← Chapters

အုတ်ဂူသို့ အလည်တခေါက်

Vol. 72 Ch. 1141

အုတ်ဂူသို့ အလည်တခေါက်

Vol. 72 Ch. 1141

သိဒ္ဓိအလင်းတောင်။

ယနေ့က ဘုရားဖူးခရီး တရားဝင် ဖွင့်ပွဲနေ့ ဖြစ်သည်။ ကမ်းပါးဖြူ၏ တယ်လီပို့ရင်ပြင်က ယုံကြည်သူများ လူအုပ်ကြီးဖြင့် ပြည့်ကျပ်နေလေသည်။

အဝေးမှ ကောင်းကင်သို့ ထိုးထွက် နေသော သိဒ္ဓိအလင်းတောင်ကို ကြည့်ရင်း ယုံကြည်သူ အားလုံး၏ မျက်နှာများတွင် ကြည်ညိုသော အမူအရာများ ရှိနေသည်။ အချို့မှာပင် ခြေတစ်လှမ်း လှမ်းပြီးတိုင်း ရှိခိုးနေကြ၏။

အလင်းစစ်သည်တော်များက လမ်းကြောင်းနှင့်ရင်ပြင် ဘေးနှစ်ဖက်တွင် ညီညီညာညာ ရပ်နေသည်။ ကမ်းပါးဖြူသို့ ဝင်ရောက်ရန် အထူး ကြည်ညိုခြင်း တံဆိပ်တစ်ခု လိုအပ်သည်။ ပုံမှန်အားဖြင့် အကြံပြုခံရသော သို့မဟုတ် အလှူငွေ ပမာဏတစ်ခုခု လှူဒါန်းထားသော ယုံကြည်သူများသာ ထိုကဲ့သို့ တံဆိပ်ကို ရရှိနိုင်သည်။

ကြည်ညိုခြင်းတံဆိပ်၏ လုပ်ဆောင်ချက်မှာ မှော်ဂိတ်မှတစ်ဆင့် တယ်လီပို့ခြင်းလို ရိုးရှင်းသည် မဟုတ်ပေ။ အရေးအကြီးဆုံး လုပ်ဆောင်ချက် တစ်ခုလည်း ရှိနေသေးပြီး ထိုအရာမှာ အလင်းဘုရား သခင်အပေါ် ကြည်ညိုမှု အတိုင်းအတာကို ထင်ဟပ်ပြသခြင်းပင်။

ယုံကြည်မှု မရှိသော တံဆိပ်များကို အထူး ထောက်လှမ်းရေး ပစ္စည်းများဖြင့် ထောက်လှမ်း တွေ့ရှိနိုင်ပြီး ၎င်းက သိဒ္ဓိအလင်းတောင်သို့ ခိုးဝင်လာသော သူလျှိုများကို မလွတ်မြောက်နိုင်အောင် ဖြစ်စေသည်။ အထူးအဆင့် ရန်သူများ အပါအဝင် ဖြစ်သည်။

ယုံကြည်သူများ လူအုပ်ကြီးကြားတွင် အလင်းစစ်သည်တော်များက ခဏအကြာ အထူးတည်ရှိမှုနှစ်ခုကို တွေ့လိုက်ရသည်။

အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးပင်။

ထိုလူနှစ်ဦး၏ ပုံပန်းသွင်ပြင်နှင့် အငွေ့အသက်တို့က မထူးခြားလှပေ။ သူတို့က သာမန်လူ နှစ်ဦးမျှသာ ဖြစ်သည်။ အကယ်၍ အနီးကပ် ကြည့်လျှင် သူတို့၏ ပုံပန်းသွင်ပြင်များမှာ အနည်းငယ် ဝေဝါးနေပုံရသည်။ သူတို့က လူများကို အမြဲပင် မရေရာသော အထင်အမြင် တစ်ခုကို ပေးစွမ်းနေ၏။

