အကူအညီပေးခြင်း
Vol. 25 Ch. 368
“ဘုန်း...”
ဟွားရှီးယင်က ကောင်းကင်ကျား၏ တိုက်ခိုက်မှုများကို ပြန်လည်တုန့်ပြန်နေ၏။ သူမက ကြာပန်းအသွင် စွမ်းအင်ပုံရိပ်များနှင့် အဆက်မပြတ် ခုခံနေသည်။
သို့သော် ထိုသူက တိုက်ခိုက်မှုများကို မလျော့ချပဲ ပို၍ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်နေ၏။
ကောင်းကင်ကျား၏ တိုက်ခိုက်မှုများကို ဖြေရှင်းနိုင်သော်လည်း ထိုသူကို ဖိအားပေး အဆုံးသတ်ရန် မလွယ်ကူ ဖြစ်နေသည်။
ထို့ကြောက့် ယွီလျန်မြို့မှ ကျင့်ကြံသူတစ်ချို့က ဒဏ်ရာပြင်းထန်ကာ လဲကျကုန်၏။
“သေစမ်း...”
ထိုအချိန်တွင် လက်ယာရံကာကွယ်သူက သူမထံသို့ ရုတ်ချည်းဝင်ရောက်လာကာ တိုက်ခိုက်လိုက်သည်။ နယ်မြေဘုရင် ရောက်ရှိမလာခင် သူတို့က မြို့တစ်ခုကို အလျင်အမြန် အညံ့ခံစေရန် ကြိုးစားလိုက်၏။
သူမ အငိုက်မိသွားချိန်ဖြစ်နေသောကြောင့် လက်ဝဲရံ ကာကွယ်သူ၏ တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်တော့ချေ။
“ဆရာ...သတိထား...”
တိုက်ပွဲအတွင်းမှ ဟွားယီယီက ဟစ်အော်၍ သတိပေးလိုက်၏။ သူမ၏ လက်ရှိအဆင့်နှင့် ထိုတိုက်ပွဲအတွင်း ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိချေ။
“ဂျိမ်း...”
လက်ယာရံကာကွယ်သူက ဟွားရှီးယင်အနီးရောက်ရှိချိန်တွင် ရုတ်ချည်းဆိုသလို ကောင်းကင်ထက်မှ မိုးကြိုးများစွာ ပေါ်ထွက်လာသည်။
“ဘုန်း..၊ ဘုန်း..”
မိုးကြိုးများက ဆက်တိုက်ဆိုသလို လက်ယာရံ ကာကွယ်သူကို ထိမှန်သွားတော့၏။
“ဘယ်သူလဲကွ...”
လက်ယာရံ ကာကွယ်သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထွက်ပေါ်လာသည့် မိုးကြိုးများက အလွန်အမင်း သန်မာလှ၏။ သူ့ကိုယ်သူပင် မနည်းကာကွယ်လိုက်ရသည်။
ထိုအချိန်တွင် ပုံရိပ်လေးခုက ကောင်းကင်ထက်မှ အလျင်အမြန် ဆင်းသက်လာ၏။
“ကျားစုတ်တွေ...ဒီနယ်မြေကို ကျုးကျော်ချင်တိုင်း ကျုးကျော်ရအောင် အတော်သတ္တိကောင်းနေတာလား...”
စူးရှသည့် လေသံက ကောင်းကင်ကျားမျိုးနွယ်များ၏ နားအတွင်း ဝင်ရောက်သွားသည်။ ကောင်းကင်အလွှာကျင့်ကြံသူများဆိုလျှင် နားထဲမှ သွေးများပင် စီးကျလာ၏။
“သခင်လေးတို့...၊ ကျေးဇူးတင်ပါတယ်...”
ဟွားရှီးယင်နှင့် ဂိုဏ်းချုပ်သုံးဦးက ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
ဟွမ်း၏ တပည့်များ ရောက်ရှိလာမှုကြောင့် ဟွားရှီးယင်နှင့် ဂိုဏ်းချုပ်သုံးဦးတို့က အသက်ရှုချောင်သွား၏။
“ဒါအတွက်...ကျုပ်တို့ကို ကျေးဇူးတင်ဖို့မလိုပါဘူး...”
