← Chapters

အခန်း (၈၄)

Vol. 7 Ch. 84

အခန်း (၈၄)

Vol. 7 Ch. 84

ဆေးရုံရောက်ပြီးနောက် အပေါ်ထပ်သို့တက်သွားသည့်အခါ ရေနွေးယူရန်ဓာတ်ဘူး သယ်လာသည့် အဘိုးကု၏ စောင့်ရှောက်ပေးသူနှင့် ဆုံခဲ့ကြသည်။

ကျိသော်က အခြေအနေကို မေးမြန်းပြီးနောက် တည်ငြိမ်သွားပြီဆိုသည်ကို သိရသောအခါမှ အဘိုးကု ရောဂါဖောက်ရသည့် အကြောင်းအရင်းကို မေးလိုက်သည်။

"သူ ဆေးရုံကဆင်းတုန်းက ကောင်းနေခဲ့တာ မဟုတ်ဘူးလား။"

စောင့်ရှောက်ပေးသူကလည်း သေချာမသိပေ။ "ဒီနေ့ နေ့လယ်က လာလည်တဲ့ လူတွေနဲ့ ဆိုင်မယ်ထင်တယ်။ အဘိုးကုရဲ့ တူ၊တူမအရင်းနဲ့ မြေးတော်စပ်တယ်ဆိုပြီး ပြောတဲ့သူတွေ ရောက်လာတယ်။ သူတို့က ကြာကြာတော့မနေခဲ့ပါဘူး။ ကျွန်မ ဈေးဝယ်သွားတုန်းမှာပဲ သူတို့ ထွက်သွားကြတယ်။ ချက်ပြုတ်ပြီးလို့ ညစာစားဖို့ အဘိုးကုကို သွားခေါ်တော့ သူ နေမကောင်းဖြစ်နေတာကို တွေ့လိုက်ရတာပဲ။"

လာရောက်လည်ပတ်သူများ ပြောခဲ့၊ လုပ်ခဲ့သော တစ်စုံတစ်ခုက အဘိုးကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့်အတွက် ကုသမှုခံယူပြီး တစ်လခွဲကျော်ကြာမှ ပြန်ကောင်းစပြုနေသော သူ့အခြေအနေက ပြန်လည် ဆိုးရွားသွားခဲ့သွားခြင်း ဖြစ်နိုင်၏။

လင်းချောင်က ကျိသော်ကို ကြည့်လိုက်ရာ ထိုသူ မျက်မှောင်ကြုတ်ထားသည်ကို တွေ့လိုက်ရ၏။ သူမ၏ အကြည့်ကို သူ သတိထားမိသည့်အခါမှာတော့ ခဏရပ်ပြီး ဆက်ပြောလိုက်၏။

"အဘိုးကုက သူ့မိသားစုနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပြီ။"

"ဘာလို့လဲဆိုတာ ပြောပြလို့ရမလား။"

လင်းချောင်က အဘိုးကုကဲ့သို့ ဆွေမျိုးတစ်ယောက်နှင့် အဆက်အသွယ် ဖြတ်တောက်သူမျိုး ရှိနေသည်ကို မယုံနိုင်ပေ။

"အဘိုးကုကို အောက်ခြေအလုပ်ဌာနဆီ ပို့လိုက်ရတဲ့နှစ်တွေအတွင်းမှာ သူ့မိသားစုက သူ့ကို ဝေးဝေးရှောင်ကြပြီး မျိုးနွယ်စုထဲကနေပါ ထုတ်ပယ်တယ်ဆိုတဲ့ စာရွက်စာတမ်းအထိ ထုတ်ပြန်ခဲ့ကြတယ်။"

လူအချို့က တကယ်ပဲ ဘာမဆိုလုပ်ရဲကြသည်။ အဘိုးကု ရာထူးပြန်ရသွားသည့်အခါ သူတို့အတော် နောင်တရကြမှာ သေချာ၏။ ဒီလို နောက်ခံသမိုင်းကြောင်းမျိုး ရှိနေသည့်အတွက် အခုလာကြသည့် ဧည့်သည်များတွင် အကြောင်းရင်း တစ်ခုခုရှိနိုင်ပြီး အဘိုးကု၏ ရောဂါဖောက်သည့် အကြောင်းအရင်းမှာလည်း ဒေါသကြောင့် ဖြစ်နိုင်၏။