အလင်းစစ်သည်တော်များ အမှန်ပင် ထူးဆန်းသည်ဟူ၍ ခံစားနေခဲ့ရသော အကြောင်းရင်းမှာ ထိုလူနှစ်ဦးတွင် မည်သည့် ကြည်ညိုသော အမူအရာ သို့မဟုတ် လှုပ်ရှားမှုမျှ မရှိနေ၍ပင်။ ထိုအစား သူတို့က မြင့်မြတ်သောနေရာမှာ လမ်းဘေး ဈေးသည်များနှင့် ပေါင်နှံသူများ အတွက် သာမန်နေရာ တစ်ခုမျှသာ ဖြစ်သည့်အလား လျစ်လျူရှုနေပုံရသည်။ ထို့အပြင် သူတို့က ထို‘လျစ်လျူရှုမှု’ကို လုံးဝ မဖုံးကွယ်ထားခဲ့ပေ။

မှော်ထောက်လှမ်းရေး ပစ္စည်းက ထိုလူ နှစ်ဦးအပေါ်တွင် ကြည်ညိုခြင်း တံဆိပ် လုံးဝ မရှိကြောင်း ပြသခဲ့သည်။ သူတို့က မှော်တယ်လီပို့ တံခါးပေါက်ကို မည်သို့ ဖြတ်ကျော်ခဲ့သည်ကို မည်သူမှ မသိပေ။

သူတို့က ရှေ့သို့ လျှောက်သွားခဲ့ကြပြီး ယုံကြည်သူများက ဆုတောင်းခြင်းနှင့် အခြားသော အကြောင်းရင်းများကြောင့် များစွာ နောက်ကျကျန်ရစ်ခဲ့သည်။ သူတို့ နှစ်ဦးမှာ အထူးသဖြင့် မျက်စိကျစရာ ဖြစ်နေကြသော်လည်း များများစားစား ဂရုမစိုက်ဘဲ ဆက်လျှောက်နေခဲ့ကြသည်။ သူတို့နောက်တွင် အလင်း စစ်သည်တော် အများအပြား စည်းရုံးနေပြီ ဖြစ်သည်ကို သတိပြုမိသော်လည်း သူတို့က ယခင်လို ဖြစ်နေဆဲပင်။

အလင်း စစ်သည်တော်များက သိဒ္ဓိ အလင်းတောင်သို့ ခိုးဝင်ခဲ့သော သူလျှို အတော်များများကို မြင်ခဲ့ဖူးသော်လည်း ထိုသို့ မထီမဲ့မြင်ဖြင့် ဝင်ရောက်လာသူကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

ဒါ အလင်း စစ်သည်တော်ကို မထီမဲ့မြင် ပြုတာပဲ။ သိဒ္ဓိအလင်းတောင် တစ်ခုလုံးကို မထီမဲ့မြင်ပြုတာလည်း ဟုတ်တယ်!

နောက်ဘက်မှ ယုံကြည်သူများနှင့် အကွာအဝေးကို ဆွဲဆန့်ပြီးနောက်တွင် အလင်း စစ်သည်တော် ခေါင်းဆောင် ရိစ်က အမိန့်တစ်ခုကို ပေးလိုက်ရာ ချောင်းမြောင်း နေရာယူထားပြီး ဖြစ်သော အလင်း စစ်သည်တော်များ ချက်ချင်းပင် လှုပ်ရှားလာပြီး သူတို့ နှစ်ယောက်ကို ဝန်းရံလိုက်ကြသည်။

သို့သော် ထူးဆန်းသော အရာတစ်ခု ဖြစ်ခဲ့သည်။ အလင်း စစ်သည်တော်များ သူတို့ကို ဝန်းရံရန် ပြေးဝင်သွားရာတွင် သူတို့က ဝိုင်းရံထားသော နေရာတွင် မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသည်။ ထိုနှစ်ဦးက သူတို့၏ရှေ့တွင် ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်ပြီး သူတို့က ပုံရိပ်ယောင် နှစ်ခုမျှသာ ဖြစ်နေသလိုပင်။

