← Chapters

[ကျက်သရေဆောင် အလင်း ခွင့်လွှတ်ခြင်း] နှင့် အမှောင်ထုတေးသွား

Vol. 72 Ch. 1144

[ကျက်သရေဆောင် အလင်း ခွင့်လွှတ်ခြင်း] နှင့် အမှောင်ထုတေးသွား

Vol. 72 Ch. 1144

“ငါ့ရဲ့ ပေါ့ဆမှုကို ဝန်ခံပါတယ်။” မိုက်ကယ်၏ မျက်နှာက အနည်းငယ်မျှပင် မထီမဲ့မြင်ပြုမှု မပြတော့ဘဲ သူ၏အကြည့် အတော်လေး ထူးရှလာသည်။ “မင်းရဲ့ လက်ရှိ စွမ်းအားက အံ့ဩစရာပဲ။ မင်းက ငါနဲ့ တန်းတူ အနေအထားမှာ ရပ်တည်ဖို့ လုံလောက်တဲ့ အရည်အချင်းရှိနေပြီ။ ဒါက ငါ့ကို စစ်မှန်တဲ့စွမ်းအား အသက်သွင်းစေဖို့ လုံလောက်တယ်။”

မိုက်ကယ် ‘ပေါ့ဆမှု’ဟု ပြောလိုက်ရာ ရွှေရောင်ဖျော့ဖျော့ မီးတောက်တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ဖြစ်သည်။ သူ နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် မီးတောက်က သူ၏ ကိုယ်ပေါ်တွင် အစိုင်အခဲ ဖြစ်သွားပြီး ရွှေရောင်ဖျော့ဖျော့ ချပ်ကာ အဖြစ်သို့ ပြောင်းလဲသွားလေသည်။

၎င်းမှာ သာမန် [ယုံကြည်မှုချပ်ကာ] မဟုတ်ပေ။ ချပ်ကာ ပေါ်လာသောအခါ ဧရာမစိတ်ပုံရိပ်တစ်ခု ကောင်းကင်တွင် ပေါ်လာပြီး ၎င်းမှာ မိုက်ကယ်၏ ပုံရိပ်နှင့် ခပ်ရေးရေး ဆင်တူနေသည်။ အနီးကပ် ကြည့်လိုက်ရာ စိတ်ပုံရိပ် တစ်ခုလုံးတွင် ကြယ်များနှင့် ဆင်တူသော ရေတွက်၍ မရနိုင်သော အလင်းစက်များ ရှိနေ၏။

ထိုဧရာမ စိတ်ပုံရိပ်သည် ကမ်းပါးဖြူ တစ်ခုလုံးနှင့် တစ်နည်းနည်း ပဲ့တင်ထပ်ပြီး ကောင်းကင်မှ နေမှာ ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ယုံကြည်သူများက ၎င်းကို အံ့သြဖွယ်ရာဟုသာ ထင်မြင်ကြပြီး ဒူးထောက်ကာ ဆုတောင်းလိုက်ကြသည်။

ထိုဆုတောင်းမှုကြောင့် ဖြစ်လာသော ယုံကြည်မှုစွမ်းအင်က စိတ်ပုံရိပ်ပေါ်တွင် တိုက်ရိုက် ထင်ဟပ်ခဲ့သည်။ ရေတွက်၍ မရသော ဆုတောင်းသံများ ရှေးဟောင်း ပြိုင်ကွင်းတွင် ထွက်ပေါ်လာခဲ့လေသည်။ ကမ်းပါးဖြူမှ ဆုတောင်းသံများ သာမက မိုက်ကယ်၏ အဓိက တိုင်းပြည်နှင့် တိုင်းပြည်ငယ် ယုံကြည်မှု စွမ်းအားလည်း ပါဝင်၏။

၎င်းတို့ ရောနှော ပေါင်းစပ်သွား၏။ စကားလုံးတိုင်းတွင် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပါဝင်နေသည်။

“ငါ ပြောခဲ့သလိုပဲ။ ငါက နတ်ဘုရားနဲ့ အနီးစပ်ဆုံးလူပဲ!” မိုက်ကယ်၏ ဂုဏ်ယူနေသော ရယ်သံက ရှေးဟောင်း ပြိုင်ကွင်းတစ်ခုလုံးကို ဖြတ်သန်းသွားရင်း ထွက်ပေါ်လာသည်။ “ဒီအစွမ်းအထက်ဆုံး [ကျက်သရေဆောင်အလင်းခွင့်လွှတ်ခြင်း] အောက်မှာ သေဆုံးရတာက မင်းအတွက် ဂုဏ်ယူစရာပါ။”

