နတ်ဘုရားစစ်ဆေးမှု နည်းစနစ်
Vol. 6 Ch. 77
အန်လင်းနှင့် စုရှောင်လန် တို့သည် လက်ခုပ်ဩဘာသံများ ကြားမှနေ ဖြည်းညင်းစွာဖြင့် စင်နောက်သို့ ပြန်လည် ထွက်ခွာလာခဲ့သည်။
ပရိသတ်သည်လည်း ထွက်ခွာသွားသည့် ပုံရိပ်လေး နှစ်ခုအား ကြည့်ကာ သူတို့၏ မျက်လုံးများထဲတွင် ချစ်မြတ်နိုးမှုများ တောက်လောင် နေကြသလို ခွဲခွာဖို့ရန်လည်း တွန့်ဆုတ် နေကြလေသည်။
ပရိသတ် အားလုံးသည် အာရုံပြန်လည် လာပြီးနောက် အလွန်အမင်း တက်ကြွ နေတော့သည်။
“ငါတော့ ဒီသီချင်းကို လုံးဝ ကြွေသွားပြီ …”
“စာသားတွေကို နားမလည်နိုင်ဘူး … ဒါပေမဲ့လည်း တစ်ချိန်တည်းမှာပဲ ငါ့အာရုံထဲမှာ အဲဒီစာသားတွေကို နားလည်နိုင်တယ်လို့ ထင်နေမိပြန်ရော … တကယ်ကို အံ့ဩဖို့ကောင်းလွန်းတဲ့ ခံစားချက် … ငါခံစားနေရတာကို စကားလုံးတွေနဲ့တောင်မှပဲ ဖော်ပြလို့ မရနိုင်ဘူး …”
“တကယ်ကို ကောင်းလွန်းပါတယ်ကွာ … စည်းချက်က အခုထိတောင် ငါ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း စွဲကျန်နေတုန်းပဲ …”
“ဒီသီချင်းကို အရမ်းကောင်းတယ် ဆိုတာလောက်နဲ့ အကဲဖြတ်ဖို့ မလုံလောက်ဘူးကွ … ငါ့ဘဝတစ်လျှောက် ဒီလောက်ကောင်းတဲ့ သီချင်းမျိုး တစ်ခါလေးတောင် နားမထောင်ခဲ့ဖူးဘူး …”
“ဒီသီချင်းမှာ စိတ်ကို သန့်စင်ပေးတဲ့ သက်ရောက်မှုတွေ ဘာတွေ ပါနေလားတော့ မသေချာဘူး … ဒါပေမဲ့ သီချင်းနားထောင်ပြီးတဲ့ နောက်မှာ ခန္ဓာကိုယ် တစ်ခုလုံးက အရမ်းကို နေလို့ကောင်းလာတယ်လို့ ခံစားနေရတယ် …”
“အဆိုတော်နာမည်က အန်လင်း ဟုတ်တယ်နော် … ဒီနေ့ကစပြီး သူက ငါ့ရဲ့ ဒုတိယမြောက် အိုင်ဒဲလ်ပဲ … သူ့အကြောင်းကို ပိုင်တုမှာ ရှာရမယ် …” တချို့လူများသည် သူတို့၏ ဖုန်းများမှ တစ်ဆင့် အန်လင်းအကြောင်းကို ရှာဖွေနေကြပြီ ဖြစ်သည်။
“တုန်ဖန်ရွှယ် အတွက်တော့ စိတ်မကောင်းပေမဲ့ အန်လင်းကလည်း သူမနဲ့အတူတူ ငါ့နှလုံးသားကို သိမ်းပိုက်သွားပြီလေ …”
“ကုချင်းတီးတဲ့ ကောင်မလေးကလည်း အရမ်းကောင်းတာပဲ … သူမ အကြောင်းကော သိတဲ့သူ ရှိကြလား …”
“ဟမ့် … သူပြောခဲ့တာ တခြား အတွဲအဖက်တွေ မပါဘဲနဲ့ ဆိုမယ်လို့လေ … ဒါပေမဲ့လည်း ကုချင်းက ပါလာရော … ဒါပေမဲ့ ကုချင်နဲ့ သီချင်းသံနဲ့ ပေါင်းစပ်မှုက အရမ်းကို ကောင်းလွန်းတယ် … အန်လင်းကို ဒီတစ်ကြိမ်တော့ဖြင့် ခွင့်လွှတ်လိုက်ပါမယ်လေ …”
“တုန်ဖန်ရွှယ် ကိုယ်တိုင် မိတ်ဆက် ပေးလာတယ် ဆိုကတည်းက ဒီအဆိုတော်က လုံးဝကို သာမန် မဟုတ်ဘူး …”
