ဓမ္မတေး
Vol. 72 Ch. 1147
မှန်ပေသည်။ ရာဖယ်ရယ် မသိခဲ့ပေ။ [ကောင်းကင်စတေးခံပလ္လင်] ကို တတိယ အကြိမ်သာ ရင်ဆိုင်ခဲ့ရသော်လည်း ပထမဆုံး အကြောက်တရား အဓိက ယဇ်ပလ္လင်၌ ချန်လွေ့၏ [သရုပ်ခွဲမျက်လုံး] က ထိုကဗျာကဲ့သို့သော ရှေးမှော်စာများကို မှတ်တမ်းတင်ထားပြီး ဖြစ်လေသည်။ ဒုတိယ ကိုယ်တွေ့ အတွေ့အကြုံနှင့် ပေါင်းစပ်လိုက်လျှင် [သရုပ်ခွဲမျက်လုံး]က ထိုမှော်များကို နှစ်များတလျှောက်တွင် သေသေချာချာ ခွဲခြမ်း စိတ်ဖြာခဲ့သည်။ ချန်လွေ့က ပုံရိပ်ယောင် လေ့ကျင့်မှုတွင် မရေမတွက်နိုင်သော စမ်းသပ်မှုများလည်း ပြုလုပ်ခဲ့သည်။
ထိုရှုထောင့်မှ ကြည့်လျှင် ရာဖယ်ရယ် သေချာပေါက် လှည့်စားခံလိုက်ရ၏။
ရာဖယ်ရယ်၏ တုန်လှုပ်မှုက စက္ကန့် အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး သူ၏ အာရုံက နီးကပ်လာသော အခြား အန္တရာယ် တစ်ခုဖြင့် လွှမ်းမိုးသွားသည်။ ရန်သူ၏ ပုံရိပ်က သုံးခု ပြောင်းသွားပြီး သူ့ကိုယ်သူ ဝန်းရံလိုက်ရာ အန္တရာယ် ရှိသော အငွေ့အသက်က သူ၏အာရုံခံ အားလုံးကို ချက်ချင်း ပြည့်နှက်သွားသည်။
ရာဖယ်ရယ်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွား၏။ ငါ ဒီတိုက်ကွက်ကို အရင်က မြင်ဖူးတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဒီ‘အာသာ’ နတ်ဘုရား-ယောင် ကနဦးပိုင်း အဆင့်မှာပဲ ရှိသေးတယ်။ အခုတော့ ဒီတိုက်ကွက်ကို နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် စွမ်းအားနဲ့ အသက်သွင်းလိုက်တော့ အရင်ကနဲ့ မတူတော့ဘူး!
“ပျက်စီးခြင်း စွမ်းအားနဲ့ ဖန်တီးခြင်း စွမ်းအားရဲ့ ဆန့်ကျင်ဘက် နက်နဲမှုကို အသုံးပြုတာလား။” မိုက်ကယ်က သူ၏ မျက်ခုံးများကို ပင့်လိုက်သည်။ “စွမ်းအား နှစ်ခုက မျှခြေညီပြီး သန့်စင်နေတယ်!”
