← Chapters

ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား?

Vol. 8 Ch. 112

ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား?

Vol. 8 Ch. 112

"အမတ်လီ ညွှန်ကြားထားတဲ့အတိုင်း ကျန်းနန်မြို့ရဲ့ အခြေအနေတွေကို ကျန်းပိုင်မင်းသားဆီ စာစောင်နဲ့ရေးပြီး ပို့ထားပါတယ်။ မကြာခင် ရောက်ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကျန်းပိုင်မင်းသားဘက်က တုံ့ပြန်မှုကိုပဲ စောင့်ကြည့်ရတော့မှာပါ။ အရှင်မင်းကြီးရဲ့ အမိန့်ဆိုတော့ ကျန်းပိုင်မင်းသားလည်း အများကြီးခက်ခဲအောင် လုပ်လာမှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်"

ထိုအရာရှိက အမြန်ဖြေကြားလိုက်သည်။

လီလင်ပု ခဏလောက် တွေးလိုက်သည်။ ထို့နောက်မှာ အသက်ဝဝ တစ်ချက်ရှုလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"အရှင်မင်ကြီးက ကျန်းပိုင်မင်းသားကို ရပ်စေချင်တာတော့ မဟုတ်ဘူး။ တကယ်တော့ အရှင်မင်းကြီးက မဟာတံတိုင်း တည်ဆောက်တဲ့နေရာမှာ ရန်ပုံငွေရဖို့အတွက် ငါ့ကို နည်းလမ်းတွေတောင် ရှာခိုင်းထားသေးတယ်"

"ကျန်းပိုင်မင်းသားသာ အရှင်မင်းကြီးရဲ့ စိုးရိမ်မှုတွေကို နားလည်မယ်ဆိုရင် အကောင်းဆုံးပဲပေါ့"

"အကယ်လို့ သူ့ဘက်က နားမလည်ဘဲနဲ့ ဒေါသတကြီး တုံ့ပြန်လာခဲ့ရင် အရှင်မင်းကြီး လူကဲခတ် မှားသွားခဲ့တယ်"

လီလင်ပုက ပြောပြီးနောက်မှာ အရာရှိကို လှမ်းကြည့်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ဆက်ရှင်းပြလိုက်သည်။

"အကောင်းဆုံး အလုပ်လုပ်ပါ။ တရှားတိုင်းပြည်မှာ အရှင်မင်းကြီးလိုမျိုး အုပ်ချုပ်သူတစ်ယောက်ကို ရထားတာ ငါတို့ တကယ်ကံကောင်းတယ်။ ဘယ်ဘုရင်ကမှ ရေကြီးမှုအတွက်နဲ့ ကံကြမ္မာအမှတ်ကို ဒီလောက်ထိ မစတေးပစ်ဘူး”

“ဒါ့အပြင် ဘယ်ဘုရင်ကမှ ပြည်သူတွေကို အခုလိုမျိုး စိုးရိမ်တာမရှိဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ငါတို့ဘက်ကလည်း ဘုရင်အပေါ်မှာ နားလည်ပေးရမယ်။ အရှင်မင်းကြီးက ငါတို့ပြည်သူတွေအပေါ် လုပ်ပေးတဲ့ကိစ္စမှာ လျော့နည်းစေခဲ့တာ တစ်ခုမှ မရှိဘူး!"

လီလင်ပုက ပြောနေရင်းနဲ့ အရာရှိရဲ့ပခုံးကို ပုတ်လိုက်သည်။

ထိုအရာရှိ အံ့ဩသွားပြီး မနေနိုင်စွာ ပြောလိုက်၏။

"ဒါပေမဲ့ ကျွန်တော် နားမလည်သေးဘူး..."

