← Chapters

အစွမ်းအထက်ဆုံး အတွက်အချက်နှင့် ထိန်းချုပ်စွမ်းရည်

Vol. 72 Ch. 1146

အစွမ်းအထက်ဆုံး အတွက်အချက်နှင့် ထိန်းချုပ်စွမ်းရည်

Vol. 72 Ch. 1146

ဧရာမ စွမ်းအင် အစုအဝေး နှစ်ခုက အချင်းချင်း ဆက်လက် ချေဖျက်နေ၏။ ‘ဘုန်း’ ဟူသော အသံနှင့် အကြိတ်အနယ် ဖြစ်နေသော ပုံရိပ်နှစ်ခု တစ်ချိန်တည်း အင်အားသုံးလိုက်ကြသည်။ သူတို့က နောက်သို့ ပြန်ဆုတ်သွားပြီး ပြန်လမ်းတွင် ပျောက်ကွယ်သွားခဲ့ကြသည်။

ပုံရိပ်နှစ်ခုက လေထဲနှင့် မြေပေါ်တွင် အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် အကြိမ်ကြိမ် ရောယှက်လိုက် ခွဲထွက်လိုက် ဖြစ်နေကြသည်။ တိုက်ပွဲ ကြည့်နေသော နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် သုံးဦးပင်လျှင် အာရုံမစိုက်ပါက ထိုအရှိန် မြင့်မားသော လမ်းကြောင်းကို ဖမ်းနိုင်မည် မဟုတ်ပေ။

“စွမ်းအားအရဆိုရင် နှစ်ဖက်စလုံးက တကယ်ပဲ ညီမျှနေတယ်။” မိုက်ကယ်က ထိုသို့ပြောသော်လည်း သူက ယုံကြည်မှု ရှိနေပုံရသည်။ “ကံဆိုးချင်တော့ အဲဒီကောင်ရဲ့ အရှိန်အဝါ ထိန်းချုပ်မှုက ရာဖယ်ရယ်နဲ့ ယှဉ်ရင် မကျွမ်းကျင်ဘူး။ တိုက်ပွဲ အခြေအနေကို ထိန်းချုပ်တာနဲ့ ပတ်သက်လာရင်... ရာဖယ်ရယ်က သေချာပေါက် ကြောက်မက်ဖွယ်စရာ အကောင်းဆုံး တည်ရှိမှုပဲ။ ၁၀မိနစ် အတွင်း တိုက်ပွဲ အပြီးသတ်ဖို့ အတွက်က ပြဿနာ မဟုတ်လောက်ဘူး။”

ဂေဘရီယယ် မျက်မှောင်ကြုတ်လိုက်၏။ သူ စကား မပြောနိုင်ခင်မှာပင် ဖိုက်သွန်က ဦးစွာ ပြောလိုက်သည်။ “ရှင်က အခုအထိကို အတွေးတိမ်နေတုန်းပဲ။ မိုက်ကယ်။”

“ဟမ့်! မင်း တိုက်ခိုက်ချင်တယ် ဆိုရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ မိန်းမ တစ်ယောက်နဲ့ စကားများ ရန်ဖြစ်ဖို့ ငါ စိတ်မဝင်စားဘူး။”

မိုက်ကယ်၏ သရော်မှုက အနည်းငယ် လွန်သွားပြီး ဂေဘရီယယ် မကျေမနပ် နှာခေါင်းရှုံ့ပြီး ပြင်ဆင် ပြောလိုက်သည်။ “ဒါ အဆိပ်လှည့်ကွက်တွေ သုံးတဲ့ မိန်းမပဲ။ စကားကို သတိထားပြော။ မိုက်ကယ်။”

ဖိုက်သွန်၏ နှုတ်ခမ်းက အနည်းငယ် ကွေးသွားသည်။ “မျက်လုံးမှိတ်ထားတဲ့... အိုး.. အခုတော့ မျက်လုံးဖွင့်ပြီး နက်နဲချင် ဆက်ပြီး ယောင်ဆောင်နေတဲ့ မိန်းမပေါ့။ နင်ကလည်း ‘သူ’ သေချာပေါက် ရှုံးမယ်လို့ ထင်နေတာလား။”

“မဖြစ်နိုင်တာတော့ မဟုတ်ဘူး။” ဂေဘရီယယ်၏ အဖြေက မိုက်ကယ်၏ မျှော်လင့်ချက်ကို များစွာကျော်သွားပြီး ဖိုက်သွန်က ပိုမို၍ အဓိပ္ပာယ်ရှိစွာဖြင့် ပြုံးလိုက်သည်။

