" အမည်မသိ ချောက်နက် "
Vol. 13 Ch. 191
ယုံကြည်မှု့ရှိခြင်းက ကောင်းသော အရာပင် ဖြစ်သည်။ လျူယောင် စိတ်သက်သာရာရသွားသည်။
“ရောက်တာနဲ့ ငါ ကို အကြောင်းကြားအုံး...”
လျူယောင် မှာလိုက်သည်။
လိပ်ကြီးမှာ လက်နက်အသစ်ဖြင့် ဂူအမ်ကျွန်းသို့ ဦးတည်ပြီး ဆက်လက် ထွက်ခွာသွားသည်။
ထိုသရဲရေခူများအား ပြဿနာရှာပြီး သူ့ရဲ့ ဒေါသများကို ထုတ်ဖော်ရန် ဖြစ်သည်။
လိပ်ကြီး၏ ကူးခတ်နှုန်းက ၂၁၀ နူန်းကျော် ရှိသည်။
ရေမိုင် ရာပေါင်းများစွာအား တစ်ထပ်တည်း ကူးခတ်သွားပြီး လူသတ်ဝေလငါးအုပ်စုတစ်စုက ပိတ်ဆို့မထားခဲ့လျှင် လိပ်ကြီး ရပ်တန့်မည်မဟုတ်ပေ။
လူသတ်ဝေလငါးအုပ်စုတွင် အရွယ်အစား အမျိုးမျိုးရှိပြီး ကြီးမားသော မိသားစုဖြစ်ပုံရသည်။ ဝေလငါးများက အများအားဖြင့် အုပ်စုဖွဲ့ နေထိုင်ကြပြီး အုပ်စုဖွဲ့ ရွေ့လျားလေ့ရှိသည်။
သူတို့ လိပ်ကြီးအား ရှင်းရှင်းလင်းလင်း မြင်တွေ့သွားကြသည်။ မကြာမီတွင် ဝေလငါးအုပ်စုတစ်စုလုံး ထိတ်လန့်သွားကြသည်။
အထူးသဖြင့် ထိုကြီးမားသော လူသတ်ဝေလငါးများက လိပ်ကြီးအား မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး ကာကွယ်ရေး အခြေအနေတွင် ရှိနေသည်။
သူတို့ သိသိသာသာ စိတ်ပူပန်နေကြသည်။
ရုတ်တရက် ရေမျက်နှာပြင်ပေါ်တွင် သင်္ဘောတစ်စင်းရဲ့ခပ်ရေးရေးအသံ ပေါ်လာပြီးနောက် ကြီးမားတဲ့ ဝေလငါးဖမ်းလှံက ရေမျက်နှာပြင်မှအောက်သို့ ပစ်ချလိုက်ရာ လူသတ်ဝေလငါးငယ်တစ်ကောင်အား ထိမှန်သွားသည်။
" ဇွက်..."
သွေးများ ထွက်လာပြီးနောက် ပင်လယ်ရေမှာ ချက်ခြင်း နီရဲသွားသည်။
လူသတ်ဝေလငါးများက ပို၍ပင် ထိတ်လန့်သွားကြသည်။
နောက်ထပ် ဝေလငါးဖမ်းလှံတစ်စင်းမှာ ရေမျက်နှာပြင်မှနေ၍ အောက်သို့ ပစ်ချလိုက်ရာ နောက်ထပ် လူသတ်ဝေလငါးနောက်တစ်ကောင်ကို ထိမှန်သွားသည်။
မြင်ကွင်းက သွေးထွက်သံယို အကြမ်းဖက်မှုပင် ဖြစ်သည်။
လူသတ်ဝေလငါး ၂ ကောင်ကို ပစ်သတ်လိုက်ရာ ဝေလငါးအုပ်စုတစ်စုလုံးက အသက်ရှင်ရေးအတွက် ထွက်ပြေးသွားကြပြီး ခုနက အခြေအနေနှင့် လုံးဝ ကွာခြားသွားခဲ့သည်။
၎င်းက RB နိုင်ငံမှ ဝေလငါးဖမ်းသင်္ဘောပဲဖြစ်သည်။
ဝေလငါးဖမ်းခြင်းကို နိုင်ငံတကာမှ တားမြစ်ထားသော်လည်း RB က ဝေလငါးဖမ်းခြင်းဆိုင်ရာ တားမြစ်ချက်အား လုံးဝလျစ်လျူရှုကာ နှစ်စဉ် ဝေလငါးအများအပြားကို သတ်ဖြတ်နေသည်။
လိပ်ကြီး ဒေါသထွက်နေသည်။
ဒီအဘိုးရှေ့တွင် ဝေလငါးဖမ်းခြင်း...လုပ်ဆောင်ပုံမှာ သွေးထွက်သံယို အကြမ်းဖက်လှ၏။
လိပ်ကြီး သူ့လက်နက်အသစ်ဖြင့် ဝေလငါးဖမ်းသင်္ဘောအား ပစ်မှတ်ထားကာ အလျင်အမြန်ကူးခတ်သွားသည်။
“သေစမ်း...”
