အခန်း (၅၄၉)
Vol. 40 Ch. 549
“ဒီ ဝက်အူက တော်တော်အရသာရှိတယ်"
“သွားစမ်း၊ ငါ့ငါးအသားလုံးကို လာမလုနဲ့!”
“ဟင်းရည်တစ်ပန်းကန် ကမ်းပေးပါဦး၊ ကျေးဇူး!”
ထိပ်တန်း မသေမျိုးဆေးပင်အား နာနာပြုတ်ထားသော ဟင်းရည်သည် ပါဝင်ပစ္စည်းတိုင်းကို အရသာရှိစေသည်။ ယဲ့ကျွင်းလင်တို့အဖွဲ့မှာ ဟော့ပေါ့အား တပျော်တပါးကြီးအရသာခံကြကာ အရသာခံဖုများပင် ကခုန်ကြတော့မတတ် ပျော်ရွှင်နေကြ၏။
ဟော့ပေါ့ယဉ်ကျေးမှုကား ထိုမျှရိုးရှင်းသည်။ အသားပဲဖြစ်ဖြစ်၊ ဟင်းသီးဟင်းရွက်ပဲဖြစ်ဖြစ် ပစ်ထည့်လိုက်ရုံပင်။ ထို့နောက် ပူပူနွေးနွေး ဆယ်ယူစားသုံးလိုက်ပါက နှလုံးသားထိ နွေးထွေးသွားစေမည်။
လင်တုရှိုသည် ဇွန်းနှင့်တူကို ကိုင်လျက် ကျန်းထျန်းမင်ထံ ရောက်လာပြီး ရှုပ်ထွေးနေသောအမူအရာဖြင့် မရဲတရဲမေးသည်။ “သူတော်စင်သခင်ရော စားဦးမလား?"
ဖိနှိပ်ထားသော ဖိအားကြီး ပေါ့ပါးလွင့်ပြယ်သွားပြီဖြစ်၍ ကျန်းထျန်းမင်သည် စောစောကတည်းက ထရပ်ပြီး လှုပ်ရှားသွားလာနိုင်သော်လည်း တကယ်တမ်းထရပ်ဖို့ မဝံ့ရဲခဲ့ပေ။ သူသည် အခွံထဲပုန်းနေသော လိပ်ကဲ့သို့ ထိုနေရာတွင် ကွေးကွေးလေးလဲလျောင်းနေပြီး ကျန်သူများအားလုံး ဟော့ပေါ့ဝိုင်းစားနေသည်ကို စိတ်ပျက်အားငယ်စွာ လှမ်းကြည့်နေရလေသည်။
“အာ၊ မင်းပဲစားပါ" ကျန်းထျန်းမင်က သက်ပြင်းတစ်ချက်ချလျက်ဆိုသည်။
သူစိတ်ညစ်နေရသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သောကိစ္စပင်။ အပြင်လောကမှ ကျင့်ကြံသူများပင် အကြီးအကဲယဲ့ဆီက မျက်နှာသာရဖို့ ကြိုးပမ်းချင်သော်ငြား အခွင့်အရေးတစ်ခုပင် ရနိုင်သည်မဟုတ်။ ယခု ထိုပုဂ္ဂိုလ်ကိုယ်တိုင် မိမိတို့ဂိုဏ်းရှိရာ တက်တက်ကြွကြွလာပြီး မိတ်ဆွေဖွဲ့နေပါလျက် သူက အရိပ်အကဲမသိစွာ မောက်မာချင်စိတ်ဖြင့် အရူးထခဲ့မိသည်။
“ကျွန်တော် ကိုယ်စားလျှောက်တင်ပေးရမလား?” လင်တုရှိုက ခပ်ဆဆမေးသည်။
“မလိုပါဘူး၊ အကြီးအကဲယဲ့ကိုယ်တိုင် စကားပြောမလာသရွေ့ ငါဒီနေရာမှာပဲ မှောက်နေပါ့မယ်!” ကျန်းထျန်းမင်က ခိုင်မာစွာ ပြောသည်။
“ရှောင်ကျန်း၊ ငါ့အတွက် ဝိုင်လာငှဲ့ပေး”
ကြည်လင်သော အသံသဲ့သဲ့လေးတစ်သံ ထွက်ပေါ်လာသည်။
သူတို့နှစ်ဦးသားလည်း အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်မိကြ၏။
“အကြီးအကဲယဲ့၊ ကျွန်တော် လာပါပြီ!”
