← Chapters

အခန်း (၈၂)

Vol. 7 Ch. 82

အခန်း (၈၂)

Vol. 7 Ch. 82

စင်မြင့်ပေါ်တွင် ရပ်နေသော သူမက ပစ္စည်းကိရိယာများကို စစ်ဆေးနေစဉ်ကထက် ပိုယုံကြည်မှုရှိနေပြီး သူမ၏ သင်ကြားမှုပုံစံမှာလည်း အလွန်ပေါ့ပါးလှသည်။ ဤပေါ့ပါးမှုသည် သင်ခန်းစာ၏ အကြောင်းအရာကို နားလည်လွယ်စေရုံသာမက သင်ကြားမှု၏ စည်းချက်ကိုလည်း လုံးဝ ထိန်းချုပ်နိုင်စေခဲ့သည်။ ကျောင်းသားများ၏ စိတ်ခံစားချက်နှင့်အာရုံကို မည်သို့ဆွဲဆောင်ရမည်ကို သူမ ကောင်းကောင်းသိရှိထားပြီး သူမ၏ အတန်းထဲတွင် မည်သည့် ကျောင်းသား၊ကျောင်းသူတစ်ဦးမှ အာရုံပျံ့လွင့်ခဲ့ခြင်းမျိုး မရှိပေ။

ဤသည်မှာ အလွန်ရှားပါး၏။ တစ်သက်လုံး စာသင်ကြားနေခဲ့သော ဆရာများပင်လျှင် တစ်ခါတလေ ပျင်းရိသွားလောက်အောင် စာသင်ကြားတတ်သည်။

ကျောင်းသားများ စတင်၍စမ်းသပ်မှုများ ပြုလုပ်ကြသောအခါ နောက်ဘက်တွင် ခေါင်းဆောင်များရှိနေသည်ကိုပင် မေ့သွားကြပြီး စိတ်ဝင်တစားနှင့် စိတ်အားထက်သန်စွာ ပြုလုပ်နေကြတော့သည်။

"သင်ခန်းစာကို ကောင်းကောင်းသင်ကြားနိုင်တယ်၊ ဓာတ်ခွဲခန်းကလည်း ကောင်းကောင်းတည်ဆောက်ထားတာပဲ။"

ကျောင်းသားများ သူတို့၏ ပထမဆုံး စမ်းသပ်မှုကို ပြီးစီးသွားပြီးနောက် လာရောက်သူက မတ်တတ်ရပ်၍ ပြုံးကာ ပြောလိုက်သည်။ သူ၏ လက်ထောက်အကြီးအကဲက သူ့တွင် တခြားကိစ္စများရှိနေပြီး ဤသင်ခန်းစာတစ်ဝက်ကို နားထောင်ရန် တမင်သက်သက် အချိန်ယူခဲ့ရခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။ သူ၏ အလုပ်များသော အချိန်ဇယားများကြားမှ ဤသင်ခန်းစာကို တစ်ဝက်လောက် နားထောင်ရန် အချိန်ပေးခဲ့ခြင်းသည်လည်း လေးစားချီးကျူးဖွယ် ကောင်းနေခဲ့သည်။

ကျောင်းမှခေါင်းဆောင်များက ချက်ချင်းထရပ်၍ သူ့ကို လိုက်ပို့ဆောင်ရန် ကြိုးစားလိုက်သော်လည်း ထိုသူက လက်ကာပြလိုက်သည်။

"ခင်ဗျားတို့ ဆက်နားထောင်နေကြပါ။ ကျောင်းသားတွေကို အနှောင့်အယှက် မပေးပါနဲ့။"

လင်းချောင်ကတော့ စမ်းသပ်မှု၏ ရလဒ်များကို စစ်ဆေးကာ ကျောင်းသားများ၏ လုပ်ဆောင်မှုပေါ်မူတည်၍ ချီးမွမ်းခြင်း၊ လမ်းညွှန်ပေးခြင်းများ ပြုလုပ်နေခဲ့သည်။ သူမက လာရောက်သူကို မြင်သောအခါ ထိုသူရှိရာသို့ လျှောက်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ လာရောက်သူက ခဏရပ်၍ လင်းချောင် ရောက်လာသည်ကို စောင့်ဆိုင်းပြီး စကားအနည်းငယ်ပြောကာ အားပေးခဲ့သည်။

"ဗိုလ်ချုပ်ကြီးကျိရဲ့ ကျန်းမာရေးအခြေအနေရော ဘယ်လိုလဲ။"