သူတို့နှစ်ယောက်က စကားပြောနေခဲ့ကြပြီး အဘိုးကု အသိစိတ်ရှိနေပြီဆိုသည်မှာ သေချာတော့မှ တံခါးခေါက်ကာ လူနာခန်းထဲ ဝင်လိုက်ကြသည်။

လင်းချောင်က အဘိုးကုသည် အဘိုးကျ်ိထက် အသက်သိပ်မကြီးဘူးဆိုသည်ကို တွေးမိလိုက်သည်။ သို့သော် သူ့မြေးမလေးနှင့် အပျော်တမ်း စနောက်ကျီစယ်နေနိုင်သေးသော အဘိုးကျိ၏ တက်ကြွပြီး အားအင်ပြည့်ဝသည့် အသွင်အပြင်နှင့် ယှဉ်လိုက်သည့်အခါမှာတော့ အဘိုးကု၏ပုံစံမှာ မောပန်းနွမ်းနယ်နေကာ အသက်ကိုပင် မနည်းကြိုးစားရှူနေရသလို ဖြစ်နေခဲ့သည်။

ကျိသော် ရောက်လာသည့်အခါ အဘိုးကုက ကျိသော်ကို လှည့်ကြည့်လိုက်၏။ "ရှောင်သော် ရောက်လာပြီပဲ။"

သူ့မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခုရှိနေပြီး အားအင်ပြန်ပြည့်လာသလိုပင်။

ကျိသော် ခေါင်းညိတ်ပြီး နှုတ်ဆက်ကာ သူ့ဘေးရှိ လင်းချောင်နှင့် မိတ်ဆက်ပေးလိုက်၏။

"ဒါက ကျွန်တော့်ဇနီး လင်းချောင်ပါ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အဘိုးကို ကျွန်တော် ပြောပြဖူးပါတယ်။"

သူမကို သူ၏ဇနီးဟု အလေးအနက်ထားပြီး မိတ်ဆက်ပေးနေသည်ကို ကြားလိုက်ရတော့ လင်းချောင် ထူးဆန်းသလို ခံစားမိလိုက်ပြီး သူက အဘိုးကုကို သူမအကြောင်း ပြောပြထားသည့်ကိစ္စကိုလည်း အံ့သြသွားခဲ့သည်။ သူမ မမျှော်လင့်ထားခဲ့သော်လည်း ပြုံးပြလိုက်ပြီး ယုံကြည်ချက်ရှိရှိ နှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ အဘိုးကု။ အနားယူတာကို အနှောင့်အယှက် မဖြစ်ပါဘူးနော်။"

"လုံးဝ မဖြစ်ပါဘူး။" အဘိုးကြီးက အားအင်ချိနဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။ သို့သော် သူက လင်းချောင်ကို အလေးအနက်ကြည့်ပြီး ကျိသော်ကို ပြောလိုက်၏။

"သူမက တော်တော်လှတာပဲ။"

ဒီလိုစကားမျိုးကို ရင်းနှီးသော လူကြီးတစ်ဦးသာလျှင် ပြောလိမ့်မည်။ ကျိသော်၏ မျက်နှာအမူအရာကတော့ သိပ်မပြောင်းလဲခဲ့ပေ။

"သူမက အဆင်ပြေပါတယ်။"

အဘိုးကုက လင်းချောင်ကို ထပ်ကြည့်လိုက်၏။ "ကံမကောင်းစွာနဲ့ပဲ အဘိုးက ဒီနေ့ အိမ်မှာမရှိတော့ မင်းတို့လာမယ်ဆိုတာ မသိလိုက်ရလို့ လက်ဆောင်ကို မယူလာခဲ့မိဘူး။"

လက်ဆောင်မပါလာဘူးဟု ပြောခြင်းက သူ့တွင်အရင်ကတည်းက တစ်ခုခု ပြင်ဆင်ထားပြီးသားရှိသည်ဟူသည့် အဓိပ္ပာယ်ဖြစ်သောကြောင့် လင်းချောင် အံ့အားသင့်သွားသည်။

ကျိသော် အံ့ဩသွားတော့ အဘိုးကုက သူ့ကို ပြုံးပြလိုက်၏။

"မင်းနဲ့ စူးကျန့်တို့က အဘိုးအတွက် မြေးအရင်းတွေလိုပါပဲ။ အဘိုးရဲ့ မြေးက အိမ်ထောင်ပြုသွားတာကို နေမကောင်းလို့ မတက်ရောက်နိုင်ရင်တောင် လက်ဆောင်တော့ပေးရမှာပေါ့။ အသင့်ပြင်ထားပြီးသားပါ။ မင်း သူမကို ခေါ်လာပြီး ပြမှာကို စောင့်နေတာ။"

