အကြီးမြတ်ဆုံး သူတော်စင်သခင်
Vol. 40 Ch. 548
“တော်တော့ တော်ကြတော့၊ သူ ဘယ်လောက်တောင် ကြောက်နေလဲ ကြည့်ပါဦး” ယဲ့ကျွင်းလင်က အမြန်ဝင်ဟန့်လိုက်သဖြင့် ပုရှောင်ရှီးသည် နာခံစွာ ပါးစပ်ကို ပိတ်လိုက်သော်လည်း အားမရသေးသည့် ပုံပေါ်သည်။
သနားစရာ ကောင်းပုလီခမျာတော့ ခွေးသားဟင်းလျာများနှင့် ချက်ပြုတ်စားသောက်ပုံ အမျိုးမျိုးကို ကြားပြီးနောက် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာထိခိုက်သွားရကာ ဘယ်အချိန်စားပွဲပေါ်အတင်ခံရမည်ဆိုတာကို တွေးကြောက်နေရလေပြီ။
“ကလေးကလား ဟာသလုပ်နေကြတာပါကွာ၊ စိတ်ထဲ မထားပါနဲ့” ယဲ့ကျွင်းလင်သည် လက်ဆန့်ထုတ်ပြီး ကောင်းပုလီကို ဆွဲထူကာ ပခုံးကိုပုတ်၍ နှစ်သိမ့်လိုက်သည်။
ကောင်းပုလီသည် ကြောက်စိတ်မကုန်သေးဟန်ဖြင့် စိတ်မကောင်းစွာ ပြောသည်။ “ပြဿနာက လုံးဝ မရယ်ရလို့ပါ…”
ရုတ်တရက် လင်တုရှို၏ အသံထွက်လာသည်။ “အကြီးအကဲယဲ့၊ ပါဝင်ပစ္စည်းတွေအကုန် ပြင်ဆင်ပြီးပါပြီ! စိတ်ကျေနပ်မှု ရှိလိမ့်မယ်လို့ အာမခံပါတယ်!”
လှည့်ကြည့်လိုက်သောအခါ လင်တုရှိုမှာ အရွယ်အစား အထူးကြီးမားသော သံအိုးကြီးတစ်လုံးကို သယ်ဆောင်လာပြီး ထိုအိုးထဲတွင် အမျိုးမျိုးသော အရောင်စုံ ပါဝင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်အား တွေ့လိုက်ရ၏။
သံအိုးထဲသို့ ရေလောင်းထည့်ပြီး မီးမွှေးလိုက်ရာ ရေနွေးငွေ့များ ထောင်းထောင်းထအောင် ထွက်လာသည်။
“ရှောင်ဟေး!”
ယဲ့ကျွင်းလင် အော်ခေါ်လိုက်သည်။
ထို့နောက် လင်တုရှို၏ အံ့အားသင့်သော အကြည့်အောက်တွင် အသားမည်းမည်းကြည်ကြည်နှင့် ခန့်ညားသော မျက်နှာရှိသည့် လူငယ်တစ်ဦးသည် တည်ငြိမ်စွာပင် မြောက်ခနဲခုန်တက်သွားပြီး ရေကူးကန်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသည့်အလား သံအိုးပူထဲ ခုန်ဆင်းသွားလေသည်။
သူ၏ လှုပ်ရှားမှုများမှာ လုပ်ရိုးလုပ်စဥ်တစ်ခုလို ချောမွေ့ပြီး မယုံနိုင်လောက်အောင် ကျွမ်းကျင်သည်။
အလွန်ပုံမှန်ဖြစ်နေဟန် ရှိသဖြင့် ကြည့်ရသူ၏ နှလုံးသားကိုပင် နာကျင်စေမိသည်။
“ဘာတွေဖြစ်နေတာလဲ?” လင်တုရှိုသည် သံအိုးအတွင်းရှိ အခြေအနေကို စစ်ဆေးရန် အလျင်အမြန် ပြေးကပ်သွားလိုက်သည်။