“မင်း ဒီလိုမှားယွင်းတဲ့ ကောက်ချက်မျိုး ချလိမ့်မယ် ဆိုတာကို ယုံရခက်ခက်ပဲ။ ဂေဘရီယယ်။” မိုက်ကယ် ခေါင်းခါလိုက်သည်။ “အဲဒီကောင်က ရာဖယ်ရယ်ထက် တကယ်ပဲ ပိုမြန်တယ်။ သူက နီးကပ်လာတဲ့ အန္တရာယ်တွေကို အကြိမ်ကြိမ် အတင်းအကျပ် ပျက်ပြယ် စေခဲ့တယ်။ ဒါပေမဲ့ ရာဖယ်ရယ်ရဲ့ စွမ်းရည်ကို မင်း သေသေချာချာကို သိသင့်တယ်။ သူက အခု ပြိုင်ဘက်ကို စမ်းသပ်နေရုံပဲ။ သူ တကယ်ပဲ စွမ်းအား ထုတ်လိုက်တာနဲ့... အနိုင်ရဖို့က သေချာတယ်လို့ ပြောလို့ရတယ်။”

“မှားတာဖြစ်ဖြစ်၊ အရင်ဖြစ်ဖြစ် မပြောနဲ့။” ဂေဘရီယယ်က ပြိုင်ကွင်းထဲမှ လျင်မြန်စွာ ရွေ့လျားနေသော ပုံရိပ်ကို ကြည့်လိုက်သည်။ “တခြားဟာတွေတော့ လောလောဆယ် ကျွန်မ မသေချာနိုင်ဘူး။ အမြန်နှုန်းအရ ဆိုရင်တော့ အဲဒီကောင်... သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို တကယ် မထုတ်ရသေးဘူး။”

မိုက်ကယ် တုန်လှုပ်သွား၏။ ထိုအချိန် ပြိုင်ကွင်းထဲမှ တိုက်ပွဲ အခြေအနေ ပြောင်းလဲသွားပြီ ဖြစ်သည်။ လေထဲမှ အဆက်မပြတ် မြည်သံကြားတွင် ချန်လွေ့ ရုတ်တရက် ပြုတ်ကျသွားခဲ့သည်။ သူက မနည်းမနော လှည့်လိုက်ပြီး ဒူးတစ်ဖက် ထောက်ကာ ခန္ဓာကိုယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီး လွှမ်းမိုးခံထားရပုံရသည်။

“မင်းရဲ့ အရင်က အင်အားတွေ ဘယ်ရောက်သွားလဲ။” ရာဖယ်ရယ်က လေထဲတွင် လွင့်မျောနေပြီး အောက်မှ ချန်လွေ့ကို ငုံ့ကြည့်နေသည်။ သူ၏ မျက်လုံးများတွင် လှောင်ပြောင်နေသည့် အရိပ်အယောင်တစ်ခု ခပ်ရေးရေးလေး ပါဝင်နေသည်။ “အချိန်အရှိန်အဝါရော။ တန်ပြန်အရှိန်အဝါ၊ ပြီးတော့ ကျက်သရေ မျှော်စင်လိုမျိုး လှည့်ကွက်တွေကရော... ဘာလို့ မသုံးတာလဲ။”

ချန်လွေ့ တဖြည်းဖြည်း ထရပ်လိုက်ပြီး ရာဖယ်ရယ်ကို မော့ကြည့်လိုက်သည်။ “ခင်ဗျားက ကျုပ်ကို အဲဒီစွမ်းအားတွေ သုံးစေချင်တာလား။ တကယ်တော့ ကျုပ် ခင်ဗျားကို အဲဒါတွေမပါဘဲ အနိုင်ယူ နိုင်တယ်။”

“ငါ့ကို အနိုင်ယူမယ် ဟုတ်လား။” ရာဖယ်ရယ်၏ လှောင်ပြောင်သော အမူအရာက ပိုမို၍ ပြင်းထန်လာသည်၊ “မင်း တစ်ခုခုကို မမြင်သေးဘူးလား။”

“တကယ်ပဲ မသက်မသာ ဖြစ်တဲ့ ခံစားချက်တစ်ခု ရှိနေတယ်။ အဲဒီလို ခံစားချက်က... ‘ထိန်းချုပ်မှု’ ဖြစ်မယ်။ ခင်ဗျား တိုက်ပွဲ အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ပုံပဲ။ ပြီးတော့ အကျင့် ပါနေတဲ့ တိုက်ခိုက်မှုတွေ၊ တိုက်ခိုက်ရေး လက္ခဏာတွေနဲ့ ဖြစ်နိုင်ခြေ တိုက်ခိုက်ရေး နည်းလမ်းတွေ အပါအဝင် ကျုပ်ရဲ့ လှုပ်ရှားမှုတိုင်းကို ခင်ဗျား သိနေတယ်။ အဲဒါကြောင့် ကျုပ် ခုနက လုံးဝကို ဖိနှိပ်ခံခဲ့ရပြီးတော့ ပြန်တိုက်ခိုက်ဖို့ အင်အားမရှိခဲ့ဘူး။”