ထိုလာရောက်သူက သူမတို့၏ အဘိုးကျိကို အမှန်တကယ် သိရှိနေခဲ့သည်။

သူမက ပိုမိုရိုသေသောလေသံနှင့် ပြောလိုက်၏။

"အဖေ ကျန်းမာပါတယ်။ သွေးတိုးနည်းနည်းရှိတာကလွဲလို့ပေါ့။ ဒါပေမဲ့ အမေတော့ အမြဲစောင့်ကြည့်နေပါတယ်၊ အငန်ဓာတ်များတဲ့ အစားအသောက်မျိုးတွေလည်း သိပ်မစားခိုင်းပါဘူး။"

"သူ့အတွက်တော့ ခက်ခဲမှာပေါ့။"

လာရောက်သူ၏ မျက်လုံးများမှာ နက်ရှိုင်းသော အရေးအကြောင်းများဖြင့် တွန့်လိမ်လျက်ရှိသည်။

"သူက တောင်ပေါ်မှာ ငှက်ဖမ်းတာ၊ မြစ်တွေထဲမှာ ငါးဖမ်းရတာကို အရမ်းနှစ်သက်ခဲ့တာ။"

ဤစကားအနည်းငယ်ကို ပြောပြီးနောက် လာရောက်သူသည် သူ၏ နောက်လိုက်များနှင့်အတူ ထွက်ခွာသွားတော့သည်။ ခဏအကြာတွင် ပညာရေးဝန်ကြီးဌာန၏ အကြီးအကဲခေါင်းဆောင်သည်လည်း ထွက်ခွာသွားခဲ့ပြီး လက်ထောက်အကြီးအကဲနှင့် အခြားသူများသာ အဆုံးထိနားထောင်ရန် ကျန်နေခဲ့သည်။

ဤပုဂ္ဂိုလ်တွင် စာသင်ကြားမှု အတွေ့အကြုံများစွာရှိပြီး စကားပြောသည့်အခါတိုင်းတွင်လည်း အချက်ကျကျ ပြောဆိုလေ့ရှိသည်။ လင်းချောင် ထိုသူနှင့် စကားပြောဆိုခဲ့ရာ စိတ်ဝင်စားစရာကောင်းခဲ့ရုံသာမက စကားဝိုင်းထဲမှ အသိပညာများစွာကိုလည်း သင်ယူခဲ့ရသည်။

တစ်ဖက်လူသည်လည်း စကားပြောဆိုမှုကို အတော်လေး စိတ်ဝင်စားခဲ့သည့်တိုင် အချိန်များများမရသောကြောင့် မကြာမီမှာပဲ ပြန်ရန် ပြင်ဆင်ခဲ့သည်။ မထွက်ခွာမီတွင် ထိုသူက ရွှီလီအကြောင်း ပြောဆိုခဲ့ပြီး ရွှီလီသည် ဆရာမကောင်းတစ်ဦးဖြစ်ပြီး အလွန်ထူးချွန်သူဖြစ်သည့်တိုင် ကံမကောင်းစွာဖြင့် သူမ၏မိသားစုအတွက် အနစ်နာခံမှုများစွာ ပြုခဲ့ရကြောင်း ပြောပြခဲ့သည်။ သူမသာ ဆက်လက်ပညာသင်ကြားခွင့် ရခဲ့မည်ဆိုလျှင် ဆရာအတတ်သင် တက္ကသိုလ်သို့ ဝင်ခွင့်ရနှင့်ပြီးဖြစ်လိမ့်မည်ဟုလည်း ဆိုခဲ့သေးသည်။

ဤသို့စကားပြောဆိုမှုသာ မရှိခဲ့ပါက လင်းချောင်သည် အဘိုးကျိနှင့် ရွှီလီတို့တွင် အသိအကျွမ်းများစွာရှိကြောင်း သိရှိခဲ့မည်မဟုတ်ပေ။ ထို့ကြောင့်လည်း ကျန်းဟွေ့ဖန်က သူမကို လှောင်ပြောင်သရော်သည့်အခါတိုင်း သူမ၏ ယောက္ခမများအကြောင်း ထည့်ထည့်ပြောနေခြင်း ဖြစ်သည်။

မြို့တော်ပညာရေးဝန်ကြီးဌာနမှ လူများမှာ နောက်ဆုံးမှ ထွက်ခွာသူများ ဖြစ်ကြသည်။ အစောပိုင်းက ရာထူးကြီးခေါင်းဆောင်များ ရှိနေသောကြောင့် သူတို့အတွက် စကားပြောဆိုရန် အခွင့်မသာခဲ့ပေ။ ယခုအချိန်မှသာ သူတို့က ကျောင်းအုပ်ကြီးကျန့်နှင့် ဒုကျောင်းအုပ်ချီတို့ကို သေသေချာချာ စကားပြောဆိုနိုင်ခဲ့ကြသည်။