“တကယ်ကို ကျေနပ်ဖို့ကောင်းတဲ့ အံ့အားသင့်ဖွယ်ရာပဲ … အလွန့်အလွန်ကို ကျေနပ်ဖို့ ကောင်းလွန်းတယ် …”
ပရိသတ်၏ တုံ့ပြန်မှုမှာ တခဲနက် ထွက်ပေါ်နေပြီး သူတို့ အားလုံးတို့သည် ချီးကျူးခြင်းအား မရပ်တန့်နိုင်ကြပေ။
အန်လင်း၏ ‘လူဆိုတာ’ ဆိုသည့် သီချင်းမှာ ပရိသတ်အားလုံး၏ စိတ်နှလုံးအား သိမ်းပိုင်နိုင်ခဲ့ခြင်းမှာ သံသယဖြစ်ဖွယ်ရာ မလိုတော့ပေ။
ထိုသီချင်းကြောင့် ပရိသတ် များစွာလည်း ရရှိခဲ့လေသည်။
***
“တင်းတောင် …”
“စနစ်၏ အသိပေးချက် - စစ်ဆင်ရေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။”
“ရရှိမှု - နတ်ဘုရားစစ်ဆေးမှု နည်းစနစ်”
အန်လင်းသည် နတ်ဘုရားစစ်ဆေးမှု နည်းစနစ်အား ရရှိလိုက်သည့် အတွက် ကျေနပ်လျက်ရှိသည်။ ထိုနည်းစနစ်သည် အလွန်လက်တွေ့ ဆန်လွန်းသည်။
နတ်ဘုရား စစ်ဆေးမှု နည်းစနစ်တွင် အသုံးဝင်မှု များစွာရှိပြီး ထိုနည်းစနစ်၏ အကျိုးသက်ရောက်မှုသည် ကောင်းကင်မျက်လုံး ဖွင့်လိုက်ခြင်းနှင့် တူညီသည်။
နတ်ဘုရားစစ်ဆေးမှု နည်းစနစ်အား အသုံးပြု၍ ဝတ္ထုပစ္စည်းများ၏ မူလအစနှင့် အသုံးပြုထားသည့် ကုန်ပစ္စည်းများအား ဆုံးဖြတ်နိုင်သည်။ အခြားသော ကျင့်ကြံသူများနှင့် တိုက်ခိုက်သည့် တိုက်ပွဲ များတွင်လည်း နတ်ဘုရားစစ်ဆေးမှု နည်းစနစ်အား အသုံးပြု နိုင်သေးသည်။ အခြားသူများ၏ ကျင့်ကြံခြင်း နည်းစနစ်များအား ကြည့်နိုင်သလို သူတို့၏ အားနည်းချက်များကိုပင် ရှာဖွေနိုင်သေးသည်။
မန္တန်ဝင်္ကပါများတွင်ပင်လျှင် ထိုနည်းစနစ်အား အသုံးပြုနိုင်သည်။ ဝင်္ကပါ၏ အစ၊ အဆုံး၊ ဗဟိုချက် နှင့် အားနည်းချက်များ အားလုံးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။
နတ်ဘုရားစစ်ဆေးမှု နည်းစနစ်ဆိုသည်မှာ တကယ်တမ်းတွင် ဘဝကြီးအား လွယ်ကူစွာ ဖြတ်သန်းခြင်း တစ်မျိုးပင် ဖြစ်သည်။
ရှုံးနိမ့်ခဲ့လျှင် ရရှိမည့် အကျိုးဆက်သည် မိန်းမလျာ တစ်ဦးအသွင် ပြောင်းလဲသွားမည် ဆိုခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။ အကျိုးနှင့်အပြစ်မှာ အမှန်တကယ်ကို ဟန်ချက် ညီပေသည်။
ယခုအခါ အန်လင်းတွင် ကျင့်ကြံခြင်း နည်းစနစ် နှစ်နည်း ရှိနေပြီ ဖြစ်သည်။
နတ်ဘုရားစစ်ဆေးမှု နည်းစနစ်အပြင် သူ့ထံတွင် နတ်ဘုရားခွန်အား နည်းစနစ်လည်း ရှိနေသေးသည်။