ကျန်းထျန်းမင် အပျော်လွန်ကာ လက်ဖျောက်တစ်ချက်တီးစာ အချိန်အတောအတွင်းမှာပင် ယဲ့ကျွင်းလင်၏ ဘေးသို့ ရောက်ရှိနေပြီဖြစ်ပြီးပြီး ငွေရောင်ဝိုင်အိုးကို ရိုသေစွာကိုင်ကာ ယဲ့ကျွင်းလင်၏ ခွက်ထဲသို့ ချိုမြိန်ပြင်းရှသော မသေမျိုးဝိုင်အား ငှဲ့ပေးလိုက်သည်။
“ရှောင်ကျန်း၊ မင်း ငါ့အပေါ် မကျေနပ်တာများ ရှိသလား?” ယဲ့ကျွင်းလင်က ဝိုင်ကို တစ်ငုံသောက်ပြီး မေးသည်။
ကျန်းထျန်းမင်သည် အမှားလုပ်ခဲ့မိသော ကလေးတစ်ယောက်ကဲ့သို့ ခေါင်းကိုတွင်တွင်ငုံ့ကာ ရှက်ရွံ့စွာ ပြောသည်။ “အကြီးအကဲယဲ့၊ ကျေးဇူးပြုပြီး နောက်မနေပါနဲ့တော့။ ကျွန်တော်က အကြီးအကဲပေါ်ကို မကျေနပ်ဖို့ ဘယ်လို သတ္တိရှိမှာလဲ? အကြီးအကဲ ကျွန်တော်တို့ ရွှယ်ထျန်းသူတော်စင်နယ်မြေကို လာရောက်လည်ပတ်လိုတာကိုက ကျွန်တော်ရှောင်ကျန်းရဲ့ဘဝမှာ အကြီးမြတ်ဆုံးဂုဏ်သရေပါ!”
ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ဆိုသည်။ “ငါ ဒီလာရတဲ့ အကြောင်းရင်းက အဓိကအားဖြင့် ငါတို့ နှစ်ဂိုဏ်းကြားက ဆက်ဆံရေးကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် ရွှယ်ထျန်းဂိုဏ်းနဲ့ ရွှယ်ထျန်း သူတော်စင်နယ်မြေက မူရင်းအခြေအမြစ် တစ်ခုတည်းကနေ ဆင်းသက်လာတာလေ"
“ဟုတ်ပါတယ်၊ မှန်ပါတယ်” ကျန်းထျန်းမင်သည် ဘေးမှာရပ်ပြီး ထိုလူငယ်အတွက် မပြတ်ဝိုင်ငှဲ့ပေးရင်း စိတ်ထဲမှလည်း ထူးထူးဆန်းဆန်း ခံစားနေရသည်။
ရွှယ်ထျန်း သူတော်စင်နယ်မြေရဲ့ သူတော်စင်သခင်က သူလား ငါလား? ငါ ဒီရာထူးကို စွန့်လွှတ်ပေးသင့်သလား?
စွန့်လွှတ်ပေးလိုက်ရင် စိတ်ပိုပေါ့သွားနိုင်မလား?
မကြာသေးမီက ဖြစ်ပွားခဲ့သော ကတောက်ကဆ ဖြစ်ရပ်ပြီးနောက် ကျန်းထျန်းမင်သည် မာန်မာနများ မကျန်ရှိတော့စွာ အလုံးစုံငြိမ်သက်အေးဆေးသွားရပြီး သူသည် ရွှယ်ထျန်းသူတော်စင်သခင်အဖြစ် တာဝန်ထမ်းဆောင်ရန် သေချာပေါက် မသင့်လျော်တော့ဟု ခံစားရသည်။ ထို့နောက် ယဲ့ကျွင်းလင်ထံ ရာထူးကို လွှဲပြောင်းပေးဖို့ စဉ်းစားမိ၏။ သူတို့ နှစ်ဦးစလုံးမှာ ရွှယ်ထျန်းဂိုဏ်းဆက်များ ဖြစ်သောကြောင့် လွှဲပြောင်းပေးဖို့ရာ အသင့်တော်ဆုံးလူသာဖြစ်သည်။
ကျန်းထျန်းမင်က ရာထူးလွှဲပြောင်းမည့် ကိစ္စကို ပြောလာသောအခါ ယဲ့ကျွင်းလင် ခေါင်းခါသည်။
“ငါက မြူခိုးတောင်ထိပ်သခင်လည်းဟုတ်သလို ရွှယ်ထျန်းဂိုဏ်း မဟာအကြီးအကဲတစ်ယောက်လည်း ဖြစ်ပြီးနေပြီ။ ရွှယ်ထျန်းသူတော်စင်သခင်ပါ ဖြစ်ဖို့ကတော့ မသင့်တော်လောက်ဘူး မဟုတ်လား?”