ငုံ့ကြည်လိုက်သော် ရေမျက်နှာပြင်ပေါ်၌ ဖြည်းညှင်းစွာ ဝဲလည်ရွေ့လျားကာ ပေါ်လောပေါ်နေသော ဧရာမ မှိုမည်းကြီးတစ်လုံးအား တွေ့လိုက်ရသည်။
ထိုမှိုကို ထည့်ပြုတ်လိုက်သည်နှင့် တစ်ပြိုင်နက် မွှေးပျံ့ပြီး လန်းဆန်းသော ရနံ့တစ်ခု ထွက်ပေါ်လာပြီး မှော်ဆန်သည့် စွမ်းအားအချို့ ပါဝင်နေသကဲ့သို့ ဟင်းရည်ကို တမူထူးခြားသော အနံ့အရသာအား ပေးစွမ်းလေသည်။
“ဂလု”
လင်တုရှိုသည် တံတွေးတစ်ချက်မျိုချကာ မနေနိုင်မထိုင်နိုင် မြည်းစမ်းလိုသည့် စိတ်ပင် ပေါ်လာသည်။
အကြီးအကဲယဲ့၏ တပည့်များမှာ အားလုံးလိုလို ထူးခြားသာလွန်ကြသည်သာ!
အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းပြီးလောက်ချိန်တွင်၊
သံအိုးထဲမှ မှိုမည်းကြီး ပြန်လည်ခုန်ထွက်လာပြီး လူငယ်ပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်။
ထိုအသားမည်းမည်းလူငယ်လေးက အေးအေးဆေးဆေး ဆိုလာသည်။ “ပြီးပြီ”
“ရှူးးး ဟင်းရည်က မွှေးကြိုင်နေတာပဲကွာ" စန်းလန်ကျွင်းသည် လည်ပင်းကို ဆန့်ထုတ်ကာ လတ်ဆတ်သင်းပျံ့သော မှိုဟင်းရည်ရနံ့ကို ရှူရှိုက်ရင်း နှလုံးသားတွင်းမှလာသောစကားသံဖြင့် ချီးကျူးသည်။
“ဒါတကယ်ပဲ ထိပ်တန်း မသေမျိုးဆေးပင်လား? ရှားပါးလိုက်တာ!” ကောင်းပုလီသည် တစ်ဖက်လူငယ်အား စူးစမ်းအကဲခတ်နေရင်း မဟာမှိုဘုရင်ဖြစ်မှန်းသိသွားပြီး မျက်လုံးများ မီးတောက်လာကာ သွားရည်များပင် ယိုကျမတတ်ဖြစ်လာသည်။
ထိပ်တန်း မသေမျိုးဆေးပင်တစ်ပင်၏ တန်ဖိုးကို မသေမျိုးသူတော်စင်တစ်ပါးပင် လျှော့တွက်လို့မရနိုင်။
“စားချင်လား? ခွေးသားနဲ့ဆို ပိုပြီး မွှေးနေမှာ” ယဲ့ကျွင်းလင်က ရည်ရွယ်ချက်ရှိရှိဖြင့် ကိုယ်ကိုကိုင်း၍ သူနားနားသို့ကပ်ကာ တီးတိုးပြောသည်။
ထိုစကားကိုကြားသောအခါ၊
ကောင်းပုလီသည် တုန်ယင်သွားပြီး ဇွတ်အတင်းဖျစ်ညှစ်ပြုံးပြလိုက်ရသည်။ “တာအိုရောင်းရင်း၊ မနောက်ပါနဲ့။ ဒီ အဘိုးကြီးအတွက်ကတော့ မစားရလည်းဖြစ်ပါတယ်။ ခွေးသားနဲ့ပတ်သက်လို့တော့ ကျေးဇူးပြုပြီး ထပ် မပြောပါနဲ့တော့…”
“ဟော့ပေါ့ စားကြစို့!” အားခွင်းသည် စိတ်လှုပ်ရှားစွာ လက်သီးလက်မောင်းတန်းလျက် ဟစ်အော်သည်။
“ဟမ်?”