ဒီစကားကြောင့် ကျိသော် စိတ်ထဲ၌ တစ်မျိုးဖြစ်သွား၏။

ကုရှောင်ပင်းက သူ့နှလုံးသားထဲမှ အမာရွတ်တစ်ခုဖြစ်ပြီး တခြားသူများကို သူ့အကြောင်း သိပ်မပြောဖူးပေ။ အစကတော့ သူ လင်းချောင်ကို ခေါ်လာရန် အစီအစဉ်မရှိခဲ့ဘဲ တွေးမိသည်မှာလည်း ခုနလေးကမှဖြစ်သည်။

အဘိုးကြီး၏ မျက်လုံးများက တိမ်မြုပ်နေပြီဖြစ်သော်လည်း သူ့အမြင်အာရုံကတော့ ထက်မြက်နေဆဲပင်။ ကျိသော်၏ မျက်နှာကို မြင်တော့ တစ်ခုခုကို နားလည်သွားပြီး လင်းချောင်ဘက်သို့ ပြန်လှည့်လိုက်သည်။

"နောက်ကျနေပြီ၊ မင်းတို့ ဒီလောက်အဝေးကြီးကို လာခဲ့ရတာ။ ထမင်းစားရသေးမှာ မဟုတ်ဘူး မဟုတ်လား။"

"စားပြီးပါပြီ။"

လင်းချောင်ကတော့ သူတို့ မစားရသေးဘူးဟု ပြောမည်မဟုတ်။

သူတို့ စကားပြောနေချိန်တွင်ပဲ သူနာပြုတစ်ယောက် ဝင်လာခဲ့၏။

"ခုတင်နံပါတ် ၁၂ က လူနာရဲ့ မိသားစုဝင်က ဘယ်သူပါလဲ။ ဆရာဝန်က ရုံးခန်းထဲမှာ တွေ့ချင်ပါတယ်တဲ့။"

"ကျွန်တော်ပါ။" ကျိသော်က ထိုသို့ပြောပြီး အပြင်ကို ထွက်လာခဲ့သည်။ တံခါးဝရောက်တော့ အနောက်ကို လှည့်ပြီး သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်၏။

စောင့်ရှောက်ပေးသူက အခုထိ ပြန်မရောက်လာသေးသောကြောင့် သူ စိတ်ပူနေခြင်း ဖြစ်မည်ဟု လင်းချောင် ထင်လိုက်၏။ သူမက ကုလားထိုင်တစ်လုံးကို ခုတင်ဘေးကို ရွှေ့လိုက်ပြီး ပြောလိုက်သည်။

"ရှင် သွားပါ၊ ကျွန်မ ဒီမှာ စောင့်နေလိုက်မယ်။"

ကျိသော် ဘာမှ ထပ်မပြောဘဲ တံခါးကို ပိတ်လိုက်၏။ "ရှောင်သော်က သူ့နှလုံးသားထဲကို ဘယ်သူမှ ဝင်ခွင့်မပြုနိုင်သလိုမျိုး အေးစက်နေပေမဲ့ တကယ်တော့ သူက သံယောဇဉ်ကြီးတဲ့သူပါ၊ အချိန်ကြာလာတာနဲ့အမျှ မင်း သိလာပါလိမ့်မယ်။"

ကျိသော် ထွက်သွားပြီးနောက်အဘိုးကုက ရုတ်တရက် ပြောလိုက်၏။

သူမကလည်း ပြုံးပြီး ပြန်ဖြေလိုက်သည်။ "သူက တာဝန်သိစိတ်လည်းရှိပါတယ်။"

အဘိုးက သူမကို နားလည်သည့်အကြည့်များဖြင့် ကြည့်လိုက်သည်။ "ဟုတ်တယ်၊ ရှောင်ပင်း ဆုံးတာ နှစ်ပေါင်းများစွာကြာပြီ။ သူနဲ့ စူးကျန့် နှစ်ယောက်တည်းကပဲ ငါ့ကို မှတ်မိကြတယ်။ အားလပ်ရက်တိုင်းလည်း လာတွေ့ကြတယ်။ အခု သူ မိန်းမရသွားတော့ သူ့မိန်းမကိုပါ ခေါ်လာရမယ်ဆိုတာ သိလာပြီလေ။"