လိပ်ကြီး ပြေးနှုန်းမြှင့်တင်ခြင်းစွမ်းရည် ကိုပင် အသုံးပြုရန် စိတ်မကူးတော့ဘဲ သင်္ဘောအောက်ခြေသို့ လျင်မြန်စွာ ကူးခတ်သွားကာ ဧရာမလှံဖြင့် သင်္ဘောအောက်ခြေကို ထိုးဖောက်လိုက်သည်။
"ဘုန်း.."
ထိုးလိုက်ရုံဖြင့် ဖောက်ဝင်သွားသည်။
တန် ၂,၀၀၀ သို့မဟုတ် ၃,၀၀၀ ရှိသော ဝေလငါးဖမ်းသင်္ဘောမှာ စက္ကူကဲ့သို့ ဖြစ်သွားပြီး တန် ၈၀ ဧရာမလှံက သင်္ဘောကို ထိုးဖောက်သွားလုနီးပါးပင်။
လိပ်ကြီး သူ့ရဲ့ ဧရာမလှံကို ပြန်ဆွဲထုတ်ပြီး ကျက်သရေရှိစွာ ထွက်ခွာလာခဲ့သည်။
သင်္ဘောပေါ်တွင် ကသောင်းကနင်း ဖြစ်နေကြသည်။
အချို့လူများက ကြောက်လန့်တကြား အော်ဟစ်နေကြ ပြီး အချို့လူများက အသက်ကယ်အင်္ကျီများကို အမြန်ဝတ်ပြီး ရေထဲသို့ ခုန်ဆင်းကြသည်။
လိပ်ကြီးက ဘာဖြစ်နေတယ်ဆိုတာကို ဂရုမစိုက်တော့ဘဲ ထွက်သွားတော့သည်။
ရေမိုင် ၂,၀၀၀ ကျော်ကို လိပ်ကြီး ဆယ်နာရီကြာအောင် ကူးခတ်ခဲ့ပြီး လမ်းတစ်ဝက်တွင် အနားယူကာ ဗိုက်ဖြည့်ရန် ခဏ ရပ်နားခဲ့သည်။
ရှေ့တွင် အမည်မသိသော ရေအောက်ချောက်ရှိနေသည်။
လိပ်ကြီး စိတ်ဓာတ် တက်ကြွလာပြီး ပင်လယ်အောက်ခြေ၏ နက်နဲသော အပိုင်းများဆီသို့ ကူးခတ်သွားသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူက မီတာ ၂,၀၀၀ နက်တဲ့ ပင်လယ်အောက်ခြေသို့ ရောက်ရှိသွားပြီး ထိုနေရာမှာ ပြန့်ပြူးကာ မှောင်မိုက်နေသည်။
လိပ်ကြီး အရှိန်လျှော့လိုက်ပြီး သတိထားနေသည်။သူ့ရဲ့ အာရုံခံနိုင်စွမ်း အပြည့်အဝ ဖွင့်ထားပြီး ဖြည်းညှင်းစွာ ရှေ့သို့ ကူးခတ်နေသည်။
“သခင်...ကျွန်တော်.... ရေအောက်ချောက်နား ရောက်နေပါပြီ....”
