ဆိုသည်မှာ ရှားပါး၏။ စကားပြောတိုင်းလည်း သဘောထားကွဲလွဲမှုနှင့်သာ အဆုံးသတ်ခဲ့သည်။

နှစ်ဦးစလုံးက ခိုင်မာသည့်စိတ်ဓာတ်ရှိကြပြီး ဘယ်သူကမှ အလျှော့မပေးကြသောကြောင့် နောက်ဆုံးတွင်တော့ သူတို့ ဘာအကြောင်းမှ မပြောဖြစ်ကြတော့ပေ။ တခြားပြဿနာများကို ရှောင်ရှားနိုင်သော်လည်း သူမ၏ ပညာရေးကိစ္စကတော့ အဓိကသဘောထားကွဲလွဲစရာ ဖြစ်ခဲ့သည်။

ဘယ် ပြင်ပလှုပ်ရှားမှုအတန်းကနေ စာသင်ယူသင့်သလဲဆိုသည်မှစ၍ ဘယ်ကျောင်း လျှောက်ထားသင့်သလဲဆိုသည်အထိ သူတို့က အမြဲတမ်း သဘောထားကွဲလွဲနေကြပြီး သူမကို သူတို့၏ ငြင်းခုံရာစစ်မြေပြင်အဖြစ် သဘောထားခဲ့ကြသည်။

လင်းချောင်ကလည်း စိတ်ဓာတ်ခိုင်မာသူပင်။ ဘယ်သူ့ကိုမှ အားမကိုးနိုင်တော့သည့်အတွက် သူမကိုယ်သူမသာ အားကိုးခဲ့ပြီး တက္ကသိုလ်နှင့် ဘွဲ့လွန်ကျောင်းအတွက် သူမ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချခဲ့သည်။ ဒီလူတွင် တန်ဖိုးထားမှုများကွဲပြားပြီး ထိန်းချုပ်လိုစိတ်လည်း ပြင်းပြနေသောကြောင့် အရာရာကို စီမံခန့်ခွဲချင်နေမည်ကို သူမ စိုးရိမ်ခဲ့မိ၏။

ကျောင်းအုပ်ကြီးကျန်းက ရက်အနည်းငယ်အတွင်းတွင် ပညာရေးဌာနသို့ ထပ်မံ ခေါ်ယူခြင်း ခံခဲ့ရပြန်သည်။

နှစ်ပတ်အတွင်းတွင် ကျောင်းအုပ်ကြီးကျန်းက နောက်တစ်ကြိမ် ပညာရေးဌာနသို့ ထပ်မံခေါ်ယူခံခဲ့ရသောကြောင့် အလွန်စိတ်ရှုပ်ထွေးနေ၏။ ပညာရေးဌာနမှဝန်ထမ်းများကလည်း စိတ်ပျက်နေကြပြီး သူ့ကို စာအိတ်အထပ်လိုက်ပေးရင်း ပြောလိုက်သည်။

"ကြည့်လိုက်ပါဦး။"

စာအိတ်က အထပ်လိုက်ဖြစ်ပြီးအနည်းဆုံး အစောင်သုံးဆယ်၊ လေးဆယ်ခန့်က ကျန်းဟွေ့ဖန်၏ စာသင်ကြားမှု ညံ့ဖျင်းသည့်အပေါ် တိုင်ကြားထားသည့်စာများ ဖြစ်နေခဲ့သည်။

"မိဘတွေမှာ သိသာထင်ရှားတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။ သူတို့က ရဲဘော်ကျန်းရဲ့ သင်ကြားမှုက မလုံလောက်ရုံတင်မကဘဲ၊ သူမက ကျောင်းသားတွေကို ကိုယ်ထိလက်ရောက်ရော၊ နှုတ်နဲ့ရော စော်ကားတယ်လို့လည်း တိုင်ကြားထားတယ်။ ခင်ဗျားတို့ကျောင်းက နိုင်ငံတော်ရဲ့ ပထမဆုံး ဓာတုဗေဒ ရှေ့ပြေးကျောင်းတွေထဲက တစ်ခုဖြစ်ပြီး လူအများရဲ့အာရုံစိုက်မှုကို ခံနေရတာ။ တစ်ယောက်ယောက်က မသင့်လျော်ဘူးဆိုရင် အဲ့ဒီလိုမျိုးး အရေးကြီးတဲ့ရာထူးမှာ မရှိနေသင့်ဘူး။"