"ခင်ဗျားတို့က တကယ် ကံကောင်းတာပဲ။ တချို့တက္ကသိုလ်တွေရဲ့ တွဲဖက်အထက်တန်းကျောင်းတွေကိုတောင် မလည်ပတ်ခဲ့ဘဲ သူတို့က ခင်ဗျားတို့ဆီကို အရင်လာခဲ့ကြတာ။"

အမြဲတမ်း သတိထားနေထိုင်တတ်သော ကျောင်းအုပ်ကြီးကျန်းကတော့ အနည်းငယ် မယုံကြည်နိုင် ဖြစ်နေဆဲပင်။

"ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုက ဘယ်လိုလဲ။ ကျွန်တော်တို့ ဘာအမှားမှမလုပ်ခဲ့မိဘူး မဟုတ်လား။"

"ဒါကို အမှားလုပ်မိတယ်လို့သာခေါ်ရင် သူတို့က ဆယ်မိနစ်တောင် နားထောင်မှာ မဟုတ်ဘဲ ဒီအတိုင်း ပြန်သွားကြမှာပေါ့။ သူတို့က ခင်ဗျားတို့ရဲ့ သင်ကြားပို့ချမှုတွေကို နားထောင်နေဖို့အတွက် အချိန်အားတယ်လို့ ထင်နေတာလား။"

မြို့တော်ပညာရေးဝန်ကြီးဌာနမှ လူများသည် သူတို့နှင့် အတော်လေး ရင်းနှီးသောကြောင့် ပေါ့ပေါ့ပါးပါးသာ စကားပြောဆိုခဲ့ကြသည်။

ဤအချိန်တွင် ကျောင်းသားအများစုသည် စာသင်ခန်းများသို့ ပြန်လည်ရောက်ရှိနေကြပြီဖြစ်ပြီး လင်းချောင်နှင့် အတန်းခေါင်းဆောင်များ၊ အခြားကိုယ်စားလှယ်အနည်းငယ်လောက်သာ ဓာတ်ခွဲခန်းကို သန့်ရှင်းရေးလုပ်ရန် ကျန်ရစ်ခဲ့သည်။ ကျောင်းအုပ်ကြီးကျန်းနှင့် ဒုကျောင်းအုပ်ချီတို့သည် ဧည့်သည်များကို ကျောင်းဂိတ်ဝအထိ လိုက်ပို့ခဲ့ကြသည်။

ရုတ်တရက် ဒုကျောင်းအုပ်ချီက ပြောလိုက်၏။

"ဘွဲ့ကြိုမရထားသေးပေမဲ့ ထူးချွန်တဲ့ လက်ရှိဝန်ထမ်းတွေက မဟာဘွဲ့ကို တိုက်ရိုက် လျှောက်ထားနိုင်တယ်ဆိုပြီး ကျွန်တော် မှတ်မိနေပါတယ်။"

မည်သူကမျှ သူ ဤသို့မေးမြန်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ပညာရေးဝန်ကြီးဌာနမှ လူများလည်း မမျှော်လင့်ခဲ့သလို ကျောင်းအုပ်ကြီး ကျန်းလည်း အံ့အားသင့်သွားခဲ့ရသည်။

ဒုကျောင်းအုပ်ချီက ရှင်းပြလိုက်သည်။ "ဘွဲ့ကြိုမရသေးပေမဲ့ အသိပညာ အဆင့်အတန်းတူညီနေတဲ့ ထူးချွန်တဲ့ လက်ရှိဝန်ထမ်းတွေကို သူတို့ရဲ့ ဌာနတွေကနေတဆင့် မဟာဘွဲ့အတွက် တိုက်ရိုက် လျှောက်ထားနိုင်တယ်ဆိုပြီး နိုင်ငံတော်က မူဝါဒချထားပါတယ်။ ကျွန်တော်တို့ကျောင်းက ဆရာမ လင်းချောင်မှာ ပညာဆက်သင်ဖို့ အစီအစဉ်တွေရှိပါတယ်။ သူမက ဒီသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်လို့ ထင်လား။"

ကျောင်းအုပ်ကြီးကျန်းလည်း ဤအကြောင်းကိုသိရှိသွားပြီးနောက် ထပ်မံပြောကြားလိုက်သည်။

"သူမရဲ့ ပညာအရည်အချင်းအဆင့်အတန်းက တက္ကသိုလ်ဘွဲ့ရတစ်ယောက်ထက် မနိမ့်နေပါဘူး။ သူမအတွက် လေးနှစ်ကြာအချိန်ပေးရမဲ့ ဘွဲ့ကြိုသင်တန်းကို တက်ရောက်ရမယ်ဆိုတာက အရည်အချင်းရော အချိန်ကိုပါ ဖြုန်းတီးရာ ရောက်သွားပါလိမ့်မယ်။"