ရင်းနှီးနေပုံရပြီး မိသားစုထဲမှ လူကြီးတစ်ယောက်က လူငယ်အပေါ်ထားသည့် သဘောထားမျိုးကြောင့် လင်းချောင်က အဘိုးကုကို ကျောင်းသုံးဖတ်စာအုပ်များထဲမှ အဖြူအမည်းဓာတ်ပုံများနှင့် သိပ်မတူဘဲ ပိုပြီးရင်းနှီးနေသလို ခံစားမိခဲ့သည်။

ရင်းနှီးမှုကို ခံစားရသော်လည်း လင်းချောင် အဘိုးကုနှင့် ဆုံဖူးလားကိုတော့ မသိပေ။ အရွယ်ရောက်သည်အထိ သူမက ကျေးလက်ဒေသမှ တစ်ခါမှ ထွက်မလာခဲ့ဖူးဘဲ သူကလည်း အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သောကြောင့် ဆုံဖူးခဲ့ရန်ကတော့ မဖြစ်နိုင်။

သူမ ဒီလိုစဉ်းစားနေတုန်းမှာပဲ စင်္ကြံထဲမှ ခြေသံမြန်မြန်များက ပဲ့တင်ထပ်လာပြီး၊ ဒေသိယစကားဖြင့် မေးမြန်းသံများကိုလည်း ဆက်တိုက်ကြားလိုက်ရသည်။

"ဒီလူနာခန်းလား။ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။"

အရင်က ကြင်နာပြီး ခင်မင်ဖွယ်ကောင်းနေခဲ့သော အဘိုးကု၏ မျက်နှာအမူအရာက ချက်ချင်း ပျောက်ကွယ်သွား၏။ စောင့်ရှောက်ပေးသူ အစောပိုင်းတွင် ပြောခဲ့သည်ကို သတိရလိုက်ပြီး လင်းချောင်လည်း ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်၏။

လင်းချောင် တံခါးဆီမရောက်ခင်မှာပဲ သူစိမ်းသုံးယောက်—ယောကျ်ားနှစ်ယောက်နှင့် မိန်းမတစ်ယောက်—က တံခါးကို တွန်းဖွင့်ပြီး ဝင်လာကြတော့၏။

ထိုလူအုပ်စုကို ဦးဆောင်လာသူက သက်လတ်ပိုင်းအရွယ် ဇနီးမောင်နှံဖြစ်ပြီး နှစ်ဦးစလုံးက အရပ်ပုကာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပြီး မျက်လုံးများတွင်လည်း လည်ဝယ်မှုအပြည့်နှင့်ပင်။ သူတို့က တံခါးဝမှ စိုးရိမ်တကြီးပုံစံနှင့် ဝင်လာကြ၏။

"ဒုတိယအဖေ။"

သူတို့က အလွန်စိုးရိမ်နေကြောင်းပြော၍ သူတို့၏ သားဖြစ်သူ အားဝမ်ကိုလည်း ခေါ်လာသည်ဟုဆိုသည်။ ထိုလူငယ်၏ မျက်လုံးများက အခန်းတစ်ဝိုက်ကိုပတ်ကြည့်နေရင်း နောက်ဆုံးတွင် လင်းချောင်အပေါ်သို့ ရောက်သွားခဲ့၏။

သူ့အဖေက မျက်စောင်းထိုးပြီး ကြည့်လိုက်တော့မှ သတိရကာ နှုတ်ဆက်လိုက်သည်။ "ဒုတိယအဘိုး၊ ကျွန်တော့်မိဘတွေနဲ့ ကျွန်တော်က အဘိုးအတွက် စိုးရိမ်နေပါတယ်။ အဘိုး ဖျားနေတယ်ဆိုပြီးကြားတာနဲ့ ဂရုစိုက်ဖို့အတွက် လာခဲ့တာပါ။"

အချို့ ဒေသိယစကားများတွင် "ဒုတိယအဖေ" ကို ဦးလေးအတွက် သုံးပြီး "တတိယအဖေ" ကို တတိယဦးလေးအတွက် သုံးသည်။ ထို့ကြောင့် သူတို့သည် အဘိုးကု၏ တူနှင့် မြေးများဖြစ်ရမည်။

