← Chapters

ပြန်လည်ရှင်သန်ခြင်း

Vol. 72 Ch. 1149

ပြန်လည်ရှင်သန်ခြင်း

Vol. 72 Ch. 1149

ချန်လွေ့ အသက်သွင်းခဲ့သော [ကြယ်ဂိတ်]က အမှောင်လနယ်မြေသို့ ပြန်မသွားဘဲ ပင်လယ်သေရှိ မီရိုပင်လယ်ပြင်သို့ သွားရောက်ခဲ့သည်။

ကြယ်အပ်နှင်း စင်မြင့်၏ အထူး စွမ်းရည်ကြောင့် သူ ကျက်သရေမျှော်စင် အသုံးပြုရန် မလိုအပ်ခဲ့ပေ။ သူက ဖိုက်သွန်ကို ကြယ်အပ်နှင်း စင်မြင့်တွင် ထားရှိနိုင်ပြီး [ကြယ်ဂိတ်]မှ တိုက်ရိုက် သွားလာနိုင်သည်။ သိဒ္ဓိအလင်းတောင်မှ ထွက်ခွာပြီးနောက်တွင် ချန်လွေ့သည် ဖိုက်သွန်၏ ပေါင်းစပ် အခြေအနေကို ပယ်ဖျက်လိုက်ပြီး အတူ ပျံသွားခဲ့သည်။

ဖိုက်သွန်၏ အတွေးနယ်ချဲ့နေသော အမူအရာကို မြင်သောအခါ ချန်လွေ့က စကားစလိုက်သည်။ “ခင်ဗျား ကျုပ်ကို မေးချင်နေတာလား။ ဘာလို့ အဆုံးသတ် တိုက်ကွက်ကို ရာဖယ်ရယ်ဆီ မသုံးခဲ့ တာလဲလို့လေ။”

“ရှင်က အရေးကြီးတဲ့ အခိုက်အတန့်မှာ စိတ်ပျော့မယ့်လူ မဟုတ်ဘူး။ ရှင်က လူတော်တော်များများထက် ပိုပြီးတော့ ပြတ်သားတယ်။” ဖိုက်သွန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ “အဲဒီအတွက် အကြောင်းရင်းက ရှင့်ရဲ့ မျက်လုံးထဲမှာ ရာဖယ်ရယ်က သေတာထက် အသက်ရှင် နေတာက ပိုပြီးတော့ တန်ဖိုးရှိလို့... အနည်းဆုံးတော့ အခု အဆင့်မှာပေါ့။ ဒါမှမဟုတ် ရှင်က မိုက်ကယ်နဲ့ ဂေဘရီယယ်တို့ရဲ့ လက်စားချေမှုက ရှင့်ရဲ့ အစီအစဉ်ကြီးကို လမ်းချော်သွားမှာ စိုးရိမ်နေတာလား။”

“ပထမဆုံး အနေနဲ့ အဲဒီတိုက်ကွက်က ရာဖယ်ရယ်ကို သတ်နိုင်မလား ဆိုတာ မသေချာခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ခုနက သိဒ္ဓိအလင်းတောင်မှာ ရှိနေခဲ့တာ။ ရာဖယ်ရယ်မှာ ဆာရီရယ်လိုမျိုး အထူး ခန္ဓာအမျိုးအစား ရှိတယ်။ အထူးသဖြင့် တိုင်းပြည်ငယ် မပျက်စီးသေးရင်ပေါ့။ ပြီးတော့ ခင်ဗျား သိပါတယ်။ ကျုပ်က အခု ကောင်းကင်တမန်သုံးပါးနဲ့ ရန်ငြိုး မရှိချင်သေးဘူး။ ဒါက ခန့်မှန်းလို့မရတဲ့ ရလဒ်တွေ ဖြစ်လာစေလိမ့်မယ်။”

“ဒါက လူသားလောကနဲ့ နတ်ဆိုးဘုံ အကြားမှာ ရေရှည် အထူးအဆင့် စစ်ပွဲ တစ်ခု ဖြစ်စေပြီးတော့ နှစ်ဖက်စလုံးက အသက်စွမ်းအား အများကြီး ကုန်သွားပြီး အနာဂတ်မှာ တိုက်ခိုက်နိုင်တဲ့ အသူရာ ချောက်နက်ကို မကိုင်တွယ်နိုင်တော့မှာ စိုးရိမ်နေတာလား။”