“ဒါ ဇစ်မြစ်နဲ့ တော်တော် နီးစပ်တယ်။ ဒါမှမဟုတ် ဇစ်မြစ်စွမ်းအား များလား။” ဂေဘရီယယ် ဖိုက်သွန်ကို ကြည့်လိုက်၏။
“သူ့ဆီမှာ အံ့ဖွယ်တွေ ထပ်ပေါ်လာတာ ကျွန်မ မအံ့ဩပါဘူး။” ဖိုက်သွန်က ညင်သာစွာ ပြုံးလိုက်သည်။
စကားပြောဆိုနေချိန် ပြိုင်ကွင်းထဲမှ နေရာလွတ်က ပြောင်းလဲသွားခဲ့ပြီး အထူး တြိဂံနေရာလွတ် တစ်ခုက ရာဖယ်ရယ်ကို ပိတ်လှောင်ထားလိုက်သည်။
ထို့နောက် တြိဂံနေရာလွတ် တစ်ခုလုံး ကြေမွသွားခဲ့သည်။ ရာဖယ်ရယ်လည်း အပိုင်းပိုင်း အဖြစ်သို့ ကြေမွသွားပြီး မရေမတွက်နိုင်သော အလင်းတန်းများ အဖြစ်သို့ ပြန့်ကျဲသွားကာ လျင်မြန်စွာ မှေးမှိန်သွားခဲ့သည်။
ရှေးဟောင်း ပြိုင်ကွင်း တစ်ခုလုံး၏ အလယ်က ‘လေဟာနယ်’ ကဲ့သို့သော တည်ရှိမှု တစ်ခု ဖြစ်လာခဲ့သည်။ ထိုတည်ရှိမှု၌ ‘လေဟာနယ်’ အပြင်ဘက်မှ မည်သည့် အရာမဆို တွန်းလှန်ခြင်းနှင့် စိတ်ကူးအဖြစ်သို့ လုံးဝ ပြောင်းလဲခြင်း ခံရမည် ဖြစ်သည်။
[ရှုထောင့် ဖျက်ဆီးခြင်း]!
ချန်လွေ့၏ ထပ်နေသော ပုံရိပ်သုံးခုက ခဏအကြာတွင် တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားပြီး ‘လေဟာနယ်’သည် သူ၏ စွမ်းအားကို ဆက်လက်၍ ထိန်းသိမ်းထားဆဲ ဖြစ်သည်။
အချိန် အတော်လေး ကြာပြီးနောက် နေရာလွတ် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။
ပြန့်ကျဲ၍ ပျောက်ကွယ် သွားခဲ့သော အဖြူရောင်အလင်းက နောက်တစ်ကြိမ် လင်းလက်လာခဲ့လေသည်။ ရေတွက်၍ မရနိုင်သော အလင်းတန်းများလေထဲတွင် စုစည်းသွားပြီး ရာဖယ်ရယ်၏ ပုံစံသို့ ပြန်လည်ရောက်ရှိလာသည်။
မိုက်ကယ် ခေါင်းညိတ်ပြီး ပြောသည်။ “ခုနက တိုက်ကွက်က နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ရာဖယ်ရယ်မှာ [အလင်းပြန်လည်ကောင်းမွန်ခြင်းခန္ဓာ] ရှိတယ်။ အဲဒါက မသေနိုင်လုနီးပါးပဲ။ အဲဒါနဲ့တင် ပြိုင်ဘက်ကင်း ဖြစ်နိုင်တယ်။”
“ပြိုင်ဘက်ကင်းလား။” ဖိုက်သွန်၏ အသံ၌ မထီမဲ့မြင်ပြုသည့် အငွေ့အသက် တစ်ခု ရှိနေသည်။ ‘မသေနိုင်သော’ကို ပိုင်ဆိုင်သော အခြား တစ်ယောက်သည် ချန်လွေ့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။ သူ၏ ထိုအချိန်က စွမ်းအားမှာ ယခုထက် များစွာ လျော့နည်းခဲ့သည်။
ပြန်လည်၍ ကောင်းမွန်လာသော ရာဖယ်ရယ်က အံကြိတ်နေပုံ ရသည်။ တိတိကျကျ ဆိုရလျှင် သူက ယခင်လို အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မဟုတ်ပေ။ သူ၏ကိုယ်က ကြက်ခြေခတ် ဒဏ်ရာများနှင့် ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
ထိုဓားဒဏ်ရာများက တဖြည်းဖြည်းနှင့် ပျောက်ကင်းသွားနေဆဲ ဖြစ်သော်လည်း ရာဖယ်ရယ် အလွန်ပင် ခံစားခဲ့ရသည်ကို မြင်တွေ့နိုင်သည်။ ၎င်းတို့မှာ သာမန် ဒဏ်ရာများ မဟုတ်သည်မှာ သေချာ၏!