ထိုသို့ တွေ့ကြုံမှုများ အပြီးတွင် ရိစ်က တစ်ခုခုမှားနေပြီ ဖြစ်ကြောင်း နောက်ဆုံး ခံစားလိုက်ရသည်။ အခုအထိ တစ်ဖက်က နောက်ကိုတောင် ပြန်မကြည့်သေးဘူး။ ထိုလူနှစ်ဦးရဲ့ စွမ်းအားက ငါတို့ ယှဉ်နိုင်တဲ့ အဆင့်ထက် အများကြီး ကျော်နိုင်တယ်။ ဒါကြောင့် သူတို့က ဒီလို သဘောထား ရှိနေတာပဲ။

ဒါပေမဲ့ ဒီနေရာက သဒ္ဓိအလင်းတောင်။ ဘယ်လိုမျိုး လမ်းမှားရောက်သူတွေကမှ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း စော်ကားလို့ မဖြစ်ဘူး!

ရိစ်က တွန့်ဆုတ်ခြင်းမရှိဘဲ အရေးပေါ် အချက်ပြမှုကို ပေးပို့လိုက်သည်။ အဝေးမှ ကင်းစခန်းရှိ အလင်းစစ်သည်တော်များ သတိထားလိုက်ကြပြီး အခြေအနေကို ကောင်းကင်မိုးကြိုးခန်းမသို့ ချက်ချင်း စေလွှတ်ခဲ့သည်။

ကောင်းကင်မိုးကြိုးခန်းမ၏ လက်ရှိ အရှင်သခင်မှာ ‘လျှပ်စီးဓားအရှင်သခင်’ ဇာမင်ဒါ ဖြစ်ပြီး သူက ကျက်သရေဆောင် စစ်သည်တော် အားလုံး၏ တပ်မှူးလည်း ဖြစ်သည်။ အရေးပေါ် အချက်ပြမှုကို ရရှိပြီးနောက် သူက ပုပ်ရဟန်းမင်းကြီး ဗန်တီစ်ထံသို့ တစ်စုံတစ်ယောက်ကို အစီရင်ခံရန် ချက်ချင်း စေလွှတ်လိုက်ပြီး ကိုယ်တိုင်မှာမူ နတ်ဘုရားကျောင်း စစ်သည်တော် လက်ရွေးစင်များကို ဦးဆောင်၍ ရန်သူများပေါ်ထွက်လာသည့် နေရာသို့ သွားရောက်ခဲ့လေသည်။

ဇာမင်ဒါ ရောက်လာရာ ထိုလူနှစ်ဦးထဲမှ အမျိုးသားက ရုတ်တရက် ရပ်လိုက်၏။

“ဘာဖြစ်လို့လဲ။” အမျိုးသမီးက မေးပြီး ရပ်တန့်လိုက်သည်။

“ဘာမှမဟုတ်ဘူး။” ထိုအမျိုးသားက ရှေ့မှ ဇာမင်ဒါကို ကြည့်လိုက်သည်။ “အသိတစ်ယောက်နဲ့ တွေ့လို့။”

“ရှင်ရဲ့ ‘အသိတွေ’ ဒီမှာ... တော်တော် များများ ရှိလောက်တယ်။” အမျိုးသမီးက ညင်သာစွာ ပြုံးလိုက်သည်။

“မင်းထက် နည်းနည်း ပိုများတယ်။” ထိုအမျိုးသားကလည်း ပြုံးလိုက်၏။

“ခင်ဗျားတို့ နှစ်ယောက် ရပ်လိုက်ပါ။” ဇာမင်ဒါက ထိုနှစ်ဦးအပေါ်တွင် မည်သည့် ထူးခြားသော အငွေ့အသက်ကိုမှ မခံစားမိသော်လည်း ထိုသို့ ဖြစ်လေလေ ပို၍ သတိထား လေလေပင်။ “ခင်ဗျားတို့ နှစ်ယောက် ကမ်းပါးဖြူကို ဘာအတွက် ရောက်လာလဲဆိုတာ သိလို့ရမလား။”

“အုတ်ဂူကို လာလည်တာလေ။” ထိုအမျိုးသားက ခဏ စဉ်းစားလိုက်သည်။ “ဒီအသုံးက နည်းနည်း ရေပန်းမစားတာ ဖြစ်မယ်။ ခင်ဗျားတို့က ပြဿနာလာရှာတဲ့ အလည်အပတ်လို့ သဘောထားလိုက်လို့ ရပါတယ်။”