“အင်း။ အကြောင်း တစ်ခုခုကြောင့် လူသားနဲ့ နတ်ဆိုးဘုံ အကြားက လမ်းကြောင်းဟာ နှစ်၅၀၀ကြာတိုင်း ဖွင့်လှစ်ပြီးတော့ ပြင်းထန်တဲ့ စစ်ပွဲတစ်ခု ဖြစ်ပွားတယ်။ ခင်ဗျား ပြောခဲ့ဖူးတဲ့ စကားအရဆိုရင် ဒါက တကယ်တော့ အနိုင်အရှုံး မရှိတဲ့ စစ်ပွဲ တစ်ခုပဲ။ တကယ့် တန်ဖိုးက စတေးတာတွေပဲ။ ဒါပေမဲ့ ဒါက သာမန် စွမ်းအား အောက်က တိုက်ပွဲပဲ။ ဒီအခြေအနေမှာ တကယ်လို့ အထူး အစွမ်းထက်ပုဂ္ဂိုလ်စစ်ပွဲ ထပ်ဖြစ်ပွားခဲ့ရင် မီးလောင်ရာ လေပင့်သလို ဖြစ်သွားမှာ။ အသူရာချောက်နက် မလာခင် လောကရဲ့ သက်ရှိတွေက ကျုပ်တို့ ကိုယ်တိုင်ကြောင့် ပျက်စီးလုနီးပါး ဖြစ်မှာကို စိုးရိမ်မိတယ်။”

အထူး အစွမ်းထက်သူများသည် သာမန် လူများနှင့် မတူဘဲ နတ်ဆိုးဘုံနှင့် လူသားလောက အကြားတွင် အခြားသော လမ်းကြောင်းဟူ၍ မရှိပေ။ ချန်လွေ့သည် တစ်ချိန်က နတ်ဆိုးဘုံ၌ ကျက်သရေပြာ အင်ပါယာ၏ တော်ဝင်မိသားစုဝင်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုကဲ့သို့သော နေရာလွတ် သွားလာမှုသည် အန္တရာယ် အချို့ ဖြစ်စေသော်လည်း တစ်ကြိမ် အောင်မြင်သွားသည်နှင့် အထူးအစွမ်းထက် ပုဂ္ဂိုလ်များ၏ ဖျက်ဆီးခြင်း စွမ်းအားမှာ အတော်လေး အံ့ဩဖွယ်ကောင်းလိမ့်မည်။

“ကျွန်မ ဝန်ခံပါတယ်။ ရှင့်ရဲ့ စိုးရိမ် ပူပန်မှုတွေက တကယ်ပဲ ကျိုးကြောင်း ဆီလျော်ပါတယ်။” ဖိုက်သွန် ချန်လွေ့ကို ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်၏။ “တကယ်တော့ ရှင်က ‘စတေးတာ’ရဲ့ အမှန်တရားကို ပိုနားလည်ချင်နေပြီးတော့ ဒီလို စတေးမှုမျိုးကို အစားထိုးဖို့တောင် ကြိုးစားနေတာ မဟုတ်လား။ ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောတာကို ခွင့်လွှတ်ပါ။ ရှင်က လူသား တစ်ယောက်ပါ။ အဲဒီ မင်းသားရဲ့သရုပ်က အမှန်ဆိုရင် ရှင့်မှာ အဖေတစ်ယောက်နဲ့ ညီမတစ်ယောက် ရှိနေသေးတယ်။ ပြီးတော့ ရှင့်ရဲ့ အမျိုးသမီးနဲ့ မိတ်ဆွေတွေ အများစုက နတ်ဆိုးတွေ... တကယ် လုပ်နိုင်မယ်ဆိုရင် ရှင်က ဒီစစ်ပွဲကို ရပ်တန့်ဖို့ အစွမ်းကုန် ကြိုးစားမှာပဲ။”

“အမြင်ခံရတာက ခံစားချက် မကောင်းပေမယ့်...” ချန်လွေ့က သူ၏ လက်များကို ဖြန့်လိုက်သည်။ “ဒါပေမဲ့... ဒါက အမှန်ပဲ။ ကျုပ်ရဲ့ သိချင်စိတ်ကို ဖြည့်ဆည်းပေးနိုင်မလား။”

