အမှိုက်ကိုတောင် မနိုင်ဘူးလား
Vol. 25 Ch. 374
ကောင်းကင်ကျားနယ်မြေမှ သင်္ဘောကြီးနှင့် အတူ ကောင်းကင်ကျားမျိုးနွယ်ဝင်များအားလုံး ခရမ်းရောင်ရေခဲအလွှာများအောက်တွင် အေးခဲနေကြ၏။
ယီလျန်မြို့တော်တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။ ထိုသို့ အဖြစ်အပျက်က မယုံနိုင်ဖွယ်ရာ အတိပင်။ မည်သည့် နယ်မြေသခင်ကမျှ နယ်မြေဘုရင်တစ်ဦးကို ချုပ်နှောင်နိုင်စွမ်း မရှိချေ။
သို့သော် နယ်မြေဘုရင်ဆိုသည့် ဂုဏ်ပုဒ်က ဟာသမဟုတ်ခဲ့ချေ။
“ခရက်...”
နယ်မြေဘုရင်ဟူ၏ ပတ်ပတ်လည်ရှိ ရေခဲအလွှာများက စတင်အက်ကွဲလာသည်။
ယွဲ့ဝူယောင်က ထိုအဖြစ်ကြောင့် သူမ၏ အေးစက်နေသည့် မျက်ဝန်းများက မှေးကျဉ်းသွားရသည်။
သူမတို့က ထပ်မံတိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။ သူမတို့၏ စွမ်းအင်များက အကုန်အစင် အသုံးပြုခဲ့ပြီး ဖြစ်သည်။
ဆက်လက်တိုက်ခိုက်ပါက သက်စောင့်စွမ်းအင်များကိုပင် အသုံးပြုရပေတော့မည်။
“ဝုန်း...”
အချိန်များစွာ မကြာလိုက်...။
နယ်မြေဘုရင်ဟူ၏ ပတ်လည်ရှိ ရေခဲအလွှာများအားလုံး ပြိုကွဲကုန်သည်။
“အား...”
နယ်မြေဘုရင်ဟူက ဒေါသတကြီး အော်ဟစ်သံကို ထုတ်ဖော်လိုက်၏။
သူ၏ အသံလှိုင်းကြောင့် ကောင်းကင်ကျားမျိုးနွယ်များကို အေးခဲနေသည့် ရေခဲအလွှာများ ကွာကျကုန်သည်။
“ဘုန်း...”
ခံနိုင်ရည်အားနည်းသည့် ကျင့်ကြံသူများက ချက်ချင်းပင် လဲကျသွား၏။ စက္ကန့်ပိုင်းမျှသာ ကြာရှည်လိုက်သော်လည်း သူတို့၏ စွမ်းအင်သွေးကြောများ၏ လှုပ်ရှားမှုက ရပ်တန့်သွားသောကြောင့်ပင်။
နယ်မြေဘုရင်ဟူကြောင့် ရေခဲအလွှာများမှ လွတ်မြောက်လာသ်ောလည်း သက်ရောက်ခံရသည့် အကျိုးဆက်ကို ခံစားနေရခြင်းပင်။
ထိုနယ်မြေသခင်လူငယ်လေးများကို လျော့တွက်မိခဲ့ဟန်ရသည်။ သူကိုပင် စက္ကန့်ပိုင်းမျှ တုပ်နှောင်ထားနိုင်စွမ်းရှိနေ၏။
“ငါမင်းတို့ကို လျော့တွက်မိတုန်းပဲ...”
“ဒါပေမဲ့ အခုထပ်ပြီး မင်းတို့မှာ အဲ့ဒီလို အခွင့် အရေးမရှိတော့ဘူး...”
နယ်မြေဘုရင်ဟူ၏ ဒေါသများက အထွတ်ထိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။
“ကျားနတ်ဘုရားရဲ့ ပိုင်နက်...”
ချက်ချင်းဆိုသလို ယွဲ့ဝူယောင်တို့ငါးဦး၏ ပတ်ပတ်လည်ကို မီးလျှံများနှင့် ဖုံးလွှမ်းနေသည့် လက်သည်းများက ထွက်ပေါ်လာ၏။
လျှိုမင်ယွမ်က ချက်ချင်းဆိုသလို စိတ်စွမ်းအင်များနှင့် တားဆီးလိုက်သော်လည်း နယ်မြေဘုရင်တစ်ဦး၏ ပိုင်နက်ကို လွန်ဆန်နိုင်စွမ်း မရှိတော့ချေ။
“သတ်ဖြတ်ခြင်း လက်သည်း...”