ထိုအချိန် ဟွာဟိုင်းမြို့တွင် ည ၁၁ နာရီ ဖြစ်သည်။ လျူယောင် အိပ်ယာပေါ်တွင် လဲလျောင်းပြီး ဖုန်းကိုပွတ်နေသည်။ သူ အိပ်မပျော်သေးချေ။ လိပ်ကြီး က မကြာမီ ထို နေရာသို့ ရောက်ရှိတော့မည်ဟု သူ ယူဆထားသည်။
“သတိထားအုံး... ပြီးခဲ့တဲ့ အကြိမ်က ဧရာမ ရေခူပေါ်လာခဲ့တယ်... အရင်က မမြင်ဖူးသေးတဲ့ တခြား ဧရာမ ပင်လယ်သတ္တဝါတွေ ရှိကောင်း ရှိနိုင်တယ်....”
“ဟုတ်ကဲ့ပါ....သခင်ရ...ကျွန်တော် သတိထားပါ့မယ်....”
လိပ်ကြီးက. ရန်လိုစွာ ရှေ့မတိုးရဲသေးဘဲ သတိအပြည့်နဲ့ ဆက်ကူးခတ်နေသည်။
သူ့ရဲ့ အာရုံခံနိုင်စွမ်း နယ်ပယ်အတွင်း ခြိမ်းခြောက်မှု့ မရှိကြောင်း သေချာပြီးနောက် အကွာအဝေးတစ်ခုအထိ ဖြည်းဖြည်းချင်း တိုးသွားသည်။ ခဏတာ ရပ်နားပြီးနောက် လိပ့ကြီး ထပ် ကူးသွားသည်။
မီတာ ၂,၀၀၀ အနက်ရှိ ပင်လယ်အောက်ခြေတွင် ငါးများအပါအဝင် ပင်လယ်သတ္တဝါမျိုးစုံ နေထိုင်ကြသည်။
ထိုအချိန် အဖြူရောင် ငါးထူးဆန်းတစ်ကောင်က လိပ်ကြီးရဲ့ အာရုံခံနိုင်စွမ်း နယ်ပယ်အတွင်း ပေါ်လာခဲ့သည်။ဒီအကောင်ကြီးက အလျား ဆယ်မီတာကျော်နဲ့ အလေးချိန် အနည်းဆုံး 10တန် ရှိသည်။
သူက လိပ်ကြီးအား ရှာမတွေ့သေးပေ။
လျူယောင်ရဲ့ တတိယအမြင်အာရုံမှာ မီတာ ၁,၀၀၀ ဖြစ်သည်။
ထို ထူးဆန်းသော သတ္တဝါကို ပထမဆုံး မြင်တွေ့ခဲ့ရချိန်တွင် တိတ်တဆိတ် အံ့ဩမိသည်။ ရေနက်ပိုင်းတွင် ထိုမျှလောက် အံ့ဩစရာကောင်းသည့် အရာများရှိပေသည်။ ထိုကဲ့သို့ ငါးမျိုးကို တစ်ခါမှ သူ မကြားဖူးပေ။
“လိပ်ကြီး .... မင်းရှေ့မှာ ငါးကြီးတစ်ကောင် ရှိတယ် သတိထား....”
လိပ်ကြီး မီတာ ၂၀၀၊ ၃၀၀ တိုးလာပြီး ငါးကြီး ရဲ့ တည်ရှိမှု့ကို ခံစားမိသည်။
လိပ်ကြီးက ယုံကြည်မှုရှိစွာဖြင့် ပြန်ဖြေလိုက်သည်။
“စိတ်မပူပါနဲ့....သခင်ရ.... ဒီကောင်က ကျွန်တော့်ရဲ့ ပြိုင်ဘက်မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်....ကျွန်တော့်ကို လာရှုပ်ရဲရင် ပုံပျက်ပန်းပျက် ဖြစ်သွားစေရမယ်....”