လင်းချောင်၏ ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအဆင့်အတန်းမှာ သူမ၏မျက်နှာနှင့် အသက်အရွယ်ကိုသာ ဖုံးကွယ်ထားမည်ဆိုလျှင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသည့် ဝါရင့်ဆရာမတစ်ဦးဟု လူအများက ယုံကြည်ကြလောက်မည့် အနေအထားမျိုးဖြစ်သည်။

သို့သော် ပညာရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်ကတော့ တုံ့ဆိုင်းသွား၏။

"သူမက အတော်လေး အသက်ငယ်ပုံပေါ်တယ်။ စာသင်ကြားမှု အတွေ့အကြုံ ဘယ်နှစ်နှစ် ရှိပြီလဲ။"

စာသင်ကြားမှု အတွေ့အကြုံနှင့် ပတ်သက်၍ မေးမြန်းသည်ကို ကြားသောအခါ ကျောင်းအုပ်ကြီးကျန်းက ဤကိစ္စသည် မလွယ်ကူကြောင်း သိရှိသော်လည်း ရိုးသားစွာပဲ ပြန်ဖြေလိုက်သည်။

"ခြောက်လပဲ ရှိပါသေးတယ်။"

ကိစ္စကိုစတင်ပြောဆိုခဲ့သည့် ဒုကျောင်းအုပ်ချီက အသေးစိတ် ရှင်းပြလိုက်သည်။

"သူမက ကျောင်းမှာ ခြောက်လပဲ ရှိသေးပေမဲ့ သူမရဲ့စွမ်းဆောင်မှုတွေကတော့ သိသာထင်ရှားပါတယ်။ သူမက ခေါင်းဆောင်တွေကို အကြံဉာဏ်တွေ ပေးနိုင်ရုံသာမက စာလည်း ကောင်းကောင်းသင်ကြားနိုင်ပြီး ကျောင်းသားတွေကလည်း သူမကို ချစ်ခင်ကြပါတယ်။ သူမက တကယ်ကိုရှားပါးတဲ့ ထူးချွန်သူတစ်ယောက်ပါ။"

"အဲ့ဒါတော့ မှန်ပါတယ်။ ဒါပေမဲ့ ခြောက်လဆိုတဲ့အချိန်က အရမ်းတိုနေတယ်။ နောက်နှစ်ဆိုရင်တောင် ခင်ဗျားတို့ရဲ့ ထောက်ခံချက်ကို အတည်ပြုဖို့က ခက်ခဲနေဦးမယ်။ ဒီလိုကလွဲရင်ပေါ့..."

"ဘယ်လိုကလွဲရင်လဲ။

"ဘယ်လိုကလွဲရင်လဲ။"

ကျောင်းအုပ်ကြီးကျန်းနှင့် ဒုကျောင်းအုပ်ချီတို့ တစ်ပြိုင်နက်တည်း ပြောလိုက်ကြပြီး၊ လင်းချောင် မဟာဘွဲ့အတွက် တိုက်ရိုက် လျှောက်ထားနိုင်မည့် အခွင့်အလမ်းအတွက် နှစ်ယောက်လုံး၏ စိတ်ပူပင်မှူမှာထင်ရှားနေသည်။

ပညာရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

"ထူးခြားတဲ့ အောင်မြင်မှု တစ်ခုခု ရှိထားမှ ဖြစ်နိုင်လိမ့်မည်။ ကျွန်တော်ပြောချင်တာက ခေါင်းဆောင်တွေကို အကြံဉာဏ်ပေးတာမျိုးကို မဟုတ်ဘူးနော်။ တီထွင်မှု၊ ဖန်တီးမှု၊ ဒါမှမဟုတ် ဆုတံဆိပ်တွေရထားတာလိုမျိုး ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်မျိုးတွေကို ပြောတာပါ။ ဘာပဲဖြစ်ဖြစ်၊ မဟာဘွဲ့ကို ထူးထူးခြားခြား တိုက်ရိုက်ဝင်ခွင့်ရတဲ့သူတွေက ပုံမှန်ဆိုရင်လည်း ဆရာအတတ်သင်ကျောင်းတွေက မဟုတ်ကြဘူးလေ။"

