← Chapters

အခန်း (၈၃)

Vol. 7 Ch. 83

အခန်း (၈၃)

Vol. 7 Ch. 83

လင်းချောင်ကတော့ ဒါက သူ့လက်ချက်မဖြစ်နိုင်ဟုသာ ထင်ခဲ့သည်။ သူမက သူ့ကို အကူအညီ တောင်းခဲ့ခြင်း မရှိဘဲ သူမ၏ ကိစ္စများတွင် သူ ဘာကြောင့် ဝင်ပါမည်လဲ။

သူမသည် ထိုကိစ္စကို စိတ်ထဲမှ ဖယ်ထုတ်လိုက်ပြီး အခြောက်ခံလှန်းထားခဲ့သော ဆိုဖာကူရှင်စွပ်များကို ကူရှင်များပေါ်သို့ တပ်ဆင်ရန် စတင်လုပ်ဆောင်ခဲ့သည်။

မမျှော်လင့်ဘဲ၊ သူမ အလုပ်များနေသည်ကို မြင်သော ထိုအမျိုးသားက အစွပ်တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ကာ ကူညီတပ်ဆင်ပေးရင်း ပြောလိုက်၏။

"သူမရဲ့ခင်ပွန်းက စစ်ဆေးခံနေရတယ် ဟုတ်လား။ သူမက မင်းကို အခုထိ အနှောင့်အယှက်ပေးနေသေးတာလား။"

ဒီလူက အရင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စကို သာမန်အတိုင်းမေးနေခြင်းလား၊ သို့မဟုတ် အခြားအကြောင်းအရာများ ရှိနေသည်လား။

လင်းချောင်သည် သူမ၏ လုပ်ဆောင်ချက်များကို ရပ်တန့်လိုက်ပြီး သဲလွန်စတစ်ခုမှမရနိုင်သော ထိုအမျိုးသား၏ မျက်နှာကိုသာ စိုက်ကြည့်နေခဲ့သည်။ သူမ စိုက်ကြည့်နေသည်ကို မြင်သောအခါ မျက်ခုံးတွန့်လိုက်၏။

လင်းချောင် မေးသင့်သလား၊ မမေးသင့်ဘူးလား ဆိုသည်ကို ဝေခွဲမရဖြစ်နေခဲ့သည်။

သူမက မေးလိုက်လို့ မမှန်ဘူးဆိုလျှင် သူမကိုယ်သူမ အထင်ကြီးမိသလို ဖြစ်သွားလိမ့်မည်။ မမေးဘဲနေရန်ကလည်း သူပြောလိုက်သည့်စကားများက သူမ၏ စူးစမ်းလိုစိတ်ကို တကယ်ပဲနှိုးဆွလိုက်သလို ဖြစ်နေခဲ့သည်။

လင်းချောင် မလှုပ်မယှက် ငြိမ်သက်နေခဲ့ပြီး၊ ကျိသော်က ကူရှင်အစွပ်ကို တပ်ဆင်ပြီးနောက် ဆိုဖာပေါ်ပြန်တင်လိုက်ကာ သူမ သူ့ကို ကြည့်နေသည်ကို မြင်သောအခါ သူလည်း ငြိမ်သက်စွာ နေနေခဲ့တော့သည်။

ဇနီးမောင်နှံနှစ်ဦးသည် တစ်ဦးက ဆိုဖာပေါ်တွင်ထိုင်နေပြီး တစ်ဦးက ဆိုဖာအစွန်းတွင် ကိုင်းညွှတ်နေသော ခန္ဓာကိုယ်ပုံစံဖြင့် တစ်ဦးကိုတစ်ဦး စကားပြောရန် စောင့်ဆိုင်းနေကြသကဲ့သို့ အကြည့်ချင်းဖလှယ်နေခဲ့ကြသည်။