“ခင်ဗျားတို့ နှစ်ယောက်ရဲ့ သတ္တိကို ချီးကျူးရမယ်။ သိဒ္ဓိအလင်းတောင်ကို မျက်နှာချင်းဆိုင် ရန်စပြီး ကျူးကျော်ရဲတဲ့ ‘ဧည့်သည်’ကို ပထမဆုံး မြင်ဖူးတာပဲ။” ဇာမင်ဒါက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ ဒီစွမ်းဆောင်မှုကလည်း ဒီမှာပဲ အဆုံးသတ်သွားပြီ။ သိဒ္ဓိအလင်းတောင်က အလင်းဘုရားသခင်ရဲ့ အမြင့်မြတ်ဆုံး မျက်နှာသာပေးခံရတဲ့နေရာ ဖြစ်ပြီးတော့ ချိုးဖောက်လို့ မရဘူး။ ခင်ဗျားတို့ အခု မခုခံဘူးဆိုရင် ထွက်လမ်း တစ်ခုခု ရှိနိုင်ပါတယ်။”

“ကျက်သရေတောင် ဓားဆရာသခင်ရဲ့ တပည့်ဆိုတဲ့ အတိုင်းပါပဲ။ ခင်ဗျားက ဗိုလ်ချုပ် တစ်ဦးလိုမျိုး စကားပြောပြီး ပြုမူတယ်။” ထိုအမျိုးသား ပြုံးလိုက်သည်။ “ဆာ-ဇာမင်ဒါ။ ကျုပ်တို့က တကယ်တော့ မိတ်ဆွေဟောင်းတွေပါ။ ခင်ဗျား ကျုပ်ကို တကယ် မသိဘူးလား။”

“မိတ်ဆွေဟောင်း ဟုတ်လား။ အခုက ဆက်ဆံရေး တစ်ခုကို ထုတ်ပြရမယ့် အချိန်မဟုတ်ဘူး။ ပြီးတော့...”

ဇာမင်ဒါ၏ စကားများ ရုတ်တရက် ရပ်တန့်သွား၏။ အကြောင်းမှာ သူက ထိုအမျိုးသား၏ သာမန် မျက်နှာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၍ပင်။ ဝေဝါးသော မျက်နှာသွင်ပြင်များ တဖြည်းဖြည်း ထင်ရှားလာပြီး ရင်းနှီးသော မျက်နှာတစ်ခု ဖြစ်လာသည်။ ဆံပင် ရွှေရောင်နှင့် ချောမောခန့်ညားသော လူငယ်တစ်ဦး။

“ဒီမျက်နှာနဲ့ ဒီအသံကို ဆာ-ဇာမင်ဒါ မှတ်မိလောက်မှာပါ။”

“မင်းပဲ!” ဇာမင်ဒါ၏ မျက်နှာ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူက ထိုမျက်နှာကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။ နဂါးလင်းလက် အင်ပါယာရဲ့ တတိယမင်းသား အာသာရိုလန်!

မဟုတ်ဘူး၊ သူက တကယ့် အာသာ မဟုတ်ဘူး! ကောင်းကင်တမန် သုံးပါးနဲ့ ယှဉ်နိုင်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးပဲ!

ထိုပုဂ္ဂိုလ်က လူသားလောက တစ်ခုလုံးကို ကစားခဲ့သည်။ ပထမတွင် သူက နဂါးလင်းလက် အင်ပါယာ၏ တတိယ မင်းသားအဖြစ် ဟန်ဆောင်ပြီး လှည့်ကွက်များနှင့် နည်းလမ်းများဖြင့် ရေဖျန်းဘုန်းတော်ကြီး ဂရာလင်၏ ယုံကြည်မှုကို လှည့်စား ရယူခဲ့သည်။ သူက ကောင်းကင်တမန် သုံးပါးထဲမှ တစ်ပါးဖြစ်သော ဆာ-ရာဖယ်ရယ်ကိုပင် မယုံနိုင်လောက်အောင် လှည့်စားခဲ့ပြီး နောက်ထပ် ပုပ်ရဟန်းမင်းကြီး အတွက် ‘သိဒ္ဓိသားတော်’ ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