ဒီအရာက တကယ်တော့ မှန်သည်။ လင်းချောင်သည် ဘွဲ့ရရန် လျှောက်ထားလိုခြင်းဖြစ်ပြီး ဆရာအတတ်သင်ကျောင်းကို လျှောက်ထားစရာ လိုချင်မှလိုလိမ့်မည်။ ရှင်းရှင်းပြောရလျှင် လင်းချောင်က အသက်ငယ်လွန်းပြီး အလုပ်ဝင်သက်ကလည်း အလွန်တိုတောင်းနေသေးသည်။

အထက်တန်းကျောင်းဆင်း အများစုပင်လျှင် သူမ အသက်အရွယ်ဝန်းကျင်ဖြစ်နေသောကြောင့် သူမအနေနှင့် အဆင့်ကျော်ပြီး မဟာဘွဲ့ကို လျှောက်ထားရန်က ခက်ခဲနေခဲ့သည်။

ကျောင်းအုပ်ကြီးကျန်းနှင့် ဒုကျောင်းအုပ်ကြီးချီတို့တွင် အခြားရွေးချယ်စရာ မရှိသောကြောင့် ဤကိစ္စကို ခေတ္တခဏဘေးဖယ်ထားကာ ပညာရေးဝန်ကြီးဌာနမှဧည့်သည်များကို အရင် လိုက်လံပို့ဆောင်ခဲ့ရသည်။

သို့သော်လည်း ဤဟောပြောပွဲကတော့ အောင်မြင်မှုရရှိခဲ့သည်မှာ ထင်ရှား၏။ ရက်အနည်းငယ်အတွင်းတွင် ပညာရေးဝန်ကြီးဌာနဘက်မှ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ကျောင်း၏နာမည်ကို ဖော်ပြ ချီးကျူးခဲ့ရုံသာမက ပညာရေးစနစ်အကြောင်းရေးသားသော သတင်းစာတွင်ပါ ပါဝင်ခဲ့သေးသည်။ သူတို့ကျောင်းကဲ့သို့သော ကျောင်းငယ်လေးတစ်ခုအတွက် ဤသည်မှာအသိအမှတ်ပြုခံရသည့် ရှားပါးအခိုက်အတန့်တစ်ခုဖြစ်သည်။

ကျောင်းအုပ်ကြီးကျန်းသည် သတင်းစာပါဆောင်းပါးကို ဖြတ်ယူကာ သေချာဂရုတစိုက်သိမ်းဆည်းထားပြီး၊ အစည်းအဝေးတစ်ခုတွင် လင်းချောင်ကို နာမည်တပ်၍ ချီးကျူးခဲ့သည်။

ကျန်းဟွေ့ဖန် မရှိတော့သည့်အခါ အစားထိုးဝင်ရသော အလုပ်သင်ဆရာနှစ်ဦးစလုံးက အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပြီး၊ အစည်းအဝေး တက်ရောက်သူများကြားတွင် မကြုံစဖူး ကောင်းမွန်သောအနေအထားနှင့် စိတ်ထားညီညွတ်မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။

အစည်းအဝေးအပြီးတွင် အဖွဲ့ခေါင်းဆောင်ကောက ပြောလိုက်၏။

"အဲ့ဒီ အလုပ်သင်ဆရာနှစ်ယောက်ကလည်း စာသင်တာ တော်တော်ကောင်းတယ်တဲ့။"

ဤသည်မှာ အနည်းငယ် ပြက်ရယ်ပြုစရာ ဖြစ်နေခဲ့သည်။ လင်းချောင်သည် ကျန်းဟွေ့ဖန်ထက် သာလွန်နေခဲ့သည်သာ။ အဖွဲ့ခေါင်းဆောင်ကောကိုပင်လျှင် စိန်ခေါ်နိုင်သည့်အနေအထားတွင်ရှိခဲ့သည်။ သို့သော် ကျန်းဟွေ့ဖန်ကတော့ အလုပ်သင်ဆရာအသစ်နှစ်ဦးက်ိုတောင် မယှဉ်နိုင်ခဲ့ပေ။

ကျောင်းတွင် ဆရာမအင်အား လိုအပ်နေပါက သူမသည် တစ်နှစ်ခန့် ယာယီပြန်လာနိုင်မည့် နည်းလမ်းကိုရှာနိုင်ဦးမည်။ ထိုအချိန်အတွင်း သူမ၏ အဆင့်အတန်းကို တိုးတက်အောင် လုပ်နိုင်ခဲ့လျှင် ဤကိစ္စသည် ဤမျှလောက်နှင့် ပြီးဆုံးသွားနိုင်သည်။ သို့သော် ယခုတွင်မူ အလုပ်သင်ဆရာနှစ်ဦးပင်လျှင် သူမထက် ပိုကောင်းမွန်စွာ သင်ကြားနိုင်ကြသည့်အတွက် မိဘများက သူမကိုပြန်မခေါ်ရန် ကျောင်းအပေါ် ဖိအားပေးကြမည်မှာ သေချာသည်။