ဖိုက်သွန် ခေါင်းခါလိုက်သည်။ “အခုထိ မရသေးဘူး။”

ချန်လွေ့ အံ့အားသင့်သွား၏။ “ကျုပ်ရဲ့ စွမ်းအားက မလုံလောက်သေးလို့လား။”

“ရှင် လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့ အစွမ်းထက်နိုင်တယ်။” ဖိုက်သွန်က ချန်လွေ့၏ အကြည့်ကို ရင်ဆိုင်လိုက်၏။ “အနည်းဆုံးတော့ ရှင် အဆောင်ပစ္စည်း ၇ခုလုံးကို ကျွမ်းကျင်ရမယ်။ အဲဒီအချိန် ကျွန်မ ရှင်ရဲ့ မေးခွန်းတွေ အားလုံးကို ဖြေပေးမယ်။ ဒါမှမဟုတ် ရှင်က... အဖြေ မလိုတော့တာလည်း ဖြစ်နိုင်တယ်။”

“‘ဒါမှမဟုတ်’ဆိုတာ မရှိဘူး။ ကျုပ် ခင်ဗျားရဲ့အဖြေကို လိုအပ်တယ်ဆိုတာ သေချာတယ်။ ဘာလို့လဲဆို ကျုပ်က... ထားလိုက်ပါတော့။ အဲဒီအကြောင်းကို မပြောတော့ဘူး။” ချန်လွေ့ ‘လူမှားခြင်း’ ကိစ္စကို ရှင်းပြချင်စိတ် မရှိတော့ပေ။ သူက သက်ပြင်းချလိုက်၏။ “အဆောင်ပစ္စည်း ၇ခုအကြောင်း ပြောရရင် ကျုပ် ၆ ခုကို ထိန်းချုပ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ နောက်ဆုံးတစ်ခု ဖြစ်တဲ့ အရိပ်နက်ဝတ်ရုံ၊ ဟင်းလင်းပြင် တံဆိပ်ကိုတော့ ဘာလို့လဲ မသိဘူး။ အခုထိ မထိန်းချုပ်နိုင်သေးဘူး။”

“ဒါဆိုရင်တော့ အောင်မြင်တဲ့အထိ...” ဖိုက်သွန်က အရှေ့မှ ငွေရောင်ဖွေးသော ဧရိယာကို ကြည့်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “အဲဒါ ရေခဲကျွန်း ဆိုတဲ့ဟာလား။”

“ဟုတ်တယ်။ ကျုပ်တို့ ရောက်ပြီ။” ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ ထိုကျွန်းက ထိုစဉ်က မြင်ခဲ့သည်ထက် အတော်လေး ပိုကြီးလာခဲ့သည်။ ၎င်းမှာ လန်ဘို့စ်က ကြွယ်ဝသော ရေဒြပ်စင် စွမ်းအားကို အသုံးပြု၍ ဒြပ်စင်နှလုံးသား အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်း နေခြင်းကြောင့် ဖြစ်လောက်သည်။

“ဟွန့်၊ ရေဒြပ်စင် သံတမန်...” ဖိုက်သွန်က ရေခဲကျွန်း၏ အလယ်ဗဟိုမှ လန်ဘို့စ်၏ ရေခဲရုပ်ထုကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “ဆာ။ မိုက်ကယ်နဲ့ ဂေဘရီယယ်တို့ အရင်က ပြောခဲ့တာကို မှတ်မိသေးလား။”

ချန်လွေ့ စဉ်းစားလိုက်လေသည်။ “ဂေဘရီယယ်က မကြာခင်မှာ ဒြပ်စင် သံတမန်နဲ့ ဒြပ်စင်လောကက ကျုပ်ရဲ့ ရန်သူတွေ ဖြစ်လာမယ်လို့ ပြောခဲ့တယ်။ မိုက်ကယ်က ‘ရယ်စရာကောင်းတယ်’ ဆိုတဲ့ စကားကို သုံးခဲ့တဲ့ပုံပဲ။”