မိုက်ကယ်၏ ဧရာမ စိတ်ပုံရိပ်များက မတိုက်ခိုက်သေးသော်လည်း ခန့်ညားပြီး ထည်ဝါသော အရှိန်အဝါက ဖိုက်သွန်ကို လုံးဝ ဖိနှိပ်ထားခဲ့သည်။

ရှေးဟောင်း ပြိုင်ကွင်း တစ်ခုလုံး အနည်းငယ် တုန်ခါစ ပြုလာပြီး အလယ် ဧရိယာ၌ ပြင်းထန်သော အက်ကွဲကြောင်း တစ်ခု ရှိနေလေသည်။ ဖိုက်သွန် ဖျက်ဆီးခဲ့စဉ်ကကဲ့သို့ အလိုအလျောက် ပြန်လည်ကောင်းမွန်နိုင်ခြင်း မရှိတော့ပေ။ ပွဲကြည့်စင်မှ ဂေဘရီယယ်က အတောင်ပံ ၁၂ခုရှိသော ကောင်းကင်တမန် ပုံစံ အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က ဖျော့တော့စွာ တောက်ပနေ၏။

ကိုယ်ပိုင် စွမ်းအားကို အစီအရင်တစ်ခု အဖြစ်သို့ အတော်အတန် ချဲ့ထွင်နိုင်သော အဆောင်ပစ္စည်းပင်လျှင် မိုက်ကယ်၏ လွှမ်းမိုးနိုင်သော စွမ်းအားအောက်တွင် စတင်၍ အထိန်းအချုပ် လွတ်လာသည်မှာ အသေအချာပင်။

ဖိုက်သွန်က နေရာတွင် မိုက်မဲစွာ ရပ်နေပြီး မိုက်ကယ် ထိုတိုက်ကွက်ကို ပြင်ဆင်နေသည်ကို မစောင့်နေခဲ့ပေ။ ထိုကာလအတွင်း သူက ပိတ်ပင်ခြင်း အရှိန်အဝါနှင့် အဆိပ် အရှိန်အဝါကို အဆက်မပြတ် အသက်သွင်းခဲ့သော်လည်း ဧရာမ စိတ်ပုံရိပ် စွမ်းအားက ‘အကြွင်းမဲ့’ အန္တိမ တည်ရှိမှု တစ်ခုနှင့် ညီမျှသည်။ ထိုအရှိန်အဝါများသည် စိတ်ပုံရိပ်နှင့် တွေ့ဆုံသည်နှင့် အားလုံး ပျောက်ကွယ် သွားခဲ့သည်။

တိုက်ခိုက်မှုများ အချည်းနှီး ဖြစ်သွားပြီးနောက်တွင် ဖိုက်သွန်က တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။ သူက မိုက်ကယ်အနောက်မှ ဧရာမ စိတ်ပုံရိပ်ကို အနည်းငယ် ထိတ်လန့်ခြင်း မရှိဘဲ လျစ်လျူရှုစွာ ကြည့်လိုက်သည်။ “ရှင်က အဲဒီလမ်းရဲ့ အစွန်ကို ခပ်ရေးရေး ထိတွေ့ခဲ့ပြီလို့ ပြောခဲ့တာ မှတ်မိတယ်။ ဒါက ကြွားနေတာ မဟုတ်တဲ့ပုံပဲ။”

“ဒါပေါ့။” မိုက်ကယ်က ဂုဏ်ယူစွာ ပြောလိုက်သည်။ “ငါ့ရဲ့ အကြီးမားဆုံး စွမ်းအားကို သုံးအောင် လုပ်နိုင်တဲ့အတွက် မင်း ဂုဏ်ယူသင့်တယ်။ [ကျက်သရေဆောင်အလင်းခွင့်လွှတ်ခြင်း] က မင်းကို ဗလာနတ္ထိအဖြစ် ပြောင်းလဲပစ်လိမ့်မယ်!”