ကျန်းဟွေ့ဖန်သည် အမှန်တကယ်ပင် မထွက်ခွာမီက အတော်လေး အသံကျယ်ခဲ့သော်လည်း ရက်အနည်းငယ်အတွင်း တိတ်ဆိတ်သွားခဲ့သည်။ နောက်ထပ် ရက်အနည်းငယ်အကြာတွင် သူမသည် ထောက်ပံ့ပို့ဆောင်ရေးဌာနသို့ တိတ်တဆိတ် သွားရောက် အစီရင်ခံခဲ့သည်။ ဤသည်မှာ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ဓာတုဗေဒ မသင်ကြားရသော အတန်းသုံး၏ အတန်းပိုင်ဆရာကပြောလိုက်၏။

"သူမရဲ့ခင်ပွန်းက တော်တော်စွမ်းတယ်ဆို။ သူက သူမကို ပြန်မခေါ်နိုင်ဘူးလား။"

ယခင်က ကျောင်းမှ ကျန်းဟွေ့ဖန်ကို မရွှေ့ပြောင်းခဲ့ခြင်းမှာ ကျောင်းအုပ်ကြီးကျန်းက စိတ်ထားနူးညံ့ပြီး ရှိရင်းစွဲဝန်ထမ်းများကို ကာကွယ်လိုသူ ဖြစ်သည့်အပြင် စစ်မှုထမ်းမိသားစုဝင်များကို ရွှေ့ပြောင်းရန်ကလည်း ခက်ခဲသောကြောင့် ဖြစ်သည်။

ရာထူးလျှော့ချခံရခြင်းနှင့် ဝေဖန်ခံရခြင်းတို့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးသဖြင့် သူသည် အလွန်သတိကြီးစွာ ထားတတ်ပြီး ထိုစိတ်ထားကြောင့်ပဲ သူ့ကို တုံ့ဆိုင်းပြီးမပြတ်မသား ဖြစ်တတ်သူဟု ထင်ရစေသည်။

ဤတစ်ကြိမ်တွင်တော့ ပညာရေးဝန်ကြီးဌာနသို့ မိဘများက အစုလိုက် အပြုံလိုက် တိုင်ကြားခဲ့သောကြောင့် အရေးယူရန် တရားဝင်အကြောင်းပြချက် ရှိခဲ့သည့်တိုင် အံ့အားသင့်စရာ အကောင်းဆုံးကတော့ ကျန်းဟွေ့ဖန်က ထိုဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ လက်ခံလိုက်ခြင်းပင်။

ဘယ်လိုဖြစ်ဖြစ် ဆရာမတစ်ဦး ဖြစ်ရခြင်းသည် လစာ မများသော်လည်း သပ်ရပ်စွာ ဝတ်စားဆင်ယင်ရပြီး အလုပ်ကလည်း အတော်လေး ပေါ့ပါးသည်။

ထောက်ပံ့ပို့ဆောင်ရေးဌာနကတော့ မတူညီပေ။ အမျိုးမျိုးသော လုပ်ငန်းတာဝန်များ ရှိသည်။ ဝယ်ယူရေးနှင့် သက်ဆိုင်သော လုပ်ငန်းတာဝန်များကို ခွဲဝေပြီးဖြစ်ရာ နာရီအနည်းငယ်သာ လုပ်ကိုင်ရသည့် လွယ်ကူသောအလုပ်များသည် သူမအတွက် မရှိနေတော့ပေ။

သူမသည် ထောက်ပံ့ပို့ဆောင်ရေးသို့ ပြောင်းရွှေ့ခံရပြီးနောက် အိမ်သို့ တိုက်ရိုက်ပြန်သွားပြီး ရက်အတော်ကြာ အလုပ်မတက်ခဲ့သောကြောင့် ထောက်ပံ့ပို့ဆောင်ရေးဌာနဘက်မှလည်း အချိန်ဆွဲမနေဘဲ သူမကို ကျောင်းအိပ်ဆောင် စီမံခန့်ခွဲရေး တာဝန်ကို ပေးအပ်လိုက်သည်။

လက်ရှိတွင် ကျောင်းအိပ်ဆောင်၌ လက်ထပ်ထားခြင်းမရှိသေးသော ဝန်ထမ်းအချို့နှင့် စုန့်ကျင်းအပါအဝင် သူမ၏ အတန်းနှစ်ခုကို တာဝန်ယူထားသော အခြား အမျိုးသား အလုပ်သင်ဆရာတစ်ဦးသာ နေထိုင်သည်။ ဤသည်မှာ သေချာပေါက် စိတ်ပျက်ဖွယ်ကောင်းနေလိမ့်မည်။