လုရှင်းယန်က ခေါင်းခါယမ်းကာဆိုလိုက်၏။
သူတို့က တပည့်များ ရှာဖွေနေသည့်မှာ တစ်ပတ်ကျော်ခန့်ကြာမြင့်ပြီးချိန်တွင် ယွီလျန်မြို့နှင့် နီးကပ်သည့် မြို့တော်တစ်ခုသို့ ရောက်ရှိနေကြသည်။
ထိုအချိန်တွင် ဟွမ်းဆီက သတင်းရရှိလိုက်သောကြောင့် အချိန် မဆွဲပဲ ရောက်ရှိလာခြင်းပင်။
“မင်းတို့လား...၊ ကောင်းကင်ကျားမျိုးနွယ်ကို သတ်ဖြတ်ရဲတဲ့ကောင်တွေက...”
လက်ယာရံကာကွယ်သူက မျက်မှောင်ကြုတ်သွား၏။ ထိုလူငယ်များထံမှ ပေါ်ထွက်နေသည့် အရှိန်အဝါကြောင့် ခွန်အားက မသေးငယ်လှပေ။
ထို့ကြောင့် လက်ဝဲရံနှင့် ဟူကျောင်းယွမ်တို့ကို သတ်ဖြတ်ခဲ့သူများ ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။
ထိုအချိန်တွင် တိမ်လွှာဓားက ‘လက်ခနဲ့’ ဖြစ်သွားကာ ဓားအလင်းတစ်ချို့ ထွက်ပေါ်လာ၏။
“ရွှစ်...”
“ဘုန်း..ဘုန်း...”
ထိုသို့ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်အလွှာကျင့်ကြံသူများက ရုတ်ချည်း လဲကျကုန်သည်။
“မင်း...”
လက်ယာရံကာကွယ်သူက အလွန်အမင်းဒေါသထွက်သွားကာပိုင်ကျန့်ယွီကို တိုက်ခိုက်ရန် ကြံရွယ်လိုက်၏။
သို့သော် မိုးကြိုးတန်းတစ်ခု ဝင်ရောက်ကာ တားဆီးလိုက်သည်။
“ဂျိမ်း...”
“ရှင့်ရဲ့ ပြိုင်ဘက်က ကျွန်မပဲ...”
ကျောက်ဝမ်အာက သူမ၏ စီနီယာများရှေ့မှ ပိတ်ရပ်လိုက်ကာ လက်ယာရံကာကွယ်သူကို တိုက်ခိုက်ရန်ကြံရွယ်လိုက်သည်။
သူမက မိုးကြိုးစွမ်းအင်နှင့် အနည်းငယ် အသားကျလာပြီဖြစ်သောကြောင့် တိုက်ခိုက်လိုစိတ်ပြင်းထန်နေသည်။
လက်ယာရံ ကာကွယ်သူက မျက်မှောင်ကြုတ်သွားပြီး နောက် ရေရွတ်လိုက်၏။
“မင်းက...လျှပ်စီးမျိုးနွယ်...”
“ရှင်...စိတ်ထင်တာ လျှောက်ပြောနေပြန်ပြီ...”
ကျောက်ဝမ်အာက ထိုသူ့ကို စကားပြောခွင့်ပင် မပေးတော့ပဲ မိုးကြိုးတန်းများကို ထပ်မံဖော်ထုတ်လိုက်သည်။
“ဂျိမ်း...”
လက်ယာရံကာကွယ်သူက အလျင်အမြန် တားဆီးလိုက်ရ၏။
မြန်ဆန်စွာ ရောက်ရှိလာသည့် မိုးကြိုးတန်းကို သူ၏ လက်သည်းများထုတ်ဖော်ကာ ဖျက်ဆီးလိုက်သည်။
“ဝုန်း...”
လက်ယာရံကာကွယ်သူက သူ၏ လက်များ ထုံကျဉ်သွားရသည်။ ထိုအရာသည် လျှပ်စီးမဟုတ်မှန်း ရိပ်စားမိသွား၏။
‘မိုးကြိုးစွမ်းအင်ကို ကျင့်ကြံနိုင်တဲ့သူ ရှိတာလား...’
“အပြစ်ပေး...မိုးကြိုးနဂါး...”