သိဒ္ဓိသားတော်၏ ဘွဲ့ချီးမြှင့်ခြင်း အခမ်းအနားတွင် ထိုပုဂ္ဂိုလ်က ဧည့်သည်များ အားလုံး၏ အရှေ့တွင် ဘွဲ့ချီးမြှင့်ခြင်း အခမ်းအနား၏ ဝိညာဉ် စုစည်းမှော်စက်ဝိုင်းကို ချိုးဖောက်ခဲ့ပြီး အကျဉ်းချ ခံထားရသော မိန်းကလေး တစ်ဦးကို ကယ်ခဲ့သည်။ အစွမ်းထက်ဆုံး နတ်ဘုရားတစ်ပိုင်းအဆင့် တောင်ပံ ၈ခု ကောင်းကင်တမန် ကာမေရယ်က သူ၏ ရှေ့တွင် ကလေးတစ်ယောက် ကဲ့သို့ပင် ပျော့ညံ့နေ၏။ နောက်မှရောက်လာသော နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် ကောင်းကင်တမန် ဆာ-ရာဖယ်ရယ်ပင် ထုငိပုဂ္ဂိုလ်ကို မဖမ်းဆီးနိုင်ဘဲ သူ့ကို မိန်းကလေးနှင့်အတူ အေးအေးဆေးဆေး ထွက်ခွာခွင့် ပြုခဲ့ရသည်။

ကျောင်းတော်က ထိုကိစ္စအပေါ်တွင် အမြင့်ဆုံး နှုတ်ပိတ်အမိန့် ထုတ်ခဲ့သည်။ ခန်းမတွင် ပါဝင်ခဲ့သော အုပ်ချုပ်သူများနှင့် ဘုရင်များပင် အနည်းငယ်မျှ ထုတ်ဖော် ပြောဆိုခွင့် မရှိခဲ့ပေ။ သိဒ္ဓိကလေးမှာ ဘွဲ့ချီးမြှင့် အခမ်းအနားတွင် မရဏနက် နောက်လိုက်၏ အဆိပ်ခတ်ခြင်းကို ခံရပြီး ရုတ်တရက် သေဆုံးသွားခဲ့သည် ဟူ၍သာ သူတို့ ပြောခဲ့ကြသော်လည်း ထိုနေ့က ကြီးကျယ်သော တိုက်ပွဲကို မျက်မြင် ကြုံတွေ့ခဲ့ရသူများက ထိုသို့ သည်းထိတ် ရင်ဖိုဖွယ် မြင်ကွင်းကို မမေ့နိုင်ကြပေ။

ဒီအလိုရှိဆုံးလူက ဒီနေ့ သိဒ္ဓိအလင်း တောင်မှာ ပေါ်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဖူးဘူး!

ဇာမင်ဒါက လက်ကို မြှောက်လိုက်ပြီး နတ်ဘုရားကျောင်း စစ်သည်တော်များ၏ လှုပ်ရှားမှုကို တားဆီးလိုက်လေသည်။ အဲဒီလူဆိုရင်တော့ ဒီမှာရှိတဲ့ လူအားလုံး ပေါင်းလိုက်ရင်တောင် သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ မျက်စိမှိတ် တိုက်ခိုက်တာ သေဆုံးမှုတွေကိုပဲ ပိုဖြစ်ပေါ်စေလိမ့်မယ်။

“ဆာ။ ခင်ဗျား သိဒ္ဓိအလင်းတောင်ကို ဒီနေ့ ဒီလိုမျိုး ရောက်လာတာက...” ဇာမင်ဒါ၏ စကားများ မဆုံးခင်မှာပင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။

“ကောင်းကင်မိုးကြိုးခန်းမ အရှင်သခင်! ဒီကျူးကျော်သူ နှစ်ယောက်ကို မြန်မြန် ဖမ်းလိုက်ပါ!” ၎င်းမှာ မလွန်ဆန်နိုင်သော ဩဇာအာဏာ ပါဝင်သည့် အမျိုးသမီး တစ်ဦး၏ အသံပင်။