ထိုနှစ်ဦး အလုပ်ဆင်းချိန်နှင့် အလုပ်ပြီးချိန်တိုင်း သွားလာနေသည်ကို နေ့တိုင်း မြင်တွေ့နေရခြင်းက ကျန်းဟွေ့ဖန်ကို ဒေါသထွက်စေမည်မှာ သေချာသည်။ ဤတာဝန်ကို မည်သူက စီစဉ်ပေးခဲ့သည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေ။

လူတိုင်း အံ့အားသင့်နေခဲ့ကြပြီး နှစ်ရက်ကြာပြီးနောက် သတင်းထွက်လာသည်မှာ သူမ၏ ခင်ပွန်းဖြစ်သူသည် စစ်ဆေးမေးမြန်းခံနေရပြီး သူမ ခေတ္တခဏ အေးအေးဆေးဆေး နေရတော့မည် ဟူ၍ပင်။

သတင်းက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ၊ သတင်းအချက်အလက်များကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသောကြောင့် ဘာမှစုံစမ်း၍မရခဲ့ပေ။ သို့သော် သူမကတော့ လတ်တလောတွင် ကျောင်းသို့ ပြန်လာနိုင်ရန်အတွက် သူမ၏ အဆက်အသွယ်များကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။

ထိုသို့ပြုလုပ်နေခဲ့သောကြောင့် သူမက တစ်စုံတစ်ဦး၏ အာရုံကို ဖမ်းစားမိသွားနိုင်ပြီး သူမခင်ပွန်း စစ်ဆေးခံရခြင်းဘက်သို့ ဦးတည်သွားနိုင်သောကြောင့် သူမအနေနှင့် နောက်ထပ် ပြဿနာများ မဖြစ်စေချင်တော့ပုံပေါ်သည်။

"ဒီအချိန်မှာ ဖြစ်သွားတာက အချိန်ကိုက်ပဲ။ မဟုတ်ဘဲ သူမသာ ဆက်ပြီး ဖိအားပေးနေမယ်ဆိုရင် တကယ်ပဲ ပြန်လာနိုင်ခဲ့လိမ့်မယ်။"

အဖွဲ့ခေါင်းဆောင်ကောက နှစ်ပတ်လည်စာမေးပွဲအတွက် မေးခွန်းများကို ပြင်ဆင်ရင်း ပြောလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ လင်းချောင်လည်း မေးခွန်းများ ပြင်ဆင်ရာတွင် တစ်ဝက် ပါဝင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကောက သီအိုရီမေးခွန်းများကိုအာရုံစိုက်ပြီး သူမက စမ်းသပ်မှုဆိုင်ရာ မေးခွန်းများကို အဓိကထား လုပ်ဆောင်ခဲ့သည်။

အဖွဲ့ခေါင်းဆောင်ကော၏ မှတ်ချက်ကို ကြားသောအခါ အတန်းသုံး၏ အတန်းပိုင်ဆရာက လင်းချောင်ကို ပြုံးပြပြီး ပြောလိုက်၏။

"အချိန်ကလည်း တကယ်ကို တိုက်ဆိုင်နေတယ်။ ကျောင်းသားမိဘတစ်ဦးဦး ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးရဲ့လုပ်ရပ်များလား မသိဘူး။"

"မိသားစုဝင် တစ်ဦးဦး။"

လင်းချောင် ပထမတော့ နားမလည်နိုင်ခဲ့သော်လည်း ခဏအကြာတွင်တော့ သူက ကျိသော်ကို ရည်ညွှန်းနေကြောင်း သဘောပေါက်သွားခဲ့သည်။

"မဖြစ်နိုင်ပါဘူး။ သူက ဒီလိုကိစ္စတွေမှာ ဘယ်တော့မှ ဝင်မပါတတ်ဘူး။"

"မင်း အနိုင်ကျင့်ခံနေရတာကို သူက ဂရုမစိုက်ဘူးလား။"

အတန်းသုံး၏ အတန်းပိုင်ဆရာကတော့ မယုံကြည်ပေ။ "ကပ္ပတိန်ကျ်ိက အဲ့ဒီလောက် စိတ်သဘောထားကြီးတဲ့သူလို့ မကြားမိပါဘူး။"

ကျိသော်သည် စိတ်သဘောထားကြီးသော်လည်း အလွန်ပြတ်သားသူလည်း ဖြစ်သည်။ သူ ပထမဆုံး ပြောင်းရွှေ့လာသောအချိန်က သူ့ကို ငယ်ရွယ်သည်ဟုယူဆကာ ထိုဒေသမှ မဟုတ်သူလည်းဖြစ်၍ သူ့ကို အထင်သေးကာ နှောင့်ယှက်ရန် ကြိုးစားသူ အချို့ရှိခဲ့ဖူးသည်။

