← Chapters

နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန် ဆင်းသက်လာခြင်း

Vol. 25 Ch. 375

နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန် ဆင်းသက်လာခြင်း

Vol. 25 Ch. 375

“ဒါပေမဲ့ မင်းရဲ့ ရည်ရွယ်ချက်က မအောင်မြင်နိုင်ဘူး...”

ဟွမ်းက နယ်မြေဘုရင်ဟူကို စိုက်ကြည့်ရင်း ဆိုလိုက်၏။ သူ၏ လက်စွဲတော်စကားအရ သူ၏ တပည့်များ အဆင့်တူချင်း ရှုံးနှိမ့်လျင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။

သို့သော် အဆင့်ကွာဟချက်နှင့် အနိုင်ကျင့်ပါက မည်သို့မျှ ခွင့်မလွှတ်ပေ။

နယ်မြေဘုရင်ဟူက ချက်ချင်းဆိုသလို တိုက်ခိုက်ရန် အသင့်အနေအထားသို့ ပြင်ဆင်လိုက်သည်။ ထိုလူငယ်၏ စွမ်းအင်များက အတော်ပင် သာလွန်နေ၏။

မည်သည့်အဆင့်ဖြစ်နေသည်ဟု နားလည်နိုင်စွမ်း မရှိသော်လည်း တိုက်ခိုက်ရန်ကြိုးစားလိုက်သည်။

“မင်းတိုက်ခိုက်ချင်တိုင်း ငါက ငြိမ်မခံနေဘူးကွ...”

နယ်မြေသခင်ဟူက အော်ဟစ်ကာပြောဆိုလိုက်၏။

သို့သော် ဟွမ်းက ခေါင်းအသာခါယမ်း၍ ထပ်မံပြောဆိုလိုက်သည်။

“မင်းကို သတ်ဖြတ်ချင်တဲ့သူက ငါမဟုတ်ဘူး...”

“မင်းဘာကို ဆိုလိုတာလဲ...”

နယ်မြေဘုရင်ဟူက နားမလည်နိုင်ဖြစ်သွားရသည်။ ထိုသူက စကားကို အမျိုးမျိုးပြောင်းလဲနေ၏။

ထိုအချိန်တွင် ဟွမ်းက နယ်မြေဘုရင်ဟူကို လက်ညိုးနှင့် ညွှန်ပြရင်း ညင်သာစွာ ဆိုလိုက်၏။

“နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်...”

“ဆင်းသက်စမ်း...”

ဟွမ်း၏ လေသံက ကျယ်လောင်ခြင်း မရှိပေ။ သို့သော် နယ်မြေဘုရင်ဟူ၏ နားတွင်း မိုးခြိမ်းသံတမျှ ဝင်ရောက်လာသည်။

သူ၏ စိတ်က အနည်းငယ်တုန်ခါသွား၏။ သို့သော် ပြန်လည် ထိန်းချုပ်လိုက်ရင်း ဟွမ်း၏ လုပ်များကို စဉ်းစားနေသည်။

နည်းစနစ်ထုတ်သည်ဟု ဆိုရန်လည်း ဟွမ်းထံမှ မည်သည့် စွမ်းအင်များကို မခံစား‌မိပေ။

သူက မည်သို့မျှ နားလည်နိုင်စွမ်း မရှိတော့ချေ။

သို့သော် တခဏအတွင်း သူ၏ အမူအယာက အေးခဲသွားသည်။ အကြောင်းမှာ ကောင်းကင်ထက်မှ လေဟာနယ် အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာသောကြောင့်ပင်။

ထိုမျှတင်မကသေး၊ အလွှာ ငါးလွှာရှိသည့် ဗိမာန်တစ်ခုက ထိုအက်ကွဲကြောင်းမှ ကျဆင်းလာသောကြောင့်ပင်။

၎င်းထံမှ ကြောက်မက်ဖွယ် အငွေ့အသက်များက ယွီလျန်မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

၎င်း၏ ပစ်မှတ်ထားခြင်း မခံရသည့်ကျင့်ကြံသူများပင် စိတ်တွင်း စိုးထိတ်မှုကို ခံစားနေရပြီး သူတို့၏ ခန္ဓာကိုယ်များတွင် ချွေးများ ‘တဒီးဒီး’ စီးကျလာသည်။ တစ်ခဏအတွင်း ချွေးများက ရေချိုးထားသည့်အလား ရွှဲနစ်ကုန်၏။

“ဒါဘာကြီးလဲ...”

