အရည်အချင်း
Vol. 72 Ch. 1142
ကျက်သရေဆောင် စစ်သည်တော်များ (အလင်းစစ်သည်တော်၊ နတ်ဘုရားကျောင်းစစ်သည်တော်) အားလုံးက အလင်းတန်းထဲ ပေါ်လာသော ပုံရိပ်သုံးခုကို အံ့ဩစွာ ကြည့်လိုက်ကြ၏။
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး။
သုံးဦးလုံးက အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြလေသည်။ အလယ်မှ ဆံပင်ရွှေရောင်နှင့် အမျိုးသားမှာ ပြီးပြည့်စုံလုနီးပါး မျက်နှာသွင်ပြင်နှင့် ရှိနေသော မိုက်ကယ်ပင်။ ဘယ်ဘက်မှ ဆံပင်နက်နှင့် မျက်လုံးအဖြူနှင့် သူမှာ ရာဖယ်ရယ် ဖြစ်သည်။ ညာဘက်မှ ငွေရောင်ဆံပင်ရှည်နှင့် မျက်လုံးများကို မှိတ်ထားသူမှာ ဂေဘရီယယ်ပင်။
ကောင်းကင်တမန်သုံးပါးပဲ!
အလင်းနတ်ဘုရား ပြီးရင် ဒုတိယ ဖြစ်တဲ့ အမြင့်မြတ်ဆုံး တည်ရှိမှု သုံးခု ဒီကို ရောက်နေကြပြီ။
“ဘယ်သူများလဲလို့။ သေလမ်းရှာနေတဲ့ ကြွက်တစ်ကောင်ကိုး။ ဒီလောက် မောက်မာရဲအောင်...” ရာဖယ်ရယ်က ဖိုက်သွန်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး ထို‘မရင်းနှီးသော’ အမျိုးသမီးကို သေချာ မမှတ်မိကြောင်း ထင်ရှားနေသည်။ သူ၏ အာရုံကို မုန်းတီးစွာဖြင့် ချန်လွေ့အပေါ်သို့ စူးစိုက်ကြည့်လိုက်သည်။ တလက်လက် တောက်ပမှုတစ်ခု သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံပြီး တိုက်ခိုက်ရန် ပြင်လိုက်၏။
ဖိုက်သွန်၏ နှုတ်ခမ်းက အနည်းငယ် ကွေးသွားပြီး သူက စကားလုံးနှစ်လုံးကို တိတ်တဆိတ် ပြောလိုက်သည်။
ရာဖယ်ရယ်၏ ပတ်ပတ်လည်မှ ရောင်ခြည် ရုတ်တရက် မှေးမှိန်သွားပြီး သူ ပြုတ်ကျသွားခဲ့သည်။ သူက ခန္ဓာကိုယ်ကို ချက်ချင်း ပြန်လည်၍ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ပြောလိုက်သည်။ “ပိတ်ပင်ခြင်း အရှိန်အဝါ...”