အရာရှိရဲ့ စကားမဆုံးခင်မှာဘဲ လီလင်ပု ခေါင်းယမ်းလိုက်လေကာ

"နားလည်ဖို့ မလိုပါဘူး။ မင်းရဲ့နှလုံးသားက ပြောတဲ့အတိုင်းသာ လုပ်လိုက်။ မင်းနဲ့ငါနဲ့ နှစ်ယောက်လုံးက သာမန်သေမျိုးတွေပဲလေ။ အရှင်မင်းကြီးလိုမျိုး အုပ်ချုပ်သူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ?"

"အရှင်မင်းကြီးအနေနဲ့ တိုင်းပြည်အတွက် အများကြီး ပေးဆပ်ခဲ့တယ်ဆိုတာကို ငါသိပေမဲ့ မင်းကြီးရဲ့ခံစားချက်ကို ငါ နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်သွားခဲ့တဲ့ ကျန်းနန်ခရီးစဥ်ကနေ အရှင်မင်းကြီးရဲ့ ထူးချွန်တဲ့အရည်အချင်းနဲ့ နည်းဗျူဟာတွေအကြောင်းကို ငါ ကောင်းကောင်း သဘောပေါက်ခဲ့ရတယ်"

လီလင်ပုရဲ့ စကားတွေကြောင့် ထိုအရာရှိ တော်တော်လေး ရှုပ်ထွေးသွားတော့သည်။

"အမတ်လီ ဘာကို ပြောချင်တာလဲ?"

လီလင်ပုက ပြုံးလိုက်လေကာ

"မင်း အများကြီး တွေးနေဖို့ မလိုပါဘူး။ စောင့်ပြီးသာ ကြည့်လိုက်။ မကြာခင်မှာ တိုင်းပြည်အသီးသီးဘက်က အဖြေပေးလာလိမ့်မယ်။ ဒီကိစ္စက မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဆိုပေမဲ့ အရှင်မင်းကြီးဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားမယ်လို့ ငါ ယုံကြည်တယ်! တစ်ခြားတိုင်းပြည်တွေဘက်က ဘယ်လောက်ပဲ ရုန်းကန်ပါစေ အဆုံးမှာတော့ သူတို့တွေ ငါတို့ တရှားရဲ့လှည့်ကွက်ထဲကို ကျရောက်ရလိမ့်မယ်!"

လီလင်ပုက ပြောပြီးတာနဲ့ ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။

ထိုအရာရှိ အံ့သြနေခဲ့သည်။ ဘယ်လို တုံ့ပြန်ရမလဲ သူ မသိတော့ဘူး။

လီလင်ပု လက်တစ်ဖက်ကို ယမ်းပြလိုက်ကာ

"မင်း သွားလို့ရပြီ။ ကျန်းပိုင်မင်းသားဘက်က စာပြန်လာခဲ့ရင် ချက်ချင်းပဲ ငါ့ကို လာတင်ပြချေ။ ကျန်းပိုင်မင်းသားဘက်ကလည်း အရှင်မင်းကြီးရဲ့ စိုးရိမ်မှုကို နားလည်ပေးပြီး ဒီကိစ္စကို ပြဿနာမရှာဖို့ဘဲ ငါ မျှော်လင့်တယ်"

ထိုအချိန်မှသာ အရာရှိရဲ့ရင်ထဲက လေးလံနေသော အစိုင်အခဲကြီး သက်သာသွားခဲ့သည်။ ထို့ကြောင့် တိတ်တဆိတ် ထွက်သွားလိုက်၏။

အခန်းထဲမှာ လီလင်ပု တစ်ယောက်ပဲ ကျန်ခဲ့သည်။ သူ အတွေးလွန်နေခဲ့သည်။ အခန်းထဲမှာ အရှေ့နဲ့အနောက် လျှောက်နေရင်း အဖြေထုတ်နေခဲ့သည်။ အဆုံးမှာတော့ လက်နှစ်ဖက်ကို ရိုက်လိုက်လေကာ

"ထားတော့။ ငါ နန်းတော်ထဲကိုသွားပြီး အရှင်မင်းကြီးကို အရိပ်အမြွက် တောင်းရမယ်!"