“ဟုတ်တယ်။ ဒါက ‘ထိန်းချုပ်မှု’ပဲ။ ငါ့မှာ အစွမ်းအထက်ဆုံး အထိန်းအချုပ်နဲ့ တွက်ချက်စွမ်းရည်ရှိတယ်။ အရာအားလုံး ငါ့ထိန်းချုပ်မှု အောက်မှာပဲ။” ရာဖယ်ရယ် လှောင်ရယ်လိုက်သည်။ “မင်းကို အရင်က တကယ့် ပြိုင်ဘက် အနေနဲ့ ဘယ်တော့မှ မမှတ်ခဲ့ဘူး။ ဒါကြောင့် မင်း အခွင့်အရေး ယူနိုင်ခဲ့တာ။ ငါ အလေးအနက် ထားတာနဲ့ မင်းမှာ ဘာအခွင့်အရေးမှ ရှိတော့မှာ မဟုတ်ဘူး။”

ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ ရာဖယ်ရယ် ကြွားဝါနေခြင်း မဟုတ်ပေ။ အနည်းဆုံးတော့ စကား၏ ပထမပိုင်းတွင် ဖြစ်သည်။ ခုနက တိုက်ပွဲမှာ ရုန်းကန်မှု တစ်ခု ဖြစ်သည်။ သူက ထိုစဉ် အလားတူ ပြိုင်ဘက် တစ်ဦးနှင့် ကြုံတွေ့ခဲ့ဖူးသည်၊ ၎င်းမှာ သန်းခေါင်နေ အရှင်သခင် ဖြစ်၏။ ရာဖယ်ရယ်၏ ထိန်းချုပ်စွမ်းရည်မှာ သန်းခေါင်နေ အရှင်သခင်ထက် များစွာ သာလွန်သည်။ စွမ်းအားမှာ နှိုင်းယှဉ်၍ ရနိုင်သော်လည်း ချန်လွေ့၏ အရှိန်အဝါ အသုံးချမှုနှင့် ခြုံငုံထိန်းချုပ်မှုမှာ အမှန်တကယ်တွင် သူ၏ ပြိုင်ဘက်ထက် နိမ့်ကျနေရာ ၎င်းက သူ့ကို တိုက်ပွဲတွင် ထိခိုက်ခံစားရစေခဲ့သည်။

“ခင်ဗျား အဲ့ဒီလိုပြောတယ် ဆိုတော့ အဲဒီ‘လှည့်ကွက်’တွေ အရေးမပါတော့ဘူးပေါ့။” ချန်လွေ့က ပခုံးတွန့်လိုက်သည်။ “ကျုပ်က ဒီလို ‘ထိန်းချုပ်မှု’ စွမ်းရည်ကို အတော်လေး စိတ်ဝင်စားတယ်။ နောက်ထပ် ၁၀မိနစ် ဆွေးနွေးကြည့်ရင် ဘယ်လိုလဲ။”

“ဟွမ့်!” ရာဖယ်ရယ်က ချန်လွေ့နှင့် အချိန်မဆွဲချင်ခဲ့ပေ။ သူက လက်ခနဲ ဖြစ်သွားပြီး ချန်လွေ့ထံ ပြေးဝင်သွား၏။

ချန်လွေ့ ကိုယ်တိုင် ပြောသည့်အတိုင်း ရာဖယ်ရယ်က စစ်တုရင်ခုံ၏ လှုပ်ရှားမှု တိုင်းကို သိနေသော စစ်တုရင် ဆရာတစ်ပါးကဲ့သို့ တိုက်ပွဲအခြေအနေကို ထိန်းချုပ်ထားသည်။ မည်သို့သော ပြောင်းလဲမှုမဆို သူ၏ လက်ထဲတွင် ရှိနေ၏။ ထိုရှုထောင့်မှ ကြည့်လျှင် သူက မရှုံးနိမ့်နိုင်သော အနေအထားတွင် ရှိနေသည်။

ဘုန်း ဘုန်း ဘုန်း...