“ဖိုက်သွန်...” မိုက်ကယ်နှင့် ဂေဘရီယယ်တို့က ရင်းနှီးသော အရှိန်အဝါကို တစ်ချိန်တည်းတွင် အာရုံခံ လိုက်မိပြီး ‘ထူးဆန်းသောအမျိုးသမီး’၏ သရုပ်မှန်ကို ထုတ်ဖော်လိုက်သည်။
မိုက်ကယ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင် လက်သွားခဲ့သည်။ “သိပ်ကောင်းတယ်။ မင်းက သိဒ္ဓိအလင်းတောင်ကို လာရဲမယ် မထင်ထားခဲ့ဘူး။ လက်ဆောင် အနေနဲ့ မင်းကိုယ်ထဲက ကျန်နေသော ဝိညာဉ်ကို ငါ ကိုယ်တိုင် အဆုံးသတ်ပေးမယ်။ ဒီတစ်ကြိမ်တော့ အရင်တစ်ခေါက် တုန်းကလို ကံကောင်းမှာ မဟုတ်ဘူး။”
ဖိုက်သွန်က စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလိုက်သည်။ သူက မျက်လုံးများက ဂေဘရီယယ်ထံ ကြည့်နေခဲ့လေသည်။ ဂေဘရီယယ်သည် မျက်လုံးများကို မဖွင့်ထားသော်လည်း ချန်လွေ့က အဓိကကုန်းမြေတွင် အစွမ်းအထက်ဆုံး အမျိုးသမီးများ ဖြစ်လောက်သော ထိုအမျိုးသမီးနှစ်ဦး အကြားတွင် ရန်လိုမှု တစ်မျိုးမျိုး ရှိနေသည်ကို ခံစားနိုင်သည်။ သူတို့၏ အကြည့်များ အကြားတွင် လျှပ်စီးများ လက်နေသကဲ့သို့ ထင်ရ၏။
“ကျုပ်တို့ ဒီနေ့ လာလည်ရတဲ့ အဓိက ရည်ရွယ်ချက်က အပေးအယူ လုပ်ဖို့ပဲ။” ချန်လွေ့ ဂေဘရီယယ်ကို ကြည့်လိုက်၏။ “မဒမ်-ဂေဘရီယယ်၊ လွန်ခဲ့တဲ့ ၃နှစ်က အမှောင်အကျဉ်းထောင် သဲကန္တာရမှာ ကျုပ်တို့ အပေးအယူလုပ်ဖို့ သဘောတူ ခဲ့ကြတယ်။ အခု ကျုပ်က ကတိအတိုင်း ရောက်လာပြီ။ ဘယ်တော့ စကြမလဲ။”
“အပေးအယူ ဆိုတာက နှင်းဒဲလက် ပန်းပင်တွေကို တစ္ဆေရေခဲစမ်းရေနဲ့ လဲလှယ်ဖို့ပဲ မဟုတ်လား။ ဂေဘရီယယ် ပြောတာ အရင်က ကြားဖူးတယ်...” မိုက်ကယ် လှောင်ရယ်လိုက်၏။ “မင်းက ဒီလိုနည်းနဲ့ လာရဲတဲ့ သတ္တိရှိတယ်။ ဒါပေမဲ့ ငါတို့ အကြားမှာ ချစ်ကြည်ရင်းနှီးတဲ့ အပေးအယူတစ်ခု မရှိဘူးဆိုတာကို မင်း မေ့သွားတဲ့ပုံပဲ!”
“ထာဝရမိတ်ဆွေ ဆိုတာ မရှိဘူး။ ထာဝရရန်သူ ဆိုတာလည်း မရှိဘူး။ အကျိုးစီးပွား အလုံအလောက် ရှိသရွေ့ မိတ်ဆွေတွေက ရန်သူတွေ ဖြစ်လာနိုင်ပြီး ရန်သူတွေက မိတ်ဆွေတွေ ဖြစ်နိုင်တယ်။ ကျုပ်တို့ အကြားမှာ အကျိုးစီးပွားတွေ ရှိနေမျှတော့ ဘာလို့ အပေးအယူလုပ်လို့ မရရမှာလဲ။” ချန်လွေ့ တည်ငြိမ်စွာဖြင့် ခေါင်းခါလိုက်သည်။ “သိဒ္ဓိကျောင်းတော် အတွက် နှင်းဒဲလက် ပန်းပင်တွေရဲ့ အရေးပါပုံကို ထပ်ပြောစရာ လိုတော့မယ် မထင်ဘူး။ အတိတ်က ရန်ငြိုးတွေ အတွက်တော့... ဒါတွေနဲ့ နှိုင်းယှဉ်ရင် သေးငယ်တဲ့ ကိစ္စတစ်ခုပါပဲ။”
“သေးငယ်တဲ့ကိစ္စ ဟုတ်လား။ မင်းက အဲဒီစကားလုံးကို ပြောဖို့ မထိုက်တန်ဘူး။” ရာဖယ်ရယ်က မထီမဲ့မြင် ပြောလိုက်၏။ “မင်းက နတ်ဘုရား-ယောင် အဆင့်ကို ကံကောင်းပြီးတော့ ရောက်လာနိုင်ခဲ့တဲ့ ကြွက်ငယ်လေး တစ်ကောင်ပဲ။ ငါတို့နဲ့ သဘောတူညီချက် ညှိနှိုင်းဖို့ မင်းမှာ ဘာအရည်အချင်းရှိလဲ! ဖိုက်သွန်တောင် ငါတို့ ကောင်းကင်တမန်သုံးပါး အရှေ့မှာ ဦးညွှတ်ပြီး အစေခံတစ်ယောက် ဖြစ်ရုံပဲ တတ်နိုင်မယ်။ တကယ်လို့ ငါတို့ မင်းကို ဖမ်းလိုက်ရင် နှင်းဒဲလက် ပန်းပင်တွေကို ရနိုင်ဦးမှာပဲ!”