ဒါက ရှင်းလင်းသည့် ညွှန်ကြားချက်တစ်ခုပင်။ တစ်ယောက်ယောက်က မသင့်တော်လျှင် အစားထိုးရမည်ဟူ၍ဖြစ်၏။ မိဘများစွာက တိုင်ကြားနေသူကို ထိုရာထူးတွင် ဆက်မထားရန် ပြောလိုက်ခြင်းပင်။

ကျောင်းအုပ်ကြီးကျန်း ဘာမှမပြောနိုင်တော့ဘဲ ရုံးခန်းထဲတွင် တစ်နေကုန်နီးပါးထိုင်နေခဲ့သည်။

နောက်တစ်နေ့မှာတော့ သူက ကျန်းဟွေ့ဖန်ကို ခေါ်ပြီး စကားပြောခဲ့၏။ သူမက ငိုယိုပြီးထွက်သွားကာ ရုံးခန်းတံခါးကို အကျယ်ကြီး ဆောင့်ပိတ်ခဲ့သေးသည်။

မကြာခင်မှာပဲ ဆရာ၊ ဆရာမ အားလုံးက ကျန်းဟွေ့ဖန်သည် စာသင်ကြားမှု ညံ့ဖျင်းသောကြောင့် တိုင်ကြားခံခဲ့ရပြီး သင်ကြားရေးရာထူးမှ ထောက်ပံ့ပို့ဆောင်ရေးရာထူးကို ပြောင်းရွှေ့ခံရလိမ့်မည် ဆိုသည်ကို သိလိုက်ကြ၏။ အလုပ်သင်ဆရာနှစ်ဦးက သူမ၏အတန်းနှစ်တန်းကို ခေတ္တတာဝန်ယူမည်ဖြစ်ပြီး နောက်နှစ် ပညာရေးကျောင်းသားများ ဘွဲ့ရပြီးပါက ဆရာအသစ်များကို တရားဝင် ခန့်အပ်သွားမည်ဖြစ်သည်။

ဆရာမကောင်းတစ်ဦး ဖြစ်ရမည့် ရာထူးမှ ထောက်ပံ့ပို့ဆောင်ရေးရာထူးအဖြစ် ပြောင်းသွားသောကြောင့်ကျန်းဟွေ့ဖန်ကတော့ ဒီရလဒ်ကို လုံးဝမကျေနပ်ပေ။ ထိုနေ့ကလည်း သူမကရုံးခန်းကို ပြန်မလာဘဲ၊ အိမ်ကို တန်းပြန်သွားကာ ကြိုးဆွဲချသတ်သေရန် ကြိုးစားခဲ့သည်ဟု သတင်းထွက်ခဲ့ပြီး၊ ကျောင်းအုပ်ကြီး ကျန်းအကြောင်း မကောင်းသည့်စကားများကိုလည်း အများကြီး လိုက်ဖြန့်ခဲ့သည်။

ယခင် မိဘများ တိုင်ကြားခဲ့တုန်းက ကျောင်းအုပ်ကြီးကျန်း အရေးတယူ မလုပ်ခဲ့သော်လည်း အခုလို အခြေအနေကို ဖုံးဖိထားလို့မရတော့သည့်အခါတွင်တော့ အပြောအဆိုခံရပြန်သည်။

ကျန်းဟွေ့ဖန် တံခါးကို ဆောင့်ပိတ်သွားသည့်အသံက ကျယ်လောင်လွန်းသည့်အတွက် ဘေးခန်းက ဒုကျောင်းအုပ်ကြီးချီတောင် လန့်နိုးသွားခဲ့ရ၏။ သူဝင်လာပြီး ကျောင်းအုပ်ကြီးကျန်း၏ မပျော်မရွှင်ဖြစ်နေသော မျက်နှာကိုမြင်ပြီး ခဏတာ တိတ်ဆိတ်သွားခဲ့သေးသည်။

"နောက်ပိုင်းကျရင် စာမေးပွဲတွေစစ်ပြီးမှ ခေါ်ကြတာပေါ့။"