နယ်မြေဘုရင်ဟူက သူ၏ သက်တမ်းတစ်လျှောက်ထိုသို့ တိုက်ခိုက်မှုမျိုး မမြင်ဖူးခဲ့ပေ။ သူ၏ ခန္ဓာကိုယ်မှ တုန်ယင်မှုကို ခံစားနေရသည်။

‘ဘယ်သူက ကိုယ့်ဗိမာန်နဲ့ အခြားသူကို ပစ်ပေါက်မှာလဲ...’

အနက်ရောင်အဆင်းနှင့် ဗိမာန်က တရွေ့ရွေ့နှင့် နယ်မြေဘုရင်ဟူအပေါ်သို့ ရောက်ရှိလာသည်။

၎င်းဗိမာန်မှ ကြုံတွေ့ဖူးခြင်း မရှိသည့် အငွေ့အသက်များ ပေါ်ထွက်နေပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေ၏။

“ငါ့ကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ မရဘူးကွ...”

သူက အော်ဟစ်ကာ ချက်ချင်းဆိုသလို စွမ်းအင်များ ဖော်ထုတ်လိုက်သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်က ချက်ချင်းနီမြန်းလာကာ တဖြည်းဖြည်းနှင့် ကြီးမားလာ၏။

တခဏအတွင်း သူက ကောင်းကင်ကျားအသွင်သို့ ပြောင်းလဲသွားတော့သည်။

ထို့နောက် ချက်ချင်းဆိုသလို သူ၏ ကြီးမားသည့် လက်နှစ်ဖက်ကို မြှောက်တင်လိုက်ကာ ထိုဗိမာန်ကို တားဆီးရန် ကြံရွယ်လိုက်၏။

ဗိမာန်၏ ကျဆင်းလာသည့် အရှိန်ကြောင့် တစ်ခဏအတွင်း နယ်မြေဘုရင်ဟူ နှင့် ထိခတ်မိသွားသည်။

“ဘုန်း...”

နယ်မြေဘုရင်ဟူက တားဆီးလိုက်သော်လည်း ဗိမာန်၏ ပြင်းထန်သည့် အရှိန်ကြောင့် သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်က မြေလွှာ အတွင်းသို့ ကျွံဝင်သွား၏။

သူ၏ ခန္ဓာကိုယ်က အက်ကွဲလာကာ သွေးများလည်း ရွှဲနစ်လာသည်။ မျက်နှစ်တစ်ခုလုံးကလည်း ကြောက်စရာကောင်းအောင်ပင် အနီရောင်အက်ကွဲကြောင်းများနှင့် ပြည့်နှက်လာ၏။

“အား...”

သူက ရှိသမျှအားအင်နှင့် ရုန်းကန်ကာ ဗိမာန်၏ ဖိနှိပ်မှုကို တောင့်ခံနေသည်။ သို့သော် နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်က သာမန်ရတနာမျိုး မဟုတ်နေပေ။

“အား....”

နယ်မြေဘုရင်ဟူက တဖြည်းဖြည်းနှင့် သူ၏ ဝိညာဉ် ဆွဲထုတ်ခံရသည့်အလား ဖြစ်နေ၏။

ဝိညာဉ်သန္ဓေသားနှင့် အတူ သူ၏ ဝိညာဉ်က တဖြည်းဖြည်းနှင့် ဗိမာန်အတွင်းသို့ ဆွဲသွင်း ခံနေရသည်။

“ရုန်းကန်နေလဲ အပိုပဲ...”

ဟွမ်းက သူ၏ လက်နှင့် ဖိချသည့် အသွင် ပြုလုပ်လိုက်၏။ ထိုသူ့ကို အခွင့်အရေး‌မပေးတော့ချေ။

ထိုအချိန်တွင် ဗိမာန်၏ ဖိနှိပ်မှုက နယ်မြေဘုရင်ဟူ မတားဆီးနိုင်သည့် အနေအထားသို့ ရောက်ရှိလာသည်။

“ဘုန်း...”

“မဟုတ်ဘူး...”