“[ကျက်သရေဆောင် အလင်း ခွင့်လွှတ်ခြင်း] ။ ‘အလင်းနတ်ဘုရားရဲ့ ခွင့်လွှတ်ခြင်း’ များလား။ ဟား ဟား ဟား ဟား...” ဖိုက်သွန် ရုတ်တရက် ရယ်လိုက်သည်။ “နတ်ဘုရားက တကယ်ပဲ ခွင့်လွှတ်မှာလား။ မြင့်မားပြီး စွမ်းအားကြီးတဲ့သူတွေက သူတို့အောက် သတ္တဝါအားလုံးကို ပုရွက်ဆိတ်တွေ အဖြစ်ပဲ မြင်ကြမှာပဲ! ရှင်က ဟန်ဆောင် မျက်နှာဖုံးကို အချိန်အကြာကြီး ဝတ်ခဲ့လို့ အမှားအမှန်ကို မခွဲနိုင်တော့ဘူးထင်တယ်။ ဒါမှမဟုတ် ဒါက ရှင် ယုံကြည်သူတွေကို လှည့်စားဖို့အတွက် ဆင်ခြေ တစ်ခုလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ သနားစရာကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာလား။ ဒါနဲ့ ဒီတိုင်းပြည်က အပေါ်ယံဆန်ပေမယ့် အတော်လေးကို ယုတ္တိရှိတယ်။”

မိုက်ကယ်က သူ ထိုသို့ လွှမ်းမိုးနိုင်သော စွမ်းအားကို ပြသပြီးနောက် သူ၏ ပြိုင်ဘက်က ထိုသို့ အကဲဖြတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏ မျက်လုံးများ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်သွား၏။ ထိုအချိန် စိတ်ပုံရိပ်၏ စွမ်းအားက အထွတ်အထိပ် ရောက်နေပြီ ဖြစ်သည်။ ပထမဆုံး ပစ်ခတ်မှုက ကမ္ဘာမြေကို တုန်လှုပ်စေမည့် အဆုံးစွန် တိုက်ကွက်တစ်ခု ဖြစ်ပေလိမ့်မည်။

ဖိုက်သွန်၏ လက်ရှိ အခြေအနေမှာ အလွန် အန္တရာယ်များကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ သူက တိုက်ကွက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း ခံရနိုင်ပေသည်။

ပြိုင်ကွင်း၏ ပွဲကြည့်စင်ပေါ်တွင် ဂေဘရီယယ်၏ အမူအရာမှာ လျစ်လျူရှု နေပြီး ရာဖယ်ရယ်က အောင်ပွဲခံ အပြုံး တစ်ခု ပြသနေခဲ့သည်။

ချန်လွေ့က ဝိုင်ပုလင်းကို ကိုင်ကာ ခဏ စဉ်းစားပြီး ပခုံးတွန့်လိုက်ကာ နောက်ထပ် တစ်ငုံ သောက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဂေဘရီယယ်က ရုတ်တရက် တုန်လှုပ်သွားသည်။ သူက လျစ်လျူရှု မနေနိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် ရာဖယ်ရယ်၏ အပြုံးလည်း ခဲသွားခဲ့သည်။ [ယုံကြည်မှု ချပ်ကာ]တစ်ခု ဖိုက်သွန်၏ ကိုယ်ပေါ်တွင် ပေါ်လာပြီး အနီရင့်ရောင်နှင့် အနက်ရောင် ချပ်ကာက ကျောက်မျက် တစ်မျိုးမျိုးနှင့် တူနေပြီး နက်ရှိုင်းသော အလင်းရောင်ဖြင့် ပေါ်လွင်နေ၏။

ဂေဘရီယယ်နှင့် ရာဖယ်ရယ်တို့ကို တုန်လှုပ်သွားစေသည်မှာ ဖိုက်သွန်၏ ချပ်ကာ မဟုတ်ဘဲ သူ၏ အနောက်တွင် လျင်မြန်စွာ ပျံ့နှံ့သွားသော တောက်ပမှု ဖြစ်သည်။

မရေမတွက်နိုင်သော ကြယ်များက ကြီးမားကျယ်ပြန့်သော ကြယ်စင်စုတစ်ခု ကဲ့သို့ပင် သူ့ကို ဝန်းရံသွားသည်။

ဖိုက်သွန်က ကြယ်စင်စု အထဲတွင် ရပ်နေ၏။ အနက်ရောင် တောင်ပံများက တောက်ပသော ကြယ်အလင်းရောင် အခြေအနေ အဖြစ်သို့ ပြောင်းလဲသွားပြီး ကြယ်စင်စု တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ကြယ်စင်စုမှ အတောက်ပဆုံးသော ကြယ်များက ထူးဆန်းသော စွမ်းအား တစ်ခုခုဖြင့် ချိတ်ဆက်သွားပုံရပြီး အထူး ပုံစံကွက် တစ်ခုကို ဖွဲ့စည်းလာခဲ့သည်။