ချန်လွေ့၏ လက်ထဲ ဓားတစ်ချောင်း ရှိနေ၏။ ဓား၏ကိုယ်ထည်မှာ ဖြူဖွေးပြီး ထူးခြားသော အမှတ်အသားနှစ်ကြောင်း ရေးထွင်းထားသည်။ ဓားလက်ကိုင်ကာက ကျောချင်းကပ် တမန်တော်နှစ်ပါး ဖြစ်ပြီး ရှေးဆန်ကာ လျှို့ဝှက်ဆန်းကြယ်နေ၏။
“ဒီဓား...” ရာဖယ်ရယ်က ထိုဓားကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေသည်။ ခုနက [ရှုထောင့်ဖျက်ဆီးခြင်း]ကို ထိုဓားမှ ထုတ်လွှတ်ခဲ့ပြီး ၎င်းက မိစ္ဆာမျက်ဆံ၏ စွမ်းအားကိုလည်း ပေါင်းထား၏။ ၎င်းက [အလင်းပြန်လည်ကောင်းမွန်ခြင်းခန္ဓာ] အတွက် အတော်အတန် ထိန်းချုပ်မှု ဖြစ်စေရုံသာမက သူ၏ ဝိညာဉ်ကိုလည်း အပိုင်းပိုင်း စုတ်ဖြဲလုနီးပါး ဖြစ်စေခဲ့သည်။ သူက ခန္ဓာကိုယ်ကို ပြန်ကောင်းမွန်အောင် မလုပ်နိုင်လုနီးပါး ဖြစ်ခဲ့လေသည်။
“အလင်းရောင်တံဆိပ်!” မိုက်ကယ်လည်း မှင်တက်သွားလေသည်။ အလင်းနတ်ဘုရားကျောင်းတွင် ထိုရန်သူ မြေတံဆိပ် အသက်သွင်းသည့် စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ဖူးသည်။ ဆိုလိုသည်မှာ ထိုပုဂ္ဂိုလ်က မြေတံဆိပ်နှင့် အလင်းတံဆိပ်ကို တစ်ချိန်တည်းတွင် အသက်သွင်းနိုင်၏!
“ကြယ်ကြွေတမန် ဓားတစ်လက်တည်း မဟုတ်ဘူး၊” ဂေဘရီယယ် လျစ်လျူရှုစွာ ပြောလိုက်သည်။ “သူ့ခြေထောက်မှာ ရှိနေတာက လေတံဆိပ် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါကို [ယုံကြည်မှုချပ်ကာ]က ဖုံးကွယ်ထားတယ်။ ဒါကြောင့် သူ့ရဲ့ စစ်မှန်တဲ့ အမြန်နှုန်းက အကန့်အသတ်နဲ့ အလှမ်းဝေးနေသေးတယ်။”
“သူ့မှာ လေတံဆိပ် ရှိတယ်ဆိုတာ မင်း သိတယ်ပေါ့။” မိုက်ကယ်က သူ၏ မျက်လုံးများတွင် ခက်ထန်သော အရိပ်အယောင်ဖြင့် ဂေဘရီယယ်ထံသို့ လှည့်ကြည့်လိုက်သည်။ “ဘာလို့ အဲဒါကို မင်းဆီက ငါ မကြားခဲ့ရတာလဲ။”
“ရှင် မမေးခဲ့လို့လေ။” ဂေဘရီယယ်က အားနည်းကြောင်းမပြဘဲ ရယ်လိုက်သည်။ “ကျွန်မ ရှင့်ကို စာချုပ် သဘောတူညီချက် အကြောင်း ပြောတုန်းက ဂရုမစိုက်ခဲ့ဘူး ထင်တယ်။”
ဖိုက်သွန်က ဂေဘရီယယ်ကို စောင်း၍ ကြည့်လိုက်သော်လည်း စကားမပြောခဲ့။