နယ်မြေဘုရင်ဟူက အဆုတ်ကွဲမတက် အော်ဟစ်လိုက်၏။

သို့သော် သူ၏ ခန္ဓာကိုယ်ကို ဗိမာန်က ဖိချသွားခြင်းကြောင့် ဝိညာဉ်နှင့် ခန္ဓာကင်းကွာ သွားရသည်။

ထို့နောက် သူ၏ ဝိညာဉ်က ဗိမာန်အတွင်း ရောက်ရှိသွား၏။

“ဒါ...ဘယ်နေရာလဲ...”

နယ်မြေဘုရင်ဟူက အေးစက်ပြီး ကြောက်မက်ဖွယ်စွမ်းအင်များနှင့် ပြည့်နှက်နေသည့် နေရာတစ်ခုသို့ရောက်ရှိသွားသည်။

ထိုစွမ်းအင်များ၏ တိုက်စားမှုကြောင့် နယ်မြေဘုရင်ဟူ၏ ဝိညာဉ်က သက်တောင့်သက်သာ မရှိပေ။ သူ၏ ဝိညာဉ်က တဆစ်ဆစ်နှင့် နာကျင်နေရ၏။

ထိုအချိန်တွင် သူက ဗိမာန်အတွင်းမှ အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

“ကျွန်မရှင့်ကို စောင့်နေတာ...”

ထိုအသံကြောင့် နယ်မြေဘုရင်ဟူက လှည့်ကြည့်မိသွား၏။ ထိုအမျိုးသမီးက ဝိညာဉ်အသွင်နှင့် ရှိနေပြီး မြင်ဖူးဟန်ရှိနေသည်။

သို့သော် အနက်ရောင်စွမ်းအင်များနှင့် ဖုံးလွှမ်းနေသောကြောင့် အတိအကျ မည်သူဖြစ်သည်မှန်း မမှတ်မိဖြစ်နေ၏။ ထို့ကြောင့် သူ၏ မှတ်ဉာဏ်များကို ဇွတ်အတင်း ရှာဖွေလိုက်ကာ စဉ်းစားနေသည်။

တခဏအကြာ ထိုအမျိုးသမီး၏ ပုံရိပ်က သူ၏ မှတ်ဉာဏ်တွင်း ပေါ်ထွက်လာချိန်တွင် ထိတ်လန့်သွားရသည်။

“မင်း...မင်းက..”

နယ်မြေဘုရင်ဟူက တွေ့လိုက်ရသည့် အရာကိုပင် မယုံနိုင်သွားရသည်။

ဗိမာန်၏ အပြင်ဘက်တွင် ဟွမ်းက နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်ကို ပြန်လည်သိမ်းဆည်းလိုက်၏။

ထိုအချိန်တွင် ဝိညာဉ်ကင်းမဲ့နေသည့် နယ်မြေဘုရင်၏ဟူ၏ ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။

ခါးအောက်ပိုင်းက မြေလွှာတွင် နစ်မြုပ်နေပြီး ခါးအထက်ပိုင်းက အရိုးများ ကျိုးကြေနေ၏။

ယန်ကျီးဝေ့က တံတွေးပင် မြိုချရန် ခက်ခဲသွားသည်။ ကြမ်းတမ်းလှသည့် နယ်မြေဘုရင်တစ်ဦးက ဤအတိုင်းသေဆုံးသွားခဲ့ရ၏။

ထို့အပြင် ထိုသို့ ဗိမာန်မျိုး မြင်တွေ့ဖူးခြင်း မရှိချေ။

“သေလိုက်စမ်း...”

ကျန့်မုလျန်က ဟွားကျစ်ယင်ကို ကြမ်းတမ်းစွာ ခုတ်ပိုင်းလိုက်သည်။ သူ၏ အသွင်က အသေအကြေ တိုက်ခိုက်နေသည့်အလားပင်။

“ဘုန်း...”

