ချိုသာသည့် မြို့အုပ်ချုပ်သူ
Vol. 25 Ch. 361
လျှိုမင်ယွမ်တို့ ထွက်ခွာသွားချိန်တွင် ဒဏ်ရာရရှိသွားသည့် မြို့စောင့်က ဒေါသများထွက်လာ၏။
“မြို့စောင့်တစ်ယောက်ကို စော်ကားလို့ မရဘူးဆိုတာ မင်းတို့သိစေရမယ်...”
ထိုသူက အံကြိတ်ကာ ရေရွတ်လိုက်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားတော့သည်။
ဟိုင်တုယီသည် လျှိုမင်ယွမ်ကို လမ်းပြလာခဲ့ရာ တစ်လျှောက်လုံးတွင် နတ်ပင်လယ်မြို့တော်၏ အခြေအနေများကို ရှင်းပြခဲ့၏။
နတ်ပင်လယ်မြို့တွင် လူငယ်များ၏ အိမ်မက်က မြို့စောင့်တပ်မှုး ဖြစ်လိုကြခြင်းပင်။ မြို့စောင့်တပ်မှုးရာထူးတွင် များစွာသည့် အရင်းအမြစ်များ ရရှိကာ တိုးတက်လာနိုင်မည်ဖြစ်၏။
သို့မှသာ ဂိုဏ်းကြီးများ၏ မျက်စိကျခြင်းကို ခံရမည်ဖြစ်ပြီး ထိုဂိုဏ်းများသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးများ ရရှိလာနိုင်သည်။
လျှိုမင်ယွမ်က နတ်ပင်လယ်မြို့တော်၏ အခြေအနေကို အကြမ်းဖျင်း နားလည်သွား၏။
ထို့နောက် သူ၏ စစ်ဆေးမှုအရ ဤမြို့တော်မှ လူငယ်များက စဦးအလွှာနှင့် အလယ်လတ်အလွှာများတွင်သာ ရှိနေကြသည်။
သို့သော် တိတ်တဆိတ် စစ်ဆေးခဲ့သည့်တစ်လျှောက် သူ၏ အာရုံကို ဖမ်းစားနိုင်သည့် လူငယ်များကို မတွေ့သေးချေ။
“သခင်လေးက...၊ ဘယ်ဂိုဏ်းက အကြီးအကဲဆိုတာကို ကျွန်ုပ်ကို ပြောပြလို့ရနိုင်လား...”
ဟိုင်တုယီက သိလိုစိတ်နှင့် မေးလိုက်၏။ လျှိုမင်ယွမ်၏ စွမ်းအားအရ ဂိုဏ်းတစ်ခုခု၏ အကြီးအကဲ ဖြစ်နေနိုင်သည်ဟု တထစ်ချယုံကြည်ထားသည်။
“ဟွမ်းရှန့်နန်းတော်...”
လျှိုမင်ယွမ်က ကွယ်ဝှက်မထားချေ။ ဟိုင်တုယီ၏ မေးခွန်းကို တုန့်ပြန်လိုက်၏။ ဟိုင်တုယီက စိတ်ရှည်ရှည်နှင့် နတ်ပင်လယ်မြို့တော်အကြောင်းကို နေ့ဝက်ခန့် စိတ်ရှည်ရှည်နှင့် ရှင်းပြ ပြောဆိုခဲ့သည်။
ဤနေ့ဝက်အတွင်း လျှိုမင်ယွမ်က ဟိုင်တုယီ၏ စိတ်နေစိတ်ထားကို အကြမ်းဖျင်း လေ့လာနေခဲ့၏။
“ဟွမ်းရှန့်...နန်းတော်...”
ဟိုင်တုယီက သံယောင်လိုက် ရေရွတ်နေ၏။ သူ၏ မှတ်ဉာဏ်တွင် ထိုသို့ အဖွဲ့အစည်းမျိုး ရှိမရှိကို မသေမချာဖြစ်နေသည်။
သူဇဝေဇဝါဖြစ်နေသည်မှာလည်း မထူးဆန်းချေ။ ဟွမ်းရှန့်နန်းတော်၏ ပေါ်ထွက်လာမှုကို အဆင့်မြင့်ကျင့်ကြံသူများကသာ ထည်းထည်းဝင်ဝင် သိရှိထား၏။
သူတို့ကဲ့သို့ အဆင့်နိမ့် ကျင့်ကြံသူများ နားမလည်နိုင်သေးသည့် တည်ရှိမှု ဖြစ်နေသည်မှာ သဘာဝကျပေသည်။
သို့သော် ဟိုင်တုယီ၏ အတွေးက လွဲချော်သွားကာ လျှိုမင်ယွမ်သည် ဂိုဏ်းငယ်တစ်ခု၏ အကြီးအကဲဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်၏။
“သခင်လေး...”
