ရုတ်ချည်းသေဆုံးခြင်း
Vol. 25 Ch. 369
ကျောက်ဝမ်အာ၏ အမူအယာက လေးနက်သွားသည်။ သူမက လက်ယာရံထုတ်ဖော်ထားသည့် ပိုင်နက်၏ လွှမ်းမိုးမှုကို ခံ၍ မဖြစ်နိုင်ချေ။
မဟုတ်ပါက ထိုသူ၏ လက်အောက် ကျရောက်သွားသည်နှင့် မထူးမခြားပင်။
ထို့နောက် ချက်ချင်းဆိုသလို ခြေတစ်ချက်ဆောင့်နင်းလိုက်၏။
“မိုးကြိုးနဂါး...ပိုင်နက်...”
“ဂျိမ်း...”
မိုးကြိုးများက ချက်ခင်းဆိုသလို ကျောက်ဝမ်အာ၏ ခန္ဓာကိုယ်တွင် ရစ်ပစ်လာပြီး နဂါးများ အသွင် ဖြစ်ပေါ်လာသည်။
‘ချင်းယွမ်ထက်...ပါရမီရှိနေတာလား..’
လက်ယာရံက အံ့ဩလွန်း၍ တိုက်ခိုက်မှုပင် ခဏတာ တုန့်ဆိုင်းသွား၏။
လက်ယာရံက ဟူချင်းယွမ်အတွက် အမြဲဂုဏ်ယူခဲ့ရသော်လည်း သူ့ထက် များစွာငယ်ရွယ်သေးသည့် မိန်းကလေးက ပိုင်နက်တစ်ခုပင် ထုတ်လွှတ်နိုင်နေသည်။
သူ့ အတွေးများ ရှုပ်ထွေးသွားရ၏။
သို့သော် မိုးကြိုးတန်းများက ဆက်၍ ရှုပ်ထွေးခွင့် မပေးတော့ချေ။
သူ၏ ပိုင်နက်အတွင်း ဝင်ရောက်လာကာ ဖျက်ဆီးပစ်ရန် ကြိုးစားနေသည်။
“အဲ့လောက်မလွယ်ဘူးကွ...”
လက်ယာရံက ချက်ချင်း အသိဝင်သွားပြီး သူ၏ လက်(ကောင်းကင်ကျားပုံရိပ်မှလက်)နှင့် မိုးကြိုးများကို ဖမ်းဆုပ်လိုက်၏။
“ခွမ်း...”
သူ၏ လက်တွင်း ရောက်ရှိလာသည့် မိုးကြိုးများကို ချေမွပစ်လိုက်သည်။
“ဝေါင်း...”
ကောင်းကင်ကျားပုံရိပ်က မာန်ဖီလိုက်ပြီးနောက် ကျောက်ဝမ်အာရှိရာသို့ တလှမ်းချင်း ထိုးဖောက်လာ၏။
သူမ၏ အနီးအနား ချည်းကပ်နိုင်မှ သူမကို အနိုင်ယူနိုင်ပေမည်။
ထို့ကြောင့် ကျောက်ဝမ်အာ၏ မိုးကြိုးများ ဆက်တိုက်ဆိုသလို ချေမွကာ တိုးဝင်လာ၏။
ကျောက်ဝမ်အာက အနည်းငယ် ထိတ်လန့်သွားသည်။ သူမ၏ ပိုင်နက်ကို ဖြတ်ဆီးကာ ထိုသူက ဝင်ရောက်လာနေ၏။
ထိုအချိန်တွင် ကြီးမားသည့် ကောင်းကင်ကျား လက်ဝါးကြီးက သူမ၏ အထက်မှ လွှမ်းမိုးလာသည်။
“သေစမ်း...”
လက်ယာရံက သူ၏ လက်ဝါးကြီးနှင့် ရိုက်ချလိုက်၏။ သူ၏ ခွန်အားကို အဆုံးစွန်အထိ တိုးမြှင့်ထားခြင်းပင်။
“ဘုန်း...”
သူ၏ ရိုက်ချက်ကြောင့် မိုးကြိုးများက ပြိုခွဲလုနီးပါးဖြစ်သွားရ၏။
သို့သော် လက်ယာရံက ဖိနှိပ်ထားသော်လည်း မျက်မှောင်ကြုတ်နေဆဲပင်။ ကျောက်ဝမ်အာ၏ ပိုင်နက်က မပျက်စီးသေးသောကြောင့် ပို၍ လေးနက်လာ၏။
“မိုးကြိုးခန္ဓာ...”