“ဂေဘရီယယ်။ ခင်ဗျားလည်း အဲဒီလို ထင်တာလား။” ချန်လွေ့က မျက်မှောင် ကြုတ်လိုက်သည်။
ဂေဘရီယယ် ခုနက စကားမပြောခဲ့။ သူက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ငါလည်း မင်း လွန်ခဲ့တဲ့ ၃နှစ်ကနဲ့ ဘယ်လောက် ကွာခြားသွားလဲ ဆိုတာကို ကြည့်ချင်တယ်။ မင်းမှာ အနည်းဆုံးတော့ ငါတို့နဲ့ အပေးအယူလုပ်ဖို့ အရည်အချင်း ရှိရမယ်။ အဆိပ် လှည့်ကွက်တွေ သုံးတဲ့ မိန်းမတစ်ယောက်က မလုံလောက်ဘူး။”
ဖိုက်သွန်က ပုံမှန်အားဖြင့် စကား မထက်သော်လည်း ဂေဘရီယယ်နှင့် တွေ့သောအခါ သူက ထက်မြက်သော ပုံစံတစ်ခု ပြသခဲ့သည်။ “မျက်လုံးမှိတ်ပြီး နက်နဲချင် ယောင်ဆောင်နေတဲ့ မိန်းမ။ နင် ဘာဖြစ်တာလဲ။”
“ငါတို့ ကောင်းကင်တမန်သုံးပါးက နင်တို့ကို အရေအတွက် အားသာချက်နဲ့ အနိုင်ကျင့်တယ် မပြောနဲ့။” ဂေဘရီယယ် လက်ညှိုးတစ်ချောင်း မြှောက်လိုက်သည်။ “တစ်ယောက်ချင်း တိုက်မယ်။ နင်တို့ ကြိုက်တဲ့ ပြိုင်ဘက်ကို ရွေးလို့ရတယ်။ ၁၀မိနစ် အတွင်းမှာ မင်းတို့ထဲက တစ်ယောက်ယောက် မတ်တပ်ရပ်နေရင် ဒီအရည်အချင်းရှိတယ်လို့ ဝန်ခံမယ်။”
ဂေဘရီယယ်၏ အကြံပြုချက်ကို မိုက်ကယ်နှင့် ရာဖယ်ရယ် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ရာဖယ်ရယ်က ထပ်ပြောလိုက်သည်။ “နောက်တစ်ခု ထပ်ထည့်ရမယ်။ သတ်မှတ်ထားတဲ့ တိုက်ပွဲမြေပြင်ကို ထွက်ခွာသွားလို့မရဘူး။ နေရာလွတ် ပါရမီကို သုံးပြီးတော့ ထွက်ပြေးရုံပဲတတ်တဲ့ ကြွက်တစ်ကောင်နဲ့ တူတူပုန်းတမ်းကစားဖို့ စိတ်မပါဘူး။”
ထိုစကားက ချန်လွေ့၏ [ကြယ်ဂိတ်] ကို ရည်ရွယ်သည်မှာ ထင်ရှားပေသည်။ ကောင်းကင်တမန်သုံးပါးက [ကြယ်ဂိတ်] ၏ အစွမ်းကို ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ‘သူတော်စင်တိုက်ခိုက်ရေးနှလုံးသား’ ရှိသော ဂေဘရီယယ်ပင် ၎င်းကို မချိုးဖျက်နိုင်ခဲ့ပေ။
အကယ်၍ ချန်လွေ့က [ကြယ်ဂိတ်] တွင် ၁၀မိနစ်ကြာ ရှောင်တိမ်းပြီးနောက် ထွက်လာပါက ဘာမှမလုပ်နိုင်ပေ။
ဖိုက်သွန်နှင့် ချန်လွေ့တို့ အချင်းချင်း ကြည့်လိုက်ကြပြီး ချန်လွေ့ ခေါင်းညိတ် လိုက်သည်။ “ကောင်းပြီလေ!”