ကောင်းပုလီ၏ မျက်လုံးများ တောက်ပလာပြီး ဆံပင်အလယ်ခွဲနှင့် လူငယ်လေးကို စိုက်ကြည့်နေပြန်သည်။ နောက်ဆုံးတွင် တစ်ဖက်လူ၏ပုံစံအစစ်အမှန်ကို ခန့်မှန်းမိလိုက်နိုင်ပြီး မျက်စိမျက်ဆံပြူးလောက်အောင်အထိ ကြောက်လန့်ကာ လေသံသည်ပင် တုန်ယင်လာ၏။
“ဒါက ခွင်းဖန်းဆိုတဲ့ နတ်သားရဲမျိုးနွယ်တွေထဲက အမြင့်ဆုံး ဧကရာဇ်မျိုးနွယ်လား?!”
ရှေးခေတ်ကာလ ကတည်းက နတ်သားရဲမျိုးနွယ်၌ တင်းကျပ်သော အဆင့်ပိုင်းခြားမှုများ ရှိနှင့်ပြီးသား ဖြစ်သည်။ ဥပမာအားဖြင့် ကောင်းကင်ခွေးမျိုးနွယ်သည် နတ်သားရဲမျိုးနွယ်များထဲမှ ထိပ်တန်း တော်ဝင်မျိုးနွယ်ဖြစ်ပြီး တော်ဝင်မျိုးနွယ်အောက်တွင် ဘုရင်မျိုးနွယ်များ ရှိသည်။
နဂါးမျိုးနွယ်၊ ဖီးနစ်မျိုးနွယ်နှင့် ချီလင်မျိုးနွယ်တို့မှာမူ နတ်သားရဲမျိုးနွယ်အတွင်း ဧကရာဇ်မျိုးနွယ်အဖြစ် သတ်မှတ်ခံရပြီး သူတို့သာလျှင် နတ်ဘုရားသားရဲဟု တရားဝင်ခေါ်ဆိုခံရရန် အရည်အချင်း ပြည့်မီသည်။
ခွင်းဖန်းမျိုးနွယ်သည် ဧကရာဇ်မျိုးနွယ်၏ ထိပ်တန်းအဆင့်များထဲတွင် ပါဝင်လေသည်။
ထိုသို့သော သတ္တဝါသည်သာ အထွဋ်အထိပ်ရောက်သည်အထိ ကြီးထွားလာပါက စကြဝဠာအတွင်း၌ပင် လွတ်လပ်စွာ လှည့်လည်သွားလာနိုင်ပြီး ပါးစပ်တစ်ချက်ဟရုံဖြင့် ဂြိုဟ်ရာချီ၊ ထောင်ချီကိုပင် မျိုချနိုင်စွမ်း ရှိသည်။
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ?
“ခွင်းလွင်ကမ္ဘာမှာ အခုထိ ခွင်းဖန်းမျိုးနွယ်က မျိုးဆက်တွေ ဘာကြောင့် ကျန်ရစ်နေသေးတာလဲ?” ကောင်းပုလီသည် အလွန် အံ့သြထိတ်လန့်စွာဖြင့် ရေရွတ်မိ၏။
မည်သို့ပင်ဆိုစေ သူသည် တစ်ချိန်က ဧကရီဖူယောင်၏အနောက်ဝယ် သစ္စာခံကာ လိုက်ပါခဲ့ဖူးသောကြောင့် နယ်မြေအနှံ့ ခြေဆန့်ဖူးကာ ထိပ်တန်းပုဂ္ဂိုလ်များကြားက အတွင်းရေးလျှို့ဝှက်ချက်များစွာကို သိရှိထားသည်။
ခွင်းလွင်ကမ္ဘာတွင် ခွင်းဖန်းများ မရှိတော့သလို မသေမျိုးနယ်မြေ၌ပင် မရှိတော့သည်မှာ ကြာမြင့်စွာကတည်းက လက်ခံထားရသော အချက်ပင်!