နယ်မြေဘုရင်ဟူက ချက်ချင်းပင် မီးလက်သည်းများနှင့် လျှိုမင်ယွမ်တို့ထံ ပစ်လွှတ်လိုက်သည်။
“ဂျိမ်း...”
“ရွှစ်...”
“ဝုန်း..”
လျှိုမင်ယွမ်နှင့် ကျောက်ဝမ်အာက ချက်ချင်းဆိုသလို စွမ်းအင်များထုတ်ဖော်ကာ ကာကွယ်လိုက်သော်လည်း ပိုင်နက်တစ်ခုအတွင်းကျရောက်နေသည်မို့ သူတို့၏ စွမ်းအင်များကို လိုသလို မသုံးမပြုနိုင်တော့ပေ။
လျှိုမင်ယွမ်၏ စိတ်စွမ်းအင်များကလည်း လျော့ကျလာပြီး မတားဆီးနိုင်တော့ပဲ မီးလျှံလက်သည်းများက သူတို့၏ ခန္ဓာကိုယ်အတွင်း ထိုးဖောက်သွားတော့၏။
“အေးခဲစက်ဝန်း...”
“မီးလျှံတံတိုင်း...”
“ဓားဆန္ဒ...”
ယွဲ့ဝူယောင်တို့ သုံးဦးက ချက်ချင်းဆိုသလို လက်ကျန်စွမ်းအင်များနှင့် ကာကွယ်မှု ပြုလိုက်၏။ သူတို့၏ ဂျုနီယာများ ထိခိုက်သွားရသည်။
တက်နိုင်သမျှ ပြန်လည်ကာကွယ်မှု ပြုရပေတော့မည်။
ဓားန္ဒက ထိပ်ဆုံးမှနေ၍ မီးလျှံတံတိုင်းက အလယ်မှ နေရာယူထားကာ နောက်ဆုံးမှ အေးခဲနေသည့် စက်ဝန်းတစ်ခုက ကာကွယ်သွားသည်။
“ဘုန်း...၊ ဘုန်း...၊ ဘုန်း...”
သို့သော် ကြမ်းတမ်းလွန်းသည့် မီးလျှံလက်သည်းများအောက် ထိုအရာများက များစွာ အချိန်မဆွဲနိုင်ခဲ့ပေ။
တစ်ခဏအတွင်း ပြိုကွဲကုန်ကာ လက်သည်းများက ယွဲ့ဝူယောင်တို့ကို ထိမှန်သွား၏။
ထိုအရာက စက္ကန့်ပိုင်းမျှသာ ကြာရှည်ခဲ့သည်။
နယ်မြေဘုရင်ဟူက ယွဲ့ဝူယောင်တို့၏ အဖြစ်အပျက်ကို သဘောကျစွာ ကြည့်ရှုနေ၏။
ထိုသူများက သူတို့၏ ကောင်းကင်ကျားမျိုးနွယ်ကို သတ်ဖြတ်ခဲ့သည့်အပြင် သူ၏ သားကိုပါ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ချက်ချင်း အသေမသတ်ရန် တွေးထားပြီး တဖြည်းဖြည်းချင်း နှိပ်စက်မည်ဟု ဆုံးဖြတ်ထား၏။
သို့သော် ရုတ်ချည်းဆိုသလိုပင် သူ၏ ပိုင်နက်က တုန်ခါသွားကာ တစ်ခဏအတွင်း ကွဲကြေသွားသည်။
“ဝုန်း...”
‘ဘာဖြစ်တာလဲဟ..’
“အဟွတ်...”
နယ်မြေဘုရင်ဟူက ချက်ချင်းဆိုသလို သွေးအန်လိုက်ရသည်။ မည်သို့ ဖြစ်ပျက်သွားသည်ကို တွေးတောမရဖြစ်နေ၏။
ထိုလူငယ်များက စွမ်းအင်များ လုံးဝကုန်ဆုံးနေခြင်းကြောင့် ရုန်းကန်မှုမပြုနိုင်တော့ပေ။
ထို့အပြင် နယ်မြေဘုရင်အချင်းချင်းဆိုလျှင်တောင် ချက်ချင်းဆိုသလို ပိုင်နက်ကို မဖျတ်ဆီးနိုင်ချေ။
သူ၏ ခန္ဓာကိုယ်သွေးစီးဆင်းမှုကို ထိန်းချုပ်လိုက်ပြီးနောက် အဖြစ်အပျက်ကိုကြည့်ရှုလိုက်ချိန်တွင် ဝတ်ရုံဖြူနှင့် လူတစ်ဦးက ထိုလူငယ်များကို ထိန်းထားသည်ကို တွေ့လိုက်ရသည်။
“ဘယ်သူလဲ..”