“တကယ်လို့ မင်းတို့ အရည်အချင်းတွေ ဆုံးရှုံးသွားခဲ့ရင်...” မိုက်ကယ်က ပြောလိုက်သည်။ “နှင်းဒဲလက်ပန်းပင်တွေ ခြွင်းချက်မရှိ လွှဲပြောင်းပေးရမယ်!”
ယခုနေရာက သူတို့ အိမ်ကွင်းဖြစ်သော သိဒ္ဓိအလင်းတောင် ဖြစ်သည်။ ဖိုက်သွန်၏ ဝိညာဉ်က ပေါင်းစပ်ရန် ခန္ဓာကိုယ် တစ်ခု ရှာတွေ့ခဲ့လျှင်ပင် တစ်ဦးချင်း တိုက်ပွဲ၌ ၁၀မိနစ်ကြာ တောင့်ခံရန် အတော်လေး ခက်ခဲပေလိမ့်မည်။
ချန်လွေ့ ခဏလောက စဉ်းစားပြီး လက်ထဲတွင် ဝိညာဉ်စာချုပ် တစ်ခုကို ဖန်တီးလိုက်သည်။ “ဒီလိုဆိုမှတော့ ဒီစာချုပ်မှာ လက်မှတ်ထိုးကြတာပေါ့!”
မိုက်ကယ်က စာချုပ်ကို ကြည့်လိုက်ပြီး ရှည်လျားသော မျက်ခုံးများကို ပင့်လိုက်သည်။ ရာဖယ်ရယ်နှင့် ဂေဘရီယယ်တို့လည်း အံ့အားသင့်မှုကို ဖော်ပြခဲ့ကြသည်။ စာချုပ်ထဲတွင် ချန်လွေ့ ဘက်မှ အနိုင်ရပြီးလျှင် ကောင်းကင်တမန် သုံးပါး တစ္ဆေရေခဲစမ်းရေကို ‘ခြွင်းချက်မရှိ လွှဲပြောင်းပေးရန်’ မလိုဘဲ ‘တန်းတူညီမျှ အပေးအယူ ’ တစ်ခုဖြစ်နေခဲ့သည်။
ချန်လွေ့ဘက်မှ အနိုင်ရရန် အခြေအနေမှာ ချန်လွေ့နှင့် ဖိုက်သွန်တို့ တစ်ယောက်ချင်းစီ ၁၀မိနစ်ကြာ တောင့်ခံ နိုင်ရန် ဖြစ်သည်!