ကျောင်းထဲကို ဝင်လာမည့် စစ်တပ်မိသားစုဝင်အားလုံး စာမေးပွဲ အရင်ဖြေဆိုရမည်။ မအောင်လျှင် အလုပ်မရဘူးဆိုပါက မိဘများစုပေါင်းတိုင်ကြားခြင်းမျိုးကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

ကျောင်းအုပ်ကြီးကျန်းက အချိန်အကြာကြီး စကားမပြောဘဲနေခဲ့ပြီး နောက်ဆုံးမှာတော့ သက်ပြင်းချလိုက်၏။

"ဒါဆိုလည်း စာမေးပွဲတွေ ကျင်းပရမှာပေါ့။ အဆင့်မြင့်ဌာနတွေကို ထပ်ပြီး သတင်းပို့တာမျိုးတော့ မဖြစ်စေချင်ဘူး။"

"ဒါနဲ့၊ ဟောပြောပွဲလုပ်မဲ့အချိန် သတ်မှတ်ပြီးပြီလား။"

ဒုကျောင်းအုပ်ကြီးချီက သူ့ကို စိတ်ဓာတ်မြှင့်တင်ပေးရန် ကြိုးစားရင်း မေးလိုက်၏။

ကျောင်းအုပ်ကြီးကျန်းလည်း အနည်းငယ်လန်းဆန်းလာပြီး ပြန်ဖြေလိုက်သည်။

"အင်း၊ မနေ့က သတ်မှတ်ပြီးပြီ။ နောက်လာမဲ့ ဗုဒ္ဓဟူးနေ့။ လင်းချောင်ကို အကြောင်းကြားဖို့ အချိန်မရသေးဘူး။"

"ဒါဆို မြန်မြန် သွားအကြောင်းကြားလိုက်ပါ။ သူမ ပြင်ဆင်လို့ရအောင်လို့ပေါ့။"

ကျောင်းအနေနှင့် ဒီဟောပြောပွဲအတွက် ပြင်ဆင်မှုအများကြီး လုပ်ခဲ့ရသည်။ သန့်ရှင်းရေး သေသေချာချာလုပ်ခြင်း၊ ကျောင်းသားစည်းကမ်းများကို တင်းကြပ်ခြင်းများပါ လုပ်ခဲ့ရ၏။ သို့သော် ကားပေါ်မှ ဆင်းလာသူများကို အဝေးမှလှမ်းမြင်လိုက်ရချိန်မှာတော့ ကျောင်းအုပ်ကြီးများ အံ့အားသင့်သွားကြတော့၏။

"ဒီလူကပါ ဘာလို့ရောက်လာတာလဲ။"

လာရောက်သူများက ရာထူးကြီးမားသူများ မဟုတ်သော်လည်း သူတို့၏ ရောက်ရှိလာမှုကတော့ အရေးပါနေဆဲပင်။ ကျောင်းအုပ်ကြီးများက သူတို့ကို လွန်ခဲ့သောနှစ်ရက်ခန့်က တီဗွီရုပ်သံလိုင်းပေါ် တွေ့ခဲ့ရသေးသည်။ သူတို့နှင့်အတူ ပညာရေးဝန်ကြီးဌာန၏ အကြီးအကဲနှင့် လက်ထောက်အကြီးအကဲတို့လည်း လိုက်ပါလာကြ၏။ ထိုပုဂ္ဂိုလ်သုံးဦးတည်းဆိုလျှင်တောင် မည်သည့်နေရာသို့သွားသွား လူအများ၏ အာရုံစိုက်မှုရရှိစေရန် လုံလောက်နေပြီဖြစ်သည်။

ယခင်က သူတို့သည် ပညာရေးဝန်ကြီးဌာနမှ တစ်စုံတစ်ယောက် သို့မဟုတ် ခေါင်းဆောင်တစ်ဦးဦးသာ လာရောက်နိုင်သည်ဟု စိတ်ကူးယဉ်ခဲ့ကြသော်လည်း ဤမျှလောက်အထိရာထူးကြီးမားသော အရာရှိများပါ လာရောက်လိမ့်မည်ဟုတော့ လုံးဝမမျှော်လင့်ထားခဲ့ပေ။