ချန်လွေ့ နောက်သို့ ယိုင်သွားပြန်ပြီး သူ၏ ပါးစပ်ထောင့်မှ သွေးစီးကျလာ၏။ ခုနက ရာဖယ်ရယ်သည် အခွင့်အရေး တစ်ခုကို ဆုပ်ကိုင်ကာ ဆက်တိုက် တိုက်ခိုက်မှုများကို ထုတ်လွှတ်ခဲ့သည်။ သူက မျက်နှာကိုပင် လက်သီးဖြင့် ထိုးနှက်ခြင်း ခံလိုက်ရသည်။

“ကောင်းပြီလေ။ အခု လေ့လာတဲ့ အချိန် ပြီးဆုံးသွားပြီ။” ချန်လွေ့က ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။ “ဒါတွေက ကျူရှင်ခပဲ။”

“မင်း ဘာကိုပြောတာလဲ မသိဘူး။ ဒါပေမဲ့ ငါ ဆိုလိုတာကတော့ အရမ်းကို ရှင်းလင်းနေပြီ။” ရာဖယ်ရယ် လက်သီးကို ဆုပ်လိုက်ပြီး ကြောက်စရာကောင်းစွာ ပြောလိုက်သည်။ “ငါ ပြောခဲ့သလိုပဲ။ ငါ မင်းကို ၁၀မိနစ်လောက် ကစားခွင့် ပေးမယ်။ ပြီးတော့... [ကောင်းကင်ကုသ] သုံးခွင့်ပေးတယ်။ ငါ အလုံအလောက် မပျော်ရခင် မင်း လဲကျသွားမှာစိုးလို့။”

“ခင်ဗျား ဆိုလိုတာက... ခင်ဗျားမှာ အားကောင်းတဲ့ တွက်ချက်နိုင်စွမ်းနဲ့ ထိန်းချုပ်နိုင်စွမ်း ရှိတယ်။ ပြိုင်ဘက်က ခင်ဗျား ဆောက်ထားတဲ့ စည်းချက်ထဲ ပါသွားဖို့ လွယ်ကူပြီးတော့ လွတ်မြောက်ဖို့ ခက်ခဲတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ အတွက်အချက်က အစွမ်းအထက်ဆုံး မဟုတ်ဘူး။”

“မင်းရဲ့ အတွက်အချက် စွမ်းရည်က ငါ့ထက် ပိုကောင်းနေလို့လား။”

“ဒါပေါ့။” ချန်လွေ့ မျက်နှာသာမပေးဘဲ ပြောလိုက်သည်။ “ဒါကြောင့် ခင်ဗျား နောက်ပိုင်းမှာ ဒီလောက် အေးဆေး နေနိုင်တော့မှာ မဟုတ်တော့ဘူး။ အတူတူ ‘ဒုက္ခခံစား’ ကြတာပေါ့။”

“အဓိပ္ပာယ်မရှိတာတွေ!”

ရာဖယ်ရယ်က ချက်ချင်း ဆိုသလို ချန်လွေ့၏ အရှေ့တွင် ပေါ်လာပြီး လက်သီးနှစ်ဖက်စလုံး တစ်ချိန်တည်းတွင် ရောက်ရှိလာသော်လည်း ချန်လွေ့က စိတ်ကူးထားသည့်အတိုင်း ဘေးဖက်သို့ မရှောင်တိမ်းဘဲ နောက်သို့လည်း မဆုတ်ခွာခဲ့ပေ။ ထိုအစား သူက လက်များကို ချိုင်းအောက် ထားလိုက်ပြီး တစ်ချိန်တည်း သူ့ကို ခေါင်းတိုက်လိုက်ရာ ရာဖယ်ရယ် မူးသွား၏။ ရာဖယ်ရယ်က ချန်လွေ့ကို အင်အားဖြင့် လှုပ်ခါလိုက်၏။ သူ ပြန်လည်၍ တိုက်ခိုက်တော့မည် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ကိုယ်ကို သတိကြီးစွာ မြှောက်ပြီး ခြေထောက်ဖြင့် ကြိမ်လုံး ရိုက်ခြင်းကို ရှောင်လိုက်သည်။ သူ ပျံတက်သွားသည်နှင့် အမြင်အာရုံ အပြည့်အဝ မပြန်လည် ကောင်းမွန်ခင် အန္တရာယ်တစ်ခုကို နောက်တစ်ကြိမ် အာရုံခံမိလိုက်၏။ သို့သော် ထိုအချိန်တွင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘဲ နောက်ကျောကို တိုက်ကွက် ပြင်းပြင်း ထိမှန်သွားခဲ့သည်။