ငါးထူးဆန်းက နောက်ဆုံးတွင် လိပ်ကြီးအား တွေ့သွားခဲ့သည်။
သူက. ပြန်ပြေးမသွားဘဲ ကြမ်းတမ်းသောဘက်ခြမ်း ကို ပြသခဲ့ပြီး ပါးစပ်ကိုဖွင့်ကာ လိပ်ကြီးထံသို့ အလျင်အမြန်ပြေးဝင်လာသည်။
အလွန်မြန်သောကြောင့် မီတာ ရာပေါင်းများစွာ အကွာအဝေးကို ရောက်ရှိရန် အချိန်အများကြီး မယူရပေ။
“ ကြိုက်တယ်....လာခဲ့....”
“ငါ့ရဲ့ လက်နက်အသစ်ကို စမ်းကြည့်ဖို့ အချိန်ရောက်ပြီပဲ....အင်း၊ မင်းပဲ ဖြစ်လောက်တယ်...”
လိပ်ကြီး ပြောလိုက်သည်။
ပါးစပ်ဖွင့်၍ ပြေးလာသော ငါးကြီးအား ရင်ဆိုင်ရာတွင် လိပ်ကြီးက နောက်သို့ ပြန်မဆုတ်ဘဲ ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။
မီတာ ၅၀ ရှိသော ဧရာမလှံက. ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် ထွက်သွားပြီး ငါးကြီးရဲ့ ပါးစပ်ကြီးအား ပစ်မှတ်ထားသည်။
ပြေးနှုန်းမြှင့်တင်ခြင်းသုံးပြီးနောက် လိပ်ကြီးအရှိန်မှာ ရုတ်တရက် အဆများစွာ တိုးလာပြီး ပျောက်နေသလိုပင် ဖြစ်သည်။
စွမ်းအား အကုန်ဖြင့် ပြေးလာသော ငါးထူးဆန်းမှာ ထိုအရှိန်ကို တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။
ပစ်မှတ်ကို မှန်သွားခဲ့သည်။ ထက်မြက်သော လှံထိပ်ဖျားက ငါးထူးဆန်း၏ ပါးစပ်ကြီးထဲသို့ ထိုးဖောက်ဝင်သွားခဲ့သည်။
"ဖွတ်..."
အသားထဲသို့ ချွန်ထက်သော ဓားများ ထိုးသွင်းသံ ဖြစ်သည်။
သွေးများ ပန်းထွက်လာပြီး ပင်လယ်ရေက ချက်ချင်း နီရဲသွားသည်။ ဧရာမလှံမှာ ငါးကြီးအား တိုက်ရိုက် ထိုးဖောက်သွားပြီး လှံ၏ထိပ်ဖျားက ငါးထူးဆန်းရဲ့ ကျောဘက်မှ ထိုးထွက်လာခဲ့သည်။
လိပ်ကြီး သေနေတဲ့ ငါးထူးဆန်းကို ကြည့်ပြီး ကြွေးကြော်လိုက်သည်။
“ဟွန်း....ထပြီး ငါ့ကို စိန်ခေါ်လိုက်စမ်း...”