အဘိုးကု၏ ဖြူဖျော့နေသော မျက်နှာသည် သူတို့ လင်းချောင်ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ပို၍ ဆိုးရွားသွားခဲ့တော့သည်။

"ငါ့ကို ကုမိသားစုကနေ နှင်ထုတ်ထားတာ ကြာပြီလေ။ ငါက မင်းတို့ရဲ့ ဒုတိယအဖေ မဟုတ်ဘူး။"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဦးလေးနဲ့ ကျွန်တော့်အဖေက ညီအစ်ကိုရင်းတွေပါ။ အရိုးတွေ ကျိုးသွားရင်တောင် အရွတ်တွေက ဆက်နေသေးတာပဲ။ ဘယ်လိုလုပ်ပြီး လုံးဝ ဖြတ်တောက်ပစ်နိုင်မှာလဲ။ ဦးလေး မသိပါဘူး၊ ကျွန်တော့်အဖေက ဦးလေးအကြောင်းကို အမြဲတွေးနေတာ။ ဦးလေးမှာ သားနဲ့မြေး ဆုံးပါးသွားပြီး တစ်ယောက်တည်း ဒုက္ခရောက်နေရတာကိုပြောပြီး သူ ဆုံးသွားတဲ့အထိတောင် စိတ်အေးချမ်းစွာ မအိပ်စက်နိုင်ခဲ့ပါဘူး။"

ထိုမိန်းမက စကားပြောရင်း ငိုကြွေးလာရာ၊ စကားလုံးတိုင်းက ပို၍ပို၍ နာကျင်စေပြီး လင်းချောင်ကိုပင် စိတ်မသက်မသာ ဖြစ်စေလာခဲ့သည်။

သူမက သူတို့ကိုဝင်ခွင့်မပြုဘဲ တားလိုက်သည့်အတွက် အဘိုးကု၏ တူက သူမကို စိုက်ကြည့်လိုက်၏။

"မင်းက ဘာဖြစ်နေတာလဲ၊ ဒီစောင့်ရှောက်ပေးတဲ့သူက အသိဉာဏ် လုံးဝမရှိဘူးပဲ!"

လင်းချောင်က ဘာကြောင့် သူမကို သူတို့ စောင့်ရှောက်ပေးသူဟုမြင်မှန်း မသိသော်လည်း ခိုင်ခိုင်မာမာ ရပ်နေခဲ့သည်။

"အဘိုးကုက နှလုံးရောဂါ ရှိတယ်။ သူ အနားယူဖို့ လိုအပ်တယ်။ သူ့ကို မနှောင့်ယှက်ပါနဲ့။"

"ငါက ငါ့ဦးလေးနဲ့ စကားပြောနေတာ။ မင်းက ဘယ်သူလဲ။"

ထိုယောကျ်ားက သူမသည် အမျိုးသမီးတစ်ယောက်ဖြစ်သည်ကို ဂရုမစိုက်ဘဲ သူမကို ဘေးသို့ တွန်းဖယ်ရန် ကြိုးစားလိုက်သည်။

သူ့ဇနီးသည်၏ စကားလုံးများသည်လည်း သန့်ရှင်းမှုမရှိ။

"မင်းက ဘာဖြစ်နေတာလဲ၊ မိန်းကလေး။ ငါတို့ ဒုတိယအဖေကို တွေ့မှာကို မင်းကတားနေတယ်။ ဦးလေးနဲ့ မင်းကြားထဲမှာ မသင့်လျော်တဲ့ ဆက်ဆံရေးများ ရှိနေတာလား။"

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မသင့်လျော်သော ဆက်ဆံရေးများသည် အကြီးမားဆုံးသော တားမြစ်ချက်ဖြစ်သည်။ မည်သည့် ခေါင်းဆောင်မဆို အမျိုးသမီးတစ်ဦးနှင့် မသင့်လျော်သောနည်းဖြင့် ပတ်သက်နေပါက ချက်ချင်း ရာထူးဆုံးရှုံးရမည်ဖြစ်သည်။

ထို့အပြင် အဘိုးကုသည် ခုနစ်ဆယ်ကျော် ဖြစ်ပြီး လင်းချောင်က ဆယ့်ကိုးနှစ်သာ ရှိသေးကာ သူ၏ မြေးမထက်ပင် ငယ်ရွယ်သေးသည်။ ဒါက စော်ကားမှုတစ်ခုပင်။

လင်းချောင်၏ မျက်လုံးများ အေးစက်သွားပြီး ဒေါသထွက်နေပြီဖြစ်သော အဘိုးကုက အိပ်ရာကိုရိုက်ချလိုက်ကာ ဒေါသကြောင့် အသံများလည်း တုန်ယင်နေခဲ့၏။

"ထွက်သွား! မင်းတို့ အားလုံး ထွက်သွားကြ!"