လင်းချောင် စကားစပြောနိုင်ပါ့မလား။

သူမ လုပ်နိုင်သည်။

ထိုအမျိုးသား၏ တည်ငြိမ်သော အကြည့်နှင့် ဆုံလိုက်သောအခါ သူမက ရုတ်တရက် မျက်တောင်ခတ်ပြီး မေးလိုက်တော့၏။

"ဒီနေ့ ကျွန်မ လှရဲ့လား။"

စကားလုံးများသည် အလျင်အမြန် ပြောင်းလဲသွားခဲ့ရာ ပုံမှန်အားဖြင့် သူ၏ခံစားချက်များကို ဖုံးကွယ်ထားတတ်သည့် ကျိသော်တောင် သူမ၏ စကားကြောင့် အနည်းငယ်ရပ်တန့်သွားခဲ့သည်။ သို့သော် ထိုအတိုင်းပြီးမသွားဘဲ လင်းချောင်က ဘေးနားရှိ ဆိုဖာပေါ်တွင် ဒူးတစ်ဖက်ထောက်လိုက်ပြီး ခန္ဓာကိုယ်ကိုပိုမိုနီးကပ်စွာ ကိုင်းညွှတ်လိုက်ကာ ပြောလိုက်ပြန်၏။

"မလှဘူးဆိုရင် ဘာလို့ စကားမပြောဘဲ ကျွန်မကိုပဲ စိုက်ကြည့်နေတာလဲ။"

သူမ၏ လှုပ်ရှားမှူကြောင့် ကျိသော် စကားမပြောနိုင်သေးသော်လည်း ဗီဇအရ ဆိုဖာပေါ်သို့နောက်ပြန်မှီလိုက်မိသည်။

လင်းချောင်က သူသာ ဘုန်းကြီးတစ်ပါးဆိုပါက "ကျေးဇူးပြုပြီး သိက္ခာကို ထိန်းထားပါ" ဟူ၍ မျက်နှာတည်တည်ဖြင့် ပြောနိုင်လောက်သည်ဟုပင် တွေးလိုက်မိသည်။

ဤအချက်က လင်းချောင်ကို များစွာ စိတ်သက်သာရာ ရစေခဲ့သည်။ မသေချာဖြစ်လိုက်၊ ယုံကြည်လိုက်နှင့် ထိုသူနှင့်အတူ ပဟေဠိကစားနေရခြင်းထက် ဤကဲ့သို့ နေရခြင်းက ပို၍ ကောင်းသည်။

သူမ ခန္ဓာက်ိုယ်ကိုမတ်မတ်ပြန်ထိုင်ရန် ပြင်ဆင်နေစဉ် ဆိုဖာကိုမှီထားသော ထိုအမျိုးသားက ရုတ်တရက် မော့ကြည့်ကာ ပြောလ်ိုက်၏။

"ဒီရက်ပိုင်း ညဘက် နေဝင်စောလာတယ်နော်။"

သူ၏ လေသံနှင့်အမူအရာသည် ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း သူ၏ အကြည့်နှင့် ဆုံလိုက်သောအခါတွင်တော့ သူ၏ စကားလုံးများထဲ၌ ဖော်ပြ၍မရနိုင်သော နက်နဲမှုတစ်ခု ရှိနေခဲ့သည်။

သူသတိပေးစရာ မလိုအပ်ဘဲ လင်းချောင်သည် သူ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်ကောင်းကင်သည်လည်း တကယ်ကို မှောင်နေနှင့်ပြီးသောကြောင့်ပင်။ ဆိုဖာပေါ်တွင် လက်ရှိနေရာနှင့် အနေအထားပုံစံများအတိုင်းဆက်နေပါက သူမသာ အနည်းငယ် ပိုနီးကပ်သွားလိုက်လျှင် ထူးခြားသော ညတစ်ည၏ ပုံရိပ်များဖြစ်ပေါ်လာလိမ့်မည်။

လင်းချောင် သူမ၏ ခြေထောက်ကို နောက်သို့ ဆုတ်လိုက်သော်လည်း ထိုသူက သူမ ပြန်မဆုတ်နိုင်ခင်တွင် သူမ၏ ခြေကျင်းဝတ်ကို ညင်သာစွာ ချိတ်ဆွဲလိုက်သည်။