လီလင်ပု ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဝတ်ရုံကို အနည်းငယ် ပြင်ပြီးတာနဲ့ နန်းတော်ရှိရာကို ဦးတည်လေတော့၏။

...

နဂါးနှင်းတောင်၏ အောက်ခြေရှိ စားသောက်ဆိုင်တွင် ကျောက်ကောင်း ထိုင်နေခဲ့သည်။

တိမ်စိုင်တွေရဲ့ ဖုံးလွှမ်းမှုကြောင့် တောင်ထိပ်ကိုပင် မမြင်ရသော နဂါးနှင်းတောင်၏ အခြေအနေကိုကြည့်ရင်း ကျောက်ကောင်း တော်တော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ ကျောက်ကောင်းရဲ့နောက်တွင် သိုင်းသမား များစွာရှိသည်။ စားသောက်ဆိုင်တစ်ခုလုံးက သူတို့လူတွေနဲ့ ပြည့်နှက်နေတော့၏။

နဂါးနှင်းတောင်ပေါ် အတူသွားဖို့ရန် ထိုက်အန်းမြို့တော်အတွင်းမှ ခေါ်ဆောင်လာခဲ့သူများဖြစ်သည်။ နဂါးနှင်းတောင်ရဲ့ အောက်ခြေထိ ရောက်လာပြီဖြစ်၍ ကတိအတိုင်းပဲ ကျောက်ကောင်းက တစ်ယောက်ချင်းစီကို ထန်ရွှမ်းဆေးလုံးတစ်လုံးစီ ပေးလိုက်သည်။ အကုန်လုံးရဲ့မျက်နှာက ချက်ချင်းပဲ ပျော်ရွှင်သွားတော့၏။

ဒါပေမဲ့ တချို့သောသူများရဲ့ မျက်လုံးမှာတော့ စိုးရိမ်မှုတချို့ ရှိနေခဲ့သည်။ သူတို့က တောင်ခြေကို ရောက်လာသည့်အချိန် ကြာမြင့်ခဲ့၍ ဆေးလုံး အခုထိ မရရှိကြသေးပေ။

ထိုအချိန်မှာ ကျောက်ကောင်းက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး

"အဟမ်း"

“မင်းတို့ ဒီနေရာကို ရောက်ဖို့အတွက် မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ရတာ ငါသိတယ်။ ဆုလာဘ်အနေနဲ့ ဘာပစ္စည်းမှ လက်မခံရသေးဘူးဆိုပေမဲ့ မင်းတို့မှာ အခွင့်အရေးမရှိဘူးလို့ မဆိုလိုဘူး"

ကျောက်ကောင်းက လူအုပ်ကို ဝေ့ကြည့်လိုက်သည်။ အကုန်လုံး အံ့သြသွားတော့၏။

ချက်ချင်းပဲ ကျောက်ကောင်းရှိရာကို တက်ကြွစွာဖြင့် လှည့်ကြည့်လိုက်ကြကာ

"ဘာကိုဆိုလိုတာလဲ?"

"ဟုတ်တယ် သခင်ကျောက်၊ အဲဒါ ဘာကိုဆိုလိုတာလဲ?"

"ငါတို့လည်း ထန်ရွှမ်းဆေးလုံးကို ရနိုင်သေးတယ်လို့ ပြောချင်တာလား?"

ချက်ချင်းပဲ အကုန်လုံး ရှုပ်ထွေးသွားကာ မေးခွန်းသံတွေ ထွက်လာတော့၏။ တချို့ဆိုရင် စိတ်လှုပ်ရှားစွာဖြင့် အရှေ့တိုးလာကြသည်။