မိုက်ကယ် မျက်မှောင်ကြုတ်လိုက်၏။ အကြောင်းမှာ ဂေဘရီယယ်၏ စကားက အမှန်တရား ဖြစ်နေ၍ပင်။ ရာဖယ်ရယ်က သူ့ကို နိုးထစေပြီး ၃နှစ် စာချုပ်ကို ပြောသောအခါ ၎င်းကို သူ အတော်လေး မထီမဲ့မြင်ပြုခဲ့ပြီး ဂေဘရီယယ် ပြန်လာပြီး နောက်တွင်ပင် ၎င်းကို ကိစ္စကြီးတစ်ခုဟု မထင်ခဲ့ပေ။ သိဒ္ဓိအလင်းတောင်ကို သုံးလေးကြိမ် နှောင့်ယှက်ခဲ့သော ‘အာသာ’က အလွန်ဆုံး နတ်ဘုရား-ယောင် ကနဦးပိုင်း အဆင့်သို့ ယခုမှသာ ရောက်ရှိလာသော နတ်ဆိုးတစ်ကောင်မျှ ဖြစ်ရာ အလေးအနက်ထားရန် မတန်ပေ။
တစ်ဖက်တွင်မူ သိဒ္ဓိအလင်းတောင်သို့ လက်စားချေရန် နောက်တစ်ကြိမ် ခိုးဝင်လာနိုင်သော ဖိုက်သွန်က သူ့ကို အနည်းငယ် သတိထားစေခဲ့သည်။ သူ လုံးဝ မတွေးခဲ့ဖူးသည်မှာ သူ့အပေါ် ရန်လိုသင့်သော ဖိုက်သွန်က ယနေ့တွင် ထို‘နတ်ဆိုး’နှင့် ရောက်ရှိလာခြင်းပင်။ ထို‘နတ်ဆိုး’ ယူဆောင်လာခဲ့သော အံ့ဩစရာများမှာ အလွန်များပြားလှ၏။ စွမ်းအားသာမကပေ...
“နတ်ဆိုးစုတ်!” ရာဖယ်ရယ်၏မျက်လုံး လောင်ကျွမ်းလုနီးပါး ဖြစ်နေ၏။ သူ့တွင် ယခုအခါ အားအကောင်းဆုံး အတွေး တစ်ခုသာ ရှိနေသည်။ ဒီရန်သူက [အလင်းပြန်လည်ကောင်းမွန်ခြင်းခန္ဓာ] ကို ချုပ်ထိန်းနိုင်တယ်။ အဲဒါကြောင့် ဒါက အရှက်ရတာမျိုး မဟုတ်ဘူး။ ဒါက အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ။ သူက ဘယ်သူပဲဖြစ်ဖြစ် သေရမယ်။
ရာဖယ်ရယ်၏ နောက်မှ အဖြူရောင် အတောင်ပံ ၁၂ခုလုံးသည် အဖြူရောင် မီးတောက်များ လောင်ကျွမ်းသွားသည်။ သူ၏ မူလ အဖြူရောင် မျက်လုံးများလည်း ရုတ်တရက် အနက်ရောင် ပြောင်းသွားပြီး ငွေရောင် လျှပ်စီးများက သူ၏ကိုယ်ကို လွှမ်းခြုံသွား၏။ သိဒ္ဓိအလင်းတောင်သည် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားသည်။ ကောင်းကင်မှ နေသည် ရုတ်တရက် လျှပ်စီးများ ထုတ်လွှတ်လိုက်ပြီး သူ၏ အငွေ့အသက်က ချက်ချင်းပင် အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ တက်လှမ်းသွားခဲ့ပြီးနောက် မိုက်ကယ် အသက်သွင်းခဲ့သော [ကျက်သရေဆောင် အလင်းခွင့်လွှတ်ခြင်း]ထက် မနိမ့်ကျပေ။