သူ ဘယ်လိုပုံစံဖြင့် အားသုံးလိုက်မှန်း သူမ နားမလည်လိုက်နိုင်ဘဲ ဟန်ချက်ပျက်ကာ ရှေ့သို့လဲကျသွားပြီး ထိုသူ့ပေါင်နှစ်ဖက်၏ ဘေးတစ်ဖက်စီတွင် ဒူးထောက်လျက်လဲကျသွားကာ သူမ၏လက်များသည်လည်း သူ၏ ရင်ဘတ်ကို ထောက်ထားမိလျက်ပင်။

နောက်တစ်စက္ကန့်တွင် သူမ၏ ခါးကို ဖက်တွယ်ခံလိုက်ရပြီး ကျိသော်က သူမကို ပိုနီးကပ်အောင် ဆွဲယူလိုက်ကာ သူ၏ နက်ရှိုင်းသောအသံက သူမ၏ နားထဲတွင်ထွက်ပေါ်လာခဲ့၏။

"ဆက်ပြီး မေးနေဦးမှာလား။"

သူမ၏ နောက်ပြန်ဆုတ်မည့်လမ်းကို ပိတ်ဆို့ခံထားရသဖြင့် လင်းချောင် မလှုပ်ရှားတော့ရန် ဆုံးဖြတ်လိုက်သည်။

"ကပ္ပတိန်ကျိရဲ့ ပုံရိပ်ကို ထိခိုက်မှာမကြောက်ဘူးဆိုရင် ကျွန်မလည်း တစ်ယောက်ယောက် ဝင်လာမှာကိုဂရုမစိုက်တော့ဘူး။"

သူမ စကားဆုံးသည်နှင့် လျိုကွေ့ရင်း၏အသံက အပြင်ဘက်မှ ထွက်ပေါ်လာ၏။

"ရှောင်ကျိ၊ ရှောင်ကျိ၊ ကြားလား။ မင်းကို ဖုန်းခေါ်နေတယ်!"

အတော်မြန်သည်။

သို့သော် ကျိသော်သည်လည်း လင်းချောင်ကို တစ်စုံတစ်ရာလုပ်ရန် ရည်ရွယ်ထားခဲ့ခြင်း မရှိပေ။ သူမက မေးလည်း မမေး၊ ဖြေလည်း မဖြေဘဲ သူ့ကို လာရောက်စိန်ခေါ်နေသောကြောင့် ခဏတာ ထိန်းချုပ်ထားလိုခြင်းသာ ဖြစ်သည်။

လျိုကွေ့ရင်း အော်ခေါ်လိုက်သောအခါ သူက ပြန်ထူးခဲ့ပြီး လင်းချောင်ကို ဖက်ထားခြင်းမှ လွှတ်ပေးလိုက်သည်။

မမျှော်လင့်ထားဘဲ လင်းချောင်ကတော့ လုံးဝမလှုပ်ရှားဘဲ ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ကာ ထိုလူ၏နားအနားကပ်၍ တီးတိုးပြောလိုက်သည်။

"ဘာလို့ လွှတ်ပေးလိုက်တာလဲ။ ဘာလို့ ဆက်မလုပ်တာလဲ။"

ယခုအချိန်တွင် သူမ လုံခြုံနေပြီဟု ခံစားရသောကြောင့် သူမ၏ သတ္တိကလည်း ကြီးထွားလာခဲ့သည်။ ကျိသော် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမကို ဘေးသို့ဖယ်လိုက်ကာ တစ်ချက်ပုတ်လိုက်ပြီးမှ ထွက်ခွာသွားခဲ့သည်။

ထိုသူ တမင်လုပ်သည်လား၊ မတော်တဆလုပ်မိသည်လား မသေချာသော်လည်း ထိုပုတ်လိုက်ခြင်းက သူမ၏ ကျောအနောက်ဘက်အောက်ပိုင်းရှိ အထင်ရှားဆုံး အစိတ်အပိုင်းပေါ်သို့ တည့်တည့်ကျရောက်သွားခဲ့သည်။