နတ်ဘုရားခွန်အား နည်းစနစ်သည် စွမ်းအားကို ကြီးထွားလာစေသည့် နည်းစနစ် ဖြစ်သည်။ ကျင့်ကြံခြင်း အခြေခံ ခိုင်မာလာလေလေ နည်းစနစ်များ၏ စွမ်းအားသည်လည်း တိုးပွားလာလေလေ ဖြစ်သည်။
နတ်ဘုရား ခွန်အား၏ အကျိုးသက်ရောက်မှုမှာတော့ … တကယ်တမ်းတွင် ထိုနည်းစနစ်သည် အခြားသော သူများအား ဖိအားပေးနိုင်ခြင်း ဖြစ်သည်။ ပြောရမည်ဆိုလျှင် ယခုအခါတွင် အန်လင်းသည် နတ်ဘုရားခွန်အား နည်းစနစ် တစ်မျိုးတည်းအား အသုံးပြုကာဖြင့် တာအိုခန္ဓာ အဆင့်၅ အောက်ရှိ ကျင့်ကြံသူများအား ဖိနှိပ်ထား နိုင်ပေသည်။
တာအိုခန္ဓာ အဆင့်၁၀ အောက်ရှိ မည်သည့်ကျင့်ကြံသူကိုမဆို သူ့အနေဖြင့် ဖိနှိပ်ထားနိုင်ပြီ ဖြစ်သည်။
ပြောရမည်ဆိုလျှင် နတ်ဘုရားခွန်အား နည်းစနစ်သည် အနည်းငယ်မျှပင် အသုံးပြုလိုက်ရုံဖြင့် အခြားသူများအား အညံ့ခံ လာစေနိုင်သည့် နည်းစနစ်မျိုး ဖြစ်သည်။
လတ်တလောတွင် ထိုနည်းစနစ်သည် အန်လင်းအတွက် အသုံးမဝင်သေးပေ။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာသည်နှင့်အမျှ အခြားသူများအား အညံ့ခံ လာနိုင်စေသည့် အကျိုးသက် ရောက်မှုသည် ပို၍ ထိရောက်လာမည် ဖြစ်သည်။
ကျင့်ကြံခြင်း အခြေခံနှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင် အန်လင်း၏ စစ်နတ်ဘုရား စနစ်တွင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦး အဆင့်သို့ တက်လှမ်းရန် အတွက် လိုအပ်ချက်အသစ် ရောက်ရှိနေပြီ ဖြစ်သည်။
“စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့် - သတ်မှတ်ချက် - သားရဲအမြုတေ သုံးခုအား စားရမည် …”
သားရဲအမြုတေများအား စားသောက်ရန် လိုအပ်သည့် အချက်အား လျစ်လျူရှုကာဖြင့် အန်လင်း ဦးစွာ စဉ်းစားမိသည့် အချက်မှာ သားရဲ အမြုတေများသည့် စားလို့ရသည့်အရာ ဖြစ်၊ မဖြစ် ဆိုသည်ကိုပင်။
သားရဲအမြုတေ သုံးခုအား ရရှိရန်မှာလည်း အလွန်ခက်ခဲသည့် အလုပ် ဖြစ်ပေသည်။
သားရဲ အမြုတေများသည် စိတ်ဝိညာဉ် သားရဲများ၌သာလျှင် တွေ့ရှိနိုင်ပေသည်။ ထိုသားရဲများ၏ တိုက်ခိုက်နိုင်စွမ်းသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ ရနိုင်သည်။
သားရဲအမြုတေ တစ်ခုအား ရရှိရန်အတွက် စိတ်ဝိညာဉ်သားရဲအား ခွန်အား ကုန်သုံးကာ တိုက်ခိုက်ရမည် ဖြစ်သည်။
ထိုတိုက်ပွဲတွင် ဘာဖြစ်သွားမည် ဆိုသည်ကိုပင် မပြောနိုင်ချေ။ စိတ်ဝိညာဉ် သားရဲအား တိုက်ခိုက်ရာတွင် အနိုင်ရရှိခဲ့လျှင်တောင် သားရဲအမြုတေမှာ ပျက်စီးမသွားနိုင်ဟု ကံသေကံမ မပြောနိုင်ချေ။