“ဒါ့အပြင် ငါကအဲ့လို စနစ်တကျ စီမံခန့်ခွဲရတာတွေ စိတ်မဝင်စားဘူး။ ငါက ငါ့တပည့်တွေနဲ့ လွတ်လွတ်လပ်လပ် သွားလာနေချင်တာ"
ကျန်းထျန်းမင် အံ့အားသင့်သွားသည်။
လင်တုရှိုက စိတ်တွင်းမှ သက်ပြင်းချမိ၏။ ဤပုဂ္ဂိုလ်သာ သူတော်စင်သခင်အဖြစ်ဆက်ခံပြီး တာဝန်ထမ်းဆောင်လိုပါက ရွှယ်ထျန်းသူတော်စင်နယ်မြေအတွက် ကြီးမားသော ကောင်းချီးတစ်ခု ဖြစ်လိမ့်မည် အသေအချာပင်။
“ဒီလိုဆိုရင်…”
ကျန်းထျန်းမင်သည် အသာငြိမ်သက်ရင်း မဟာအကြီးအကဲတစ်ဦးနှင့် သူတော်စင်သခင်ကြားက ဆက်စပ်မှုကို ပြန်လည်စဥ်းစားနေသည်။
ရုတ်တရက် သူသည် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ထအော်သည်။ “အကြံရပြီ! အကြီးအကဲကို အကြီးမြတ်ဆုံး သူတော်စင်သခင်အဖြစ် ခန့်အပ်မယ်ဆိုရင်ရော ဘယ်လိုလဲ!”
အကြီးမြတ်ဆုံး သူတော်စင်သခင်?!
ဤ ထူးခြားသော အသုံးအနှုန်းအသစ်ကို ကြားသောအခါ လူတိုင်း ဇဝေဇဝါဖြင့် မော့ကြည့်လာကြသည်။
“ဟုတ်တယ်၊ အကြီးမြတ်ဆုံး သူတော်စင်သခင်!”
ကျန်းထျန်းမင်သည် သူ့ကိုယ်သူ ဉာဏ်ကြီးရှင်တစ်ဦးကဲ့သို့ ခံစားရပြီး စိတ်လှုပ်ရှားစွာ ပြောပြလာသည်။ “ဒီ မကြုံစဖူး သမိုင်းရဲ့ ရာထူးအသစ်က ဒီနေ့ကစပြီး အကြီးအကဲယဲ့၊ သင့်အတွက် သီးသန့်ပဲ ဖြစ်ပါလိမ့်မယ်”
“အကြီးမြတ်ဆုံး သူတော်စင်သခင်ရဲ့ အဆင့်အတန်းက သူတော်စင်သခင်ထက် ပိုမြင့်ပေမယ့် အတွင်းရေးကိစ္စတွေကို စီမံခန့်ခွဲဖို့ မလိုအပ်ပါဘူး၊ ဒါက နာမည်ခံ ရာထူးသက်သက်ပါပဲ။ ဘယ်လိုလဲခင်ဗျာ? စိတ်ကျေနပ်မှုရှိပါသလား?"
အကြီးမြတ်ဆုံး သူတော်စင်သခင်နှင့် သူတော်စင်သခင်တို့၏ အဆင့်အတန်းကို လောကီမင်းဆက်တို့၏ အဆင့်အတန်းဖြင့် ဥပမာပေးဖော်ပြပါက ဘိုးဘေးဘုရင်ကြီးနှင့် ဧကရာဇ်ဘုရင်တို့ကဲ့သို့ ရှိမည်။
ယဲ့ကျွင်းလင် အတွေးများစွာဖြင့် ဝဲလည်သွားသည်။
စဥ်းစားကြည့်ရသလောက်တော့ သူ့အတွက် ဆိုးကျိုးတစ်ခုမှ ရှိပုံမရ။
“ကောင်းပြီ!”