"သေချာပေါက်ပေါ့။ အရှင်မင်းကြီးဘက်က အမိန့်တော်ရှိထားတယ်။ ရေခဲပုစဥ်းကို ရှာတွေ့ခဲ့ရင် သွားခဲ့တဲ့သူတိုင်း တစ်ယောက်ချင်းစီ ဆေးလုံးတစ်လုံးကို လက်ခံရရှိမယ်။ အဲဒါတင် သာမကဘဲ ရေခဲပုစဥ်း ရှာတွေ့ခဲ့တဲ့သူက ရေခဲပုစဥ်းနဲ့ တန်ဖိုးညီမျှတဲ့ အရာတစ်ခုကို ဆုလာဘ်အနေနဲ့ ပေးအပ်ခံရမယ်"

ကျောက်ကောင်း လိမ်ညာခဲ့တာ မဟုတ်ပေ။ ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံ အကာအကွယ်စည်း အစီအရင်ကို ပြုလုပ်ပြီးပြီးချင်း ကျောက်ကောင်း နဂါးနှင်းတောင်ဆီသွားဖို့ ပြင်နေချိန်မှာ ထိုအမိန့်တော်ကို လက်ခံရခဲ့တာပင်။

ကျောက်ကောင်းက ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်သည်။

"ဒါ တကယ်ပြောနေတာလား?"

အကုန်လုံး အံ့သြသွားတော့သည်။

ကျောက်ကောင်းရဲ့ ကမ်းလှမ်းမှုက အရမ်းကို ရက်ရောသည်။ လက်ရှိမှာ သူတို့အားလုံးက သေခြင်းရှင်ခြင်းအဆောင်သိုင်းကို မိထားခဲ့သည်။ ထိုကျိန်စာကို မဖယ်ပေးဘူးဆိုရင် တရှားတိုင်းပြည်ကို အလုပ်အကျွေးပြုရုံမှလွဲ၍ သူတို့မှာ ရွေးချယ်စရာ မရှိဘူး။

ဒါပေမဲ့ ဆုလာဘ်ရဦးမည်ဆိုသော စကားကြောင့် အကုန်လုံး မနေနိုင်စွာ စိတ်လှုပ်ရှားလာတော့သည်။ အကုန်လုံးရဲ့စိတ်ဓာတ်ကို အမြင့်ဆုံး အခြေအနေအထိ မြင့်တင်ပေးလိုက်တာပင်။

ကျောက်ကောင်း စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ ရှကျိုးယွီရဲ့ ထူးချွန်တဲ့ အရည်အချင်းကိုလည်း တိတ်တဆိတ် ချီးကျူးမိသွားသည်။

ပထမဦးဆုံးအနေနဲ့ သေခြင်းရှင်ခြင်းအဆောင်သိုင်းကို အသုံးပြုပြီး ဒီလူတွေကို အတင်းအကြပ် ဖိအားပေးခဲ့သည်။ ထို့ကြောင့် ရေခဲပုစဥ်း ရှာဖွေတဲ့ကိစ္စမှာ မဖြစ်မနေ ပူးပေါင်းခဲ့ကြရသည်။ ထိုအချိန်မှာပဲ လူတွေရဲ့နှလုံးသားကို အနိုင်ရနိုင်အောင် ထန်ရွှမ်းဆေးလုံးကို အသုံးပြု ခဲ့သည်။ အဆုံးမှာတော့ ရေခဲပုစဥ်းနဲ့ တန်ဖိုးညီမျှတဲ့ ဆုလာဘ်ကို ပေးအပ်မည်ဆိုသော မက်လုံးဖြင့် အကုန်လုံးရဲ့ စိတ်ဓာတ်ကို မြင့်တင်ခဲ့သည်။

ဒီမှာရှိတဲ့သူတွေအားလုံး အစွမ်းကုန် ရှာဖွေတော့မှာ မလွဲမသွေပင်။ အရှင်မင်းကြီးရဲ့ ချဥ်းကပ်တဲ့နည်းလမ်းက ကြောက်ဖို့ကောင်းသည်ဟု ဆိုနိုင်သည်။