“အမှန်အတိုင်း ပြောရရင်တော့ ရန်သူ ဖြစ်နိုင်ခြေ... အတော်လေး ကြီးတယ်။ ဒါက တကယ် ရယ်စရာကောင်းတဲ့ ကံကြမ္မာ တစ်ခုပဲ။” ဖိုက်သွန်က မှိန်ဖျော့နေသော ကောင်းကင်ကို ကြည့်လိုက်သည်။ “ကျွန်မစဉ်းစားနေတာ တကယ်လို့ ဒီရုပ်တုကို ဖျက်ဆီးလိုက်ရင် ဒြပ်စင် လောကမှာ စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်သွားမလားလို့။”

ချန်လွေ့ ခေါင်းခါလိုက်သည်။ “ဒီကိစ္စနဲ့ ပတ်သက်တဲ့ ယူဆချက်တွေကို ခဏ ဘေးဖယ် ထားလိုက်ကြရအောင်။ ကျုပ် အဲဒီလို လုပ်မှာမဟုတ်ဘူး။ ခင်ဗျားက ကျုပ်ကို ကံကြမ္မာ ယုံကြည်လားလို့ မေးတုန်းက ဘယ်လိုဖြေလဲ မှတ်မိလား။”

“‘ခင်ဗျားသိတဲ့ ကံကြမ္မာနဲ့ ကံတရားကို နတ်ဘုရား ဒါမှမဟုတ် နတ်ဘုရားမ တစ်ပါးတည်းက ထိန်းချုပ်ထားတာ ဆိုရင်တော့ ကံမကောင်းစွာနဲ့ပဲ ကျုပ်မှာ ဟိုးကတည်းက ဆန္ဒတစ်ခု ရှိခဲ့တယ်။ အဲဒါကတော့ ‘အောင်ပွဲ’လို့ခေါ်တဲ့ သီချင်း တစ်ပုဒ်ကို ဆိုနေရင်းနဲ့ အဲဒီမိန်းမလှကို မဖွယ်မရာပုံစံ ဖြစ်အောင် လုပ်ဖို့ပဲ’။”

ဖိုက်သွန်က သူ၏ မူလစကားများကို တစ်လုံးမကျန် ပြောနေသည်ကို ကြားရာ ချန်လွေ့ အနည်းငယ် မှင်တက်သွားသည်။ ထူးထူးခြားခြား လှောင်ပြောင်သည့် အမူအရာတစ်ခု ဖိုက်သွန်၏ နှုတ်ခမ်းတွင် ပေါ်လာသည်။ “ရှင်က ကံကြမ္မာ နတ်ဘုရားမကိုတောင် တပ်မက်ရဲတယ်။ ရှင့်ရဲ့ ကိုယ်ပိုင်စကားလုံးတွေနဲ့ ဆိုရင် ‘အရိုးထဲအထိဆိုးယုတ်တယ်’ဆိုတဲ့ စကားစုတွေက ဆာ့ရဲ့ စရိုက်နဲ့ သမာဓိကို ဖော်ပြလို့ မရနိုင်တော့ဘူး။”

“ကောင်းပါပြီ။ ခင်ဗျား ချီးကျူးတာကို ကျုပ် လက်ခံပါတယ်။” ချန်လွေ့က ပခုံးတွန့်ပြီး သက်ပြင်းချလိုက်သည်။ “အနာဂတ်မှာ ဘာတွေဖြစ်မလဲ ဆိုတာ ကျုပ် မသိဘူး။ ရွေးချယ်ပြီးပြီ ဆိုမှတော့ ကျုပ် နောင်တရတော့မှာ မဟုတ်ဘူး။”

ဖိုက်သွန်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားသကဲ့သို့ပင် အနည်းငယ် တုန်လှုပ်သွားပြီး မျက်လုံးများ အနည်းငယ် ဝေဝါးသွား၏။

ချန်လွေ့က ဖိုက်သွန်၏ ခံစားချက်ကို သတိမပြုမိဘဲ သူ့အာရုံက လန်ဘို့စ်၏ ရေခဲရုပ်ထုပေါ်သို့ ကျရောက်သွားသည်။ သိုလှောင်ရုံမှ ဖောက်ထွင်းမြင်နိုင်သော ပုလင်းပြာကို သူ ထုတ်ယူလိုက်သည်။ အဆို့ကို ဖွင့်လိုက်သည်နှင့် အပြာနုရောင် အရည် အလိုအလျောက် ပျံထွက်လာပြီး ရေခဲရုပ်ထုထဲ နစ်သွားကာ လျင်မြန်စွာ စုပ်ယူခြင်းခံလိုက်ရသည်။