သို့သော် ဖုန်းပြောပြီး ပြန်လာသောအခါ ထိုသူ၏ မျက်နှာအမူအရာက ပြောင်းလဲနေခဲ့သည်။

"အကြီးအကဲတစ်ယောက် မတော်တဆ ဖြစ်သွားလို့ ဆေးရုံကို အခုချက်ချင်း သွားရမယ်။"

သူ၏ ငယ်သူငယ်ချင်းဖြစ်သူ၏ အဘိုးဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ လင်းချောင် စကားအများကြီး မပြောတော့ပေ။

"ဒီညအတွက် တံခါးကို ဖွင့်ထားခဲ့ပေးရမလား။"

"မလိုပါဘူး။ နောက်ကျသွားရင် အခြေစိုက်စခန်းကိုပဲ တန်းသွားလိုက်မယ်။"

သူက ကားခေါ်ထားပြီးသားဖြစ်ပြီး ရှောင်ဖန်း လာခေါ်မည်ကိုစောင့်နေခဲ့သည်။

လင်းချောင်က သူနှင့်အတူ စောင့်နေရင်း အပြင်ဘက်မှအင်ဂျင်သံ ကြားရတော့ သူနှင့်အတူ လိုက်ထွက်လာခဲ့သည်။ ထို့နောက် ညစာစားရန်အတွက် စားသောက်ဆိုင်သို့သွားဖို့ စီစဉ်လိုက်သည်။

ကျိသော် ကားတံခါးကို ဖွင့်လိုက်ချိန်တွင် အရင်တစ်ခါ သူထွက်သွားခဲ့တုန်းက အဖြစ်ကို ရုတ်တရက် သတိရမိသွား၏။ သူမက သူ့ကို ဒီပုံစံအတိုင်းပဲ လိုက်ပို့ခဲ့သည်။ စကားအများကြီး မပြောသလို အများကြီးလည်း မမေးဘဲ ကားအပြင်ဘက်တွင်သာ ငြိမ်ငြိမ်လေး ရပ်နေခဲ့ပြီး သူထွက်သွားသည်ကို ကြည့်နေခဲ့ခြင်းပင်။ ဒီကားတံခါးက ဆုံဆည်းစရာမလိုသော လွတ်လပ်သည့်ကမ္ဘာနှစ်ခု ကို ခွဲခြားလိုက်သလိုမျိုး ခံစားမိခဲ့သည်။

မှေးမှိန်သွားခဲ့သည့် ခံစားချက်များက ချက်ချင်းဆိုသလို ပြန်အသက်ဝင်လာခဲ့သည်။ အများကြီး မစဉ်းစားတော့ဘဲ ကျိသော်က လှည့်ပြီး လင်းချောင်၏ လက်ကို ဆွဲကိုင်လိုက်၏။

"ကိုယ်နဲ့အတူ လိုက်ခဲ့။"

ကျိသော် ကားတံခါးရှေ့တွင် ခေတ္တရပ်လိုက်သည့်အတွက် လင်းချောင်က သူတစ်ခုခုကို သတိရသွားတာလားဟု ထင်လိုက်မိသည်။

ထိုလူ၏ နက်ရှိုင်းသည့်မျက်လုံးများက သူမကို ကြည့်လာသည့်အခါ လုပ်စရာတစ်ခုခုများ ရှိနေသေးလားဟု မေးရန်ပင် သူမက အသင့်ပြင်ထားခဲ့သေးသည်။ သို့သော် သူက သူမကိုပါ ဆွဲခေါ်သွားလိမ့်မည်ဟုတော့ သူမ မထင်ထားခဲ့ပေ။