ခုနက ဂေဘရီယယ်၏ စကားများ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းသည်။ ချန်လွေ့ သို့မဟုတ် ဖိုက်သွန် အရည်အချင်း ပြည့်မီလျှင် ဖြစ်သည်။ ချန်လွေ့ ထိုသို့ ပြုလုပ်ခြင်းက ရန်သူကို လည်ပင်းပေးခုတ်ရန်အတွက် မိုက်မဲစွာ ထိုးပေးခြင်းနှင့် ညီမျှသည်။ ဖိုက်သွန်၏ စွမ်းအားဖြင့်ဆိုလျှင် မျှော်လင့်ချက်တစ်ခု ရှိနေသေးသည်။ အကယ်၍ ချန်လွေ့ ပါဝင်လာပါက ‘နေရာလွတ်ပါရမီ’ကို အသက်မသွင်းဘဲ ကောင်းကင်တမန် သုံးပါးနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ရန် မဖြစ်နိုင်။
ဂေဘရီယယ်က မျက်လုံးများကို မှိတ်ထားသော်လည်း သူက စာချုပ်၏ အကြောင်းအရာများကို သေသေချာချာ အာရုံခံနိုင်သည်။ “‘အဖွဲ့(က) က ရှုံးနိမ့်ခဲ့လျှင် နှင်းဒဲလက်ပန်းပင်များကို ခြွင်းချက်မရှိ လွှဲပြောင်းပေးမည်’... ခဏ နောက်မှာ စာတစ်ပိုဒ် ရှိနေတဲ့ပုံပဲ။”
“‘အဖွဲ့(က) အောင်နိုင်ပါက တစ္ဆေ ရေခဲစမ်းရေကို နှင်းဒဲလက်ပန်းပင်များနှင့် အလဲအလှယ် ပြုလုပ်မည်။ ထို့အပြင် အနာဂတ်တွင် အစွမ်းအထက်ဆုံးသော ဘုံရန်သူကို ရင်ဆိုင်ရာတွင် အဖွဲ့(ခ)က အဖွဲ့(ခ)နှင့် ခြွင်းချက်မရှိ ချက်ချင်း မဟာမိတ်ဖွဲ့ရမည်’” မိုက်ကယ်က ချန်လွေ့၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ “ဒါက ဘာကို ဆိုလိုတာလဲ။”
ချန်လွေ့ မိုက်ကယ်ကို တွန့်ဆုတ်ခြင်း မရှိဘဲ ကြည့်လိုက်ပြီး စကားတစ်ခွန်းကို ပြောလိုက်၏။ “အသူရာချောက်နက်။”
မိုက်ကယ်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။ ခဏအကြာတွင် သူက အေးစက်စွာ ပြောလိုက်သည်။ “ဟမ့်! ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ စိုးရိမ်မှုတွေပဲ! အသူရာချောက်နက်ရဲ့ ချိပ်ပိတ်က ပြဿနာ မရှိဘူး။ ဆိုစဘတ်ရဲ့ အဓိကယဇ်ပလ္လင်တောင်မှ ရာဖယ်ရယ်က ဖျက်ဆီးခဲ့တာပဲ။”
မိုက်ကယ် စကားတစ်ခွန်း မပြောခဲ့ပေ။ ထိုအလှမ်းဝေးသောနေ့ နီးကပ်လာလျှင် ကောင်းကင်တမန်ချုပ် ဖြစ်သော သူက နတ်ဘုရား ဖြစ်နေလောက်ပြီ ဖြစ်ရာ ကြောက်ရွံ့စရာ မလိုအပ်ပေ။
“အဲဒီ အဓိကယဇ်ပလ္လင်ဆီ ကျုပ်က ရာဖယ်ရယ်ကို ခေါ်သွားခဲ့တာ။ ပြီးတော့... ခီလီနီယာရဲ့ အဓိက ယဇ်ပလ္လင်ကို ဖျက်ဆီးခဲ့တယ်။ အဲဒါက မီရာ့စ်အင်ပါယာ နန်းတော် ဂူဗိမာန်ရဲ့ ပေါက်ကွဲမှုကြီးပဲ။ နတ်ဆိုးဘုံရဲ့ မျှော်လင့်ချက်မဲ့ခြင်း အဓိက ယဇ်ပလ္လင်ကိုလည်း ဖျက်ဆီးခဲ့တယ်။ ဒီလိုဆိုရင် ကျုပ်တို့မှာ အနည်းဆုံးတော့ ဘုံရန်သူတစ်ယောက် ရှိတယ်။”
ကောင်းကင်တမန် သုံးပါးစလုံး လှုပ်ရှားသွားကြသည်။ သူတို့သုံးဦးလုံးက ချန်လွေ့ ကြွားဝါနေခြင်း မဟုတ်ကြောင်း မြင်နိုင်၏။ မိုက်ကယ်က ဂေဘရီယယ်နှင့် ရာဖယ်ရယ်တို့နှင့် အတွေးအမြင်များကို ဖလှယ်ပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီလေ။ သဘောတူတယ်!”