“ဒီကောင် ရာဖယ်ရယ်... တကယ် အစွမ်းကုန် ထုတ်နေတာပဲ။” မိုက်ကယ်က အံ့ဩသော အမူအရာကို ပြသခဲ့သည်။
ထိုအခိုက်အတန့်တွင် ချန်လွေ့က အားကောင်းသော အကျပ်အတည်းကို အာရုံခံမိလိုက်သည်။ ရာဖယ်ရယ်သည် သိဒ္ဓိအလင်းတောင်၏ ယုံကြည်မှုကို အသုံးပြုနေပုံရပြီး ၎င်းမှာ တိုင်းပြည်ငယ် စွမ်းအား ဖြစ်ကာ အားကောင်းသော ဝိညာဉ် အရှိန်အဝါနှင့် ပေါင်းစပ်၍ [အလင်းပြန်လည်ကောင်းမွန်ခြင်းခန္ဓာ] ကို လောင်ကျွမ်း ပြောင်းပြန်လှန်ကာ ‘ရှင်ခြင်း’ နှင့် ‘သေခြင်း’ အကြားမှ ကြောက်မက်ဖွယ် အရှိန်အဝါ တစ်မျိုးကို ဖွဲ့စည်းလိုက်လေသည်။
ထိုနည်းတူစွာ ရာဖယ်ရယ်သည်လည်း အတော်အတန် တန်ရာတန်ကြေးကို ပေးဆပ်ရမည် ဖြစ်သည်။ အကယ်၍ ချန်လွေ့ သတ်ဖြတ်ခြင်း ခံရပါက နှင်းဒဲလက်ပန်းပင်များ ဖျက်ဆီးခြင်း ခံရမည် ဖြစ်သော်လည်း ဆာရီရယ်က လုံးဝကို အသည်းအသန် ဖြစ်နေ၏။ သူ့အတွက် မသေနိုင်ခြင်းကို ချုပ်နိုင်သော ထိုရန်သူက အကြီးမားဆုံးသော ကပ်ဘေး ဖြစ်ပြီး မည်သို့ ပေးဆပ်ရစေကာမူ ရှင်းပစ်ရပေမည်။
“သူ့ကိုတားသင့်လား။” ဂေဘရီယယ်၏ မျက်လုံးများ လက်နေပြီး သူ၏ လက်ထဲ ခရုပတ်ပုံစံ ခရမ်းရောင် ဓားရှည်တစ်ချောင်း ရှိနေပြီး အစွန်းတွင် အလွန် ချွန်ထက်သော ငွေရောင်ဓားသွား တစ်ခု ရှိနေ၏။ ၎င်းမှာ သိဒ္ဓိတေးသံဓား ဖြစ်လေသည်။
“အရင် ကြည့်လိုက်ရအောင်။” ထိုသို့ ပြောသူမှာ မိုက်ကယ် မဟုတ်ဘဲ ဖိုက်သွန် ဖြစ်သည်။
မိုက်ကယ် အံ့သြသွားသည်။ “မင်း ဘာကို ဆိုလိုတာလဲ။”
“ကျွန်မ ပြောချင်တာ... တကယ်တော့ ဆာရီယယ်ကို တကယ် အနိုင်ယူခဲ့တာ ကျွန်မ မဟုတ်ဘူး။” ဖိုက်သွန်၏ အပြုံးက အဓိပ္ပာယ်တစ်ခု ရှိနေ၏။ “သူပဲ။”
ဂေဘရီယယ်နှင့် မိုက်ကယ် နှစ်ဦးလုံး တုန်လှုပ် သွားကြသည်။ ဆာရီယယ်ကို အနိုင်ယူခဲ့တာ တကယ်ပဲ သူလား!
ဆာရီယယ် ပိုင်ဆိုင်သော [လဝိညာဉ် ခန္ဓာ]ကလည်း မသေနိုင်လုနီးပါး ဖြစ်ပြီး ရာဖယ်ရယ်၏ [အလင်းပြန်လည်ကောင်းမွန်ခြင်းခန္ဓာ] နှင့် ယှဉ်နိုင်၏။ သို့သော် ဆာရီယယ်ပင်...