ယဲ့ကျွင်းလင် ချက်ချင်း သဘောတူသည်ကို မြင်သောအခါ ကျန်းထျန်းမင်သည် အလွန်အမင်း ဝမ်းသာသွားသည်။
ဤသို့သော ရာထူးအဆင့်အတန်းဖြင့် ပြန်လည်ချိန်ညှိလိုက်ပါလျှင် ဘေးတွင်ကုပ်ကုပ်လေးရပ်ကာ ဝိုင်ငှဲ့ပေးနေရသောပုံရိပ်မှာလည်း ပိုလို့သဘာဝကျပေမည်ဟု ကျန်းထျန်းမင် ကျေနပ်စွာတွေးလိုက်သည်။
“သူတော်စင် လင်တုရှိုက အကြီးမြတ်ဆုံး သူတော်စင်သခင်ကို အရိုအသေပေးပါတယ်!” လင်တုရှိုသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ လက်များကိုယှက်ကာ အရိုအသေပြုသည်။
“နာမည်ကြီးက ရှည်လျားလိုက်တာကွာ၊ ငါ့ကို အကြီးအကဲယဲ့လို့ပဲ ပြန်ခေါ်ပါ” ယဲ့ကျွင်းလင် စိတ်မသက်မသာဖြင့် ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့!”
ဟော့ပေါ့မှ မွှေးပျံ့သော အငွေ့အသက်များ လွင့်ထွက်လာပြီး သူတို့အားလုံးလည်း ပြန်လည်အရသာခံ စားသောက်ကြလေတော့၏။
ထိုသို့ သုံးကြိမ်သုံးခါမျှ သောက်စားပြီးနောက်။
ကောင်းပုလီ၏ မျက်နှာအိုအိုသည် ဝိုင်အရှိန်ဖြင့် နီရဲနေပြီး စကားများက ပိုလို့ ပွင့်လင်းမြင်သာလာသည်။ “တကယ်တော့ အဲဒီအချိန်က ဧကရီဖူယောင်ရဲ့နောက် လိုက်ပါခဲ့ရတာက ကျွန်တော့်ရဲ့ အကြီးမြတ်ဆုံး ကံတရားပဲ!”
ဤအကြောင်းအရာကို ကြားသောအခါ စန်းလန်ကျွင်း၏ စိတ်ဝင်စားမှုသည် ချက်ချင်း ပြင်းပြလာပြီး မေးမြန်းသည်။ “အကြီးအကဲကောင်း၊ အဲဒီအချိန်က ဧကရီဖူယောင်ရဲ့ နယ်မြေမှာ အသင်က ဘယ်လို အရေးကြီးတဲ့ ရာထူးကို ယူထားခဲ့တာလဲ? အရမ်းအထင်ကြီးစရာဖြစ်လိမ့်မယ် ထင်တယ်နော!”
“မင်းထင်တာမှန်တယ်! ဒီ ရာထူးက အလွန်အရေးပါတယ်။ အတိတ်က မသေမျိုးဘုရင်များ ဧကရီဖူယောင်ဆီ လာရောက်လည်ပတ်တဲ့အခါ ဒီ အဘိုးကြီးက သူတို့ကို လှည့်ပြန်သွားဖို့ အမိန့်ပေးပိုင်ခွင့်အထိ ရှိခဲ့ပေတယ်!”
“ဟိုက်~”
စန်းလန်ကျွင်းသည် ပါးစပ်အဟောင်းသားဖြင့် တလေးတစားမှတ်ချက်ပြုသည်။ “အကြီးအကဲကောင်းကို ဧကရီဖူယောင်က နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားခဲ့ပုံရတယ်!”
“ဟဲဟဲ၊ မဆိုးပါဘူးကွာ” ကောင်းပုလီ၏ မျက်နှာသည် နီရဲနေပြီး လက်ထဲမှဝိုင်ခွက်ကို မြှောက်ကာ တစ်ခွက်လုံး မော့သောက်လိုက်သည်။
ယဲ့ကျွင်းလင်လည်း သိချင်စိတ်ဖြင့် ဝင်မေးသည်။ “ဒီလောက်တောင် လုပ်ပိုင်ခွင့်တွေရထားတာ ဘာရာထူးများလဲ ဆိုစမ်းပါဦး"
လူတိုင်း စူးစမ်းလိုဟန်ဖြင့် နားစွင့်လိုက်ကြသည်။
“ဒါက…”
အကြည့်များစွာ၏ အာရုံစိုက်မှုအောက်တွင် ကောင်းပုလီသည် ကြို့တစ်ချက်ပြင်းပြင်းထိုးကာ မာန်အပြည့်ဖြင့် ရင်ဘတ်ကိုကော့လျက် လက်ဖြင့်ပုတ်ပြီး ဝင့်ကြွားစွာဆိုသည်။
“တံခါးစောင့် ခွေး!!!”