ရာဖယ်ရယ်၏ ခန္ဓာကိုယ် လျင်မြန်စွာ ပြုတ်ကျသွားပြီး သူ၏ လက်များနှင့် ခြေထောက်များဖြင့် တစ်ချိန်တည်းတွင် ဆင်းသက်လိုက်သည်။ သူက အင်အားကို ငှားယူပြီး သူ့နောက်သို့ လိုက်လာသော ချန်လွေ့ကို တိုက်ထုတ်လိုက်သည်။ သူ လိုက်လံ ဖမ်းဆီးတော့မည် ပြင်လိုက်စဉ် ချန်လွေ့က မမျှော်လင့်ဘဲ ဘေးတွင် ပေါ်လာခဲ့သည်။ ရာဖယ်ရယ် မသိစိတ်ဖြင့် နံရိုးများကို ကာကွယ်လိုက်သော်လည်း ချန်လွေ့က မမျှော်လင့်ဘဲ ထိုင်ချလိုက်ပြီး ဒူးကို ကန်ကျောက်ကာ နောက်တစ်ကြိမ် ကန်ထုတ်လိုက်၏။ တိုက်ပွဲမှာ အလွန် ပြင်းထန်လှသည်။

ပွဲကြည့်စင်မှ ဖိုက်သွန်က အနည်းငယ် ပြုံးလိုက်သည်။ “သူ့ရဲ့ အမြန်နှုန်းက အရင်ထက် ပိုမြန်နေတာ အသေအချာပဲ။”

“ဟွန့် ကျေနပ်မနေနဲ့။” ဂေဘရီယယ် အေးစက်စွာ ပြောလိုက်လေသည်။ “ဒါက အမြန်နှုန်း တစ်ခုတည်း မဟုတ်ဘူးဆိုတာ လူတိုင်း မြင်နိုင်တယ်။ တကယ်တော့ သူ့ရဲ့ အမြန်နှုန်းက အထွတ်အထိပ် အဆင့်နဲ့ အလှမ်း ဝေးသေးတယ်... ကျွန်မ ပြောတာက သူ့ရဲ့ အရှိန်အဝါ စွမ်းအားကို ပိုင်နိုင်မှုက အများကြီး တိုးတက်လာပြီး ရာဖယ်ရယ်ရဲ့ တွက်ချက်မှုတွေကို သူ သိသွားသလိုပဲ။ သူ သုံးတဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေက ပိုပြီးတော့ ထူးဆန်းပြီး ခန့်မှန်းလို့ မရဘူး။ ဒီအတိုင်း ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ရာဖယ်ရယ်က လုံးဝ‘ထိန်းချုပ်’နိုင်တော့မှာ မဟုတ်ဘူး။”

မိုက်ကယ် ပို၍ပင် မျက်မှောင်ကြုတ် လိုက်သည်။ “အဲဒီကောင်က တကယ်ပဲ ရာဖယ်ရယ်ကို လေ့ကျင့်ဖို့ သုံးနေတာ...”

မှန်ပေသည်။ ထိုအရာမှာ ချန်လွေ့ စဉ်းစားခဲ့သော အရာပင်။ ရာဖယ်ရယ်က နတ်ဘုရား-ယောင် အထွတ်အထိပ်တွင် ရှိသည်။ သူက ‘အာသာ’ကို နက်ရှိုင်းစွာ မုန်းတီးနေရာ စွမ်းအားကို ချန်ထားမည် မဟုတ်ပေ။ သို့သော်လည်း နှင်းဒဲလက် ပန်းပင်များကြောင့် သူက ချန်လွေ့ကို တိုက်ခိုက်ရာတွင် လက်တွန့်နေမည်မှာ အသေချာပင် ဖြစ်လေသည်။ ထိုသို့သော လက်တွေ့ တိုက်ခိုက် လေ့ကျင့်ခြင်းမှာ ရခဲလှပေသည်။

ရာဖယ်ရယ်သည်လည်း ထိုအချက်ကို သိရှိသွားသည်။ သူက ဒေါသတကြီးနှင့် အော်ဟစ်လိုက်ရာ သူ၏ လက်ထဲတွင် ငွေရောင် တုတ်ရှည် တစ်ချောင်း ပေါ်လာခဲ့သည်။ ၎င်းကို သူ့ထံ ပြေးလာသော ချန်လွေ့ထံ ညွှန်ပြလိုက်ရာ မိုးကြိုးသံက ခပ်ရေးရေး ထွက်လာသည်။ ချန်လွေ့က ထိုကဲ့သို့ ပြောင်းလဲမှုကြောင့် အနည်းငယ် အံ့ဩသွားသည်။ သူက ‘မြောက်အဏ္ဏဝါ’ကို ချက်ချင်း ထုတ်ပြီး ကြက်ခြေတ်ပုံစံဖြင့် တုတ်ရှည်ကို ခုခံရန် ပြုလုပ်လိုက်သည်။

တုတ်ရှည်က အားကောင်းသော တုန်ခါမှုလှိုင်းကို သယ်ဆောင်လာ၏။ ချန်လွေ့က နောက်ကျွမ်းတစ်ပတ်ထိုးပြီး လေထဲတွင် လွင့်မျောနေခဲ့သည်။