စိတ်ဝိညာဉ်သားရဲ၏ ခန္ဓာကိုယ်မှ သားရဲအမြုတေအား လျင်မြန်စွာ ထုတ်ယူရန် အထူး နည်းလမ်းများကို အသုံးပြုရမည် ဖြစ်သည်။ ထိုမှသာ ပြီးပြည့်စုံသည့် သားရဲအမြုတေ တစ်ခုအား ရရှိနိုင်ပေမည်။
သို့ပေမဲ့လည်း အန်လင်း၏ လက်ရှိ အဆင့်အတန်းနှင့် ထိုကဲ့သို့သော အမှုကိစ္စမျိုးအား ပြုလုပ်နိုင်စွမ်း မရှိချေ။ စိတ်ဝိညာဉ် သားရဲများနှင့် ရင်ဆိုင်ကြုံတွေ့ပါက ရွှမ်ယွမ်ချန်ကိုသာလျှင် မှီခိုအားထားကာ သားရဲအမြုတေ ထုတ်ယူပေးပါရန် တောင်းဆိုရပေမည်။
စိတ်ဝိညာဉ် သားရဲများသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါး လှသည်။ ထို့ကြောင့် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့်သို့ တက်လှမ်းရန်အတွက် ထိုက်ချူ ကုန်းမြေကြီးပေါ်သို့ ပြန်ရောက်သည်အထိ စောင့်ဆိုင်း ရပေမည်။
အန်လင်းသည် စိတ်ခံစားချက်များအား ထိန်းချုပ်ကာဖြင့် သူ့အတွေးများအား ခေတ္တမျှ ဘေးသို့ ပို့လိုက်လေသည်။
သူက စုရှောင်လန်အား ပြုံးကာဖြင့် ကြည့်လိုက်ပြီး “နင်ရုတ်တရက်ကြီး ပေါ်လာလို့ အရမ်းအံ့ဩသွားတာပဲ … ဘယ်လို ရောက်လာတာလဲ …”
စုရှောင်လန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ “ငါက အစောကြီးကတည်းက ဒီထဲမှာ ရှိနေတာလေ … သေမျိုးကမ္ဘာရဲ့ အကျော်ကြားဆုံး အဆိုတော် သီချင်း ဆိုတာကို နားထောင်ချင်လို့ ရောက်နေတာ … သူမက နောက်ထပ် ရောက်လာမယ့် အဆိုတော်အဖြစ် နင့်ကို မိတ်ဆက်ပေးမယ်လို့ ထင်မထားဘူးလေ … ဟဟ … ငါလည်း အတော်လေး အံ့ဩသွားခဲ့ရတယ် …”
“ပြီးတော့ နင်က ‘လူဆိုတာ’ ကို ဖျော်ဖြေမယ်လို့ ပြောလိုက်တော့ …”
“အဲဒီသီချင်းက ဘာမှမပါဘဲ ဘယ်လိုဆိုနိုင်မှာလဲ … အဲဒါကြောင့်မို့လို့ စင်ပေါ်ကို တက်ပြီး နင့်ကို ကူပေးဖို့ ဆုံးဖြတ်လိုက်တာပဲ …”
စုရှောင်လန်သည် ထိုစကားများအား သူမ၏မျက်နှာတွင် အပြုံးတစ်ပွင့် ချိတ်ဆွဲလျက် ပြောလာခြင်း ဖြစ်သည်။
အန်လင်းသည် အလွန် စိတ်လှုပ်ရှား သွားမိသည်။ သူတစ်ဦးတည်းသာ ဖျော်ဖြေခဲ့ မည်ဆိုလျှင် ပရိသတ်အား ဖမ်းစားနိုင်မည့် အခွင့်အရေး တစ်ခုသာလျှင် ရှိပေသည်။
သို့သော်လည်း စုရှောင်လန်၏ ကုချင်းနှင့် တွဲဖက် ဖျော်ဖြေလိုက်သည့် အခါတွင် ပြည့်စုံသည့် အပေါင်းအစပ် ဖြစ်သွားခဲ့သဖြင့် ‘လူဆိုတာ’ အား အရည်အသွေးမြင့်မြင့် ဖော်ပြခွင့် ရရှိခဲ့လေသည်။
ထို့ကြောင့်သာ သူ၏ဖျော်ဖြေမှုသည် ယခုလိုမျိုး ဝက်ဝက်ကွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