မိုက်ကယ်၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားပြီး ဖိုက်သွန်၏ ပတ်လည်မှ ကြယ်စင်စုတွင် ပါဝင်သော ကြီးမားသော ယုံကြည်မှု စွမ်းအားနှင့် အသက် စွမ်းအားကို အသေအချာပင် အာရုံခံမိလိုက်သည်။ ဒါက သိဒ္ဓိအလင်း တောင်တစ်ခုလုံးရဲ့ ယုံကြည်မှုနှင့် စိတ်စွမ်းအားကို သုံးထားတဲ့ ငါ့ရဲ့ဧရာမ စိတ်ပုံရိပ်ထက် နည်းနည်းပဲ နိမ့်ကျတယ်!

မဟုတ်ဘူး! အတိအကျ ပြောရရင် ယုံကြည်မှုနှင့် အသက် သန့်စင်မှု အရဆို ဒါက ငါ့အထက်မှာတောင် ရေးရေးလေး ရှိနေတယ်!

စိတ်ပုံရိပ်ရဲ့ ‘အရေအတွက်’က ကြယ်စင်စုထက် သာလွန်ပေမဲ့ ‘အရည်အသွေး’ အများကြီး နိမ့်ကျတယ်!

‘အရေအတွက်’ တစ်ဆင့်ပြီးတစ်ဆင့် စုဆောင်းနိုင်ပေမဲ့ ‘အရည်အသွေး’ကို စုဆောင်းရုံနဲ့ မရနိုင်ဘူး!

မိုက်ကယ်၏ နှလုံးသား တုန်ခါနေ၏။ ဧကန္တ... ဖိုက်သွန်ရဲ့ ‘အဆုံးစွန်’ကို နားလည် သဘောပေါက်မှုက ငါ့ကို ကျော်လွန်သွားပြီလား။ နှစ်ထောင်ပေါင်း များစွာကြာတဲ့ သိဒ္ဓိကျောင်းတော်၏ ယုံကြည်မှုနှင့် ‘နတ်ဘုရားနဲ့အနီးစပ်ဆုံး’ ဖြစ်သော ငါ့ကို ကျော်လွန်သွားတာလား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!

သူ၏ ထိတ်လန့်မှုအပြင် မိုက်ကယ်၏ စိတ်ထဲမှ သတ်ဖြတ်ချင်စိတ်များ ပို၍ပင် ပြင်းလာ၏။ ဒီမိန်းမရဲ့ ခြိမ်းခြောက်မှုမှာ အတော်လေးကို ကြီးမားပြီးတော့ စေတန်ထက် အများကြီး သာလွန်တယ်။ သူ ဒီစွမ်းအားကို လုံးဝ မကျွမ်းကျင်ခင် သတ်ပစ်ရမယ်!

“ရှုံးနိမ့်သူ! လောင်ကျွမ်းနေတဲ့ အန္တိမ ခွင့်လွှတ်ခြင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေလော့!”

မိုက်ကယ်၏ မျက်လုံးသူငယ်အိမ်များ ရွှေရောင်အလင်း လင်းလက်သွားခဲ့ပြီး ဧရာမ စိတ်ပုံရိပ် လောင်ကျွမ်းလာကာ မီးတောက်များကို ဝန်းရံထားသော မရေမတွက်နိုင်သည့် ရွှေရောင်မှော်စာများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက မှော်ဆန်ပုံရသော တောင်းဆု အလွှာများ ဖျော့တော့တော့ ထုတ်ဖော်ပြသနေသည်။ ၎င်းက ဖိုက်သွန်ထံသို့ ဖြည်းညှင်းစွာ တိုက်ခတ်သွားခဲ့၏။

စိတ်ကူးယဉ် ကြောက်မက်ဖွယ်ရာ အရှိန်အဝါ သို့မဟုတ် အမြန်နှုန်း မရှိသော်လည်း ၎င်းကို မရှောင်လွှဲနိုင်ပေ။