နှစ်ဦးလုံး၏ တုန်လှုပ်မှုက ဖိုက်သွန်ကို အတော်လေးကို ကျေနပ်စေခဲ့သည်။ သူက ချန်လွေ့သည် ဆာရီယယ်ကို ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေသို့ လှည့်စားခေါ်သွားပြီး သတ်ဖြတ်ခဲ့သည်ကို ပြောပြမည် မဟုတ်ပေ။ သို့သော် အမှန်တကယ်မှာ ဆာရီယယ် သေသွားပြီ ဖြစ်ကာ ချန်လွေ့နှင့်သူ အသက်ရှင်နေဆဲ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ အနိုင်ရခြင်းက အနိုင်ရခြင်း ဖြစ်ပြီး ရှုံးနိမ့်ခြင်းက ရှုံးနိမ့်ခြင်း ဖြစ်သည်။ ရှုထောင့်တစ်ခုမှ ကြည့်လျှင် နိုင်သူ စားစတမ်းက အကြွင်းမဲ့ အမှန်တရားပင်။
ရာဖယ်ရယ်၏ အငွေ့အသက်က ဆက်လက်၍ မြင့်တက်နေပြီး မီးလျှံ တောက်လောင်နေသော အဖြူရောင် မီးတောက်နှင့်အတူ အတောင်ပံ၁၂ခုက ထူးဆန်းသော တုန်ခါသံ တစ်ခုကို ထုတ်လွှတ်နေသည်။ ထိုအရာမှာ သိဒ္ဓိ အလင်းတောင် တိုင်းပြည်ငယ်၏ ယုံကြည်မှု ပဲ့တင်ထပ်ခြင်း မဟုတ်ဘဲ ယုံကြည်မှု၊ အသက်နှင့် ဝိညာဉ်စွမ်းအားကို ပေါင်းစပ်ထားသော အရှိန်အဝါ၏အသံ ဖြစ်သည်။ ၎င်းမှာ မရေမတွက်နိုင်သော အသံများက မန္တာန်တစ်မျိုး တိုးတိုးလေး ရေရွတ်နေသကဲ့သို့ ထင်ရ၏။
ထိုကဲ့သို့ ခွဲခြားမရသော တိုက်ခိုက်မှု၏ အသံသည် အကြားအာရုံမှ တစ်ဆင့် မပို့လွှတ်ဘဲ ဝိညာဉ်ကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သည်။ ရှောင်ရန် နည်းလမ်းမရှိပေ။ အစီအရင်ပင် ထိုသို့ အရှိန်အဝါ တိုက်စားမှုကို မတားဆီးနိုင်။
ချန်လွေ့က ပထမဆုံး ပစ်မှတ်ထားခြင်း ခံလိုက်ရ၏။ မကြုံစဖူး အကျပ်အတည်း အာရုံတစ်ခု စိတ်ထဲတွင် တိုးဝင်လာသည်။ ထိုအကွက်က [ကောင်းကင်စတေးခံပလ္လင်] မဟုတ်ရာ လှည့်ကွက်များဖြင့် ကိုင်တွယ်ရန် မဖြစ်နိုင်ပေ။ ကိုယ်တိုင် ရင်ဆိုင်ရန်သာ တတ်နိုင်၏။
တန်ပြန်တိုက်ခိုက်ရန် စဉ်းစားနေစဉ် ဧရာမအပြားပုံ အမှတ်အသား တစ်ခုက သူ၏ ခြေထောက်အောက် ရုတ်တရက် ပေါ်လာခဲ့သည်။ ချန်လွေ့ မည်သို့ပင် ရွှေ့ပြောင်းစေကာမူ ထိုအမှတ်အသား၏ အဝန်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ထိုအမှတ်အသား၏ ပုံစံက လျင်မြန်စွာ ရှုပ်ထွေးလာပြီးနောက် လျှပ်စီးနှင့်အတူ ရေတွက်၍ မရနိုင်သော အဖြူရောင် မီးတောက်များ အပေါ်သို့ ပစ်လိုက်သည်။ ပြားချပ်သော ပုံရိပ်ကလည်း သုံးဖက်မြင် အခြေအနေအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
၎င်းမှာ တောက်ပပြီး ရဲရဲတောက် လောကတစ်ခု ဖြစ်သည်။ ကောင်းကင်၊ နေ၊ လေထဲတွင် လွင့်မျောနေပြီး တောက်ပစွာ လင်းလက်သော ရေတွက် မရနိုင်သည့် ကောင်းကင် သတ္တဝါများ ရှိနေပြီး ချန်လွေ့ ကိုယ်တိုင်မှာမူ ညစ်ညမ်းသော မကောင်းဆိုးဝါး ဝိညာဉ် တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ထိုကဲ့သို့ မြင့်မြတ်သော လောကတွင် နေရာမကျဘဲ ငြင်းပယ်ခံနေရသကဲ့သို့ ထင်ရသည်။
“အလင်းရောင်ကို စော်ကားတဲ့နတ်ဆိုး၊ အမှောင်ထုနဲ့ ညစ်ညမ်းသွားတဲ့ ဝိညာဉ်၊ အပြစ်ရဲ့ တစ်ဖက်မှာ နောင်တရလော့!” ရာဖယ်ရယ်၏ လောင်ကျွမ်းနေသော အသံက ဝိညာဉ်ကို ဖြတ်သန်းသွားသည်။ “[သိဒ္ဓိစိတ်ဝိညာဉ်ဓမ္မတေး]!”