ဟိုင်တုယီက မချင့်မရဲနှင့် ခေါ်လိုက်၏။ ထို့နောက် သူက တစ်ခုခုပြောဆိုချင်ဟန်ရှိသည်။
ထိုအချိန်တွင် အင်အားပြင်းသည့် လေသံတစ်ခု ထွက်ပေါ်လာကာ သူတို့နှစ်ဦးကို တားဆီးလိုက်၏။
“ရပ်စမ်း....”
ချပ်ဝတ်တန်ဆာအပြည့်နှင့် ကျင့်ကြံသူများရောက်ရှိလာပြီး လျှိုမင်ယွမ်၏ ရှေ့တွင် ပိတ်ရပ်လိုက်ကြ၏။ ထိုသူများတွင် လျှိုမင်ယွမ်ရိုက်နှက်ခဲ့သည့် မြို့စောင့်ပါဝင်နေသည်။
“တပ်မှုး...၊ အဲ့ဒီလူပဲ...”
မြို့စောင့်က လျှိုမင်ယွင် ကိုညွှန်ပြကာ ပြောလိုက်၏။ သူကို ရိုက်နှက်ခဲ့ခြင်းအပေါ် မကျေမချမ်းဖြစ်ကာ မြို့စောင့်တပ်မှုးကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
“သခင်လေး...၊ အဲ့ဒါမြို့စောင့်တပ်မှုး...”
ဟိုင်တုယီက ရှေ့ဆုံးတွင်ရှိနေသည့် ကျင့်ကြံသူကို တိတ်တဆိတ် ညွှန်ပြကာ လျှိုမင်ယွမ်ကို သတိပေးလိုက်၏။
သူက အနည်းငယ် ထိတ်လန့်နေ၏။ မြို့စောင့်တပ်မှုးကိုယ်တိုင် ရောက်ရှိလာခြင်းက ကောင်းသည့် ကိစ္စ ဖြစ်လာတော့မည် မဟုတ်ပေ။
သို့သော် လျှိုမင်ယွမ်က ဂရုမစိုက်သည့်အလား မောက်မာစွာ ဆိုလိုက်၏။
“မသေချင်ရင် လမ်းဖယ်စမ်း...”
ဟိုင်တုယီ “...”
ဟိုင်တုယီက လန့်ဖြန့်သွားရသည်။ သူသည် မြို့စောင့်တပ်မှုးဖြစ်ကြောင်း သတိပေးလိုက်သော်လည်း ထိုသူများကို ခွေးများကို မောင်းထုတ်နေသည့်အလားပင်။
သူက တားဆီးရန် ကြံရွှယ်ကာ လျှိုမင်ယွမ်ကို တိတ်တဆိတ်ကြည့်မိသွား၏။ သို့သော် လျှိုမင်ယွမ်၏ အသွင်ကြောင့် နှုတ်တိတ်သွားရသည်။
လျှိုမင်ယွမ်က မြို့စောင့်တပ်မှုးနှင့် တပ်သားများကို ပုရွက်စိတ်များကို ရှုမြင်နေသည့်အလားပင်။ ဆက်လက် ရှုပ်ထွေးပါက နင်းခြေတော့မည် အသွင်ပင်။
“မင်း...၊ တပ်မှုးကို အဲ့ဒီလို ပြောရဲတယ်လား...သေချင်နေပြီလား...”
မြို့စောင့်၏ နောက်မှ တပ်သားများက ဒေါသမိုးမွှန်လာကာ အော်ဟစ်လိုက်၏။
“ဆူညံလိုက်တာ...”