စုရှောင်လန်သည် အန်လင်း၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့သည် သာမက အမျိုးသား ဘဝအား မစွန့်လွှတ်ရရေးကိုပါ ထိန်းသိမ်း ပေးနိုင်ခဲ့သည်။ သူ့အသက်အား ကယ်တင် ပေးခဲ့ခြင်းနှင့် မခြားပေ။
စင်နောက်သို့ ပြန်လည် ရောက်ရှိသည့်အခါတွင် အန်လင်းသည် တုန်ဖန်ရွှယ်နှင့် ထျန်းလင်းလင်း တို့အား တွေ့လိုက်ရသည်။
ထျန်းလင်းလင်းသည် အန်လင်းအား အလွန်အထင်ကြီး လေးစားသည့်ပုံ ရှိနေလေသည်။ သူမသည် ချက်ချင်း ဆိုသလိုပင် အန်လင်း၏ လက်မောင်းအား ဆုပ်ကိုင်ကာ နှစ်သက် သဘောကျသည့် မျက်လုံးများဖြင့် ကြည့်လာသည်။ “ကိုကိုအန်က ငါ့ကို သီချင်းဆိုတာလေး သင်ပေးလို့ရမလား …”
“ဘာဖြစ်တယ် … အတုအယောင် တာအိုသခင်လို့ မခေါ်တော့ဘူးလား …”
အန်လင်းက အေးစက်စွာဖြင့် ပြုံးလိုက်သည်။ သူ့မျက်နှာတွင် မာနကြီးသည့် ဧကရာဇ်တစ်ပါး အသွင်ဖြင့် ရှိနေလေသည်။
သို့သော်လည်း ထျန်းလင်းလင်းသည် ထိုအကြောင်းအား စိတ်ထဲတွင်ပင် ထည့်မထားချေ။ အန်လင်း၏ လက်မောင်း ကိုသာလျှင် ဆုပ်ကိုင်ထားမြဲ ဖြစ်သည်။
တုန်ဖန်ရွှယ် သည်လည်း အန်လင်းထံသို့ လျှောက်လှမ်း လာပြီးနောက် သူမ မျက်နှာတွင် ထိတ်လန့်သည့် အမူအရာဖြင့် “မစ္စတာအန် အခုဆိုသွားတာ ဘာသီချင်းလဲ … အဲဒီသီချင်းကို နားထောင်ပြီးတော့ ငါ့ရဲ့ကျင့်ကြံခြင်း အခြေခံက နည်းနည်းလေး တိုးတက် လာတယ်လို့ ခံစားနေရတယ် …”
တုန်ဖန်ရွှယ်သည် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အတော်လေး မယုံကြည်နိုင် ဖြစ်နေခြင်းပင်။
အန်လင်း၏ သီဆိုမှုသည် စွမ်းအားကြီးသည့် ကျင့်ကြံသူ တစ်ဦးမှ သူမထံသို့ လူကိုယ်တိုင် လာရောက်ကာ တာအိုအား သိရှိနိုင်ရန် ညွှန်ပြပေး နေသကဲ့သို့ ခံစားရသည်။
သံစဉ်နှင့် စာသားသည် တာအို သဘောတရားနှင့် ပြည့်နှက်နေပြီး နားထောင်သူများအား တာအိုကို ပို၍ နက်နက်ရှိုင်းရှိုင်း နားလည် လာစေသည်။
အန်လင်းသည် ကောင်းကင်ဘုံပိုင်နက်မှ ‘လူဆိုတာ’၏ မိတ္တူစာအုပ်အား ထုတ်ကာ တုန်ဖန်ရွှယ်ထံသို့ ကမ်းပေး လိုက်သည်။
“စွမ်းအင် လှည့်ပတ်တဲ့ အချိန်ကျရင် ဒီစာအုပ်ကိုဖတ် … စာအုပ်ထဲမှာပါတဲ့ ကောင်းချီးတွေကို ကြုံတွေ့ရလိမ့်မယ် …”