ကျောက်ဝမ်အာက သူမလက်တစ်ဖက်နှင့် အားမာန်အပြည့်ရိုက်ချသည့် အသွင် ပြုလုပ်လိုက်သည်။
ထိုစဉ်တွင် သူမ၏ လက်တွင်းရှိ မိုးကြိုးများက စုစည်းသွားပြီး နဂါးတစ်ကောင်၏ အသွင်သို့ ပြောင်းလဲသွား၏။
“သွားစမ်း..”
သူမ၏ လက်ဝါးက လက်ယာရံကာကွယ်သူအပေါ်သို့ ကျရောက်သွားသည်။
“ဝေါင်း...”
မိုးကြိုးနဂါးထံမှ ဟိန်းဟောက်သံများ ပေါ်ထွက်လာပြီး လက်ယာရံကာကွယ်သူထံ တိုးဝင်သွား၏။
လက်ယာရံကာကွယ်သူက မှင်သက်မိသွားသည်။ ၎င်းတွင် ကြမ်းတမ်းလွန်းသည့် ဖျက်ဆီးနိုင်စွမ်းများ ပါဝင်နေ၏။
သူက ပေါ့ပေါ့တန်တန်နှင့် တိုက်ခိုက်၍ မရတော့ချေ။
သူ၏ ရက်စက်ကြမ်းကြုတ်သည့် အသွင်ကို ထုတ်ဖော်လိုက်ကာ မိုးကြိုးနဂါးကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ချလိုက်သည်။
“ဝုန်း...”
လက်ယာရံ၏ ကြမ်းကြုတ်သည့် စွမ်းအင်များက မိုးကြီးနဂါးကိုထိမှန်သွား၏။
သို့သော် မိုးကြိုးနဂါးက ပို၍ ကြမ်းတမ်းလှသည်။ လက်ယာရံ၏ တိုက်ခိုက်မှုကို အံတုကာ အဆက် မပြတ် တိုးဝင်နေ၏။
“ချီးတဲ့မှ...”
လက်ယာရံက ဆဲရေးမိလိုက်သည်။ ထိုမိုးကြိုးနဂါးက ခေါင်းမာလွန်း၏။ သူ၏ ရိုက်ချက်နှင့်ပင် မပြိုကွဲချေ။
သူက မတက်နိုင်သည့် အဆုံး စွမ်းအင်များကို မြင့်တင်ကာ လေဟာနယ်အတွင်းမှ လက်သည်းကြီးတစ်ခု ထုတ်ဖော်လိုက်၏။
“မရဏ လက်သည်း...”
ကျားတစ်ကောင်၏ လက်သည်းကြီးက ကောင်းကင်ထက်မှ တဟုန်ထိုး ထွက်ပေါ်လာသည်။
၎င်းက ကြမ်းတမ်းစွာ ဆင်းသက်လာသောကြောင့် အခြားနယ်မြေသခင်များပင် ၎င်းထံမှ ကြောက်မက်ဖွယ်ဖိအားကို ခံစားမိလိုက်ကြရ၏။
လက်သည်းကြီးသည် မြန်ဆန်လွန်းသည့် အရှိန်အဟုန်နှင့် မိုးကြိုးနဂါး၏ ကိုယ်ထည်ကို ထိုးဖောက်လိုက်သည်။
“ဝုန်း...”
စွမ်းအင်နှစ်ခု၏ ထိခတ်သံကြောင့် ကြမ်းတမ်းလွန်းသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာ၏။
ထိုပေါက်ကွဲမှုအရှိန်ကြောင့် နယ်မြေသခင်များ၏ ဟန်ချက်က ပျက်ယွင်းသွားကာ တိုက်ပွဲနှင့် ဝေးရာသို့ ရှောင်တိမ်းလိုက်ကြရသည်။
“ဒီလောက်အထိ ကြောက်စရာကောင်းတာလား...”