ဆောင်းဦး၏ ညအချိန်က လျင်မြန်စွာ အေးစက်လာပြီး ကောင်းကင်ယံတွင်လည်း ကြယ်အနည်းငယ် ပေါ်နေခဲ့လေပြီ။ ညက မှောင်နေသော်လည်း စစ်တန်းလျားဝင်းထဲတွင် ညစာစားချိန်ဖြစ်သောကြောင့် လူအများ သွားလာလှုပ်ရှားနေကြသေး၏။ ရှောင်ဖန်းလည်း ကားထဲတွင်ရှိနေသေးသည်ကို အိမ်တွင်တောင် သူမ၏ အဝတ်အစားများကို လိုက်ပြင်ပေးနေတတ်သည့် ဒီအရာရှိအိုကြီးက သူမကို ဆွဲခေါ်သွားခဲ့သည်။

လင်းချောင် သတိထားမိလိုက်ချိန်တွင် ထိုလူက သူမကို ကားထဲတွန်းပို့ပြီးသား ဖြစ်နေခဲ့ပြီ။ သူမက ကားတံခါးကို ပြန်ပိတ်ပြီးပြောလိုက်၏။

"ဘာလို့ ရုတ်တရက်ကြီး ကျွန်မကိုပါ ခေါ်သွားတာလဲ။ ကျွန်မ အိမ်တံခါးကိုတောင် သော့မခတ်ရသေးဘူးလေ။"

ရှောင်ဖန်းကတော့ သူအမြင်မှားသွားလားဟုတွေးရင်း ပိုလို့ အံ့အားသင့်နေခဲ့၏။

အမျိုးသမီးရဲဘော်များတောင် မချဉ်းကပ်ရဲသော သူတို့၏ မျက်နှာတည်တည်နှင့် အေးစက်စက်နိုင်သည့် ကပ္ပတိန်ကျိက အပြင်ဘက်တွင် သူ့ဇနီး၏လက်ကို တကယ်ကြီး ဆုပ်ကိုင်ထားခဲ့သည်။

သို့သော် ကျိသော် သူမကိုဆွဲလိုက်သည့် အချိန်ကစပြီး သူ၏အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုများအားလုံးက ငြိမ်သက်သွားခဲ့တော့၏။ သူက နောက်လှည့်ပြီး ပြောလိုက်သည်။

"ကိုယ် လုပ်လိုက်မယ်။"

သူက တံခါးကို ကျွမ်းကျင်စွာ သော့ခတ်ပြီး ကားထဲဝင်လိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်ကပဲ မိတ်ဆက်ပေးချင်ခဲ့တာ၊ ဒါပေမဲ့ အခွင့်အရေးမရလိုက်ဘူး။"

ကျိသော်က ထိုသို့ပြောပြီး ပေါင်မုန့်ဝယ်ရန် ဆိုင်တစ်ဆိုင်တွင် ရပ်လိုက်သည်။

"ဒီညက ညစာစားဖို့ အချိန်ရချင်မှရမှာဆိုတော့ မုန့်စားရအောင်။"

လင်းချောင်က သူမတို့ ဇာတိကိုပြန်ခဲ့တုန်းက လမ်းတစ်ဝက်တွင် ဒေါင်ရှန်းရွာမှမုန့်များဝယ်ရန် သူ ယခုကဲ့သို့ပင် ရပ်ခဲ့သည်ကို သတိရမိသွားသည်။ သို့သော် အဲ့ဒီတုန်းကလို မဟုတ်ဘဲ ယခု သူတို့၏ ဆက်ဆံရေးက သူစိမ်းများအဖြစ်မှ ဇနီးမောင်နှံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး သူတို့၏ အနေအထားကလည်း ရှေ့တစ်ယောက်၊ နောက်တစ်ယောက်မှ ဘေးချင်းယှဉ်တွဲကာထိုင်သည့် အခြေအနေကို ရောက်ရှိလာခဲ့လေပြီ။

လင်းချောင် စက္ကူအိတ်ကို ဖွင့်လိုက်သော်လည်း ကျိသော်ကတော့ အလျင်စလိုမစားဘဲ သူမကို ကြည့်လိုက်ပြီး စကားပြောခဲ့သည်။