၎င်းမှာ နေ့နှင့်ည ပြောင်းလဲခြင်း၊ အရာခပ်သိမ်းတို့ ကြီးထွားခြင်း လိုမျိုးပင်။ လူများက အရာများ၏ ပြောင်းလဲမှုများကို မြင်တွေ့နိုင်ပြီး အချိန်နှင့် နေရာလွတ် ပြောင်းလဲမှုများကို ခံစားနိုင်သော်လည်း ထိုသို့ ပြောင်းလဲမှုကို မရှောင်လွှဲနိုင်ပေ။

ဖိုက်သွန် မလှုပ်ရှားဘဲ သူ၏ ပတ်လည်မှ အလင်းရောင် တဖြည်းဖြည်း မှေးမှိန်သွားလေသည်။ ထိုမှေးမှိန်မှုက [ကျက်သရေဆောင်အလင်းခွင့်လွှတ်ခြင်း] ကြောင့် မဟုတ်ဘဲ ကိုယ်ပိုင်ထိန်းချုပ်မှု၏ ရလဒ် ဖြစ်လေသည်။ အမှောင်ထုတွင် လွှမ်းခြုံထားသော ကြယ်များက ပို၍ပင် ကြည်လင်လာသည်။ အနီးကပ်ကြည့်ပါက ဖိုက်သွန်၏ တည်ငြိမ်သော မျက်လုံး သူငယ်အိမ်တွင် ကြယ်စင်စုကဲ့သို့သော အလင်းရောင်တစ်ခု လက်နေသည်ကို မြင်တွေ့နိုင်ပေသည်။

ရွှေရောင် မှော်စာများက ဖိုက်သွန်ကို လျင်မြန်စွာ ဝါးမျိုသွားခဲ့သည်။

ချန်လွေ့၏ မျက်လုံးများ လက်သွားပြီး လက်ထဲမှ ဝိုင်ပုလင်းကို မသိစိတ်ဖြင့် ဆုပ်ကိုင်လိုက်မိသည်။

တောင်းဆုအလွှာများတွင် ရွှေရောင် မီးတောက် မှော်စာများသည် ပုံစံတစ်ခုကို ဖွဲ့စည်းလိုက်ပြီး အဝေးမှ ကြီးမားပြီး လောင်ကျွမ်းနေသော မီးတောက်နှင့် တူနေ၏။

ထိုအခိုက်အတန့်တွင် ထူးဆန်းသော အသံတစ်ခု ဆုတောင်းသံတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

သီချင်းသံ...

သီချင်းသံ ထွက်ပေါ်လာသည်နှင့် ဧရာမမီးတောက် ရုတ်တရက် တုန်သွားပြီး လောင်ကျွမ်းမှု နှုန်းသည် ရပ်တန့်သွား၏။

ချန်လွေ့က သူ၏ဝိုင်ပုလင်းကို အံ့ဩစွာ ချလိုက်သည်။ ဒါက တကယ် သီချင်းသံပဲ။

ဖိုက်သွန် သီချင်းဆိုနေတာ!

ဒါ ပထမဆုံးပဲ...

သူ၏ အသံက ဟယ်လင်၏ နူးညံ့ပြီး လန်းဆန်းသော အသံနှင့် ကွဲပြားသည်။ ၎င်းတွင် အနည်းငယ် နိမ့်သော အသံနေ အသံထားနှင့် အနည်းငယ် ရှတတဖြစ်မှု ရှိသော်လည်း ဖော်ပြ၍မရနိုင်သော အထူး ဆွဲဆောင်မှုတစ်ခု ရှိနေသည်။

အမှောင်ထဲ လျှောက်လှမ်းနေသော အထီးကျန်ပုံရိပ် တစ်ခုလို မမြင်နိုင်သော ဝမ်းနည်းမှုကို သူ၏ ကိုယ်ပိုင်ဝိညာဉ်ဖြင့် သီဆိုနေခြင်းပင်။

အမှောင်ထုတေးသွား။

ဖိုက်သွန်က မပြောခဲ့သော်လည်း ထိုစကားလုံးက လူတိုင်း၏ စိတ်ထဲတွင် အလိုလို ပေါ်ပေါက်လာခဲ့သည်။

အကြောင်းတစ်ခုကြောင့် ထိုသီချင်းက ချန်လွေ့ကို အနည်းငယ် မျက်မှောင်ကြုတ် သွားစေသည်။ သူက ဝိုင်တစ်ငုံ ထပ်မံ သောက်ပြီး အေးစက်သော ပွဲကြည့်စင်ကို ဖြည်းညှင်းစွာ မှီလိုက်သည်။ သူ၏ စိတ်ထဲမှ ခံစားချက်က ပင်လယ်သေထဲမှ မြင်ကွင်းတစ်ခုနှင့် ထပ်တူကျသွား၏။