လောကထဲရှိ အရာအားလုံးက လောင်ကျွမ်းနေသော အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားသည်။ ချန်လွေ့ တုန်လှုပ်သွား၏။ သူက အဆုံးမဲ့ ဒုက္ခပင်လယ်ထဲမှ အထီးကျန် တစ္ဆေ တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ သူ ဘုန်းကြီးများ သုတ္တန် ရွတ်ဖတ်ခြင်းဖြင့် ဝန်းရံခြင်း ခံထားရသည်။ သူ၏ ဝိညာဉ်က ရွတ်ဖတ်သံများ အကြားတွင် ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး တစ်စစီ ကြေမွသွား၏။
အလိုလိုပင် ချန်လွေ့၏ ပုံရိပ်က [ကြေးမုံခန္ဓာ] ကျွမ်းကျင်မှု အသက် ဝင်သွားပြီး ရုတ်တရက် ဖောက်ထွင်း မြင်နိုင်သွားပြီး သူ၏ ဝိညာဉ်ကလည်း နိုးထလာခဲ့သည်။ ထိုမန္တာန်များ တစ်ခုပြီး တစ်ခု ပြန်လည် တန်ပြန်သွားခဲ့သည်။ သို့တိုင် အဆက်မပြတ် လောင်နေသော ‘လောက’ထဲတွင် ထိုကဲ့သို့သော တန်ပြန်မှုမှာ ပင်လယ်ထဲမှ ရေတစ်စက်မျှ ဖြစ်သည်။ [ကြေးမုံခန္ဓာ]က ၁၀စက္ကန့်သာ အသုံးပြု၍ရသည်။
ကံကောင်းစွာပင် [ကြေးမုံခန္ဓာ]ကို အသုံးပြုပြီးနောက် ချန်လွေ့က ဝိညာဉ် ကြေမွခြင်း၏ ကြောက်မက်ဖွယ်ရာ ခံစားချက်မှ ယာယီ လွတ်မြောက်ခဲ့သည်။ [ကြေးမုံခန္ဓာ] ကုန်ဆုံးသည့် အခိုက်တွင် သူ၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ယင်ကောင်များအဖြစ်သို့ ပြန့်ကျဲသွားကာ ဒီလောကမှ ပျံထွက်သွား လိုခဲ့သည်။ သို့သော် သူက ယခင်ကလိုပင် အပြားပုံ အမှတ်အသားမှ မလွတ်နိုင်သေးပေ။ ထိုအစား ပြိုင်စံရှား [နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း]က ထိုကဲ့သို့ အထူး တိုက်ခိုက်မှု အောက်တွင် ပုံမှန်ထက် ပို၍ တိုတောင်းသွားခဲ့ပြီး စက္ကန့်အနည်းငယ် အကြာတွင် သူ၏ကိုယ်ထဲ ပြန်လည် ရောက်ရှိသွားသည်။
ထိုအချိန် အလင်း လောင်ကျွမ်းမှုနှင့် ဓမ္မတေး စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။ ပေါက်ကွဲလုနီးပါး ဖြစ်နေသော စူးရှသည့် တောက်ပမှုက တိုက်ပွဲကို ကြည့်ရှုနေသော သုံးဦးလုံးကို မျက်လုံးများ ကျဉ်းမြောင်းသွားစေပြီး ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲ အရှိန်ကို ခုခံနေရင်း တိုက်ခိုက်ရေး အနေအထား ပြသခဲ့ကြသည်။