အံ့အားသင့်သွားပြီးနောက် ကျောင်းအုပ်ကြီးကျန်းက အသက်အငယ်ဆုံးနှင့် အလျင်မြန်ဆုံး အဖွဲ့ဝင်ကို ချက်ချင်း လက်တို့အချက်ပြလိုက်သည်။

"မင်းက အသက်ငယ်လို့ ပေါ့ပေါ့ပါးပါးဖြစ်တယ်။ မြန်မြန်သွားပြီး လင်းချောင် အသိပေးလိုက်ဦး။"

ရုတ်တရက်တွေ့လိုက်ရလျှင် လန့်ဖျပ်မသွားစေရန် အနည်းဆုံးတော့ ကြိုတင်သတိပေးထားမှဖြစ်မည်။

ထိုလူငယ် ပြေးထွက်သွားပြီးနောက် ကျောင်းအုပ်ကြီးကျန့်နှင့် အခြားအဖွဲ့ခေါင်းဆောင်များက ဧည့်သည်များကို သွားရောက်ကြိုဆိုခဲ့ကြသည်။

ဧည့်သည်များကလည်း အလွန်ရင်းနှီးဖော်ရွေပြီး နွေးထွေးစွာပြုံးနေခဲ့ကြသည်။

"ခင်ဗျားတို့ကျောင်းက ဆရာမတစ်ဦးက အကြံပြုခဲ့တာဖြစ်လို့၊ ခင်ဗျားတို့ကျောင်းကိုပဲ အရင်ဆုံး လာရောက်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တာပါ။ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး။ ပုံမှန်အတိုင်းပဲ ဆက်လုပ်ကြပါ။"

ပုံမှန်အတိုင်း ဘယ်သူက ဆက်လုပ်နိုင်တော့မည်လဲ။

လာရောက်သူများက ရာထူးကြီးမားသည့်အပြင် သူတို့ကျောင်းသို့ ပထမဆုံးအနေနှင့် လာရောက်ခြင်းဟူသော အချက်ကပင် ဂုဏ်ယူစရာကောင်းနေခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယန်ဒူတွင် အခြားနာမည်ကြီးသော အထက်တန်းကျောင်းများစွာ ရှိနေသောကြောင့်ပင်။

ကျောင်းအုပ်ကြီးကျန်းက သတိထား၍ ပြုံးကာနှုတ်ဆက်လိုက်၏။

"ကြိုဆိုပါတယ်ဗျာ၊ ကြိုဆိုပါတယ်။ ကျွန်တော်တို့ကျောင်းအတွက်တော့ ခင်ဗျားတို့ ဒီကို လာရောက်တယ်ဆိုတာက တကယ်ကိုကြီးမားတဲ့ ဂုဏ်ယူစရာပါပဲ။"

"ခင်ဗျားတို့ရဲ့ ဓာတ်ခွဲခန်းက ဘယ်မှာလဲ။"

လာရောက်သူတွင် စကားအများကြီးပြောနေရန် အချိန်မရှိသည်မှာ ထင်ရှားနေ၏။ သူက ပြုံးလျက်လမ်းလျှောက်ရင်း မေးလိုက်ခြင်းဖြစ်သည်။

ကျောင်းအုပ်ကြီးကျန်းနှင့် ဒုကျောင်းအုပ်ကြီးချီတို့က လျင်မြန်စွာ လမ်းပြခေါ်သွားခဲ့ကြပြီး သူတို့လူတစ်စုလုံးကလည်း စမ်းသပ်ဆောင်ရှိရာသို့ လိုက်ပါသွားခဲ့ကြသည်။

စမ်းသပ်ဆောင်သည် သာမန်ပုံစံသာဖြစ်ပြီး အပြင်ပန်းမှကြည့်ပါက သင်ကြားရေးဆောင်နှင့် ခွဲခြား၍မရပေ။ နံရံပေါ်တွင်တော့ "စဉ်ဆက်မပြတ် ရှာဖွေလေ့လာခြင်း၊ အသိပညာအတွက် ကြိုးပမ်းခြင်း" ဟူသောစာသားကို ရေးသားထားသည်။