"ဒီအဘိုးကုရဲ့ အနေအထားက နည်းနည်း ထူးခြားတယ်။"

သူက တကယ်တမ်း လင်းချောင်ကို အခြေအနေများ ရှင်းပြနေခြင်းဖြစ်ပြီး ဒါက သူမကို ကားထဲ ရုတ်တရက် ဆွဲခေါ်သွားပြီးနောက် ဒီနေ့၏ ဒုတိယမြောက် အံ့အားသင့်စရာပင်။

သို့သော် ကုဆိုသည့်နာမည်နှင့် ထူးခြားသည့်အခြေအနေ...

လင်းချောင် ခဏတာစဉ်းစားပြီးနောက် နာမည်တစ်ခုကို ညင်သာစွာ ထုတ်ပြောလိုက်သည်။

"ဒီပုဂ္ဂိုလ်များလား။"

ကျိသော်က ခေါင်းငြိမ့်ပြလိုက်သည်။

ဒါက တကယ်ကို ထူးခြားသည်။ အဆင့်အတန်းအရဆိုလျှင် ဒီပုဂ္ဂိုလ်က ဟောပြောပွဲတုန်းက သူမတွေ့ခဲ့ရသူထက်တောင် ပိုမြင့်နေသည်။ သို့သော် မကြာသေးခင်နှစ်များအတွင်း သူတို့က လူသိရှင်ကြား သိပ်မနေခဲ့ကြပေ။

ထိုလူက ဘာကြောင့် သူမကို ခေါ်သွားချင်လဲဆိုသည်ကို လင်းချောင် နားမလည်နိုင်သော်လည်း ညင်သာစွာ ပြန်ပြောလိုက်သည်။

"သိပါပြီ၊ ကျွန်မ သတိထားနေပါ့မယ်။"

"သတိထားစရာ မလိုပါဘူး။"

ထိုလူက မမျှော်လင့်ထားဘဲ ပြောလိုက်ပြန်၏။ "ကုရှောင်ပင်းနဲ့ ကိုယ်တို့က အတူတူ ကြီးပြင်းလာခဲ့ကြတာ။ သူ့အဘိုးကလည်း ကိုယ့်အဘိုးလိုပဲ။"

ကုရှောင်ပင်းဆိုသည်က လင်းချောင် တစ်ခါမှ မကြားဖူးသေးသည့် နောက်ထပ်နာမည်တစ်ခုပင်။ ကျိသော်၏ လူမှုအသိုင်းအဝိုင်းထဲက ဘယ်သူမှလည်း သူမရှေ့တွင် ဒီလူအကြောင်း ထုတ်မပြောဖူးသေးပေ။

ကျိသော် ဒီပုဂ္ဂိုလ်အကြောင်း ပြောရင်း ခေတ္တတိတ်ဆိတ်သွားပြီး သူ၏ မျက်လုံးနက်နက်များက ကားပြတင်းပေါက်ရှိရာ ရွေ့သွားခဲ့သည်။

"ရှောင်ပင်းက ကိုယ့်ထက် ခြောက်လကြီးတယ်၊ စူးကျန့်ထက်တော့ တစ်နှစ်ငယ်တယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်နေစိတ်ထားက က်ိုယ်တို့ထက် ပိုကောင်းတယ်။ တစ်ခါတစ်လေ ရှောင်ပင်းရဲ့ ညီမ ရှောင်ကျန်းကို တစ်ယောက်ယောက်က အနိုင်ကျင့်ရင် စူးကျန့်နဲ့ကိုယ်က ပြန်ရိုက်ပေးတယ်။ အဲ့ဒီအခါတိုင်း ရှောင်ပင်း အမြဲတမ်း အပြစ်ပေးခံခဲ့တယ်။ တစ်နှစ် ကိုယ် ရေကျောက်ပေါက်ပြီး အဖျားကြီးခဲ့တုန်းက သူက ပထမဆုံး သတိထားမိခဲ့တဲ့သူပဲ။"