အသူရာ ချောက်နက်ကို ဆန့်ကျင် တိုက်ခိုက်ဖို့ မဟာမိတ်ဖွဲ့တာက အလှမ်း ဝေးတဲ့ အရာတစ်ခုပဲ။ အခုလက်ရှိ အရေးအကြီးဆုံး အရာက နှင်းဒဲလက် ပန်းပင်သုံးပင်ကို ပြန်ရယူဖို့ပဲ။ တစ်ဖက်က ဒီစာချုပ်ကို မဆင်မခြင် သတ်မှတ်ထားလို့ ငါတို့က အလိုက်သင့်နေရုံပဲ။ ဖြစ်နိုင်ရင် ၁၀မိနစ် တိုက်ပွဲမှာ သူတို့ကို လုံးဝ အဆုံးသတ်ပစ်မယ်!
ထို့နောက် လူငါးဦးက ထိုစာချုပ်ပေါ် အမည်များကို လက်မှတ် ရေးထိုးခဲ့သည်။ စာချုပ်က အလင်းတန်း ငါးခု အဖြစ်သို့ ပြောင်းလဲသွားပြီး လူတိုင်း၏ ကိုယ်ထဲသို့ ဝင်သွားကာ အသက်ဝင်သွား၏။
“နတ်ဘုရား-ယောင်အဆင့် စွမ်းအားက သာမည မဟုတ်ဘူး။ သာမန်လူတွေကို မထိခိုက်စေဖို့ ဒါကို သုံးကြရအောင်။” ဂေဘရီယယ်က လက်ထဲတွင် ပြိုင်ကွင်း အသေးစားပုံစံငယ် တစ်ခု ပြသခဲ့သည်။ “ဒါက အစီအရင်ပစ္စည်းတစ်ခု ဖြစ်တဲ့ ‘ရှေးဟောင်းပြိုင်ကွင်း’ပဲ။ ထိန်းချုပ်သူရဲ့ စွမ်းအားကို ချဲ့ထွင်ပြီးတော့ အစီအရင်ကို အားကောင်းစေတယ်။ ဒီမှာ တိုက်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်တယ်။”
ထိုသို့ ပြောပြီးနောက် ချန်လွေ့က ပတ်ဝန်းကျင် ရှုခင်းများက ရှေးဟောင်း အသွင်အပြင်နှင့် ကြီးမားသော ပြိုင်ကွင်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရ၏။
အလင်းစစ်သည်တော်များနှင့် ကျောင်းတော်၏ ခေါင်းဆောင်ကြီးသုံးဦး ပျောက်သွားပြီး နှစ်ဖက်မှ လူငါးဦးသာ ကျန်တော့သည်။
“မင်းတို့နှစ်ယောက် ပြိုင်ဘက်ရွေး။ ငါတို့ဘက်မှာ လူတစ်ယောက် ပိုနေတာ ဆိုတော့ ကျန်တဲ့ တစ်ယောက်က ရှေးဟောင်း ပြိုင်ကွင်းထဲကို စွမ်းအား ပို့လွှတ်ပြီး အစီအရင် ထိန်းထားမယ်။”
“ဒါဆို... ကျွန်မ အရင်ရွေးမယ်။” ဖိုက်သွန်၏ အကြည့်က ဂေဘရီယယ်ထံမှ ရွှေ့သွားပြီး အခြားတစ်ယောက်အပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုသူမှာ ကောင်းကင်တမန်သုံးပါးထဲ အသိအမှတ်ပြုမှု အရှိဆုံး အစွမ်းထက် ပုဂ္ဂိုလ် မိုက်ကယ်ပင်!