ရှေးဟောင်း ပြိုင်ကွင်း တစ်ခုလုံးက အဆက်မပြတ် တုန်ခါမှုများ အထဲတွင် ကြေမွသွားခဲ့သည်။ ၎င်းမှာ ရာဖယ်ရယ်၏ [သိဒ္ဓိစိတ်ဝိညာဉ်ဓမ္မတေး]၏ စွမ်းအားက မိုက်ကယ်၏ [ကျက်သရေဆောင် အလင်း ခွင့်လွှတ်ခြင်း]ထက် သာလွန်၍ မဟုတ်ဘဲ ထိုခွဲခြားမရသော အကွာအဝေး အပြည့် တိုက်ခိုက်မှုက ဂေဘရီယယ်အား မိမိကို ကာကွယ်ရင်း အစီအရင်ကို ထိန်းသိမ်းရန် ပိုမိုခက်ခဲစေ၍ပင်။
ပြိုင်ကွင်းထဲမှ တုန်ခါမှုများသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။ ပျံသန်းနေသော အပျက်အစီးများက တစ်ခုပြီးတစ်ခု ပြုတ်ကျသွားပြီးနောက် လောင်ကျွမ်းနေသော အလင်းနှင့်အသံက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ လေထဲ ဆိုင်းငံ့နေသော ရာဖယ်ရယ်က မောဟိုက်နေခဲ့သည်။ ထိုတိုက်ကွက်က သူ၏ ကိုယ်ပိုင် ဝိညာဉ်နှင့် [အလင်းပြန်လည် ကောင်းမွန်ခြင်း ခန္ဓာ] မှ စွမ်းအားများစွာ ကုန်ဆုံးစေခဲ့သော်လည်း ထိုသူကို ရှင်းလင်းပစ်နိုင်သရွေ့ အားလုံး ထိုက်တန်ပေသည်။
ရုတ်တရက် ရာဖယ်ရယ်၏ မျက်နှာ ပြောင်းလဲသွား၏။
“ဒါက တကယ် အစွမ်းထက်တဲ့ အဆုံးသတ် တိုက်ကွက်ပဲ။” ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
မနှစ်သက်ဆုံးသော အသံပင်။
အောက်မှ အခြေကျသွားသော မီးခိုးနှင့် ဖုန်မှုန့်များ အကြားတွင် တဖြည်းဖြည်း လျှောက်လှမ်းလာနေသော ပုံရိပ်တစ်ခု ထင်ရှားလာခဲ့သည်။ ခရမ်းရောင်ကြယ် အလင်းက အတော်လေးကို မှေးမှိန်နေ၏။ ချပ်ကာပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများကို မြင်တွေ့နိုင်ပြီး နောက်မှ အတောင်ပံများ အတော်လေး ကျိုးပဲ့နေသည်။ ထိုမျက်လုံးများမှာတော့ တောက်ပနေဆဲပင်။
အစွမ်းကုန် သုံးခဲ့သည့်တိုင် သူက ထိုရန်သူကို မသတ်နိုင်သေးပေ။
ကျက်သရေ မျှော်စင်လိုမျိုး အဲဒီလို နေရာလွတ်တံခါး မတည်ငြိမ်မှုမျိုးကို မခံစားမိဘူး။ [သိဒ္ဓိစိတ်ဝိညာဉ်ဓမ္မတေး] ကို သူကိုယ်တိုင် ကာကွယ်ခဲ့တာ ဖြစ်မယ်!
ရာဖယ်ရယ် စိတ်ထဲ ထူးထူးဆန်းဆန်း အားမတန်သည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများက ချန်လွေ့၏ လက်ထဲတွင် မပျက်မစီးဘဲ ရှိနေသော ရှေးဟောင်းဒိုင်းကာ အပေါ်သို့ ရောက်သွားပြီး လွှတ်ခနဲ ပြောလိုက်၏။ “ရေတံဆိပ်!”