ငါးထူးဆန်း -
“ဘာလဲ...ငါ့အသက်က... ဆုံးရှုံးသွားပြီလေ ”
လိပ်ကြီး အလွန်ဂုဏ်ယူနေသည်။ သူ ခုနက အလွန်ပျော်ရွှင်ခဲ့ရပြီး ဒီလက်နက်အသစ်ကို ပို၍ပင် ကျေနပ်လာခဲ့သည်။
ဧရာမလှံကို ဆွဲထုတ်ပြီး ထိုကဲ့သို့ ကြီးမားသော ငါး၏ ခန္ဓာကိုယ်ကို မြင်လိုက်ရာ လိပ်ကြီး အနည်းငယ် ဆာလောင်လာပြီး သူရဲ့စားချင်စိတ်က. ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ထိုငါးရဲ့ထူးဆန်းအရသာက ဘယ်လို ရှိမလဲဆိုတာကို သူ့ စိတ်ထဲတွင် တွေးနေသည်။
ဘာမှမစဉ်းစားဘဲ အရင်ဆုံး တစ်ကိုက်ကိုက်ပြီးမှ စကား ဆက် ပြောကြမယ်။
လိပ်ကြီး ပါးစပ်ကို ကျယ်ကျယ်ဟကာ ပေါင် ရာပေါင်းများစွာကို ကိုက်လိုက်သည်။ စားနေရင်းဖြင့် လိပ်ကြီး ပလုတ်ပလောင်း ပြောလိုက်သည်။
" ဝိုး...အရမ်းအရသာရှိတာပဲ...ငါကြိုက်တယ်.."
တစ်ကိုက်....
နောက်တစ်ကိုက်....
နောက်ဆုံးတွင် ငါးထူးဆန်းက လိပ်ကြီးဗိုက်ထဲ ရောက်သွားခဲ့သည်။
ငါးကျောပေါ်ရှိ အစိတ်အပိုင်းမှလွဲ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ကိုက်ရခက်ပြီး ရှည်လျားသော ဆူးများဖြင့် ဖုံးလွှမ်းထားတာကြောင့် ဖြစ်သည်။
လျူယောင် အလျင်စလိုမလုပ်ချေ။လိပ်ကြီး စားသောက်ပြီးနောက်
" အလုပ်စတော့…”
လို့သတိပေးလိုက်သည်။လိပ်ကြီးသူ့ရဲ့ ဧရာမလှံကို ကိုင်ပြီး ကြိုးစားရန် စိတ်အားထက်သန်နေသည်။
“အင်းပါ...သခင်ရ... ကျွန်တော့်ရဲ့ အလုပ်ကို ကျွန်တော် မမေ့သေးပါဘူး...ကျွန်တော် အခု အဲ့ဒီ ဧရာမရေခူတွေကို သွားပြီး ပြဿနာရှာတော့မယ်...”
ပြောပြီးတာနဲ့ လိပ်ကြီး ရေအောက်ချောက်ရဲ့ ဘေးနူတ်ခမ်း တစ်လျှောက် ကူးခတ်သွားရာ ကြီးမားသော သတ္တဝါများကို ထပ်မတွေ့ရတော့ပေ။
အများဆုံး ပေါင်ရာဂဏန်းရှိသော ငါးကြီးအချို့သာ ရှိသည်။
ထိုကဲ့သို့ သေးငယ်သည့်အရာကို လိပ်ကြီးလုံးဝ ဂရုမစိုက်ပေ။
ဒီအနက်တွင် မှောင်မိုက်ကာ အေးစက်နေသည်။ ရှင်းပြလို့မရသည့် စိတ်ဓာတ်ကျခြင်းနှင့် ကြောက်မက်ဖွယ်ကောင်းခြင်းပင် ရှိသည်။
လိပ်ကြီးက ရေအောက်ချောက်အစွန်းတွင် ရှိနေပြီး သူ၏ အာရုံခံနိုင်စွမ်း နယ်ပယ်အတွင်းတွင် ဧရာမရေခူများကို မတွေ့သေးပေ။
“သခင်....ကျွန်တော် ရေအောက်ချောက်ထဲ ဝင်ကြည့်ချင်တယ်....”
“ကောင်းပြီ... ဖြည်းဖြည်းချင်းဝင်....ဘေးအန္တရာယ်ကင်းဖို့...ဂရုစိုက်အုံး.. "
လျူယောင် စိုးရိမ်စွာ သတိပေးလိုက်သည်။
လိပ်ကြီး ချောက်ထဲသို့ ကူးခတ်ဝင်သွားရာ ရေအနက်မှာ တဖြည်းဖြည်း တိုးလာလေသည်။