အပြာရောင် ပုလင်းက နေရာလွတ် ပစ္စည်းတစ်ခု ဖြစ်လေသည်။ ၎င်း၏ စွမ်းရည်မှာ မြင်တွေ့ရသည်ထက် များစွာ ပိုကြီးသည်။ တစ္ဆေရေခဲစမ်း၏ ၃ပုံ ၂ပုံခန့် ကုန်ဆုံးပြီးနောက်တွင် ရေခဲရုပ်ထုသည် ၎င်းကို စုပ်ယူခြင်း ရပ်တန့်သွားခဲ့၏။

ခဏအကြာတွင် ရေခဲရုပ်ထုပေါ်တွင် အက်ကွဲကြောင်း တစ်ခုက ပေါ်လာပြီး ကိုယ်ထည် တစ်ခုလုံးသို့ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။ ရေခဲကျွန်းသည်လည်း လျင်မြန်စွာ အရည်ပျော်စပြုလာသည်။

ရေခဲရုပ်ထု လုံးဝ ကြေမွသွားသောအခါ ရေခဲကျွန်းလည်း ပျောက်ကွယ်သွား၏။ လန်ဘို့စ်၏ ခြေထောက်များ ရေပေါ်တွင် လွင့်မျောနေပြီး အပြာရောင်အလင်းဖြင့် ဖုံးလွှမ်းထားကာ ပင်လယ်နှင့် ပေါင်းစပ်နေ သကဲ့သို့ ထင်ရသည်။

အပြာရောင်အလင်း လုံးဝ ငြိမ်သက် သွားပြီးနောက် အရောင်အဝါ ဆုံးရှုံးသွား ခဲ့သော မျက်လုံးများသည် တောက်ပမှုကို ပြန်လည်ရရှိသွားခဲ့၏။

“ပြန်လည် ရှင်သန်ရတာက တကယ်ပဲ ခံစားလို့ ကောင်းတယ်။” လန်ဘို့စ်၏ မျက်လုံးများတွင် စိတ်သက်သာရာရမှု လင်းလက်နေသည်။ “ဒါက မင်းပဲဆိုတာ သံသယမရှိဘူး။ ချန်လွေ့။ မင်း ကတိ တည်ခဲ့တယ်။ ပြီးတော့လည်း ၃နှစ်ပဲ အချိန်ယူခဲ့တယ်။”

ချန်လွေ့ ရယ်လိုက်သည်။ “ခင်ဗျား အချိန် ဘယ်လောက်တိကျလဲ ဆိုတာကို အံ့ဩမိတယ်။ လန်ဘို့စ်။ နိုးလာတာနဲ့ ချက်ချင်း သဲနာရီ ဒါမှမဟုတ် အချိန်တိုင်း ပစ္စည်းတစ်ခု ကြည့်လိုက်သေးလား။ ကျုပ် ခင်ဗျားကို လူကြိုက်များနေတဲ့ မှော်နာရီ တစ်လုံး ပေးချင်ခဲ့တာ။ အခုတော့ အဲဒါ မလိုတော့ဘူး ထင်ပါတယ်။”

“မင်းက အေးအေးဆေးဆေး ဖြစ်နေပုံ ရပေမယ့် တစ္ဆေရေခဲစမ်းကို ရယူခဲ့တဲ့ ဖြစ်စဉ်က လွယ်ကူမှာ မဟုတ်ဘူးဆိုတာ ခန့်မှန်းနိုင်တယ်။ မင်းရဲ့ ကိုယ်ပေါ်က ကျန်နေတဲ့ တိုက်ပွဲ အမှတ်အသားတွေက တစ္ဆေရေခဲစမ်းကြောင့် ဟုတ်မဟုတ်တော့ မသိဘူး... မင်း စရိုက်နဲ့ဆို တစ္ဆေရေခဲစမ်း ရပြီးတာနဲ့ ချက်ချင်းလာမှာပဲ။” လန်ဘို့စ် ခေါင်းညိတ်လိုက်သည်။ “ငါ အတော်လေး ကျေးဇူးတင်ပြီးတော့ ရင်ထဲထိပါတယ်။ မိုးရီရဲ့ ခံစားချက်တွေကို ငါ နည်းနည်း နားလည်လာပြီ။”