“ဘာဖြစ်လို့လဲ။ ဆာ-ရာဖယ်ရယ်။ ခင်ဗျား အနီးကပ် တိုက်ခိုက်တာကို ဆက်မလုပ်ချင်တော့ဘူးလား။”

“ချီးပဲ။ ငါ မင်းနဲ့ ဒီလို အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး!” ရာဖယ်ရယ်၏ အသံက အထူးသဖြင့် သုန်မှုန်နေသည်။ သူက ထိုရန်သူ၏ ကြီးထွားမှုနှင့် ပြောင်းလဲမှုကို နက်နက်ရှိုင်းရှိုင်း ခံစားမိ၏။ ထိုအတိုင်း ဆက်သွားပါက သူ၏ ကိုယ်ပိုင်အစီအစဉ်၌ သူကိုယ်တိုင် ကျဆုံးသွားပေလိမ့်မည်။

ခုနက အရှိန် မြင့်မားသော တိုက်ပွဲ ဖြစ်သော်လည်း ၁၀မိနစ်၏ တစ်ဝက် ကျန်နေသေးသည်။ ရာဖယ်ရယ်က အပိုစကားများ မပြောတော့ပေ။ သူက တုတ်ရှည်ဖြင့် ချိန်လိုက်ရာ သူ၏ပုံရိပ်က ထောင်ပေါင်းများစွာ ပြောင်းလဲသွားသည်။

[သရုပ်ခွဲမျက်လုံး] ၏ နက်ရှိုင်းသော အာရုံထဲတွင် ထိုပုံရိပ်များက အမှန်တွင် ပျံ့နှံ့ထွက်သွားသည့် မရေမတွက်နိုင်သော ရှေးမှော်စာများ ဖြစ်နေသည်။

ထောင်နှင့်ချီသော ရာဖယ်ရယ်များက အလင်းစီးကြောင်း အဖြစ် ပြောင်းသွားပြီး လျှို့ဝှက်ဆန်းကြယ် လမ်းကြောင်းတွင် ရောယှက်နေသည်။ ချန်လွေ့က သူ၏ ကိုယ်မှာ ဧရာမပိုက်ကွန်ကြီး တစ်ခုဖြင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ခံထားရသလို တင်းကျပ်သွားကြောင်း ခံစားလိုက်ရ၏။ ထိုသို့သော ချုပ်တည်းမှု ခံစားချက်က ပို၍ပို၍ ပြင်းထန်လာခဲ့သည်။

မြန်နှုန်းမြင့် အလင်းစီးကြောင်းများက ရောယှက် ပေါင်းစပ်သွားပြီး ခန့်ညားသော ဧရာမ ပလ္လင်တစ်ခု အဖြစ်သို့ ပေါင်းစပ် သွားခဲ့သည်။ ရာဖယ်ရယ်၏ စစ်မှန်သော ကိုယ်ထည်က ယခုအခါ ပလ္လင်ပေါ်တွင် ရှိနေပြီး ကျက်သရေရှိစွာ တောက်ပနေ၏။ သူ၏ လက်ထဲမှ ငွေရောင် တုတ်ရှည်နှင့် အတူ နတ်ဘုရားတစ်ပါးလို ဖြစ်နေသည်။

“မိုက်မဲမှုထဲ ပျော်ရွှင်ပြီးတော့ မနိုးထ လာသေးတဲ့ အသိတရားမဲ့သူတွေက သေနေတဲ့ တိရစ္ဆာန်တွေလိုပဲ...”

“ဘုရားသခင်က ကမ္ဘာလောကကို သနားကြင်နာတတ်ပေမဲ့ ဆိုးယုတ်ပြီး လှည့်ဖြားတတ်သော အပြစ်သားများကို သနားကြင်နာမှု မရှိဘူး...”

“အပြစ်သားများကို ရှင်းပစ်ရမယ်...”

ရာဖယ်ရယ်၏ အဆုံးသတ် တိုက်ကွက် အထဲမှ တစ်ခု ဖြစ်သော [ကောင်းကင် စတေးခံပလ္လင်]ပင်။

ထိုအရာမှာ ချန်လွေ့ ထိုတိုက်ကွက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ပေ။ ရာဖယ်ရယ်က အကြောက်တရား အဓိက ယဇ်ပလ္လင်တွင် ဆိုစဘတ်၏ နိမိတ် ပုံရိပ်များကို ထိုတိုက်ကွက်ဖြင့် ဖျက်ဆီး ခဲ့ကြောင်းကို ကိုယ်တွေ့ ကြုံပြီးနောက် သူက သိဒ္ဓိသားတော် အခမ်းအနားတွင် ထိုတိုက်ကွက်ကို ကိုယ်တိုင် ကြုံခဲ့ရသည်။ သူက ဖိုက်သွန် ပေးသော [ပိတ်ပင်ခြင်း] စွမ်းအားဖြင့် မနည်းရင်ဆိုင်ခဲ့ရသည်။

ပထမနှစ်ခု ပေါင်းရင်တောင် အခုလို အစွမ်းမထက်ဘူး။ ဒါက တကယ့် [ကောင်းကင်စတေးခံပလ္လင်] ဖြစ်မယ်!