ဖိနှိပ်ခံထားရသည့် လက်ဝါးအောက်မှ ကျောက်ဝမ်အာ၏ အံကြိတ်သံက ပေါ်ထွက်လာသည်။
“ဂျိမ်း...”
ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် မိုးကြိုးများက ကျောက်ဝမ်အာ၏ ခန္ဓာကိုယ်မှ တဟုန်ထိုး ထွက်ပေါ်လာ၏။
“ဝုန်း...”
“ဝုန်း...”
ချက်ချင်းဆိုသလို မိုးကြိုးမုန်တိုင်းအလား ပျံ့နှံ့သွားပြီး လေထုကိုပင် အက်ကွဲလာစေသည်။
“မဖြစ်နိုင်တာ...”
လက်ယာရံက တုန်လှုပ်သွားရ၏။ သူ၏ လက်ကို အလျင်စလို ရုတ်သိမ်းကာ မိုးကြိုးများ၏ ရိုက်ခတ်မှုကို အသည်းအသန် ကာကွယ်လိုက်ရသည်။
“ကာကွယ်စမ်း...”
အလောတကြီး အော်ဟစ်ကာ သူ၏ ခန္ဓာကိုယ်ကို ကောင်းကင်ကျားပုံရိပ်နှင့် ကာကွယ်လိုက်၏။
“ဝုန်း...”
“ဝုန်း...”
ကျောက်ဝမ်အာ၏ မျက်ဝန်းများတွင် မိုးကြိုးအလင်းတန်းများ ထွက်ပေါ်နေပြီး သူမ၏ ဆံနွယ်များက ကောင်းကင်ထက်တွင် လွင့်မြောနေသည်။
သူမ၏ လက်ကို ဆန့်တန်းကာ အသည်းအသန် ကာကွယ်မှုပြုနေသည့် လက်ယာရံကို ညွှန်ပြလိုက်၏။
“ဂျိမ်း...”
ဝရုန်းသုံးကားဖြစ်နေသည့် မိုးကြိုးတန်းများက စုစည်းသွားပြီး လက်ယာရံဆီသို့ တသတ်မှတ်တည်း ဦးတည်သွားစေသည်။
“ဝုန်း...”
မိုးကြိုးများက ကောင်းကင်ကျားပုံရိပ်ထံ အဆက်မပြတ် တိုးဝင်နေကာ လက်ယာရံကို ကာကွယ်ရုံမှ အခြားရွေးချယ်စရာမရှိစေရန် တွန်းပို့နေ၏။
“ကလေးမကို ငါမရှုံးဘူးကွ...”
လက်ယာရံကာ ဟစ်ကြွေးလိုက်ပြီး နောက် စွမ်းအင်များကို ဖောက်ခွဲလိုက်သည်။
“ဝုန်း...”
ကောင်းကင်ကျား ပုံရိပ်က ပို၍ သန်မာလာဟန်ရ၏။
“ဖျက်ဆီးစမ်း...”
ချက်ချင်းဆိုသလို မိုးကြိုးများကို ထိုးခွဲရန်ကြိုးစားလိုက်သည်။ သို့သော် ရုတ်ချည်း ထိတ်လန့်သွားလေ၏။
“မဟုတ်သေးဘူး...”
“ငါ့ ပိုင်နက်က...”
လက်ယာရံက မယုံနိုင်အောင်ပင် ဖြစ်သွားရသည်။ သူ၏ ပိုင်နက် ပျောက်ကွယ်သွားကာ ကျောက်ဝမ်အာ၏ ပိုင်နက် အတွင်း ကျရောက်နေခြင်းပင်။
“ဘယ်လိုဖြစ်နိုင်မှာလဲ...”
“ဖိနှိပ်စမ်း...”
ကျောက်ဝမ်အာ၏ တင်းမာသည့် လေသံက ထွက်ပေါ်လာသည်။
လက်ယာရံက မိုးကြိုးများနှင့် အလုပ်ရှုပ်နေစဉ် သူမက စွမ်းအင်များကို အတင်းအကြပ်သုံးစွဲကာ လက်ယာရံ၏ ပိုက်နက်ကို ဖျက်ဆီးပစ်ခဲ့၏။
သူမ ထုတ်ဖော်ထားသည့် မိုးကြိုးခန္ဓာက ကြမ်းတမ်းလွန်းသောကြောင့် လက်ယာရံက သတိမထားမိခဲ့ချေ။
“ဝုန်း..”