“ရှင်ရဲ့ကျေးဇူးတင်တာနဲ့ ရင်ထဲထိတာ နည်းနည်း အပေါစား ဆန်လွန်းတယ်။” ဖိုက်သွန်၏အသံ ထွက်ပေါ်လာပြီး သူ၏ အသံနေ အသံထားမှာ အထူးသဖြင့် ကြမ်းတမ်းနေသည်။ “ရေဒြပ်စင်ဘုရင်... ဒါနဲ့ ရှင့်ကို ရေဒြပ်စင် သံတမန်ရဲ့ ကိုယ်ပွားလို့ ခေါ်သင့်တယ်!”

လန်ဘို့စ် ဖိုက်သွန်ကို ကြည့်လိုက်၏။ “‘အပေါစားဆန်တယ်’ ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကျဆုံးဖို့ ရွေးချယ်ခဲ့တဲ့သူ... ဒါမှမဟုတ် အမှောင်နတ်ဘုရားရဲ့ အစေခံ တစ်ယောက်။”

ဖိုက်သွန်က လန်ဘို့စ်၏ အမည်ကို ဂရုမစိုက်ပေ။ “တစ္ဆေရေခဲစမ်းကို ခုနက သိဒ္ဓိအလင်းတောင်ရဲ့ ကောင်းကင်တမန် သုံးပါးဆီကနေ အပြင်းအထန် တိုက်ခိုက် ပြီးတော့ ရခဲ့တာ။ တစ္ဆေရေခဲစမ်းကို လိုချင်ရတဲ့ ရည်ရွယ်ချက်ကို သိသွားတော့ မိုက်ကယ်က ဘယ်လိုပြောလဲ သိလား။”

“ဖိုက်သွန်။ အနာဂတ် အကြောင်းကို အနာဂတ်မှာ ပြောတာပေါ့။ လန်ဘို့စ်က အခု ကျုပ်ရဲ့မိတ်ဆွေပဲ။” ချန်လွေ့က ဖိုက်သွန်ကို တားလိုက်၏။ “တကယ်လို့... အနာဂတ် တစ်နေ့နေ့မှာ ရန်သူတွေ ဖြစ်လာရမယ် ဆိုရင်တော့ သက်ညှာမှာ မဟုတ်ဘူး။ ဒီလက်တွေနဲ့ ကိုယ်တိုင် အဆုံးသတ်ပေးမယ်။ အရင်က ခင်မင် ရင်းနှီးမှုတွေ အတွက်ပေါ့။”

ဖိုက်သွန် ခဏတာ တိတ်ဆိတ်သွားပြီး ဘာမှမပြောတော့ပေ။ ရေဒြပ်စင်ဘုရင်က ချန်လွေ့ကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ “ဒါက လန်ဘို့စ်အတွက် ဂုဏ်ယူစရာပါ။”

“ကျုပ်အတွက်လည်း ဂုဏ်ယူစရာပါ။”

လန်ဘို့စ်ကို ကယ်တင်ခြင်း ပြီးနောက် ရေဒြပ်စင်ဘုရင်က ရေဒြပ်စင်ကောင်များ နက်ပြာပင်လယ်ပြင်သို့ ပြန်သွားခဲ့သည်။ သိဒ္ဓိအလင်းတောင် သဘောတူညီချက်နှင့် လန်ဘို့စ်ကို ကယ်တင်ခြင်းတို့ ပြီးဆုံးပြီး နောက်တွင် ချန်လွေ့သည် အတော်လေး စိတ်သက်သာရာ ရသွားသည်။ သူသည် ဖိုက်သွန်ကို [ကြယ်ဂိတ်] မှတစ်ဆင့် အမှောင်လ နယ်မြေသို့ တခါတည်း ပြန်ခေါ်သွား၏။

ချန်လွေ့သည် အမှောင်လ နေအိမ်သို့ ရောက်သောအခါ ချက်ချင်းပင် ဝန်းရံခြင်း ခံလိုက်ရသည်။