လာရောက်သူက ဤစာတန်းကို နှစ်သက်ပုံရပြီး ခဏရပ်၍ကြည့်ရှုကာ မေးလိုက်၏။

"ဒါက ဘယ်သူရေးတာလဲ။"

"ကျွန်တော်တို့ကျောင်းရဲ့ ဒုကျောင်းအုပ်ကြီးချီယွမ်ပါ။"

ကျောင်းအုပ်ကြီးကျန်းက သူ့ဘေးမှ ဒုကျောင်းအုပ်ကြီးချီကို မိတ်ဆက်ပေးလိုက်သည်။

ဒုကျောင်းအုပ်ကြီးချီက သူ၏ မျက်မှန်ကို ပြင်ဆင်လိုက်ပြီး ပြန်ပြောလိုက်၏။

"နိုင်ငံတော်က ခွဲဝေချထားပေးတဲ့ငွေတွေကို အကျိုးရှိရှိအသုံးပြုရမှာဖြစ်လို့ ကျွန်တော်တို့ကိုယ်တိုင်ပဲ ရေးသားထားတာပါ။ အရေးအသားကတော့ သိပ်မကောင်းလှပါဘူး။"

"ကျွန်တော်ကတော့ ကောင်းတယ်လို့ ထင်တာပဲ။"

လာရောက်သူက ထိုသို့ပြောပြီး ထပ်မံကြည့်ရှုခဲ့ကာ အတွင်းသို့ဝင်သွားတော့သည်။

"စာရေးသားထားတာက ကောင်းပါတယ်။ ဒီထက် ပိုကောင်းတာက ကျောင်းသားတွေအတွက် လက်တွေ့ကျကျ လုပ်ဆောင်ပေးချင်တယ်ဆိုတဲ့ စိတ်ဓာတ်ပါပဲ။"

၎င်းသည် သိသာထင်ရှားသော ချီးကျူးစကားဖြစ်သည့်အတွက် ကျောင်းမှခေါင်းဆောင်အားလုံး သက်ပြင်းချကာ စိတ်သက်သာရာရသွားပြီး လာရောက်သူ၏ခြေလှမ်းအတိုင်း ဓာတုဗေဒဓာတ်ခွဲခန်းရှိရာသို့ အလျင်အမြန် သွားလိုက်ကြတော့သည်။

လင်းချောင်က အခန်းတွင်း၌ရှိနေပြီး သင်ခန်းစာအတွက် ပြင်ဆင်နေကာ စားပွဲတိုင်းရှိ ပစ္စည်းကိရိယာများနှင့် ဓာတ်ပြုပစ္စည်းများကိုလည်း တစ်ခုမှ မကျန်ခဲ့ရအောင် သေချာစစ်ဆေးနေခဲ့သည်။ မည်သူရောက်လာသည်ကို သိသော်လည်း သူမကတော့ စိတ်မလှုပ်ရှားနေခဲ့ပေ။

ပထမအချက်အနေဖြင့် သူမသည် စိန်ခေါ်မှုများနှင့်ကြုံရသောအခါ တည်ငြိမ်စွာနေတတ်သူဖြစ်ပြီး၊ ဒုတိယအချက်မှာ အဘိုးကျိကဲ့သို့ သမိုင်းဖတ်စာအုပ်များတွင် နာမည်ပါဝင်နေသူတောင် အိမ်တွင်တော့ သူ၏မြေးမလေးကို ထိန်းမနိုင်သောကြောင့်ပင်။ တည်ငြိမ်သောစိတ်ထားရှိခြင်းသည် အောင်မြင်မှု၏ အဓိကသော့ချက်ဖြစ်သည်။

စိတ်ရင်းမှန်ဖြင့် စိတ်နှစ်ကာ ပြင်ဆင်နေခြင်းလား၊ ဟန်ဆောင်နေခြင်းလားဆိုသည်ကို ဤအတွေ့အကြုံရှိသော ဧည့်သည်များက တစ်ချက်ကြည့်လိုက်ရုံနှင့် ခွဲခြားသိရှိနိုင်သည်။

ပညာရေးဝန်ကြီးဌာနတွင် ဟောပြောပွဲအတွက် တာဝန်ရှိသော ဆရာ၊ဆရာမများနှင့် စာသင်ခန်းများ၏ စာရင်းများရှိသည်။