နယ်မြေသခင်များ၏ ရင်တွင်း တုန်လှုပ်မှုကို ခံစားလိုက်ရ၏။ သူတို့သာ ထိုတိုက်ပွဲအလယ် ရောက်ရှိပါက သေဆုံးသွားနိုင်ဖွယ်ရာရှိသည်။
မိုးကြိုးနဂါးနှင့် ကောင်းကင်ကျားလက်သည်း ပုံရိပ်နှစ်ခုက ပြယ်လွင့်သွားပြီးနောက် လက်ယာရံ၏ မျက်ဝန်းများက ကြမ်းကြုတ်လာ၏။
သူက ထိုမိန်းမငယ်လေးကို လျော့မတွက်ထားသည့်တိုင် သူမ၏ တိုက်ခိုက်မှုက ကြမ်းတမ်းလွန်းသည်။
ထို့နောက် သူက လက်ယာရံက ကျောက်ဝမ်အာရှိရာကို ကြည့်လိုက်၏။ သို့သော် ကျောက်ဝမ်အာကို မတွေ့ရတော့ချေ။
သူ၏ မျက်ဝန်းများ မှေးကျဉ်းသွားရသည်။
ထိုအချိန်တွင် ကောင်းကင်ထက်မှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာမှုကို ခံစားမိလိုက်၏။
၎င်းက ကြီးမားသည့် မိုးကြိုးတန်းတစ်ခု ဖြစ်နေသည်။
“ကောင်းကင်မိုးကြိုး...”
ကျောက်ဝမ်အာက လက်ယာရံကို အခွင့် အရေးမပေးတော့ပဲ ဖိနှိပ်ကာ တိုက်ခိုက်နေ၏။ သူမ၏ စီနီယာအစ်ကိုများကို သူမက ကြမ်းတမ်းသည်ဟု ကြွားဝါချင်သောကြောင့်ပင်။
ဟွမ်းရှန့်နန်းတော် တစ်ခုလုံးက ယနေ့ထက်တိုင် သူမကို ကလေးငယ်တစ်ဦးကဲ့သို့သာ ဆက်ဆံနေကြ၏။
ထို့ကြောင့် အရွယ်ရောက်ပြီ ဖြစ်ကြောင်း ပြသရပေမည်။
“ဖျက်ဆီးစမ်း...”
သူမ အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မိုးကြိုးတန်းကြီးက ပြင်းထန်စွာ ကျရောက်လာတော့သည်။
“ပိုင်နက်...၊ ထွက်ပေါ်စမ်း...”
လက်ယာရံက ၎င်းကို သာမန်အတိုင်း ခုခံ၍ မရတော့သည်ကို သိရှိလိုက်ရ၏။ ထို့အပြင် ကလေးမလေးနှင့် အချိန်ဆွဲ၍ တိုက်ခိုက် မနေချင်တော့ပေ။
သူ့တွင် လုပ်ဆောင်ရမည့် ကိစ္စများစွာ ရှိနေသေးသည်။ ထို့ကြောင့် သူ၏ ပိုင်နက်ကိုပင် ဖော်ထုတ်လိုက်၏။
“ဂျိမ်း...”
“ဝုန်း...”
မိုးကြိုးတန်းက လက်ယာရံကို ဖျက်ဆီးရန် ကျရောက်လာသော်လည်း ကြမ်းကြုတ်ဟန်ရှိသည့် ပိုင်နက်က လက်ယာရံကို လွှမ်းခြုံသွားသည်။
လက်ယာရံ၏ ပိုင်နက်က ထင်ထားသည်ထက် သန်မာလွန်းလှ၏။
မိုးကြိုးတန်းက ဖြိုခွင်းလိုက်သော်လည်း ကောင်းကင်ကျားပုံရိပ်ကြီးက တားဆီးလိုက်နိုင်သည်။
လက်ယာရံက စိတ်မရှည်တော့ချေ။ ကလေးမလေးတစ်ယောက်နှင့်တင် အချိန်များစွာ ကုန်ဆုံးနေပြီဖြစ်၏။
“ကလေးမလေး...၊ ငါ့ရဲ့ အချိန်တွေကို မဖြုန်းနဲ့တော့...”
လက်ယာရံ၏ ကောင်းကင်ကျား ပုံရိပ်မှတဆင့် အနီရောင်ပိုင်နက် စွမ်းအင်များနှင့် ကျောက်ဝမ်အာကို ဖုံးလွှမ်းရန် ကြိုးစားလိုက်၏။
ကျောက်ဝမ်အာ၏ ကလေးဆန်သည့် မျက်နှာလေးက တင်းမာသွားသည်။ ထွက်ပေါ်လာသည့် အနီရောင်စွမ်းအင်များက ကြမ်းကြုတ်နေသည်။