လျှိုမင်ယွမ်က စိတ်မရှည်သည့် အသွင် ပြုလုပ်လိုက်သည်နှင့်တပြိုင်နက် စွမ်းအင်လှိုင်းတစ်ခုက ထွက်ပေါ်လာသည်။ ၎င်းသည် မြို့စောင့်တပ်သားများကို ထိမှန်သွားကာ လွင့်စင်သွားလေ၏။
အလယ်လတ်အလွှာ ကျင့်ကြံသူများ ပါဝင်လာသော်လည်း သူ၏ ပြိုင်ဘက် ဖြစ်မနေချေ။
“မင်း...”
တပ်မှုးက ဒေါသထွက်သွားရ၏။ မျက်စိရှေ့မှာပင် သူ၏ တပ်သားများကို ရိုက်နှက်ဝံ့သည်။ ထိုအရာက နတ်ပင်လယ်မြို့တော်အား ဂရုမစိုက်ဟု ပြောဆိုခြင်းနှင့် အတူတူပင်။
“သေစမ်း...”
တပ်မှုးက လျင်မြန်သည့် အရှိန်နှင့် လျှိုမင်ယွမ်ကို စတင်တိုက်ခိုက်လိုက်၏။
ဟိုင်တုယီက ထိတ်လန့်သွားသည်။ မြို့စောင့်တပ်မှုးများက အထွတ်ထိပ် အလွှာများပင်။ ထိုသူ၏ တိုက်ခိုက်မှုတစ်ခုနှင့်ပင် သူကဲ့သို့ စဦးအလွှာ ကျင့်ကြံသူများက ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်သည်။
သို့သော် လျှိုမင်ယွမ်က တိုးဝင်လာသည့် တပ်မှုးကို ကြည့်ကာ တုပ်တုပ်မျှပင် မလှုပ်ချေ။
“သေစမ်း...”
တပ်မှုးက လျှိုမင်ယွမ်ရှေ့ ရောက်လာချိန်တွင် သူ၏ လက်တွင် စွမ်းအင်များ စုဝေးစေလိုက်ကာ လျှိုမင်ယွမ်ကို ရိုက်ချလိုက်၏။
“ဘုန်း...”
ပုံရိပ်တစ်ခုက မြန်ဆန်သည့် အရှိန်နှင့် အကွာအဝေးတစ်ခုအထိ လွင့်စင်သွားသည်။
သို့သော် လွင့်စင်သွားသည်မှာ တိုက်ခိုက်ခံရသည့် လျှိုမင်ယွမ်တော့မဟုတ်ချေ။ တိုက်ခိုက်မှု စတင်သည့် တပ်မှုးသာဖြစ်၏။
ဟိုင်တုယီက အဖြစ်အပျက်ကို ငေးငိုင်ကာ ကြည့်မိနေသည်။ သူ၏ မျက်ဝန်းများပင် မယုံနိုင်မှုများ ပြည့်နှက်နေသည့်အလား ပြူးကျယ်နေ၏။
တပ်မှုးက ပြင်းထန်သည့် စွမ်းအင်များနှင့် ရိုက်ချလိုက်ချိန်တွင် လျှိုမင်ယွမ်၏ မျက်ဝန်းများနှင့် တစ်ခဏမျှ အကြည့်ချင်း ဆုံသွားသည်။
ထိုသို့ ဆုံတွေ့ခိုက် တပ်မှုးက မှောင်မိုက်သည့် တွင်းနက် အတွင်းသို့ အဆုံးမဲ့ ကျဆင်းသွားသည်ကို ခံစားမိသွား၏။
စက္ကန့်ပိုင်းမျှသာ ဆုံတွေ့မှုဖြစ်ပေါ်လည်း တပ်မှုးအတွက် တစ်သက်တာမျှ ရှည်လျားခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် လျှိုမင်ယွမ်ကို ဆက်လက်၍ မရိုက်နိုင်တော့ပဲ သူကသာ လျှိုမင်ယွမ်၏ ထိုးနှက်မှုကို ခံလိုက်ရ၏။
ဟိုင်တုယီသည် လျှိုမင်ယွမ်က မြို့စောင့်ကို ရိုက်နှက်ခဲ့စဉ်က အထွတ်အထိတ်အလွှာတစ်ဦးဖြစ်မည်ဟု ခန့်မှန်းမိခဲ့သည်။
သို့သော် အထွတ်ထိပ်အလွှာကိုပင် အကြည့်တစ်ချက်နှင့် ရိုက်နှက်ခဲ့ခြင်းကြောင့် သူ၏ ဦးနှောက်က အဖြစ်အပျက်များကို လိုက်မမှီတော့ချေ။
“မင်း...မင်း...ဘယ်သူလဲ...”