မိုက်ကယ်က သိဒ္ဓိအလင်းတောင်တွင် ဖိုက်သွန်ကို အပြင်းအထန် ဒဏ်ရာရ စေခဲ့သည်။ အကယ်၍သာ ချန်လွေ့က ကျက်သရေမျှော်စင်ကို အသက်သွင်းခဲ့၍ ဖြစ်လာသော နေရာလွတ်ပြောင်းလဲမှုများ မရှိခဲ့ပါက ဖိုက်သွန်တွင် ထွက်ပြေးရန် အခွင့်အရေးပင် ရမည်မဟုတ်ပေ။
“ငါ့ကို ရွေးတာလား။ မထင်ထားတဲ့ ရွေးချယ်မှုပဲ။” အံ့ဩမှု အရိပ်အယောင် တစ်ခုက မိုက်ကယ်၏ မျက်လုံးများတွင် လက်သွားခဲ့လေသည်။ “သေချာရဲ့လား။ အဲဒီတုန်းက သိဒ္ဓိလက်ဝါးကပ်တိုင်ဓား အောက်မှာ အသက်လုပြေးခဲ့ရတာက ဘယ်သူလဲဆိုတာ မင်း မေ့သွားပြီလား။ တကယ်လို့ မတော်တဆမှုသာ မရှိခဲ့ရင် မင်း အခုချိန် ပျက်စီးနေလောက်ပြီ!”
“ရှေးစကားပုံတစ်ခု မကြားဖူးဘူးလား။ လဲကျတဲ့ နေရာက ပြန်ထရတယ် ဆိုတာလေ။” ဖိုက်သွန်၏ လျစ်လျူရှုသော မျက်လုံးများတွင် အလင်းရောင် တစ်ခု လက်သွားခဲ့ပြီး မီးလျှံ တောက်နေသလို ထင်ရသည်။
မိုက်ကယ်၏ အသံနေအသံထားမှာ အနည်းငယ် ပို၍ အေးစက်သွားသည်။ “မင်းရဲ့ရွေးချယ်မှုက မင်းကို ဘယ်တော့မှ ပြန်မထနိုင်အောင် လုပ်လိမ့်မယ်။”
“အဲဒီတုန်းက တစ်ယောက်ယောက်က ဒီလိုမျိုး ပြောခဲ့တာကို မှတ်မိတယ်။” ဖိုက်သွန်က သူ၏ဆံပင်ကို ညင်သာစွာ သပ်လိုက်သည်။ “ဒါက သူ့ရဲ့ နောက်ဆုံး စကား ဖြစ်သွားခဲ့တယ်လေ။”
“ဟွန့်!” ထိုတစ်ကြိမ် ဂေဘရီယယ်က ပြောလိုက်သည်။
“ငါက ယူရီယယ်လို မောက်မာတဲ့ အရူး မဟုတ်ဘူး။” မိုက်ကယ်၏ အကြည့်က ပို၍ပင် အေးစက်သွားခဲ့သည်။ “ဒါက မင်းဘဝရဲ့ နောက်ဆုံးသော ရွေးချယ်မှု ဖြစ်လိမ့်မယ်။”
ဖိုက်သွန် ဂရုမစိုက်ဘဲ ပြုံးလိုက်သည်။ ချန်လွေ့က ပြောသည်။ “တိုက်ပွဲမစခင် အစီအရင်ကို ဘယ်သူ ထိန်းသိမ်းမလဲ ဆိုတာကို ကျုပ် ဆုံးဖြတ်ရမယ် ဆိုတော့ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမယ် ထင်တယ်...”
