နယ်မြေဘုရင်ကို အေးခဲပစ်ခြင်း
Vol. 25 Ch. 373
“ဝုန်း...”
ယွီလျန်မြို့၏အပြင်ဘက်ရှိ နယ်မြေဘုရင်နှစ်ဦး၏ တိုက်ပွဲသည်လည်း ပြင်းထန်နေသည်။
ဟွားကျစ်ယင်က ဒေါသတကြီးနှင့် ကျန့်မုလျန်ကို အသက်ရှုခွင့်မပေးသည်အထိ တိုက်ခိုက်နေ၏။
သို့သော် မြေခွေးအိုကြီး ကျန့်မုလျန်အတွက် သူမ၏ တိုက်ခိုက်မှုများက များစွာ ဖိအားမသက်ရောက်ချေ။
“လိမ်လိမ်မာမာနဲ့ အဲ့ဒီရတနာကို ထုတ်ပေးလိုက်ရင်...၊ မင်းတို့ ညီအစ်မနှစ်ဦးကို အသက်ရှင်ခွင့်ပေးမယ်...”
ကျန့်မုလျန်က ပြန်လည်ဖိအားပေးတိုက်ခိုက်ရင်း ဆိုလိုက်၏။
“ရှင့်မှာ အဲ့လိုစွမ်းရည် မရှိတော့ဘူး...”
ဟွားကျစ်ယင်က များပြားသည့် ကြာပန်းများနှင့် အတူ ပြန်လည်တိုက်ခိုက်လိုက်၏။
ယခင်က ကျန့်မုလျန်၏ ခြိမ်းခြောက်မှုက သူမတို့အတွက် ကြောက်မက်ခဲ့ရသော်လည်း ယခုတွင်တော့ မတူညီတော့ချေ။
သူမတွင် ဟွားရှီးယင်ကို ပြန်လည်ကာကွယ်ပေးနိုင်သည့် ခွန်အားရှိနေပြီဖြစ်သည်။
“ဘယ်လောက်အထိ ခေါင်းမာနိုင်မလဲ ကြည့်ကြသေးတာပေါ့...”
ကျန့်မုလျန်က ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပြီး ဟွားကျစ်ယင်ကို ခုတ်ပိုင်းလိုက်၏။
ဟွားကျစ်ယင်၏ စွမ်းအင်များကလည်း တဟုန်ထိုး ထွက်ပေါ်လာပြီး ကျန့်မုလျန်ကို တုန့်ပြန်လိုက်သည်။
“ဝုန်း...”
“ဝုန်း...”
နယ်မြေဘုရင်ဟူက လွယ်လင့်တကူပင် လုရှင်းယန်တို့နှစ်ဦး၏ စွမ်းအင်များကို တားဆီးလိုက်နိုင်၏။
လုရှင်းယန်တို့၏ စွမ်းအင်များက မည်သို့ပင် ကြမ်းတမ်းနေပါစေ နယ်မြေဘုရင်တစ်ဦးကို ထိခိုက်အောင် ပြုလုပ်နိုင်စွမ်းမရှိပေ။
ပိုင်ကျန့်ယွီတို့က အနည်းငယ်မျက်နှာပျက်သွား၏။ သူတို့ အစွမ်းကုန် တိုက်ခိုက်မှုပြုခဲ့သော်လည်း အရာမထင်ပေ။
သို့သော် သူတို့က လက်မလျော့ပေ။
ချက်ချင်းဆိုသလို သူတို့နှစ်ဦး၏ လက်နှက်များနှင့် ပြိုင်တူထိုးစိုက်လိုက်၏။
“အသုံးမဝင်ဘူးကွ...”
နယ်မြေဘုရင်ဟူက ကြမ်းတမ်းစွာ အော်ငေါက်လိုက်ပြီးနောက် ကောင်းကင်ကျား၏ လက်ကြီးများက ဓားနှင့် လှံကို ဖမ်းဆုပ်လိုက်သည်။
ပိုင်ကျန့်ယွီ၏ တိမ်လွှာဓားက မည်မျှပင် ထက်မြပါစေ နယ်မြေဘုရင်ဟူအတွက် အသာအယာပင် ဖမ်းဆုပ်ထားနိုင်၏။
ထို့အပြင် ငရဲကိုးဘုံမီးတောက်များနှင့် လောင်ကျွမ်းနေသည့် ဖီးနစ်နှလုံးသားလှံက နယ်မြေဘုရင်ဟူအတွက် နွေးထွေးအောင် လုပ်ပေးနေသည့်အလားပင်။
သို့သော် ညီအစ်ကို နှစ်ဦးက အံကို တင်းတင်းကြိတ်ကာ ကောင်းကင်ကျား၏ ပုံရိပ်ကို ထိုးဖောက်ရန်ကြိုးစားနေသည့်အလားပင်။
“ဒါက...မင်းတို့စွမ်းအား အကုန်ပဲဆိုရင်...သေလိုက်တော့...”