"အကြံဉာဏ်ပေးခဲ့တဲ့ ဆရာမလင်းချောင်ဆိုတာက သူမလား။"

ကျောင်းအုပ်ကြီးကျန်းက ခေါင်းညိတ်လိုက်သည်။

"ထူးချွန်တဲ့ ရဲဘော်တစ်ဦးပဲ။" လာရောက်သူက မှတ်ချက်ပေးလိုက်ခြင်းပင်။

လင်းချောင်လည်း သူတို့ကို သတိပြုမိခဲ့ပြီဖြစ်သည့်အတွက် ယုံကြည်မှုရှိစွာဖြင့် နှုတ်ဆက်ရန်အတွက် လျှောက်လာခဲ့သည်။

ယနေ့တွင်တော့ သူမက ရိုးရှင်းသော အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားပြီး ဆံပင်ကို နောက်တွင်စု၍ သပ်ရပ်စွာစုစည်းချည်နှောင်ထားရာ သူမ၏ ပုံမှန် စူးရှထက်မြက်သောပုံစံကို ပိုမိုနူးညံ့သည့်ပုံပေါ်နေစေခဲ့သည်။ ငယ်ရွယ်သည်ဟု ထင်ရသော်လည်း သူမ၏ တည်ငြိမ်သော အမူအရာက လူအများအား သူမ၏ အသက်အရွယ်ကို လျင်မြန်စွာ မေ့လျော့သွားစေနိုင်ခဲ့သည်။

သူမသည် ဓာတုဗေဒ ဘာသာရပ်ကို သင်ကြားသူဖြစ်သောကြောင့် ကျောင်းအုပ်ကြီးကျန်းက ဓာတ်ခွဲခန်းနှင့် စားပွဲများပေါ်ရှိ ပစ္စည်းကိရိယာများကို မိတ်ဆက်ပေးရန် သူမအား တောင်းဆိုခဲ့သည်။

သူမက ဓာတ်ခွဲခန်းထဲရှိ အရာအားလုံးနှင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည့်အတွက် ရှင်းလင်းပြတ်သားစွာဖြင့် စနစ်တကျ ပြောပြနိုင်ခဲ့သည်။

ပညာရေးဌာန၏ လက်ထောက်အကြီးအကဲက ခေါင်းညိတ်ပြီး တီးတိုးရေရွတ်လိုက်သည်။

"သင်ကြားရေးအခြေခံ ခိုင်မာတာပဲ။"

ထိုလက်ထောက်အကြီးအကဲသည် သင်ကြားရေးရာထူးမှ တက်လာသူဖြစ်ပြီး ယခင်က နာမည်ကြီး တက္ကသိုလ်တစ်ခု၏ ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့ဖူးသောကြောင့် သူ၏ ချီးကျူးစကားမှာ အလွန်အရေးပါ၏။

ခဏတာ လှည့်လည်ကြည့်ရှုခဲ့ကြပြီးနောက် ခေါင်းလောင်းသံမြည်လာပြီး ကျောင်းသား၊ကျောင်းသူများက အရှေ့ဘက်တံခါးမှ ဝင်လာကြတော့သည်။

ဤဟောပြောပွဲအတွက် လင်းချောင်က သူမနှင့် ပိုရင်းနှီးကျွမ်းဝင်ပြီး ပိုပူးပေါင်းဆောင်ရွက်တတ်သော အတန်းလေးကို ရွေးချယ်ထားခဲ့သည်။ အစပိုင်းတွင်တော့ ခေါင်းဆောင်များစွာ နောက်ဘက်တွင်ထိုင်နေသဖြင့် ကျောင်းသား၊ကျောင်းသူများက စိတ်လှုပ်ရှားနေခဲ့ကြသည်။ အထူးသဖြင့် လီရှောင်ချို့ကဲ့သို့ စကားနည်းပြီး အရာအားလုံးကို ရှက်ကြောက်တတ်သူများပင်။