ချက်ချင်းဆိုသလို လက်ယာရံ၏ ခန္ဓာကိုယ်ကို မိုးကြိုးများ ဝင်ရောက်လာကာ ထိမှန်သွား၏။
“သေစမ်း...”
လက်ယာရံက အံကြိတ်ကာ ခုခံနေသော်လည်း ကျောက်ဝမ်အာ၏ ပိုက်နက်အတွင်း စွမ်းအားအပြည့်အဝ ထုတ်မသုံးနိုင်တော့ချေ။
မိုးကြိုးများ အဆက်မပြတ် ထိမှန်နေမှုကြောင့် သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ထွက်ပေါ်လာကာ စွမ်းအင်များ ကုန်ခမ်းလာပြီဖြစ်၏။
ထို့နောက် ကျောက်ဝမ်အာက သူမ၏ လက်တွင် မိုးကြိုးများကို ဖော်ထုတ်ကာ လက်ယာရံကို ရိုက်ချလိုက်တော့သည်။
“အဆုံးသတ်လိုက်တော့...”
“ရပ်လိုက်စမ်း...”
လက်ယာရံတုန့်ပြန်ရန် ခက်ခဲနေသည့်အချိန်တွင် ကမ္ဘာမြေတုန်ဟီးမတက် ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။
ပြင်းထန်လွန်းသည့် အသံလှိုင်းက ယွီလျန်မြို့တော် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အရှိန်က တော်တော်နှင့်ပင် မသေသေးချေ။
ဟွားရှီးယင်တို့က ထိုအသံကြောင့် သွေးများပင် အန်ထုတ်လိုက်ရသည်။
“ဝုန်း...”
ထိုအသံကြောင့် ကျောက်ဝမ်အာ၏ ပိုင်နက်က ပျောက်ကွယ်သွားရကာ သူမ၏ ခန္ဓာကိုယ်လေးက တုန်လှုပ်သွားသည်။
ကျောက်ဝမ်အာက သူ၏ ခန္ဓာကိုယ်ဟန်ချက်ပင် ပျက်ယွင်းသွား၏။
ထို့ကြောင့်ပင် ဒဏ်ရာဗရပွနှင့် လက်ယာရံ ကောင်းကင်ထက်မှ ပြုတ်ကျသွားရသည်။
“ဘုန်း...”
လုရှင်းယန်တို့ သုံးဦးက ကျောက်ဝမ်အာရှေ့သို့ အလျှင် အမြန် ရောက်ရှိလာကာ ထိုအသံလှိုင်းကို တားဆီးလိုက်ကြ၏။
“ဒီလိုဖိအားမျိုးက...”
သူတို့က အလွန်လေးနက်သွားကြသည်။ ထိုအသံလှိုင်းတစ်ခုကပင် ကြမ်းကြုတ်လွန်းနေ၏။
သူတို့၏ အရှိန်အဝါများကို ချက်ချင်းဖော်ထုတ်ကာ ကျောက်ဝမ်အာကို ကာကွယ်ပေးလိုက်သည်။
ခဏအကြာတွင် ပျံသန်းနိုင်သည့် သင်္ဘောတစ်စီးက ယွီလျန်မြို့တော်ထက်သို့ ရောက်ရှိလာ၏။
၎င်း၏ ကြီးမားမှုက မြို့တော်တစ်ခုလုံး ဖုံးအုပ်တော့မည့် အလားပင်။
သင်္ဘောထက်မှ ပုံရိပ်တစ်ခုက အလျင်အမြန် ဆင်းသက်လာပြီး ဒဏ်ရာများနှင့် လဲကျနေသည့် လက်ယာရံထံ ရောက်ရှိသွား၏။
“ဦးလေးဟူ...”
ထိုသူက နယ်မြေဘုရင်ဟူ၏ သားဖြစ်သူ ဟူချင်းယွမ်ပင်။
သူက လက်ယာရံ၏ အခြေအနေကို ကြည့်ကာ အလွန်ဒေါသထွက်သွားရသည်။
“မင်းတို့ သေရမယ်...”
လုရှင်းယန်တို့ကို မှုန်တေနေသည့် မျက်ဝန်းများနှင့် ကြည့်ကာ ဒေါသတကြီး ပြောဆိုလိုက်၏။ သို့သော် သူ၏ စကားမဆုံးလိုက်ရ။
မြန်ဆန်လွန်းသည့် အလင်းတန်းတစ်ခုက သူ၏ လည်ပင်းကို ထိုးဖောက်သွားသည်။
“ရွှစ်...”