အသုံးပြုလိုက်သည့်အားကြောင့် ထိုအဘိုးအို၏ ပိန်လှီနေသော လက်တွင် သွေးကြောများပင် ထောင်လာခဲ့သည်။

"မင်းတို့ ဘာတွေကြံစည်နေလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့။ ငါ သေတဲ့အခါ ငါ့ခန္ဓာကိုယ်ကို မီးသဂြိုလ်ပြီး ပြာတွေကို ပင်လယ်ထဲကြဲခိုင်းမယ်။ မင်းတို့ ငါ့ဆီက တစ်ပြားတစ်ချပ်မှ ရမှာမဟုတ်ဘူး။ ငါ့လစာတွေ အကုန်လုံးကိုလည်း လှူဒါန်းထားပြီးပြီ!"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

သူ၏ တူက ရုတ်တရက် မေးလိုက်သည်။

"ရှောင်ကျန်းအတွက် ဘာမှ မချန်ထားဘူးလား၊ ဒါမှမဟုတ် အားဝမ်အတွက်ရော ရာထူးတစ်ခုခု မစီစဉ်ပေးဘူးလား။"

သူတို့က အဘိုးကု မကြာမီ သေဆုံးတော့မည်ဟု မျှော်လင့်ထားပြီး သူ၏ ပိုင်ဆိုင်မှုများကို အမွေခံရန် မျှော်လင့်နေကြသည်မှာ ထင်ရှားနေ၏။

အလွယ်တကူနှင့် စိတ်ဆိုးလေ့မရှိသော လင်းချောင်ပင်လျှင် စိတ်ပျက်ရွံရှာသွားခဲ့သည်။ သူမ နောက်သို့ ဆုတ်လိုက်ပြီး တံခါးကို ပြင်းထန်စွာ ရိုက်ပိတ်လိုက်ရာ၊ တံခါးကို တွန်းဖွင့်ရန် ကြိုးစားနေသည့်တူဖြစ်သူ၏ လက်ကို ထိမိသွားသည်။

ထိုတူဖြစ်သူက နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားပြီး ဒေါသထွက်လာတော့သည်။ အဘိုးကု လုံးဝ မယိမ်းယိုင်သည်ကို မြင်သောအခါ သူ၏ဇနီးသည်က ပိုမို ကြမ်းတမ်းသော စကားလုံးများဖြင့် စတင်ပြောဆိုလာသည်။

"ကျွန်မတို့ရဲ့ အားဝမ်ကို အသုံးမချဘူးဆိုရင် ဒီမြေခွေးမလေးကို အသုံးချမှာလား။ ဘယ်သူက ဦးလေးရဲ့ သားသမီး၊ မြေးတွေ ဖြစ်ချင်မှာလဲ။ ဦးလေးရဲ့ သားက ဦးလေးကြောင့် သေတာ၊ မြေးကလည်း ဦးလေးကြောင့်ပဲ သေတာ၊ ရှောင်ကျန်းဆိုတာလည်း ပျောက်ကွယ်သွားလောက်ပြီ..."

"ဖြန်း!"

လက်ဝါးရိုက်သံတစ်ခုက သူမ၏ စကားများကို ဖြတ်တောက်ပစ်လိုက်သည်။

ဧည့်သည်များသာမက ဆေးရုံခုတင်ပေါ်ရှိ အဘိုးကု၊ ကျိသော်နှင့် စူးကျန့်တို့ပါ အံ့အားသင့်သွားကြ၏။

စူးကျန့်က ဆရာဝန်ရုံးခန်းတွင် ကျိသော်နှင့် တွေ့ဆုံခဲ့သည်။ သူတို့က စကားအနည်းငယ် ပြောနေခဲ့ပြီးနောက် လူနာခန်းမှ ဆူညံသံကို ကြားလိုက်ရခြင်းဖြစ်သည်။