ချန်လွေ့၏ မျက်လုံး၌ ထူးဆန်းသော တောက်ပမှု ပြသခဲ့ပြီး ချုပ်တည်းခြင်း စွမ်းအား တဖြည်းဖြည်း မှေးမှိန်သွားသည်။ မိစ္ဆာမျက်ဆံ၏ စွမ်းအားပင်!

ချက်ချင်း ဆိုသလိုပင် ချန်လွေ့၏ လက်ထဲမှ မြောက်အဏ္ဏဝါဓားက မရေမတွက်နိုင်သော အလင်းတန်းများဖြင့် လင်းလက်သွား၏။ ထိုအလင်းတန်းများက လေထဲတွင် စုစည်းသွားပြီး လေထဲမှ ပလ္လင်ထံ ဆက်လက်ပျံသန်းသွားသည်။ ထိုအလင်းတန်းများက ပလ္လင်၏ ရှေ့တွင် အရေးမပါပုံ ရသော်လည်း ရာဖယ်ရယ်၏ မျက်နှာ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်။ အကြောင်းမှာ [ကောင်းကင်စတေးခံပလ္လင်] ၎င်းကြောင့် အမှန်တကယ် ပြောင်းလဲသွား၍ပင်!

ရာဖယ်ရယ်၏စိတ်ထဲတွင် [ကောင်းကင်စတေးခံပလ္လင်]က အဆုံးသတ် တိုက်ကွက်တစ်ခု သာမက ပြီးပြည့်စုံသော အနုပညာ လက်ရာ တစ်ခုလည်း ဖြစ်သည်။ ထိုအဆုံးသတ် တိုက်ကွက်၏ အဓိကမှာ ရှုပ်ထွေးပြီး လျှို့ဝှက် ဆန်းကြယ်သော ရှေးမှော်စာ သမိုင်းကဗျာ တစ်ခုပင်။ မှော်စာတိုင်း၊ စာပိုဒ်တိုင်း၊ ရောယှက်မှု၊ ပေါင်းစပ်မှုတိုင်း အပင်ပန်းခံ ဖန်တီးခဲ့သည်။ မှော်စာများ၏ ဆက်သွယ်မှုနှင့် ပြောင်းလဲမှုတိုင်းက အဆုံးမဲ့နီးပါး စွမ်းအားတိုးမြှင့်မှုများကို ဖြစ်ပေါ်စေနိုင်လေသည်။ ထို့အတွက် ကြီးမားသည့် စွမ်းအား ထုတ်လွှတ်နိုင်၏။

ချန်လွေ့လည်း ရှေးမှော်စာကို အသက်သွင်းခဲ့သော်လည်း ထိုကဲ့သို့ ရိုးရှင်းသော စာပိုဒ်များက [ကောင်းကင်စတေးခံပလ္လင်]ထဲသို့ ဝင်ရောက်ပြီးနောက် ထိုပြီးပြည့်စုံသော အနုပညာလက်ရာ ဖရိုဖရဲ ဖြစ်သွားသည်။ မူလ တိုးမြှင့်မှုက အားလျော့မှု ဖြစ်သွား၏။ ဒီအတိုင်း ဆက်သွားနေရင် ငါ ဘာကို မျှော်လင့်ရမှန်း မသိတော့ဘူး! လုပ်နိုင်တာ တစ်ခုတည်းက အရှိန်အဝါ စွမ်းအား အတိုင်းအတာ တစ်ခုအထိ ရှိနေတုန်း ကြိုတင်တိုက်ခိုက်ဖို့ပဲ!

ရာဖယ်ရယ် အံကြိတ်လိုက်ပြီး သူ၏ တုတ်ရှည်ကို လွှဲယမ်းလိုက်သည်။ [ကောင်းကင်စတေးခံပလ္လင်] စွမ်းအားက ကြိုတင်၍ ပေါက်ကွဲထွက် လာခဲ့သည်။ ချန်လွေ့က ပြင်ဆင်ထားပုံရလေသည်။ မြောက်အဏ္ဏဝါက နူးညံ့သော လှိုင်းတွန့် တစ်ခုကို ထုတ်လွှတ်ပြီး အကာအကွယ် တစ်ခုကို ဖွဲ့စည်းလိုက်သည်။