အသီနာ၊ ခီရာ၊ အစ်ဇဘယ်လာ၊ ဇိုလာ၊ ရှီရာ... လူအများအပြားပင်။

သူက ယနေ့ သိဒ္ဓိအလင်းတောင်သို့ သွားရောက်မည်ကို လူတိုင်း သိကြပြီး လူသားလောကမှ အစွမ်းအထက်ဆုံး နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် သုံးဦးကို ရင်ဆိုင်ရမည်ကို သိကြသည်။ ထို့ကြောင့် သူတို့အားလုံး သူ ဘေးကင်းစွာ ပြန်လာမည်ကို စိုးရိမ်တကြီး စောင့်ဆိုင်း နေကြသည်။ ရှီရာပင် အထူးတလည် ပြေးလာခဲ့၏။

သူ ဘာမှမဖြစ်သည်ကို မြင်သောအခါ လူတိုင်း စိတ်သက်သာရာ ရသွားကြပြီး အချို့က ဖုန်းများကို ထုတ်ယူလိုက်ပြီး အဝေးမှ ဧကရီဘုရင်မ နှစ်ပါးထံသို့ ဘေးကင်းကြောင်း သတင်းပို့ခဲ့ကြသည်။

ထိုသို့ စိုးရိမ်သောက ရောက်နေသော မျက်လုံးများကြောင့် ချန်လွေ့က သူ၏ နှလုံးသားထဲ နွေးထွေးမှု ခံစားလိုက်ရပြီး ပြုံးလိုက်သည်။ “စိတ်မပူကြပါနဲ့။ ကျုပ် ဘာမှမဖြစ်ပါဘူး။”

အသီနာက သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ “တကယ်ပဲ ဘာမှ မဖြစ်ဘူးလား။”

“ဒါပေါ့။ မယုံရင် ထိကြည့်...”

မကြာမီ ချန်လွေ့က ထိုစကားအတွက် နောင်တရသွားသည်။

အသီနာ လှုပ်ရှားမှု မပြုနိုင်ခင်မှာပင် သူ၏ နောက်မှ တစ်စုံတစ်ယောက်က လက်မောင်းကို ဆွဲညှစ်လိုက်ပြီး သူ၏ အခြား လက်မောင်းကို ထိလိုက်ကာ နောက်ထပ် လက်ချောင်း တစ်ချောင်းက ခါးကို ဆွဲညှစ်လိုက်သည်။ ထိုလှုပ်ရှားမှုမှာ အနည်းငယ် ရင်းနှီး၏။ သံသယရှိသူ ၅ဦးထက် မပိုလောက်ပေ။

ချက်ချင်း ဆိုသလိုပင် လူပိုများလာ၏။ သူ၏ တင်ပါးကိုပင် အကိုင်ခံလိုက်ရသည်။ ချန်လွေ့၏ ဆံပင်များ ထောင်သွားပြီး အိုဟိုဟိုဟိုဟို ရယ်မောသံကို မသဲမကွဲ ကြားလိုက်ရ၏။

ချန်လွေ့က အမျိုးသမီး လူမိုက်ကို ဆူပူရန် ပါးစပ်ကို ဖွင့်တော့မည့်အချိန်၌ သူ၏မျက်နှာ ရုတ်တရက် ဆုပ်နယ်ခြင်း ခံလိုက်ရပြီး ထူးဆန်းသော အမူအရာ အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ ခဏတာ စကားမပြောနိုင်တော့ပေ။ ထိုသို့ လုပ်ခဲ့သူမှာ သူ၏ အဖိုးတန်သမီးလေး သော်သော် မဟုတ်ဘဲ ရှီရာပင်။

ဒါက လုံးဝကို လက်စားချေတာပဲ!

သိပ်မကြာခင်တုန်းက သူ တမင်တကာ အေးစက်တဲ့ မျက်နှာထား ပြတုန်းက ငါ့ရဲ့ ပွတ်သပ်တာ ခံရလို့ ဒေါသထွက်နေတာ နေမယ်...

နောက်ကျောမှာ တွဲခိုနေတဲ့သူကတော့ ဧကရီ အရှင်မရဲ့ ညီမတော်ပဲ ဖြစ်မယ်။ ဘယ်လိုသိလဲ ဟုတ်လား။ ပြောပြမယ်။ ဒါက နောက်ကျောမှာ မကောင်းဆိုးဝါး ထိတွေ့မှု တစ်ခုပဲ။ ဒီလိုအရပ်အမြင့်မှာ သူ့ထက် ရင်ပြားတဲ့သူ ဘယ်သူရှိလို့လဲ...