သို့သော် ဤစိတ်လှုပ်ရှားမှုက ခဏတာသာဖြစ်ပြီး မကြာမီမှာပဲ သူတို့၏အာရုံကို စားပွဲများပေါ်ရှိ စမ်းသပ်ပစ္စည်းကိရိယာများက ဆွဲဆောင်သွားတော့သည်။ သူတို့သည် စမ်းသပ်မှုများကို လင်းချောင်နှင့် အရင်ကတည်းက လုပ်ဖူးခဲ့ကြသည့်အတွက် သူမက စမ်းသပ်မှု၏ လုပ်ငန်းစဉ်နှင့် အသုံးပြုပုံကို မရှင်းပြမီအချိန်အထိ ပစ္စည်းကိရိယာများနှင့် ဓာတ်ပြုပစ္စည်းများကို မထိရဘူးဆိုသည်ကို သိထားနှင့်ပြီးသားဖြစ်သည်။

ကျောင်းသား၊ကျောင်းသူ သုံးဦးစီပါ ဝင်သောအုပ်စုများက ဓာတ်ခွဲခန်းစားပွဲများ၏ နောက်မှ ကုလားထိုင်များပေါ်တွင် ထိုင်နေကြပြီး သူတို့၏ မျက်လုံးများသည်လည်း မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် အရောင်တောက်ပနေခဲ့သည်။

"ခင်ဗျားတို့ရဲ့ ဆရာမလင်းက ကျောင်းသား၊ကျောင်းသူတွေကို ကြိုတင်လေ့ကျင့်ပေးထားတာတော့ မဟုတ်ပါဘူးနော်။"

ပညာရေးဝန်ကြီးဌာန၏ လက်ထောက်ခေါင်းဆောင်က ကျောင်းအုပ်ကြီးကျန်းအား တီးတိုးမေးလိုက်ခြင်းပင်။

ထိုစကားကို ကြားလိုက်ရသောအခါ အခြားသူများလည်း လှည့်ကြည့်လာကြ၏။

သူက တိုးတိုးလေး ရှင်းပြလိုက်သည်။

"ပုံမှန်ဆိုရင်တော့ ဒီလို လူသိရှင်ကြား ဟောပြောပွဲတွေလုပ်ရင် ဘာပြဿနာမှမရှိရအောင် လုပ်ငန်းစဉ်ကို ကြိုတင်လေ့ကျင့်ထားလေ့ရှိတယ်။"

ယုံကြည်မှုရှိပြီး အတွေ့အကြုံရှိသည့် ဆရာ၊ဆရာမများက လုပ်ငန်းစဉ်ကို လေ့ကျင့်နိုင်သော်လည်း ယုံကြည်မှုနည်းသူများကတော့ စမ်းသပ်သင်ကြားမှုများတောင် လုပ်တတ်သေးသည်။ သို့သော် လင်းချောင်ကတော့ ဒီနှစ်ခုစလုံးကို မလုပ်ခဲ့။ စမ်းသပ်သင်ကြားမှုနှင့် လေ့ကျင့်မှုတို့က ကျောင်းသားများ၏ မျှော်လင့်ချက်ကို အနည်းငယ် လျော့ကျစေသည်။ လင်းချောင်၏ အတန်းသားများက လက်တွေ့လုပ်ဆောင်ရန် စိတ်အားထက်သန်ပြီး အဆင်သင့်ဖြစ်နေကြသည်။

သူမအတန်းသားများ၏ မျှော်လင့်ချက်အပြည့်နှင့်ပုံစံကို ကြည့်ခြင်းအားဖြင့် သူမက ပုံမှန်ဆိုလျှင်လည်း စာကိုကောင်းကောင်းသင်ကြားလေ့ရှိသည်ဆိုသည်မှာ ရှင်းနေ၏။ သို့သော် ကြိုတင်မလေ့ကျင့်ဘဲနေသည်ကတော့ အတော်လေး ရဲရင့်ရာရောက်၏။

စာသင်ချိန်စရန် ခေါင်းလောင်းသံမြည်လာပြီး လင်းချောင် သင်ခန်းစာစတင်သင်ကြားချိန်တွင် သူတို့က သူမ၏ ယုံကြည်ချက်အပြည့်ရှိသောပုံစံသည် ရဲရင့်ခြင်းသက်သက်သာမဟုတ်ကြောင်း သိရှိခဲ့ကြရသည်။

All Chapters