ဟူချင်းယွမ်က ဘာဖြစ်သွားသည်မှန်း မသိလိုက်ရပဲ သေဆုံးသွားရသည်။ သူ၏ ခန္ဓာကိုယ်က အရုပ်ကြိုးပြတ်လဲကျသွားတော့၏။
“ဘာ...”
ယွီလျန်မြို့တော် တစ်ခုလုံး သုသာန်တစပြင်အလား တိတ်ဆိတ်သွားသည်။
မည်သူမျှပင် စကားမဆိုနိုင်ကြ။
အဆိုးဆုံးက ကောင်းကင်ကျားမျိုးနွယ်ဝင်များပင်။ ဟူချင်းယွမ်က သူတို့၏ သခင်လေးဖြစ်သည်။ ထို့အပြင် ကောင်းကင်ကျားမျိုးနွယ်၏ ဂုဏ်ယူစရာ မျိုးဆက်ဖြစ်၏။
သို့သော် မျက်စိတမှိတ်အတွင်း သေဆုံးသွားရသည်။ မည်သို့မျှ ယုံကြည်နိုင်စွမ်း မရှိတော့ချေ။
“မဟုတ်ဘူး...”
သင်္ဘောပေါ်မှ နယ်မြေဘုရင်ဟူက တိတ်ဆိတ်မှုကို အသံနက်ကြီးနှင့် ဖြိုခွဲလိုက်သည်။
“အား....”
သူက ဟူချင်းယွမ်၏ အသက်မဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း မယုံနိုင်သည့် မျက်ဝန်းများနှင့် ကြည့်နေမိ၏။
“အဖေ...၊ အဲ့ဒီလူပဲ...၊ သူ့ရဲ့ဓားချက်ကို ကျုပ်တောင် မမှီလိုက်ဘူး...”
ကျန့်ကျင်းမော့က ပိုင်ကျန့်ယွီကို ညွှန်ပြကာ သူ၏ ဖခင်ကို တီးတိုးပြောဆိုလိုက်၏။ သူလည်း ပိုင်ကျန့်ယွီ၏ ဓားချက်ကြောင့် တုန်လှုပ်နေသည်။
နယ်မြေဘုရင် နှစ်ဦး၏ မျက်စိရှေ့မှပင် ဟူချင်းယွမ်ကို သတ်ဖြတ်နိုင်ခဲ့သည်မှာ တော်ရုံ မဟုတ်ချေ။
သူကိုယ်တိုင်ပင် ဟူချင်းယွမ်ကို ထိုသို့ သတ်ဖြတ်နိုင်ရန် ယုံကြည်ချက် မရှိပေ။
“အဲ့ဒီကောင်လေးမှာ...၊ ဓားသန္ဓေရှိနေတယ်...”
ကျန့်မုလျန်က ပိုင်ကျန့်ယွီကို စေ့စေ့စပ်စပ်ကြည့်ရင်း ဆိုလိုက်၏။
ပိုင်ကျန့်ယွီ၏ အလျင်က နယ်မြေဘုရင်များ၏ အကြည့်အောက်မှ မလွတ်မြောက်ချေ။
သို့သော် ဟူချင်းယွမ်ကို သတ်ဖြတ်နိုင်သည်အထိ ကြမ်းတမ်းလွန်းမည်ဟု မထင်ထားခဲ့သောကြောင့် မတုန့်ပြန်လိုက်ကြခြင်းဖြစ်သည်။
သူတို့သားအဖက နယ်မြေဘုရင်ဟူကို ဆန့်ကျင်နိုင်သည့် ကျင့်ကြံသူများကို သိရှိလိုခြင်းကြောင့် လိုက်ပါလာခဲ့ခြင်းဖြစ်၏။
‘ဒီလူငယ်တွေက ထင်ထားတာထက်စိတ်ဝင်စားဖို့ကောင်းတာပဲ...’
သို့သော် သူတွေးထားသည်ထက် စိတ်ဝင်စားဖွယ်ကောင်းနေသည်မှာ အမှန်ပင်။ သူတို့အတွက်တော့ ပြပွဲတစ်ခု ကြည့်နေရသည့် အလားပင်။
ထို့ကြောင့် ဝင်ရောက်စွက်ဖက်ခြင်း မရှိပဲ နယ်မြေဘုရင်ဟူ၏ တုန့်ပြန်မှုကို စောင့်ကြည့်နေသည်။