သီချင်းသံက ပိုမို၍ ရှင်းလင်းလာပြီး မီးတောက်များ၏ တုန်ခါမှု ပိုမို၍ ပြင်းထန်လာခဲ့လေသည်။ မိုက်ကယ်က [ကျက်သရေဆောင်အလင်းခွင့်လွှတ်ခြင်း] က ထူးဆန်းသော စွမ်းအားတစ်ခုကြောင့် အဆက်မပြတ် တိုက်စားခံနေရသည်ကို ခံစားလိုက်ရသည်။ မည်မျှပင် စွမ်းအား ပို့လွှတ်စေကာမူ ၎င်းကို မတားဆီးနိုင်ခဲ့။

သိဒ္ဓိအလင်းတောင်တွင် ဆုတောင်း နေကြသော ယုံကြည်သူများသည် ပတ်ဝန်းကျင်မှ အလင်းရောင် မှေးမှိန် သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။ မော့ကြည့်လိုက်သောအခါ ကောင်းကင်မှ ‘အံ့သြဖွယ်ရာ’ဖြစ်သော ရွှေရောင်နေက တဖြည်းဖြည်း ထူးဆန်းသော မှိန်ပျပျ အနီရောင်အဖြစ် ပြောင်းလဲသွားသည်ကို ထိတ်လန့်စွာ တွေ့ရှိလိုက်သည်။

လုံးဝ အနီရောင် ဖြစ်သွားသော နေက တုန်ခါသွားသည်။ အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီးနောက် ၎င်းက ချက်ချင်းပင် ပျံ့နှံ့သွားခဲ့၏။

ချက်ချင်း ဆိုသလိုပင် ‘ဝုန်း’ ဟူသော အသံနှင့်အတူ ကောင်းကင် တစ်ခုလုံး ကြေမွသွားသလို ထင်ရပြီး ကြောက်စရာ ကောင်းသော စွမ်းအား၏ နောက်ဆက်တွဲ အရှိန်က လူတိုင်းကို အမြင်အာရုံနှင့် အကြားအာရုံ ခဏ ဆုံးရှုံးသွားစေခဲ့သည်။

သူတို့၏ အာရုံများ ပြန်လည်ရရှိပြီး နောက်တွင် လူတိုင်းက ကောင်းကင်၌ ထိုတောက်ပပြီး စူးရှသောနေ ရှိနေသေး သည်ကို သိရှိသွားကြသည်။ ၎င်းက ရွှေရောင်လည်းမဟုတ်၊ အနီရောင်လည်း မဟုတ်ဘဲ အရာအားလုံးက စိတ်ထင်မှားမှု တစ်ခုမျှသာ ဖြစ်ခဲ့သည့်အလားပင်။

ရှေးဟောင်း ပြိုင်ကွင်း၌ ဖြစ်သည်။

အလယ် ဗဟိုပိုင်း ပျက်စီးနေ၏။ ဂေဘရီယယ်၏ မှိတ်ထားသော မျက်လုံးများ ပွင့်လာပြီး ထူးဆန်းသော အနီရောင်နှင့် ငွေရောင်သူငယ်အိမ်များကို ဖော်ပြကာ နောက်တွင် ငွေရောင်တောင်ပံ ၁၂ခု ပေါ်ထွက်လာသည်။ အကယ်၍သာ သူသည် အစီအရင်ကို အပြည့်အဝ မထိန်းချုပ်ခဲ့ပါက ခုနက ဖိုက်သွန်နှင့် မိုက်ကယ်တို့၏ ရင်ဆိုင်တိုက်ခိုက်မှုမှာ ရှေးဟောင်း ပြိုင်ကွင်း တစ်ခုလုံးကို ပြိုလဲသွားစေလိမ့်မည်။

[ကျက်သရေဆောင်အလင်း ခွင့်လွှတ်ခြင်း]၏ စိတ်ပုံရိပ် မှေးမှိန်သွားပြီး ဖိုက်သွန် ပတ်လည်ရှိ လှည့်ပတ်နေသော အနက်ရောင် သလင်းကျောက်များလည်း ပျောက်ကွယ်သွားသည်။

ခုနက တိုက်ခိုက်မှုတွင် တိတိကျကျ ပြောရလျှင် မိုက်ကယ် အသာစီး ရခဲ့သော်လည်း အသာစီးရုံသာ ဖြစ်သည်။

သူ၏ အစွမ်းအထက်ဆုံး တိုက်ကွက်က ဖိုက်သွန်ကို အနိုင်မယူနိုင်ခဲ့သေးပေ။

အမှန်တကယ်၌ ယခုနေရာက သူ၏ ‘အိမ်ကွင်း’ သိဒ္ဓိအလင်းတောင် ဖြစ်သည်!