“အရှင်မ သိဒ္ဓိမိန်းမပျို...” ဇာမင်ဒါ မျက်မှောင်ကြုတ်လိုက်သည်။ ယခင် ဘွဲ့ချီးမြှင့် ဖြစ်ရပ်က သိဒ္ဓိကျောင်းတော် အတွက် ကြီးကြီးမားမား အရှက်ရစေခဲ့၏။ နောက်ဆုံး၌ ကျောင်းတော်၏ ထိပ်တန်း ခေါင်းဆောင်ဖြစ်သူ ပုပ်ရဟန်းမင်းကြီး ဗန်တီစ်က အပြစ်တင်ခံရသူ ဖြစ်လာပြီး သိဒ္ဓိကောင်းချီးတောင်ထွတ် ထိန်းချုပ်သူ ပြန်ဖြစ်လာသော သိဒ္ဓိမိန်းမပျို ယူဒိုရာက ရာဖယ်ရယ်၏ ထောက်ခံမှုကို ရရှိခဲ့ရာ ဗန်တီစ်၏ အာဏာကို လျင်မြန်စွာ လွှဲပြောင်းရယူခဲ့သည်။ ခုံသမာဓိအဖွဲ့နှင့် ကောင်းကင်မိုးကြိုးခန်းမမှလွဲ၍ ကျန်ရှိသော အင်အားစုများက အခြေခံအားဖြင့် ယူဒိုရာ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်။ ကြယ်ခန်းမမှ ပါ့စ်မီးယားပင်လျှင် သူနှင့် ပဋိပက္ခ မဖြစ်ရန် ရှောင်ရှားခဲ့ရသည်။ ယူဒိုရာက အမှန်တကယ်တွင် သိဒ္ဓိအလင်းတောင်၏ အန္တိမအုပ်ချုပ်သူနှင့် ညီမျှနေပြီ ဖြစ်သည်။ သူက နောက်ထပ် ပုပ်ရဟန်းမင်းကြီး ဖြစ်လာရန်မှာ အနှေးနှင့်အမြန်ပင်။

သာမန်လူများကို အထင်သေးသော ကောင်းကင်တမန်တော် သုံးပါးအတွက်မူ နတ်ဘုရားကျောင်းသုံးခုအနက် မည်သည့် ဘုရားကျောင်းက အဓိကအုပ်စု ဖြစ်ဖြစ် လုံးဝကို အရေးမကြီးပေ။ လက်ရှိတွင် ကောင်းကင်တမန် သုံးပါးလုံး နိုးလာပြီ ဖြစ်သည်။ နောက်တစ်ကြိမ် အန္တိမ အစည်းအဝေး အပြီးတွင် ဗန်တီစ်က လုံးဝနုတ်ထွက်မည် ဖြစ်ပြီး ထို့နောက် ယူဒိုရာက ပုပ်ရဟန်းမင်းကြီး အသစ် ဖြစ်လာမည်ဟု ဆိုကြသည်။ ကောင်းကင် ချိပ်ပိတ်ခန်းမက သခင်အသစ် တစ်ဦးကို ရွေးချယ်လိမ့်မည် ဖြစ်သည်။

ဇာမင်ဒါသည် သူ၏ဆရာ ပါဆာလီ၏ ကြားနေရေးမူဝါဒကို ထိန်းသိမ်းခဲ့ပြီး ကောင်းကင်မိုးကြိုးခန်းမ၏ မျှတသော ရပ်တည်ချက်ကို ထိန်းခဲ့ရာ ၎င်းကလည်း ယူဒိုရာကို မကျေမနပ် ဖြစ်စေခဲ့သည်။ အကယ်၍ အထူးအစွမ်းထက် ပုဂ္ဂိုလ် ဖြစ်လာသော ပါဆာလီ၏ အကာအကွယ် မရှိခဲ့ပါက ကောင်းကင်မိုးကြိုးခန်းမက သခင်ပြောင်းသွားလောက်ပြီ ဖြစ်သည်။