ဒါ့အပြင် ရေခဲပုစဥ်း ရှာတွေ့သွားခဲ့လို့ ရှကျိုးယွီဘက်က ရေခဲပုစဥ်းနဲ့ တန်ဖိုးညီမျှသည့် ဆုလာဘ်ကို ပေးအပ်ခဲ့ရင်…သိုင်းလောကတစ်ခုလုံးမှာ ဒီသတင်းက ပျံ့နှံ့သွားလိမ့်မည်။ ရှကျိုးယွီရဲ့ ကတိတည်မှုကြောင့် တရှားတိုင်းပြည်ရဲ့ ဂုဏ်သတင်းလည်း မြင့်တက်မည်။ ထိုသတင်းက တိုင်းပြည်အသီးသီးကို ပျံ့နှံ့သွားချိန်မှာ နေရာစုံမှာရှိသော အင်အားကြီး ပုဂ္ဂိုလ်များစွာရဲ့ အာရုံစိုက်မှုကိုလည်း ရရှိလာမည်။

တရှားတိုင်းပြည်တစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်မည်လို့ကို ဆိုနိုင်သည်!

အရှင်မင်းကြီးဘက်က ပေးလိုက်ရမှာက ရေခဲပုစဥ်းနဲ့ တန်ဖိုးညီမျှသည့် ရတနာတစ်ခုသာဖြစ်သည်။ ရေခဲပုစဥ်းက ဘယ်လောက်ပဲ အဖိုးတန်ပါစေ တိုင်းပြည်တစ်ခုရဲ့ ဘဏ္ဍာတိုက်အတွင်းက ရွှေငွေများနဲ့ယှဥ်လျှင် သေးငယ်တဲ့ ပမာဏတစ်ခုသာ။ ထို့ကြောင့် ရှကျိုးယွီကို ကျောက်ကောင်း တော်တော်လေး ချီးကျူးချင်မိသည်။

ထို့နောက်မှာ ကျောက်ကောင်း တွေးနေတာကို ရပ်လိုက်ပြီး လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။ လူအုပ်တစ်အုပ်လုံးကို ကြည့်ကာဖြင့် ပြောလိုက်၏။

"အမှန်တရားကို အတုပြုလုပ်လို့ မရသလို စစ်မှန်တဲ့အရာကိုလည်း ဖုံးကွယ်လို့မရဘူး။ မင်းတို့ အမှန်တရားကို တကယ်ပဲ သိချင်တယ်ဆိုရင် နဂါးနှင်းတောင်ဆီကို သွားပြီးတော့ ရေခဲပုစဥ်းကို ရှာဖွေသင့်တယ်။ ရှာလို့တွေ့ပြီဆိုတာနဲ့ အမှန်တရားကို မင်းတို့ သိရမှာပဲ"

ကျောက်ကောင်းက မြင့်မားသော နဂါးနှင်းတောင်ဆီ အကြည့်ပို့လိုက်သည်။

ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမဲ့ နဂါးနှင်းတောင်ကို ကြည့်လိုက်ချိန်မှာ ဘာကြောင့်ရယ် မသိဘူး၊ သူ့ရဲ့နှလုံးသားက မရှောင်လွှဲနိုင်အောင် ကြောက်လန့်လာရသည်။ နဂါးနှင်းတောင်အတွင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခု တည်ရှိနေတဲ့အတိုင်းပဲ။

"ဒါက ထူးဆန်းတယ်။ နဂါးနှင်းတောင်ကို ငါ အရင်က ရောက်ဖူးတယ်။ ဒါပေမဲ့ အခုလိုမျိုး မခံစားခဲ့ရဘူး။ ဘာလို့ ဒီနေ့ ခံစားချက်က ထူးဆန်းနေရတာပါလိမ့်"

ကျောက်ကောင်း ပြောရင်းနဲ့ မနေနိုင်စွာ ခေါင်းယမ်းလိုက်သည်။

"ဒါ မဖြစ်နိုင်ဘူး။ ငါ အထင်မှားနေတာပဲဖြစ်မှာပါ!"

All Chapters