ထိုစာအုပ်သည် စုစည်း ညီညွှတ်ကျင့်ကြံခြင်း ကျောင်းတော်ရှိ ကျောင်းသားတိုင်းတွင် ရှိသည့် စာအုပ်ဖြစ်သည်။ ထိုစာအုပ်အား အလျဉ်းသင့်သလို ဖတ်ရှုမည်ဆိုလျှင် ကျောင်းသားများသည် တာအိုအား နက်ရှိုင်းစွာ နားလည်နိုင်စေရန် အထောက်အကူပြုမည် ဖြစ်သည်။ သီချင်းအနေဖြင့် သီဆိုသည့် အခါတွင်လည်း နားထောင်သူများအား အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည်။
အန်လင်းနှင့် စုရှောင်လန် တို့သည် ထိုစာအုပ်အား ကြိမ်ပေါင်းများစွာ ဖတ်ရှုခဲ့ပြီး ဖြစ်သည်ကြောင့် အပြန်ပြန် အလှန်လှန် နားလည်နေပြီး ဖြစ်သည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် စင်ပေါ်တွင် အချိုးကျစွာ ပေါင်းစပ် ဖျော်ဖြေနိုင်ခဲ့ခြင်း ဖြစ်သည်။
“ကျေးဇူးပါ အန်လင်းရေ …”
တုန်ဖန်ရွှယ်သည် ‘လူဆိုတာ’ ကို ဝမ်းမြောက်စွာဖြင့် လက်ခံလိုက်ပြီးနောက် တန်ဖိုးကြီးသည့် ရတနာတစ်ပါးကဲ့သို့ ပွေ့ပိုက် ထားတော့သည်။
ထျန်းလင်းလင်းသည် အန်လင်းအား နားပူနေရခြင်း၏ ရည်ရွယ်ချက်မှာ ‘လူဆိုတာ’၏ သီဆိုပုံအား သင်ယူနိုင်ရန် ဖြစ်သည်။
ယခုအခါတွင် တုန်ဖန်ရွှယ်ထံ၌ စာအုပ်ရှိနေပြီ ဖြစ်သည့်အတွက် ချက်ချင်း ဆိုသလိုပင် တုန်ဖန်ရွှယ်ထံသို့ ပစ်ဝင်ကာ ပစ်မှတ်ရွှေ့ပြောင်း လိုက်တော့သည်။ “မမတုန်ဖန်ရေ … သွားဖတ်ကြရအောင် …”
“သွားကြတာပေါ့ …” တုန်ဖန်ရွှယ်သည် ချိုသာစွာ ပြုံးလိုက်ပြီးနောက် ထျန်းလင်းလင်း၏ အညိုရောင် ဆံပင်တိုလေးများအား အသာဖွကာဖြင့် အခန်းအတွင်းသို့ ဝင်သွားတော့သည်။
“အတုအယောင် တာအိုသခင်ရေ … တာ့တာပဲ …”
ထျန်းလင်းလင်းသည် အန်လင်းအား ထိုသို့ နှုတ်ဆက်ပြီးနောက် အနောက်သို့ တစ်ချက်ကလေးမျှပင် လှည့်မကြည့်တော့ဘဲနှင့် တုန်ဖန်ရွှယ်နှင့်အတူ ထွက်ခွာ သွားတော့သည်။
အန်လင်းသည် ထျန်းလင်းလင်းအား ပြောစရာစကား မဲ့စွာဖြင့်သာ ကြည့်နေနိုင်တော့သည်။ သူမ၏ ပြောင်းလဲမှုနှုန်းမှာ ဩချရလောက်အောင် မြန်ဆန် လွန်းလှသည်။
ထို့နောက်တွင် သူနှင့် စုရှောင်လန်တို့သည် ပရိသတ်များနှင့် ပူးပေါင်းလိုက်ပြီး တုန်ဖန်ရွှယ်၏ ဖျော်ဖြေပွဲအား အတူတကွ နားထောင်လိုက်ကြသည်။
***
ထိုညတွင် …
ဖျော်ဖြေရေး အဆောက်အဦ တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် အဖြူရောင ပင်လယ်ကြီးနှင့် တုန်ဖန်ရွှယ်၏ လှပသည့် သီဆိုဖျော်ဖြေမှုတို့သည် အန်လင်း၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်နေတော့မည် ဖြစ်သည်။
စုရှောင်လန်နှင့်အတူ စင်မြင့်ထက်တွင် အတူတကွ ဖျော်ဖြေခဲ့ခြင်း သည်လည်း အဖိုးမဖြတ်နိုင်သည့် အမှတ်တရ ဖြစ်လာလေတော့သည် ...။
***