“အဟွတ်...”
နယ်မြေဘုရင်ဟူက စကားပင် ကောင်းကောင်း မပြောနိုင်လိုက်ချေ။ သွေးများ ဆက်တိုက်အန်ထုတ်နေရသည်။
သူ၏ ပိုင်နက်က ရုတ်ချည်းပျက်စီးသွားရသောကြောင့်ပင်။
“ဆရာ...”
တပည့်များက ဟွမ်း၏ စွမ်းအင်နှင့် ထိန်းထားခံရသော်လည်း လှုပ်ရှားရန် ခက်ခဲနေသည်။
ထို့ကြောင့် ဟွမ်းက သူ၏ စွမ်းအင်များကို တပည့်များထံ စီးဆင်းစေလိုက်၏။
ယွဲ့ဝူယောင်တို့၏ ဒဏ်ရာများ အပြီးတိုင် ပျောက်ကွယ်သွားခြင်း မရှိသော်လည်း သူမတို့၏ မျက်နှာများက သွေးရောင်များ လွှမ်းလာသည်။
“မင်းတို့ ပိုပြီး လေ့ကျင့်ဖိုလိုအပ်နေပြီ...၊ ဒီလိုအမှိုက်ကိုတောင် ပြီးပြတ်အောင် မရိုက်နိုင်ဘူး...”
ဟွမ်းက တပည့်များကို ကြည့်ကာ အနည်းငယ်ဆူပူလိုက်၏။
သူ၏ လေသံက ဆူပူသည်နှင့် မတူပဲ သာမန်မျှသာ..၊ တကယ်တမ်းတွင်တော့ သူ၏ တပည့်များက ထိုသို့ ကွာခြားချက်ကို ယှဉ်နိုင်စွမ်း ရှိနေပြီးဖြစ်သည်။
ယွဲ့ဝူယောင်တို့က အနည်းငယ်ရှက်ရွံ့သွားကာ ခေါင်းများ ငုံထားလိုက်ကြ၏။
ကျင့်ကြံသူများ “...”
‘လင်းထျန်းဘုံရဲ့ ထိပ်သီးကွ လမ်းဘေးခွေးမဟုတ်ဘူး...’
‘နယ်မြေဘုရင်ကို အမှိုက်လို့သတ်မှတ်တာ မင်းတစ်ယောက်ပဲရှိတယ်ကွ...’
‘ပြီးတော့ လူငယ်တွေရဲ့ မျက်နှာထားက ဘာအဓိပ္ပါယ်တုန်း...’
‘နယ်မြေဘုရင်ကို ရင်နိုင်ပြီး မသေတာနဲ့တင် ချီးကျုးဖို့ကောင်းနေပြီလေ...’
‘နယ်မြေဘုရင်ကို မသတ်နိုင်လို့ စိတ်မကောင်းဖြစ်နေတာလား...’
ကျင့်ကြံသူများက သူတို့၏ စိတ်ထဲတွင်သာ အော်ဟစ်မိလိုက်သည်။
ထုတ်တော့မပြောရဲချေ။ နယ်မြေဘုရင်ကို အမှိုက်ဟု ဆိုထားသူဖြစ်၏။ ထုတ်ပြောမိပါက အမှိုက်လောက်ပင် တန်ဖိုးမရှိသည့် သူတို့ အသက်ကလေး ပျောက်ကွယ်သွားနိုင်သည်။
“မင်း...ဘယ်သူလဲ...”