ရှေးဟောင်း ပြိုင်ကွင်း တစ်ခုလုံး တုန်ခါသွားပြီး ချန်လွေ့၏ ခန္ဓာကိုယ်က ၁၀မီတာခန့် နောက်သို့ ပျံသန်းသွားကာ သူ၏ခြေထောက်များဖြင့် မာကျောသော မြေကြီးပေါ် အရာနှစ်ခုကို ချန်ရစ်ခဲ့သည်။

နောက်ဆုံး မတ်တပ်ရပ်နိုင်သောအခါ သူ၏ ကိုယ်ပတ်လည်မှ လှိုင်းတွန့်များက မြောက်အဏ္ဏဝါနှင့်အတူ ကြေမွသွားပြီ ဖြစ်သည်။

ခုနက တိုက်ကွက်သည် [ကောင်းကင်စတေးခံပလ္လင်]၏ အထွတ်အထိပ်စွမ်းအား မဟုတ်သော်လည်း ၎င်းက ချန်လွေ့၏ ရေဓားသိုင်း ခုခံကာကွယ်မှုကိုလည်း အနိုင်ယူခဲ့သည်။ တစ်ချိန်တည်းမှာပင် ငွေရောင်တုတ်ရှည်က ‘မြောက်အဏ္ဏဝါ’ ကို အပိုင်းပိုင်း ဖြစ်သွားစေ၏။ ချန်လွေ့၏ သွေးများ ခဏတာ ဆူသွားသော်လည်း အမှန်တကယ်တွင် ဘာမှမဖြစ်ခဲ့ပေ။

ထိုအချိန်တွင် ရာဖယ်ရယ်၏ စိတ်ထဲမှ တုန်လှုပ်မှုမှာ လုံးဝ မနှိုင်းယှဉ်နိုင်ပေ။ တခြား တစ်ဖက်က ပြောသည့်အတိုင်းပင် တန်ပြန်အရှိန်အဝါ၊ အချိန်အရှိန်အဝါနှင့် ကျက်သရေမျှော်စင်ကို အသုံးမပြုခဲ့ပေ။ သူ၏ အဆုံးသတ်တိုက်ကွက်ကို ထိုသို့ ရိုးရှင်းသော လှုပ်ရှားမှုများဖြင့် နှောင့်ယှက် ခဲ့လေသည်!

ကောင်းကင်တမန်တော်သုံးပါးအနက် အသိအမှတ်ပြုမှု အရှိဆုံး အစွမ်းထက် ပုဂ္ဂိုလ်မှာ မိုက်ကယ် ဖြစ်လေသည်။ မိုက်ကယ်က [ကောင်းကင်စတေးခံပလ္လင်] ကို ခံယူနိုင်သော်လည်း ထိုရန်သူကဲ့သို့ ‘ကောင်းကင်စတေးခံပလ္လင်’ကို မဖြေရှင်းနိုင်ပေ!

ရာဖယ်ရယ်ကိုယ်တိုင်ပင် မလုပ်နိုင်!

ရှေးမှော်စာများက သူ ဂုဏ်အယူရဆုံး ပါရမီ ဖြစ်သော်လည်း ယခု ထိုရန်သူက သူ အကျွမ်းကျင်ဆုံး နည်းလမ်းတွင် သူ့ကို အမှန်တကယ် ကျော်လွန်နေ၏!

[ကောင်းကင်စတေးခံပလ္လင်]က သူ မရေမတွက်နိုင်သော နှစ်များစွာ ကြိုးစား အားထုတ်ပြီးနောက် ပြီးမြောက်ခဲ့သော အဆုံးသတ် တိုက်ကွက် ဖြစ်ပြီး ၎င်းမှာ ရှေးမှော်စာအသိပညာ အနှစ်သာရလည်း ဖြစ်သည်။ ယခုတစ်ကြိမ် အပါအဝင် တခြားတစ်ဖက်က ၎င်းကို ၃ကြိမ်သာ တွေ့ခဲ့ဖူးသည်။ ၃ကြိမ်မျှဖြင့် သူက [ကောင်းကင်စတေးခံပလ္လင်]၏ နက်နဲမှုကို အမှန်တကယ်ပင် ထိုးထွင်းမြင်သွားခဲ့ပြီး မယုံနိုင်စရာ တန်ပြန်တိုက်ခိုက်မှု တစ်ခုကို ထုတ်လွှတ်ခဲ့သည်!

ဒီကောင်က အရင်က အဲဒီလိုပြောခဲ့တာ ဒါကြောင့်ကိုး။ ဒါကမှ စစ်မှန်တဲ့အာရုံ... အစွမ်းအထက်ဆုံး အတွက်အချက်နဲ့ ထိန်းချုပ်စွမ်းရည်ပဲ!

All Chapters