ချန်လွေ့နှင့် ဖိုက်သွန်တို့၏ အမြင် အာရုံဖြင့် အဝေးမှ ကောင်းကင်တွင် ပျံသန်းနေသော ပုံရိပ်များကို သူတို့က မြင်တွေ့ခဲ့ပြီး ဖြစ်လေသည်။ သူတို့မှာ သိဒ္ဓိကျောင်းတော်၏ ခေါင်းဆောင်ကြီး သုံးဦးဖြစ်သော ဗန်တီစ်၊ ယူဒိုရာနှင့် ပါ့စ်မီးယားတို့ပင်။

ဗန်တီစ်က ရှေ့ဆုံး၌ ရှိနေသော်လည်း အရင်စကားပြောသူမှာ ယူဒိုရာ ဖြစ်သည်။

သိဒ္ဓိသားတော် အခမ်းအနား၏ အဖြစ်အပျက် ပြီးကတည်းက သိဒ္ဓိအလင်း တောင်၏ အကြီးတန်း စီမံခန့်ခွဲမှုက အလွန် တင်းမာသော အခြေအနေတွင် ရှိနေခဲ့သည်။ ယခု အမြင့်ဆုံး အရေးပေါ် အချက်ပြမှုနှင့် ကောင်းကင်မိုးကြိုးခန်းမ အစီရင်ခံစာကို လက်ခံရရှိပြီးနောက်တွင် ခေါင်းဆောင်ကြီးသုံးဦးက ပေါ့ဆရဲခြင်း မရှိဘဲ ကိုယ်တိုင် ရောက်ရှိလာကြသည်။

မကြာမီတွင် ခေါင်းဆောင်ကြီးသုံးဦးက ကောင်းကင်တွင် ရှိနေကြပြီ ဖြစ်သည်။

ယူဒိုရာက နောက်ထပ် စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ထိုမျက်နှာကို သေသေချာချာ မြင်လိုက်ရသည်။ သူ၏ နှလုံးသား တုန်လှုပ်သွားခဲ့ပြီး မျက်နှာကို စိုက်ကြည့်နေသော ချွန်ထက်လှသည့် ဓားသွားသဖွယ် မျက်လုံး တစ်စုံကို ခံစားလိုက်ရသည်။ ရုတ်တရက် သူ၏ ဝိညာဉ်တွင် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ သူက ကြောက်မက်ဖွယ် စွမ်းအား တစ်ခုခုကြောင့် ချက်ချင်းပင် စုတ်ပြဲသွားသလို ခံစားလိုက်ရသည်။

ယူဒိုရာ အော်ဟစ်လိုက်ပြီး လေထဲမှ တန်းတန်းမတ်မတ် ပြုတ်ကျသွားကာ မြေပြင်ပေါ်သို့ ဆိုးဆိုးရွားရွား ကျသွားပြီး ခဏတာ မထနိုင်တော့ပေ။

ချန်လွေ့ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

“ဖြစ်နိုင်ရင် သူ့ကို အသက်ရှင်လျက် ထားထားခဲ့ပါ။”

၎င်းမှာ ချန်လွေ့ လူသားလောကသို့ မလာခင် တစ်ရက်အလိုတွင် သွေးရောင် အင်ပါယာ၌ တစ်ဖနီ ချန်လွေ့အား ပြောခဲ့သော စကားပင်။

၎င်းမှာ မတော်တဆဟု ထင်ရသော စကားတစ်ခွန်း ဖြစ်သော်လည်း ၎င်းကို ပြောရာတွင် တစ်ဖနီ မည်မျှ ကြီးမားသော သတ္တိကို မွေးယူခဲ့ရကြောင်းကို ချန်လွေ့ ခံစားနိုင်ပေသည်။

ထို‘သူ’ကြောင့် တစ်ဖနီက ဘဝတွင် အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်။ သူ၏ ဝိညာဉ်နှင့် မျှော်လင့်ချက် အပါအဝင်ပင်။