အချို့အရာများကို အချိန်ကြာမြင့်စွာ မြှုပ်နှံထားခဲ့သည့်အတွက် ထိတွေ့ရန် ပိုပြီး ဝန်လေးနေခဲ့မိသည်။ ဒါကြောင့် ထိုနေ့က သူ မထွက်ခွာခင် လင်းချောင်ကို ပြောသင့်၊ မပြောသင့် မဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သူပြန်ရောက်လာခဲ့ပြီး ဆေးရုံတွင် သူမနှင့်တွေ့ခဲ့ချိန်တုန်းကတောင် ရှင်းပြရာ၌ ရှောင်ပင်း၏ နာမည်ကို ထုတ်မပြောခဲ့ပေ။ သို့သော် ယခုတော့ လင်းချောင်က သူ့ကမ္ဘာ၏ အပြင်ဘက်တွင် ရှိနေသကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေတာကို မြင်လိုက်ရတော့ သူ ရုတ်တရက် သူမကို သူ့ကမ္ဘာထဲ ဆွဲသွင်းချင်စိတ် ပေါ်လာခဲ့သည်။

ကျိသော်က သူမရဲ့မျက်နှာရှိရာသို့ သူ့အကြည့်ကို ပြန်ရွေ့လိုက်သည်။

"ရှောင်ပင်းဆုံးတာ ဆယ့်သုံးနှစ် ရှိပြီ။ အဘိုးကုမှာ ဆွေမျိုးသားချင်း မကျန်တော့ဘူး။ တစ်ခုခုဖြစ်ရင် စောင့်ရှောက်ပေးနေတဲ့သူက စူးကျန့်နဲ့ ကိုယ့်ကိုပဲ အကြောင်းကြားလေ့ရှိတယ်။"

တကယ်ပဲ ရှောင်ပင်းမရှိတော့သည့်နောက် သူ့ညီမ ရှောင်ကျန်းကို ရှာခြင်းဖြစ်ဖြစ်၊ သူ့အဘိုး ဆေးရုံတက်ရသည့်ကိစ္စဖြစ်ဖြစ် ကိစ္စအားလုံးကို ကျိသော်နှင့် စူးကျန့်တို့ကသာ ကိုင်တွယ်နေခဲ့သည်မှာ နားလည်နိုင်သောကိစ္စဖြစ်သည်။

ဒီအကြောင်းများကို ပြောပြနေချိန်တွင် သူ့ခံစားချက် ဘယ်လိုရှိလဲဆိုသည်ကို လင်းချောင် မသိသော်လည်း မလွယ်ကူဘူးဆိုသည်ကိုတော့ သူမ စိတ်ထဲမှ မှန်းဆမိ၏။ သူမက သူ့လက်ကို ညင်သာစွာဖိကိုင်လိုက်သည်။ သူမ၏ လက်ချောင်းထိပ်လေးများက ပျော့ပျောင်းပြီး နူးညံ့ကာ သူ့ထက် အနည်းငယ် ပိုအေးသော်လည်း နွေးထွေးမှုကို ဖော်ညွှန်းနေခဲ့၏။

လင်းချောင်က သန်မာသည် ဉာဏ်ကောင်းပြီး တည်ငြိမ်ကာ အနည်းငယ်တော့ ခက်ထန်သည်ဟု ထင်ရသော်လည်း နူးညံ့သော နှလုံးသားရှိသူဆိုသည်ကို ကျိသော် သတိထားမိနေသည်မှာ ကြာပြီဖြစ်သည်။

ဒီလိုမဟုတ်လျှင်တောင် ရှောင်ပင်း၏ညီမ ရှောင်ကျန်းအကြောင်း ပြောပြသည့်အခါ အဘိုးကုအကြောင်း သူမက ပြန်မမေးခဲ့ပေ။ ဒီအချက်က အတိတ်က လှုပ်ရှားနေခဲ့သည့် စိတ်ခံစားမှုများကို တဖြည်းဖြည်း ငြိမ်သက်သွားစေခဲ့ပြီး သူမကို ကားထဲဆွဲခေါ်ခဲ့သည့် ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ပိုပြီး သေချာသွားစေခဲ့သည်။