နယ်မြေဘုရင်ဟူက စိုးထိတ်နေသည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။ သူနယ်မြေဘုရင်ဖြစ်ပြီးကတည်းက ထိုသို့ ရိုက်နှက်ခံရခြင်း မရှိတော့ချေ။
ထို့အပြင် လင်းထျန်းဘုံမှ မည်သူမျှ သူ့ကို ရိုက်နိုင်စွမ်း မရှိပေ။
သို့သော် ပိုင်နက်ကိုပင် မည်သို့ ချိုးဖြတ်သွားသည်မှန်းနားမလည်သေးချေ။ ထို့အပြင် ထိုသူ ရောက်ရှိလာမှုကိုလည်း သတိမထားမိခဲ့ပေ။
အဖြေကတော့ရှင်းပေ၏။ ဟွမ်း၏ အကျွမ်းကျင်ဆုံး နည်းစနစ် ဖြစ်သည့် လက်သီးနှင့် ထိုးခွဲလိုက်ခြင်းပင်။ သူ၏ လက်သီးကို တားဆီးနိုင်သည့်အရာ မတွေ့ဖူးသေးချေ။
“အမှိုက်...”
ဟွမ်းက ပြန်ဖြေရန် စိတ်မဝင်စားချေ။ ထို့အပြင် ရွံ့ရှာသည့် အကြည့်နှင့် ကြည့်လိုက်၏။ ထိုသူ့ထံမှ သူ၏ တပည့်များကို နှိပ်စက်လိုသည့် ဆန္ဒများကို ခံစားမိသည်။
သူသာ ရောက်ရှိမလာလျင်တော့ သူ၏ တပည့်များကို ဆုံးရှုံးရပေတော့မည်။
နယ်မြေဘုရင်ဟူ “...”
သူ၏ တစ်ဘဝလုံးမည်သူမျှ စော်ကားရဲခြင်း မရှိသော်လည်း ဤနေ့တွင် အကြိမ်ကြိမ် စော်ကားခံနေရ၏။
‘မင်းတို့ကောင်တွေက မကုန်နိုင်တော့ဘူးလား...’
တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာမှုက အဆုံးမသတ်နိုင်ချေ။ အားငယ်သလို ခံစားမိသွားသည်။ သူ့တွင် ထပ်ခေါ်စရာ နောက်ခံမရှိတော့ပေ။
“ဒီလူငယ်တွေက ငါ့ရဲ့သားကို သတ်သွားတယ်...၊ မင်းနဲ့ ငါရန်ငြိုးမရှိတာကြောင့် ငါ့ရဲ့ လမ်းကို မပိတ်ဖို့ပြောချင်တယ်...”
နယ်မြေဘုရင်ဟူက အနည်းငယ်တွေးတောပြီးနောက်ဆိုလိုက်၏။ ဟွမ်းက ရှင်းချန်ဖုန်းကဲ့သို့ ပြင်ပ ဂြိဟ်များမှ လာရောက်သူတစ်ဦးဟု ထင်မှတ်သွားသောကြောင့်ပင်။
အကြောင်းမှာ လင်းထျန်းဘုံတွင် ထိုသို့ ကြောက်မက်ဖွယ်စွမ်းအားပိုင်ဆိုင်သူကို မတွေ့ဖူးသောကြောင့်ပင်။
“ငါ့ရဲ့ တပည့်တွေက အုပ်စုလိုက် သတ်ဖြတ်ခဲ့တာလား...”
ဟွမ်းက အေးဆေးသည့် လေသံနှင့် မေးလိုက်၏။
နယ်မြေဘုရင်ဟူက ခေါင်းခါယမ်းလိုက်သည်။ သာမန်ရုပ်ရည်နှင့်ကောင်က ရုတ်ချည်းသတ်ဖြတ်ခဲ့ခြင်းပင်။
ထို့အပြင် အံ့ဩမိသွား၏။ ထိုလူငယ်များက ဟွမ်း၏ တပည့်များ ဖြစ်နေသည်ကိုပင်။
“ဒါဆို မင်း သားရဲ့ညံ့ဖျင်းမှုပဲ...၊ မျိုးဆက်မတူတဲ့ ငါ့ရဲ့ တပည့်တွေကို အနိုင်ကျင့်တာလို့သတ်မှတ်တယ်..”
ဟွမ်း၏ လေသံက အေးစက်နေသည်။
“ဟမ့်...၊ အဲ့ဒီလိုသတ်မှတ်လို့ရမယ်ထင်နေလားကွ...၊ အဲ့ဒီကောင်က ငါ့ရဲ့ တစ်ဦးတည်းသောသားကို သတ်ခဲ့တာကွ...၊ လုံးဝခွင့်မလွှတ်နိုင်ဘူး...”
နယ်မြေဘုရင်ဟူက ဒေါသတကြီး အော်ဟစ်လိုက်သည်။