အကယ်၍ ချန်လွေ့၏ ကယ်တင်မှုနှင့် စူပါစနစ်လောက၏ အတွေ့အကြုံသာ မရှိခဲ့လျှင် တစ်ဖနီ အသက်ရှင်နေလျှင်ပင် မျှော်လင့်ချက်မဲ့စွာဖြင့် တွားသွားနေသော အသေကောင်မျှသာ ဖြစ်နေပေလိမ့်မည်။

ဆုတ်ဖြဲလိုက်သင့်သော နာကျင်စရာ မှတ်ဉာဏ်၊ အနာကျင်ဆုံး အမာရွတ်ကို ယခုတွင် တစ်ဖနီကိုယ်တိုင် ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။

၎င်းက ‘မျှော်လင့်ချက်’ ကြောင့်ပင်။

ထိုအရာက သူ့ကို နောက်တစ်ကြိမ် ပြန်ရပ်တည်စေခဲ့သော အဖိုးတန်ဆုံးအရာ ဖြစ်ပြီး ၎င်းမှာလည်း ချန်လွေ့က သူ့အား ပေးခဲ့သော အထင်ရှားဆုံး စိတ်ခံစားမှုပင်။ သူက ယခု သူ၏ဇနီး ဖြစ်နေသည့်တိုင် ဖြစ်သည်။

၎င်းကြောင့် တစ်ဖနီက ကြယ်နှစ်ပွင့် တိုးမြှင့်မှု၏ နက်နဲမှုကို နားလည်ခဲ့ပြီး စူပါစနစ်၏ ‘မျှော်လင့်ချက်’ နတ်ဘုရားမ ဖြစ်လာခဲ့သည်။

အကယ်၍သာ တစ်ဖနီ၏ စကားများ မရှိခဲ့လျှင် ခုနက အကြည့်မှာ ယူဒိုရာ၏ ဝိညာဉ်ကို လုံးဝ ပြိုလဲသွားစေလိမ့်မည်။

ဗန်တီစ်နှင့် ပါ့စ်မီးယားတို့သည်လည်း ချန်လွေ့၏ မျက်နှာကို မြင်တွေ့လိုက်ရပြီး အားလုံး တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

“ဒီပုရွက်ဆိတ်တွေနဲ့ အလှုပ်ရှုပ်နေစရာ မလိုဘူး။” ချန်လွေ့ဘေးမှ ဖိုက်သွန်က မျက်လုံးများ လင်းလက်သွားပြီးနောက် ပတ်လည်ကို ကြည့်လိုက်သည်။ “ငါတို့က မျှမျှတတ ရောက်လာတာဆိုတော့ အဲဒီ သုံးယောက်က ကိုယ်တိုင် ရောက်လာပြီး ငါတို့ကို ကြိုဆိုသင့်တယ်...”

နောက်ထပ်စက္ကန့်တွင် အရှိန်အဝါနှင့် ပြည့်နေသော အသံတစ်ခု ကမ်းပါးဖြူကို ချက်ချင်း ပြည့်နှက်သွားသည်။ လူတိုင်း၏ ဝိညာဉ်က တဝီဝီ မြည်နေ၏။

“မိုက်ကယ်! ဂေဘရီယယ်! ရာဖယ်ရယ်!”

လမ်းတလျှောက်တွင် ဖြစ်စေ၊ သိဒ္ဓိ အလင်းတောင် အောက်မှ သိဒ္ဓိအလင်း မြို့တွင်ဖြစ်စေ လူတိုင်း တုန်လှုပ်သွား၏။

သူ ဘယ်သူလဲ။ ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ အဲဒီနာမည်သုံးခုကို ဒီလောက် မောက်မောက်မာမာ ခေါ်ရဲရတာလဲ!

သူတို့က နတ်ဘုရားပြီးရင် ဒုတိယ အဆင့်ရှိတဲ့ အန္တိမ တည်ရှိမှု သုံးခုပဲ!

ထိုသို့ပြောပြီး ခဏအကြာ ရွှေရောင် အလင်းတန်းသုံးခုက တိမ်တိုက်များမှ ထွက်ပေါ်လာခဲ့လေသည်။ အလင်းတန်း အထဲတွင် ပုံရိပ်သုံးခုက တဖြည်းဖြည်း ထင်ရှားလာခဲ့၏။

All Chapters