သူတို့၏ ဆုပ်ကိုင်ထားသော လက်များကို တစ်ချက်ကြည့်လိုက်ပြီး စကားပြောရန် ပြင်နေချိန်မှာပဲ လင်းချောင်က တစ်ခုခုကို သဘောပေါက်သွားပုံရပြီး သူမလက်ကို လျင်မြန်စွာပြန်ရုပ်လိုက်၏။

သူမက လက်ကိုပြန်ရုပ်သွားရုံသာမက သူ့ကိုပါ တောင်းပန်သည့် မျက်နှာအမူအရာနှင့် ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်မ သတိမထားမိလိုက်ဘူး။"

သူမက ခန္ဓာကိုယ်ကို နည်းနည်းရွှေ့ပြီး သူနှင့်ပိုဝေးသည့်နေရာကို သွားလိုက်သည်။

ကျိသော် ပြောစရာစကား ပျောက်သွားခဲ့သည်။ သူ စိတ်ပျက်ပြီး ကူရာမဲ့သလို ခံစားရသော်လည်း သူမကိုတော့ အပြစ်တင်လို့ မရပေ။ သူက သူမကို လက်အောက်ငယ်သားတစ်ယောက်လိုဆက်ဆံခဲ့ပြီး ထိုအရာကလည်း အဆင်ပြေပြီး သက်သောင့်သက်သာရှိခဲ့သည်။ အခု သူပြောင်းလဲချင်လာသည့်အခါ သူမက ထိုအရာနှင့် အသားကျနေခဲ့ပြီဖြစ်သည်။

ရှောင်ဖန်း အရှေ့တွင် ကားမောင်းနေသည့်အတွက် ကျိသော်က သူမကို ထိတွေ့လို့မရသောကြောင့် ဆက်ပြောလိုက်၏။

"ရှောင်ပင်းရဲ့ ကိစ္စအခြေအနေက နည်းနည်းရှုပ်ထွေးတယ်။ နောက်မှ ထပ်ပြောပြမယ်။ စောင့်ရှောက်ပေးတဲ့သူဆီက ခုနလေးက ဖုန်းဝင်လာတာ၊ အဘိုးကုက နှလုံးရောဂါထပ်ဖောက်လို့ ဆေးရုံကို ရောက်နေတယ်တဲ့။ သူ့ကို ဂရုစိုက်ပေးဖို့ မင်းရဲ့အကူအညီ လိုချင်တယ်။"

ဒီလို ညွှန်ကြားသည့်ပုံစံကို လင်းချောင်က ရင်းနှီးနေပြီး ချက်ချင်းပဲ "ကောင်းပြီ" ဟုဆိုကာ ခေါင်းညိတ်လိုက်သည်။ သူမက စက္ကူအိတ်ကို ပြန်ယူပြီး ပေါင်မုန့်ကို ဆက်စားလိုက်သည်။ ကားထဲ စဝင်တုန်းကထက် ပိုပြီးစိတ်တည်ငြိမ်နေသလို ခံစားမိနေ၏။

ကျိသော်က ဒါကို သတိထားမိသွားပြီး သူ့နှလုံးသားထဲ၌ နာကျင်သွား၏။ ဒီအခြေအနေကို ပြောင်းလဲရန်က ရိုးရှင်းမည်မဟုတ်သလို လျင်မြန်မည်လည်း မဟုတ်။ လူတစ်ဦး၏ အကျင့်စရိုက်ကို ပုံဖော်ပေးသည့် အချက်များက အများကြီးရှိပြီး စကားပြောရုံနှင့် ပြောင်းလဲပစ်လို့ မရနိုင်ပေ။

All Chapters