“ခုနက အဲဒီအရှိန်အဝါက... [ကြမ္မာဆိုး ကပ်ဘေး]လား။” ဖိုက်သွန်ကို စိုက်ကြည့်နေသော မိုက်ကယ်က နောက်ဆုံး တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်သည်။

“ဟုတ်တယ်။” ဖိုက်သွန် လျစ်လျူရှုစွာ ခေါင်းညိတ်လိုက်သည်။ ရာဖယ်ရယ်နှင့် ဂေဘရီယယ်တို့ တစ်ချိန်တည်းမှာတွင် အံ့ဩသွားကြသည်။ [ကြမ္မာဆိုး ကပ်ဘေး] က နတ်ဆိုးဘုံက ပြိုင်ဘက်ဟောင်း ဆာရီရယ်ရဲ့ အရှိန်အဝါပဲ။ ဖိုက်သွန်မှာ ဘာလို့ ရှိနေရတာလဲ။

ကောင်းကင်တမန်တော် သုံးပါးက ဖိုက်သွန်၏ နောက်ဆက်တွဲစကားကြောင့် နောက်တစ်ကြိမ် မှင်တက်သွားကြပြန်၏။ “ဆာရီရယ်က သေသွားပြီ။”

ထိုစကားက သေဆုံးမှု တစ်ခုကို ကြေညာရန် သက်သက် မဟုတ်ဘဲ ဖိုက်သွန်က ဆာရီရယ်တွင်သာ ရှိသော [ကြမ္မာဆိုးကပ်ဘေး] အရှိန်အဝါကို အဘယ်ကြောင့် ပိုင်ဆိုင်နိုင်သည်ဟူသော အရာများစွာကို ရှင်းပြရန်ပင်။

မိုက်ကယ် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ “၁၀မိနစ် မပြည့်သေးပေမယ့် ဒီအချိန် ကန့်သတ်ချက်ထဲမှာ တိုက်ခိုက် နေရတာက အဓိပ္ပာယ် မရှိတော့ဘူး။”

မိုက်ကယ် မကျေမနပ် ဖြစ်သော်လည်း အချို့သော နယ်ပယ်တွင် သူ့ကို မသဲမကွဲ ကျော်လွန်သွားသော ထိုမိန်းမကို အမှန်တကယ် သတ်ချင်သော်လည်း သူက တကယ့် လက်တွေ့ကို ရင်ဆိုင်ရပေမည်။ ဖိုက်သွန်က အမှန်တကယ် အစွမ်းထက် ပြိုင်ဘက်တစ်ဦး ဖြစ်သည်။ ၁၀မိနစ်ကို အသာထား၊ ၁၀နာရီပင် သူက ဖိုက်သွန်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ရှုံးနိမ့်သူမှာ သူပင် ဖြစ်နိုင်ချေ ရှိသေးသည်။

ဖိုက်သွန်က ခေါင်းညိတ်ပြလိုက်ပြီး ပွဲကြည့်စင်ဘက်သို့ တဖြည်းဖြည်းနှင့် ပြန်လျှောက်သွားခဲ့သည်။

ပထမပွဲ၊ သရေ....

အရည်အချင်း တိုက်ပွဲ အဆိုပြုခဲ့သည့် ကောင်းကင် တမန်တော် သုံးပါး၏ ရည်ရွယ်ချက်မှာ ချန်လွေ့ဘက်ကို အနိုင်ယူပြီး နှင်းဒဲလက် ပန်းပင်များကို ခြွင်းချက်မရှိ လွှဲပြောင်းပေးရန် ဖြစ်သည်။ ကောင်းကန်တမန်တော် သုံးပါးအတွက်မူ ထိုသရေပွဲက အမှန်တကယ် ရှုံးနိမ့်ခြင်းနှင့် ညီမျှပေသည်။

All Chapters