နယ်မြေဘုရင်ဟူက သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါကို ကြမ်းတမ်းစွာ ထုတ်ဖော်လိုက်၏။
ရုတ်ချည်းပင် အနီရောင်စွမ်းအင်လှိုင်းတစ်ခုပေါ်ထွက်လာပြီး ပိုင်ကျန့်ယွီနှင့် လုရှင်းယန်ကို ထိမှန်သွားသသည်။
“ဝုန်း...”
“အဟွတ်..”
“အဟွတ်..”
ညီအစ်ကိုနှစ်ဦးက ကြမ်းတမ်းသည့် စွမ်းအင်လှိုင်းကြောင့် သွေးများအန်ထုတ်လိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်တွင်းသွေးများ ကပြောင်းကပြန် လှုပ်ရှားကုန်ပြီး ထိန်းချုပ်ရန်ပင် ခက်ခဲသွား၏။
“သေလိုက်စမ်း...”
နယ်မြေဘုရင်ဟူက ပိုင်ကျန့်ယွီကို မုန်းတီးစွာကြည့်၍ မြန်ဆန်သည့် အရှိန်နှုန်းနှင့် သူထံ ချည်းကပ်လိုက်သည်။
ထိုလူငယ်က သူ၏ သားကို သတ်ဖြတ်ခဲ့သူပင်။ အရာအားလုံးထက်ပို၍ မုန်းတီး၏။ သူက အစိတ်စိတ်အမွှာမွှာ ချေမွ၍ သတ်ဖြတ်ရန်ပင် တွေးတောထားသည်။
သူ၏ စိတ်တွင်း အကြိမ်တစ်သောင်းမက ရက်စက်သည့် နည်းလမ်းများနှင့် သတ်ဖြတ်ပြီးဖြစ်၏။
နယ်မြေဘုရင်ဟူက ပိုင်ကျန့်ယွီ၏ လည်တိုင်ကို ဆုပ်ကိုင်ရန် ပြင်လိုက်သည်။
ပိုင်ကျန့်ယွီက အသက်ကို အမောတကော ရှုသွင်းနေရ၏။ သို့သော် သူ၏ မျက်နှာထက်တွင် စိုးထိတ်နေဟန် တစ်စက်မျှ မရှိပေ။
ထို့အပြင် မထီမဲ့မြင်လေသံနှင့် နယ်မြေဘုရင်ဟူကို ပြောဆိုလိုက်၏။
“ကျုပ်...မသေနိုင်သေးဘူး...”
နယ်မြေဘုရင်ဟူက မျက်မှောင်ကြုတ်သွားသည်။ ထိုလူငယ်များက သူ၏ စွမ်းအားကို သိရှိပြီးသော်လည်း အဘယ်က လာသည့် ယုံကြည်ချက်ကြောင့် မာန်မလျော့သေးမှန်း နားမလည်နိုင်ချေ။
သို့သော် ထိုအချိန်တွင် အေးစက်စက်လေသံတစ်ခုကို ကြားလိုက်ရ၏။
“လနှင့်အတူ မြုပ်နှံခြင်း...”
ထိုအသံကြောင့် နယ်မြေဘုရင်ဟူ၏ လုပ်ဆောင်မှုက ရပ်တန့်သွားရသည်။
အကြောင်းမှာ ကောင်းကင်ထက်မှ လတစ်စင်း ဆင်းသက်လာသောကြောင့်ပင်။
ထိုအရာကို ခရမ်းရောင်ဆံနွယ်များနှင့် မိန်းကလေးက ထိန်းချုပ်ထားဟန်ရသည်။
ယွဲ့ဝူယောင်က ချက်ချင်းပင် ၎င်းလကို နယ်မြေဘုရင်ဟူထံ ပစ်လွှတ်လိုက်၏။
“သွားစမ်း...”