စနောက်နေစဉ်မှာပင် ချန်လွေ့က တဖြည်းဖြည်း ပျောက်ကွယ်သွားသော တစ်စုံတစ်ယောက်ကို ရုတ်တရက် လှမ်းမြင်လိုက်ရ၏။ အမှောင်တေးသံက သူ၏ စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။

အထီးကျန်ခြင်းက တစ်ယောက်တည်း အတွက် ပွဲတော်တစ်ခုပဲ။

သို့သော် သူက ထိုအကြောင်းကို ထပ်ပြီး စဉ်းစားရန် စိတ်မပါတော့ပေ။ အကြောင်းမှာ ပါ့ဂ်လီအိုနှင့် ရိုမန်၊ တိရစ္ဆာန် နှစ်ကောင်က လက်မှတ်ထိုး ဘောပင်များဖြင့် ပြေးဝင်လာခဲ့ကြပြီး နောက်တွင် လာလာရီယာက ပြုံးဖြီးဖြီးနှင့် လိုက်လာလေသည်...

နာရီဝက် ကြာပြီးနောက်-

ချန်လွေ့က ဆိုဖာပေါ် တိတ်ဆိတ်စွာ ထိုင်နေပြီး ခီရာက အပြုံးကို ထိန်းချုပ်ကာ မျက်နှာသုတ်ပုဝါ အစိုဖြင့် ချန်လွေ့၏ မျက်နှာမှ‘စာ’ကို သုတ်ပေးနေလေသည်၊ “ပြန်လည် ကြိုဆိုပါတယ်။ ကြင်ရာတော် မင်းသား။”

ရှုပ်ပွနေသော မျက်နှာကို ကြည့်ရင်း သူ၏ ပတ်ပတ်လည်မှ လူတိုင်းက ရယ်မောလိုက်ကြ၏။ ရေခဲတုံးမိန်းမလှ အဖြစ် အမြဲတမ်း ဖော်ပြလေ့ရှိသော ရှီရာပင် မျက်နှာတည်မထားနိုင်တော့ပေ။

“ဒါက အရမ်းလွန်သွားပြီ။ ဘယ်သူ အရင်စခဲ့တာလဲ။” ချန်လွေ့ ဒေါသတကြီး ပြောလိုက်သည်။ သူတို့က လက်မှတ်ထိုး ဘောပင်များ အဆင်သင့် ရှိနေကြသည်။ သေချာပေါက် ကြိုတင် ကြံစည်မှု ဖြစ်ရပေမည်!

“သူပဲ”! အသံများစွာ တပြိုင်တည်း ထွက်ပေါ်လာသည်။ အစ်ဇဘယ်လာက ခီရာကို လက်ညှိုးထိုးပြသည်။ ခီရာက ပါ့ဂ်လီအိုကို လက်ညှိုး ထိုးပြသည်။ ပါ့ဂ်လီအိုက ရိုမန်ကို လက်ညှိုးထိုးသည်။ ရိုမန်က လာလာရီယာကို လက်ညှိုး ထိုးပြသည်...

ကောင်းပြီလေ။ ပြည်သူကို ဥပဒေက အပြစ်မတင်ဘူး။ ခင်ဗျားတို့ အားလုံး နိုင်ပါတယ်။ ချန်လွေ့က အကူအညီမဲ့စွာ နဖူးကို ထိလိုက်သည်။ “ဒီ‘ကြိုဆိုပွဲ အခမ်းအနား’က ဘယ်သူ့အကြံလဲ!”

“သူပဲ!” ယခုတစ်ကြိမ်တွင် ‘စွပ်စွဲချက်’ ပစ်မှတ်မှာ တူညီနေသော်လည်း ၎င်းမှာ ချန်လွေ့ မျှော်လင့်ထားသလို ပါ့ဂ်လီအို သို့မဟုတ် အစ်ဇဘယ်လာ မဟုတ်ပေ။

လူတိုင်း လက်ညှိးထိုးပြနေသော မစ်- နတ်မိမယ်နဂါးက မျက်နှာပျက်နေ၏။ “ဘာပြောတာလဲ။”

All Chapters