ချန်လွေ့၏ မျက်လုံးက ရာဖယ်ရယ်နှင့် ဂေဘရီယယ်တို့ အကြား ပတ်နေသည်။ “တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ မတိုက်ခိုက် တာပဲဖြစ်စေ မိန်းမလှ တစ်ယောက်က အမြဲတမ်း မျက်စိပသာဒ ဖြစ်စေတယ်။ ဒါဆိုရင်တော့ မဒမ်-ဂေဘရီယယ်... ဒါမှမဟုတ် လှပတဲ့ မစ်-ဂေဘရီယယ်လို့ ခေါ်ရမယ် ထင်တယ်...”
ရာဖယ်ရယ်က ချန်လွေ့ သူ့ကို ရင်ဆိုင်ရဲမည် မဟုတ်ဟု မျှော်လင့်ထားပုံ ရသည်။ သူက ချန်လွေ့ ဂေဘရီယယ်၏ အမည်ကို ချီးကျူးစကားဖြင့် ပြောသည်ကို ကြားရာ ချက်ချင်း နှာခေါင်းရှုံ့လိုက်၏။ သို့သော် ချန်လွေ့၏စကား ဒုတိယပိုင်းက သူ၏ နားထဲသို့ ရောက်လာခဲ့လေသည်။ “အစီအရင်ကို ထိန်းသိမ်းပေးပါ။”
ဂေဘရီယယ်က အစီအရင်ကို ထိန်းသိမ်းမှာလား။
“နောက်ထပ် မမျှော်လင့်ထားတဲ့ ရွေးချယ်မှု တစ်ခုပဲ။” ရာဖယ်ရယ်က မျက်မှောင်ကြုတ်လိုက်သည်။ “ငါ မင်းကို မြန်မြန် မလဲစေဘဲနဲ့ ၁၀မိနစ် ကြာအောင် အချိန်ဖြုန်းပေးမယ်လို့ ကတိပေးတယ်။ နှင်းဒဲလက် ပန်းပင်တွေကို ကျေးဇူးတင် သင့်တယ်။ မဟုတ်ရင် ဒါက မင်းဘဝရဲ့ နောက်ဆုံး ၁၀မိနစ် ဖြစ်သွားလိမ့်မယ်။”
“ခင်ဗျား ပြောတာတွေက မိုက်ကယ်နဲ့ အတူတူပဲ။ ခင်ဗျားတို့ရဲ့ ဝေါဟာရက အတော်လေးကို ညံ့ဖျင်းတယ်။ ဒါတွေကိုပဲ ထပ်ခါတလဲလဲ ပြောနေတာ။” ချန်လွေ့ ရာဖယ်ရယ်ကို ကြည့်လိုက်ပြီး သူ၏ မထီမဲ့မြင်ပြုသော အမူအရာကို ဖုံးကွယ် မထားခဲ့ပေ။ “စိတ်မပူပါနဲ့။ ဖိုက်သွန်နဲ့ မိုက်ကယ်တို့ရဲ့ အနိုင်အရှုံး ဘယ်လိုပဲ ဖြစ်ဖြစ် ခင်ဗျား တိုက်ခိုက်ခွင့်ရမှာပါ။”
“ငါ မင်းကို ခွေးတစ်ကောင်လို ရိုက်နှက်တဲ့အခါကျရင် မင်း ဒီလောက် ဘဝင်မြင့် နေနိုင်ဦးမလား သိချင်မိတယ်။” ရာဖယ်ရယ်က သူ၏စိတ်ထဲမှ ဒေါသကို ဖိနှိပ်ပြီး အေးစက်စွာ ပြောလိုက်၏။
“အပိုတွေ ပြောမနေနဲ့။ ပထမပွဲကို စကြတာပေါ့။” ဖိုက်သွန်က ပွဲကြည့်စင်မှ တဖြည်းဖြည်း ဆင်းသက်လာပြီးနောက် ပြိုင်ကွင်းအလယ်သို့ ရောက်ရှိလာခဲ့သည်။