ဟွားကျစ်ယင်က ကာကွယ်လိုက်နိုင်သော်လည်း ကျန့်မုလျန်၏ ပြင်းထန်သည့် အင်အားကြောင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရ၏။

ဟွားကျစ်ယင်က အနည်းငယ် သတိလက်လွတ်ဖြစ်သွားရသည်။ သူမက နယ်မြေဘုရင်တစ်ဦး ဖြစ်လာသော်လည်း နယ်မြေဘုရင်၏ စွမ်းအားများကို ကောင်းစွာ အသုံးမချနိုင်သေးချေ။

သို့သော်ထူးဆန်းစွာနှင့် ကျန့်မုလျန်က ဟွားကျစ်ယင်၏ တွေဝေနေမှုကို အခွင့်ကောင်းမယူပဲ တိုက်ပွဲမှ ပျောက်ကွယ်သွားသည်။

သူက ဟွမ်း၏ ထွက်ပေါ်လာမှုနှင့် နယ်မြေဘုရင်ဟူ သေဆုံးမှုကို ခံစားမိထားပြီးဖြစ်၏။ ထိုသို့ တည်ရှိမှုမျိုးက တွေးတောနိုင်သည်ထက် ကျော်လွန်နေသည်။

ဟွားကျစ်ယင်နှင့် တိုက်ခိုက်နေသော်လည်း သူ၏ အာရုံက ဟွမ်းနှင့် ဗိမာအပေါ်သို့ ရောက်ရှိနေခဲ့၏။

သူနှင့် တန်းတူစွမ်းအားရှိသည့် နယ်မြေဘုရင်ဟူက ၎င်းဗိမာန်ကို မတားဆီးနိုင်ခဲ့ချေ။ အဝေးမှ ရှိနေခြင်းဖြစ်သည်တောင် ၎င်းဗိမာန်၏ ကြောက်မက်ဖွယ် အငွေ့အသက်များကို ခံစားမိနေသည်။

သူက ဟွားကျစ်ယင်ကို ဆက်လက်တိုက်ခိုက်နေပါက ဗိမာန်ကြီးက သူ့အပေါ်ထပ်မံ ဆင်းသက်လာနိုင်သည်။

ထို့ကြောင့် ဟွားကျစ်ယင်ကို ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ပဲ ယွီလျန်မြို့တော်မှ ထွက်ပြေးသွား၏။

သို့သော်လည်း သူ၏ သားဖြစ်သူ ကျန့်ကျင်းမော့ကို မမေ့ခဲ့ပေ။ တစ်ပါတည်း ခေါ်ဆောင်သွားသည်။

“သူရဲဘောကြောင်လိုက်တာ...”

ဟွားကျစ်ယင်က ကျန့်မုလျန်၏ အရိပ်ပင် ရှာမတွေ့တော့သောကြောင့် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

နယ်မြေဘုရင်တစ်ဦးအနေနှင့် ထိုသို့ အရှက်မဲ့မည်ဟု မထင်ထားခဲ့ချေ။ သို့သော် အသက်နှင့် ယှဉ်လျင်တော့ အရှက်က အရေးမကြီးတော့ချေ။

“နန်းတော်သခင်...”

ယန်ကျီးဝေ့တို့က ဟွမ်း၏ အနားသို့ ရောက်ရှိလာကာ နှုတ်ဆက်လိုက်ကြ၏။ ထိုသူနှင့် တစ်ကြိမ်တွေ့တိုင်း အံ့ဩမှုတစ်မျိုးကို ရရှိနေဆဲပင်။

နန်းတော်သခင်၏ ခွန်အားများကို မည်သို့မျှ ခန့်မှန်းနိုင်စွမ်း မရှိတော့ပေ။

ထို့နောက် လဲကျနေသည့် ကောင်းကင်ကျား မျိုးနွယ်များကို ညွှန်ပြကာ ဆိုလိုက်၏။

“ဒီလူတွေကို ဘယ်လို လုပ်ရမလဲ...”

“ခင်ဗျားတို့ ကြည့်ပြီးရှင်းလိုက်ပါ...”

ဟွမ်းက သူတို့ကိုသာ တာဝန်ပေးလိုက်၏။ အများစုက ယွဲ့ဝူယောင်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိနေသူများဖြစ်သည်။

ထို့အပြင် ထိုသူများကို သတ်ဖြတ်ခြင်း မပြုချင်ပေ။ နယ်မြေဘုရင်ဟူ မရှိတော့သောကြောင့် သူတို့က ထပ်၍ ဗိုလ်ကျ စိုးမိုးနိုင်စွမ်း မရှိတော့ပေ။

All Chapters