အဘိုးကု၏ စောင့်ရှောက်သူ အစ်မကြီးတုက ရေနွေးနှင့်အတူ ပြန်လာပြီး "အိုး မဖြစ်သေးပါဘူး" ဟု အော်ဟစ်လိုက်ကာ ထိုတူ၊ တူမနှင့် မြေးဖြစ်သူတို့ကို မှတ်မိသွားခဲ့သည်။ ဤသူများသည် အဘိုးကုကို ဆေးရုံတက်ရသည်အထိ ဒေါသထွက်အောင် လုပ်ခဲ့သူများဖြစ်သည်။ သူတို့သည် လူကောင်းများ မဟုတ်ကြပေ။ လူနာခန်းထဲတွင် အဘိုးကုနှင့် လင်းချောင် နှစ်ယောက်တည်းသာ ရှိသောကြောင့် သူမက သူတို့ကိုမနိုင်မည်ကို စိုးရိမ်သွားခဲ့၏။

စူးကျန့်တစ်ယောက် အလိုလို ခြေလှမ်းမြန်မြန်လှမ်းခဲ့ကာ ကျိသော်ကလည်း ပို၍ပင်လျှင်မြန်စွာဖြင့် ခြေလှမ်းအနည်းငယ်အတွင်း သူ့ကို ကျော်တက်သွားခဲ့သည်။

ပုံမှန်အားဖြင့် တည်ငြိမ်သော ကျိသော်၏ အလျင်လိုနေမှုမှာ ရှားပါးသည်။ စူးကျန့်သည် သူ၏ ခြေတံရှည်သော သူငယ်ချင်းနောက်သို့ အလျှင်အမြန် ပြေးလိုက်နေရသည်။

သူတို့သည် အဘိုးကု၏ အခြေအနေနှင့် အရွယ်ရောက်ခါစ မိန်းကလေးတစ်ယောက်ဖြစ်သော လင်းချောင်က သူတို့ထက် အားနည်းနေမည်ကို စိုးရိမ်နေခဲ့ကြသည်။ သို့သော် လင်းချောင်ကတော့ ထိုအမျိုးသမီးကို အားရပါးရ ရိုက်လိုက်ပြီးပြီဖြစ်သည်။ သူမက လက်ကိုပင် ပြန်မရုပ်သေးဘဲ နောက်တစ်ချက် ထပ်ရိုက်ရန် အသင့်ပြင်ထားသည်။

"စကားကို ကောင်းကောင်းမွန်မွန် မပြောတတ်ဘူးဆိုရင် ကျွန်မ သင်ပေးလို့ရတယ်။"

မိမိ၏ သားသမီးများကို ဆုံးရှုံးထားရပြီး အိပ်ရာထဲလဲနေရသော သက်ကြီးပိုင်းတစ်ဦးကို သူ၏ သားသမီးမြေးမြစ်များက သူ့ကြောင့် သေဆုံးသွားကြောင်း ပြောဆိုခြင်းက ဘယ်လောက်တောင် ရက်စက်လိုက်သလဲ။

အဘိုးကုသည် နှစ်ပေါင်းများစွာ တစ်ယောက်တည်း နေခဲ့ရပြီး သူ၏ မြေးမကို အမြဲရှာဖွေနေခဲ့သည်။ သူကရော သူ့ကိုယ်သူ အပြစ်မတင်ခဲ့ဘူးလား။ သူ မစဉ်းစားခဲ့ဘူးလား။ ဒါက သူ့ကို စိတ်အခြေအနေဆိုးသို့ ရောက်အောင် တွန်းပို့နေခြင်းပင်။

ထို့အပြင်၊ လင်းချောင်သည် အဘွားလင်းအား စွင်းရှို့ကျစ် ပြောဆိုသည့် အလားတူ စကားလုံးများကိုလည်း ကြားဖူးခဲ့သေးသည်။ အဘွားလင်းသည် အဘိုးလင်း၊ လင်းရှောင်ရန်နှင့် သူမ မွေးထုတ်ခဲ့သော်လည်း မပြုစုခဲ့ရသော သူမ၏အငယ်ဆုံးသားတို့ သေဆုံးရခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု ဆိုခဲ့သည်။ သူမ သတိရသည့်အခါတိုင်း ဒီအကြောင်းတွေးကာ ကျိန်ဆဲလေ့ရှိပြီး ထိုစကားလုံးများက မည်မျှနာကျင်စေသည်ကို လင်းချောင် သိထားသည်။

All Chapters