လ၏ အရွယ်အစားက နယ်မြေဘုရင်ဟူ ထုတ်ဖော်ခဲ့သည့် မီးလုံးကဲ့သို့ ကြီးမားခြင်း မရှိသော်လည်း ၎င်းမှ ပေါ်ထွက်လာသည့် အေးခဲနိုင်စွမ်းက ယွီလျန်မြို့တွင်ရှိနေသည့် ကျင့်ကြံသူများထံ သက်ရောက်စေသည်။
သူတို့က အရိုးခိုက်မတက် အေးခဲမှုကို ခံစားနေရပြီး လက နီးကပ်လာလေလေ နယ်မြေသခင်များ၏ စိတ်တွင်း စိုးထိတ်လာလေလေဖြစ်၏။
၎င်းက ကြီးမားသော်လည်း နှေးကွေးခြင်းမရှိချေ။ ၎င်း၏ ကြီးမားပုံကြောင့်သာ တရွေ့ရွေ့ဆင်းသက်လာသည်ဟု ထင်ရခြင်းဖြစ်သည်။
နယ်မြေဘုရင်ဟူ၏ မျက်ဝန်းများက လေးနက်သွား၏။ ထိုတိုက်ခိုက်မှုက သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိဟန်ရသည်။
နယ်မြေသခင်တစ်ဦးက ဤသို့ ခွန်အားအပြည့် တိုက်ခိုက်မှုမျိုး ဖော်ထုတ်နိုင်မည်ဟု မထင်ထားခဲ့ပေ။
“ဝေါင်း...”
ချက်ချင်းဆိုသလို သူ၏ နောက်ရှိ ကောင်းကင်ကျား ပုံရိပ်က ဟိန်းဟောက်လိုက်သည်။
သူက သာမန်ကာလျှံကာ တိုက်ခိုက်မှုမျိုး ဖော်ထုတ်၍ မရတော့ချေ။
ချက်ချင်းဆိုသလို ကောင်းကင်ကျား၏ နောက်တွင် မီးလျှံများ ‘တလူလူ’ ပျံ့လွင့်လာကာ မီးပင်လယ်ကြီးတစ်ခုအလား ဖြစ်တည်သွားသည်။
“သွားစမ်း...”
နယ်မြေသခင်ဟူက အမိန့်ပေးလိုက်သည်နှင့် ကောင်းကင်ကျားက ဟိန်းဟောက်လိုက်၏။
“ဝေါင်း...”
မီးလျှံများက ချက်ချင်းဆိုသလို ဆင်းသက်လာသည့် လထံ တိုးဝင်သွားသည်။
“ဝုန်း...”
“ဝုန်း...”
အအေးနှင့် အပူ ထိစပ်ချိန်တွင် လေဟာနယ်က ခံနိုင်စွမ်းမရှိတော့ချေ။
မီးလျှံများက လကိုဝါးမြို ဖျက်ဆီးရန် ကြိုးစားနေသော်လည်း ယွဲ့ဝူယောင်၏ လက အရှိန်မလျော့ကျချေ။
သူမက လကို ဆက်တိုက်ဆိုသလို ထိန်းချုပ်ထားက နယ်မြေဘုရင်ဟူ ထံရောက်ရှိရန် ကြိုးပမ်းနေခြင်းပင်။
ထိုလတွင် သူမ၏ စွမ်းအင်များ အကုန်အစင် ထည့်သွင်းထားရခြင်းဖြစ်၏။ ထိုသို့ အချိန်ရစေရန် လုရှင်းယန်နှင့် ပိုင်ကျန့်ယွီက အချိန်ဆွဲပေးထားခဲ့သည်။
ထိုအခွင့်အရေးကို လက်လွှတ်မခံပဲ စွမ်းအင်များကို စုစည်းခဲ့၏။ ထို့ကြောင့် ဤမျှကြမ်းတမ်းသည့် နည်းစနစ်ကို ထုတ်ဖော်နိုင်ခြင်းပင်။
“ဝုန်း...”
နောက်ဆုံးတွင် ခံနိုင်ရည်မရှိသည့် လေဟာနယ်က ပြိုကွဲသွားရလေသည်။
“ခရက်...”
လေဟာနယ် လမ်းကြောင်းတစ်လျှောက်က အက်ကွဲကြောင်းများ များပြားလာ၏။
“မဟုတ်သေးဘူး...”