ဤသို့ မျိုးသုဥ်းရသည့် အကြောင်းရင်းမှာ မူလကတည်းက ရှားပါးနေပြီဖြစ်သော ခွင်းဖန်းမျိုးနွယ်သည် ဧကရာဇ်ထျန်းနှင့် စစ်ပွဲတစ်ခုတွင် လိုက်ပါစဉ် ချောင်းမြောင်းတိုက်ခိုက်ခံရပြီး မျိုးပြုတ်လုနီးပါး ချေမှုန်းခံခဲ့ရခြင်း ဖြစ်သည်။
ကောလာဟလများအရ ကျန်ရှိသော မျိုးနွယ်ဝင်များကို မရဏမျိုးနွယ်မှ အင်အားကြီးဂိုဏ်းတစ်ခုက ဖမ်းဆီးသွားခဲ့ပြီး သူတို့၏ ကံကြမ္မာကိုလည်း အသေအချာခန့်မှန်းလို့မရဟု ဆိုကြ၏။
နတ်သားရဲမျိုးနွယ်၏ အမြင့်ဆုံးသော ဧကရာဇ်မျိုးနွယ်ဝင်များအတွက် နှမြောတသ ဝမ်းနည်းဖွယ်ရာ နိဂုံးတစ်ခုသာ။
ထို့သို့ မျိုးပြုန်းပျောက်ကွယ်သွားသော မျိုးနွယ်ဝင်တစ်ဦးဖြစ်သည့် ခွင်းဖန်းက သူ့မျက်စိရှေ့တွင် ထွက်ပေါ်လာသောအခါ ကောင်းပုလီ လန့်ချင်လည်းလန့်စရာပင်။
ဒီ ကောင်လေးက ဘယ်ကနေ ရောက်လာတာလဲ?
“သူက ငါ့ရဲ့ စီးတော်ယာဥ်ပဲ” ယဲ့ကျွင်းလင်က မိတ်ဆက်ပေးသည်။
ကောင်းပုလီ ပိုလန့်သွားသည်။ အခုပြောချင်တာက အမြင့်ဆုံး ဧကရာဇ်မျိုးနွယ်၏ မျိုးဆက်ကို စီးတော်ယာဥ်အဖြစ် အသုံးပြုနေတယ် ဆိုတဲ့သဘောလား?
သို့သော် အရှေ့မှလူငယ်၏ အမျိုးမျိုးသော ထူးခြားပြောင်မြောက်သည့် အရည်အချင်းများကို စဉ်းစားကြည့်ရလျှင် မဖြစ်နိုင်တာမရှိသောကြောင့် ကောင်းပုလီ စိတ်ငြိမ်ငြိမ်ထား၍ လက်ခံကြည့်ဖို့သာ ကြိုးစားရပေမည်။
ထိုအချိန်တွင်၊
လင်တုရှိုသည် ပန်းကန်များကို တစ်ချပ်ပြီးတစ်ချပ် ကိုင်ကာ ပါဝင်ပစ္စည်းများကို ဟော့ပေါ့ထဲသို့ ဆက်တိုက် ထည့်နေသည်။ အမျိုးမျိုးသော ပါဝင်ပစ္စည်းများသည် ဟင်းရည်ထဲတွင် ပေါ်လိုက် မြုပ်လိုက်ဖြင့် မွှေးပျံ့သော ရေနွေးငွေ့ဆူဆူအား ထုတ်လွှတ်နေသည်။
“စားကြစို့!”
လူတိုင်း ဝိုင်းအုံသွားကြပြီး မြင်ကွင်းမှာ အလုံးစုံသက်ဝင်တက်ကြွလျက်။