သူသည် ထိုသူအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး အကြိမ်တိုင်းတွင်လည်း ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ခဲ့သည်။ ယခုအခါတွင် သူ၏တပ်သားများသည် အပြောအဆို အနားထောင်ဆုံးနှင့် အကောင်းဆုံးသော လေ့ကျင့်မှုရရှိထားသူများ ဖြစ်နေကြသည်။

သို့သော်လည်း လင်းချောင်ကတော့ သူမနှင့် ကျ်ိသော်၏ ဆက်ဆံရေးမှာ ထိုအဆင့်အထိ မရောက်သေးဘူးဟု ခံစားခဲ့ရသည်။ သူမတို့၏ အိမ်ထောင်ရေး မည်သို့စတင်ခဲ့သည်ကို အခြားသူများ မသိကြသော်လည်း သူမကိုယ်တိုင်ကတော့ ကောင်းစွာသိနေခဲ့သည်။

သို့သော်လည်း အတန်းပိုင်ဆရာ၏ မှတ်ချက်ကတော့ သူမ၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့ပြီး ထိုညနေ အိမ်ပြန်ရောက်သောအခါ ထိုအမျိုးသားကို နှစ်ကြိမ်တိုင်အောင် ကြည့်မိခဲ့သည်။

သူက တော်တော်တော့ ရုပ်ရည်ချောမောသည်။ ရာသီဥတု အေးလာပြီဖြစ်သည့်အတွက် သူက စစ်ဝတ်ဂျာကင်ကို ထပ်ဝတ်ဆင်ထားရာ သူ၏သွင်ပြင်ကို တင်းကျပ်မှုနှင့် ဖြောင့်မတ်တည်ကြည်မှုကို ပိုမိုပေးစွမ်းနိုင်ခဲ့သည်။

ယောက်ျားတစ်ဦးသည် အနက်ရောင်ဝတ်စုံနှင့် ကြည့်အကောင်းဆုံးဖြစ်ပြီး အမျိုးသမီးတစ်ဦးသည် ဝမ်းနည်းခြင်းဝတ်စုံနှင့် ကြည့်အကောင်းဆုံးဖြစ်သည်ဟု အဘယ်ကြောင့် လူအများက ပြောကြသည်ကို သူမ အံ့ဩနေမိသည်။ သူ၏ ကိုယ်ခန္ဓာနှင့် စစ်ဝတ်စုံဖြင့်ဆိုလျှင် သူ့မျက်နှာကိုပင်မကြည့်ဘဲ ခန္ဓာကိုယ်ကိုကြည့်ရုံဖြင့်သာ နောက်ထပ် ထမင်းနှစ်နပ်လောက် စားနိုင်ပေသည်။

လင်းချောင်၏ အကြည့်သည် အစပိုင်းတွင် အလေးအနက်ရှိသော်လည်း တဖြည်းဖြည်း ဆိုးသွမ်းသော သဘောသို့ ပြောင်းသွားခဲ့ရာ ကျိသော်က တံခါးဝတွင် ရပ်တန့်သွားပြီးမေးလိုက်၏။

"ဘာဖြစ်တာလဲ။"

"ဟောပြောပွဲလုပ်ဖို့အတွက် ကျွန်မနဲ့ ပြိုင်ဖက်ဖြစ်ခဲ့တဲ့ ဆရာမကျန်းကို မှတ်မိလား။"

လင်းချောင်၏ အကြည့်သည် ထိုအမျိုးသား၏ ကျယ်ပြန့်သော ပခုံးများပေါ်တွင် ကျရောက်နေခဲ့သည်။

"သူမရဲ့ခင်ပွန်းက အခု စစ်ဆေးမေးမြန်းခံနေရတယ်လို့ ကြားတယ်။"

သူသည် စစ်တပ်တွင် ပခုံးစည်းကြိုးများကို ဘယ်သောအခါကမှ မချွတ်ခဲ့ဘဲ ယင်းကလည်း သူ၏ အခွင့်အာဏာကို ပိုတိုးစေခဲ့သည်။ ဤစကားကိုကြားသောအခါ သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေခဲ့ပြီး "အင်း" ဟု ရိုးရှင်းစွာပြောကာ စစ်ဦးထုပ်ကို ဆောင်းပြီး အိမ်ထဲသို့ ဝင်သွားတော့သည်။ သူ သိလား မသိလားကိုတော့ တွေးကြည့်၍မရနိုင်ပေ။

All Chapters