နယ်မြေဘုရင်ဟူက အံ့ဩသွားကာ ထူးဆန်းသည့် အရာကို တွေ့ရှိလိုက်သည်။
ထိုအရာက သူ၏ မီးလျှံများ အားပျော့လာခြင်းပင်။
“ခရက်...”
ခရမ်းရောင်လက မီးတောက်များကိုပင် အေးခဲပစ်ကာ နယ်မြေဘုရင်ဟူထံ ရောက်ရှိသွားတော့သည်။
“ဝုန်း...”
နယ်မြေဘုရင်ဟူက ချက်ချင်းဆိုသလို ခရမ်းရောက်လကို ဖြိုခွဲပစ်ရန် ကောင်းကင်ကျားပုံရိပ်နှင့် အတူ ထိုးနှက်လိုက်၏။
“ပြိုကွဲလိုက်စမ်း...”
နယ်မြေဘုရင်ဟူ၏ လက်သီးများနှင့် အတူကောင်းကင်ကျားပုံရိပ်၏ လက်သီးချက်များက ခရမ်းရောင်လကို ထိခတ်သွားသည်။
“ခရက်...”
“ဝုန်း...”
ထိုအချိန်တွင် ခရမ်းရောင်လက ပြိုကွဲသွားသည်။ သို့သော် ၎င်းမှ ပေါ်ထွက်လာသည့် အေးစက်မှုက ကောင်းကင်ကျား မျိုးနွယ်ကို ဖုံးလွှမ်းသွားပြီး လစွမ်းအင်များက သူတို့အားလုံးကို အေးခဲသွားစေ၏။
ထိုအေးခဲမှုမှ နယ်မြေဘုရင်ဟူလည်း မလွတ်မြောက်ချေ။ သူက အေးခဲမှု အလယ်တွင်ရောက်ရှိနေပြီး တုန့်ပြန်နိုင်စွမ်း ကင်းမဲ့သွားသည့် အလား အေးခဲနေသည်။
ယန်ကျီးဝေ့က အလွန်မှင်သက်နေရ၏။ နယ်မြေဘုရင်တစ်ဦးကိုပင် အေးခဲသွားအောင် ပြုလုပ်နိုင်ခြင်းက တော်ရုံမျှ မဟုတ်ချေ။
သို့သော် ယွဲ့ဝူယောင်က အလွန်အင်း နုံးချိသွားလေကာ သူမတွင် စွမ်းအင်မည်မျှမှ မကျန်တော့ပေ။
ရှိရှိသမျှစွမ်းအင်အားလုံးကို ဤတိုက်ခိုက်မှုတွင် ရင်းနှီးကာ ထည့်သွင်းလိုက်ချင်းပင်။
သူမတို့က နယ်မြေဘုရင်တစ်ဦးနှင့် ပိုင်နက်ချင်း ယှဉ်ပြိုင်၍ မတိုက်ခိုက်နိုင်ပေ။ ထိုအရာက ကျန်းချီချီ၏ အမှာစကားဖြစ်သည်။
တပည့်များတွင် မည်မျှယုံကြည်ချက်ရှိပါစေ၊ နယ်မြေဘုရင်တစ်ဦးနှင့် ပိုင်နက်ချင်း မယှဉ်ပြိုင်နှင့်ဟု သတိပေးထားသည်။
မတော်တဆ ပိုင်နက်ပြိုကွဲသွားပါက သူမတို့၏ ဝိညာဉ်သန္ဓေသားက အပြင်းအထန် ဒဏ်ရာရရှိသွားနိုင်၏။
မဟုတ်ပါက အစောကတည်းက ပိုင်နက်များကို ထုတ်ကာ တိုက်ခိုက်ပေလိမ့်မည်။
ယွဲ့ဝူယောင်က အနည်းငယ်ဟန်ချက်ပျက်သွားချိန်တွင် လျှိုမင်ယွမ်နှင့် ကျောက်ဝမ်အာက အလျှင်အမြန် ထိန်းထားပေးလိုက်၏။
ကျောက်ဝမ်အာက သူမ၏ ယုတ်လျော့နေသည့် စွမ်းအင်များနှင့် ယွဲ့ဝူယောင်ကို အနည်းငယ် ထိန်းသိမ်းပေးလိုက်သည်။
ထို့နောက်လျှိုမင်ယွမ်က သူ၏ စီနီယာအစ်ကိုများကို အလျှင်မြန် အားဖြည့်ပေးနေသည်။