တပ်မှုးက တုန်ယီနေသည့် လေသံနှင့် မေးလိုက်၏။ သူက အသက်ကို မောပန်းကြီးစွာ ရှုသွင်းနေရသည်။
သူက ရိုက်နှက်ခံရခြင်းကြောင့် နာကျင်မှုထက် အမှောင်ထုအတွင်း နှစ်မြုပ်မှုကြောင့် သေလုမြောပါးဖြစ်ခဲ့ရ၏။
သူ၏ စိတ်ဝိညာဉ်က တုန်ခါနေကာ ကြောက်ရွံ့မှုများစွာ ခံစားနေရသည်။
လျှိုမင်ယွမ်က ပြန်လည်တုန့်ပြန်ရန်ပင် စိတ်မဝင်စားချေ။
ထို့ကြောင့် သူ၏ လမ်းကြောင်းပေါ်သို့ ပြန်လည် လျှောက်လှမ်းလိုက်ချိန်တွင် နတ်ပင်လယ်မြို့ကို လွှမ်းမိုးသွားသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
“ဒီကရောင်းရင်းကဘယ်သူများလဲ...၊ ကျုပ်ရဲ့ နတ်ပင်လယ်မြို့တော်ကို ဘာကြောင့် ရောက်ရှိနေတာပါလဲ...”
ထိုအသံနှင့်အတူ လူအိုကြီးတစ်ဦး ပေါ်ထွက်လာ၏။ ထိုသူက နတ်ပင်လယ်မြို့တော်၏ အုပ်ချုပ်သူပင်။
အုပ်ချုပ်သူ ရောက်ရှိလာမှုကြောင့် လျှိုမင်ယွမ်၏ ခြေလှမ်းများက ရပ်တန့်သွားလေသည်။
“ခင်ဗျားက မြို့အုပ်ချုပ်သူလား...”
“ကျင့်ကြံသူတွေကို မျှတအောင် မထိန်းချုပ်နိုင်ပဲ မြို့အုပ်ချုပ်သူ ရာထူးကို ယူထားတာ မရှက်ရွံ့ဘူးလား...”
လျှိုမင်ယွမ်က အေးစက်သည့် အကြည့်နှင့် ခက်ထန်စွာ မေးခွန်းထုတ်လိုက်၏။
“မင်း...”
တပ်မှုးနှင့် တပ်သားများက ဒေါသထွက်သွားပြီး အော်ဟစ်ရန်ကြိုးစားလိုက်ချိန်တွင် မြို့အုပ်ချုပ်သူက ကြိမ်းမောင်းလိုက်သည်။
“တိတ်စမ်း...”
မြို့အုပ်ချုပ်၏ ဒေါသကြောင့် တပ်မှုးနှင့် တပ်သားများက ငြိမ်ကျသွား၏။ သူတို့က မြို့သခင်၏ စကားကို မလွန်ဆန်ရဲချေ။
ထို့နောက် သူ၏ မျက်နှာထားက ပြေလျော့သွားပြီး လျှိုမင်ယွမ်ကို ကြည့်ကာ အားနာဟန်နှင့် ဆိုလိုက်သည်။
“ရောင်းရင်းလေး...၊ ကျုပ်..အသင်အပြ ညံ့ဖျင်းမှု့အတွက် ရှက်ရွံ့မိပါတယ်....”
“ဘယ်လို...”
ဟိုင်တုယီ အပါအဝင် အားလုံးက နားကြားမှားသည်ဟုပင် တွေးထင်မိသွား၏။
မြို့အုပ်ချုပ်သူက နယ်မြေသခင်တစ်ဦးဖြစ်ပြီး နတ်ပင်လယ်မြို့တွင် ထိပ်သီးတည်ရှိမှုဖြစ်သည်။
ထိုသို့သူကပင် ငယ်ရွယ်လှသည့် လူငယ်လေးကို ချိုသာစွာ ဆက်ဆံနေရ၏။ သူတို့က အံ့ဩလွန်း၍ ခြေမကိုင်မိ လက်မကိုင်မိပင် ဖြစ်သွားရသည်။
‘ဒီလူငယ်ရဲ့ ဇစ်မြစ်က ဘာများလဲ...”