အဖေ့ရဲ့ လောင်းကစားကြွေး
Vol. 6 Ch. 78
ကောင်းကင်ဘုံပိုင်နက်မှ ပေးအပ်လိုက်သည့် တာဝန်မှာ အောင်မြင်စွာ ပြီးမြောက်သွားပြီ ဖြစ်သလို အန်လင်း၏ အထက်တန်းလွှာ လူကြီးမင်းများမှ ပေးအပ်လိုက်သည့် ဈေးဝယ်ခြင်း လုပ်ငန်းသည်လည်း ပြီးဆုံးသွားပြီး ဖြစ်သည်။
ယခုအခါတွင် အန်လင်းသည် မည်သည့်အရာကိုမျှ ဂရုစိုက်ရန် မလိုအပ်တော့သလို လွတ်လပ်မှု ပြန်ရပြီဟု ဆိုနိုင်ပေသည်။
နေသာသည့် နေ့တစ်နေ့တွင် အန်လင်းသည် အဝတ်အစား တချို့အား ထည့်ကာ ဘက်စ်ကားဖြင့် ရှန့်မြို့သို့ ထွက်ခွာလာခဲ့သည်။
ကောင်းကင်ဘုံပိုင်နက်မှ ပေးအပ်လိုက်သည့် တာဝန်အားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။ ယခုအခါတွင် သေမျိုးကမ္ဘာတွင် ရှိနေသည့် ချည်ထုံးများအား ဖြည်ရတော့မည် ဖြစ်သည်။
စဉ်းစားကြည့်မည် ဆိုလျှင် အဖေ့၏အကြွေး ၄.၂သန်း ကြောင့်သာ မဟုတ်ခဲ့လျှင် သူ့တွင် အခြားသော ကမ္ဘာသစ် တစ်ခုအား ရောက်ရှိဖို့ရန် အခွင့်အရေး ရရှိခဲ့မည် မဟုတ်ချေ။
အန်လင်း၏ အဖေအမည်မှာ အန်မင်ချွန် ဖြစ်သည်။ သူသည် ယခင်က ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု၏ သူဌေးတစ်ဦးဖြစ်သည်။ အန်လင်းမိခင် မသေဆုံးခင်က အန်လင်း၏ ဘဝသည် အတော်လေး ကောင်းမွန်ခဲ့သည်။ အနည်းဆုံးတော့ သူတို့တွင် ပိုက်ဆံ ပြတ်လပ်သည်ဟူ၍ မရှိခဲ့ချေ။
သို့သော်လည်း ယာဉ်မတော်တဆမှု တစ်ခုကြောင့် အန်လင်း၏မိခင် သေဆုံးခဲ့ရသည်။
သူ့အဖေမှာလည်း ထိုအဖြစ်ဆိုးကြောင့် အလွန်အမင်း စိတ်ဓာတ်လဲပြိုကာ ဖိအားများအား ဖြေလျော့သည့် အနေဖြင့် လောင်းကစား စတင်ပြုလုပ် လာတော့သည်။ လောင်းကစားသည် လောဘကို ဖြစ်ပေါ်စေသည်။ သူ့အဖေ သည်လည်း ထိုအချင်းအရာမှ ချွင်းချက် မဟုတ်ပေ။ လောင်းကစား ပြုလုပ်သူ အားလုံးတို့သည် ပို၍ပို၍ နိုင်ချင် လာကြသည်။ ထို့အချက်က သူတို့အား ကြီးမားသည့် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။
လောင်းကစားသည် ပိုင်ဆိုင်မှု အားလုံးကို ယူဆောင် သွားပါသလား။ ပြဿနာ မဟုတ်ပါ။ အိမ်ကို ပေါင်နှံကာဖြင့် အရာအားလုံးအား ပြန်လည်ရယူနိုင်ရန် ကြိုးစားလိုက်ပါ။ အဆုံးတွင် အိမ်သည်လည်းပဲ ပါသွားပါလိမ့်မည်။ ထို့နောက် ဘာလုပ်ရမည်နည်း။ လမ်းဘေးတွင် အိပ်ရတော့မည်လား။ အိမ်ပြန်ရမှ ဖြစ်လိမ့်မည်။ ထိုသံသရာသည် အဖန်ဖန် လည်ပတ်ပြီးနောက် အကြွေး ၄.၂ သန်း တင်ကျန် ရစ်တော့သည်။ ထိုအကြွေးအား ဆပ်ရန် နည်းလမ်း မရှိတော့သဖြင့် ထွက်ပြေး တိမ်းရှောင်တော့သည်။
ထွက်မပြေးခင်တွင် အန်မင်ချွန်သည် အန်လင်းအား ဖုန်းဆက်လာသည်။ “လင်းရေ … အဖေကတော့ အကြွေးတွေ တင်နေလို့ ပြေးတော့မယ် … သားလည်း မြန်မြန်လေး တစ်နေရာရာမှာ ပုန်းနေတော့နော် …”
အန်လင်း - “အဖေ့အကြွေးတွေက ဘယ်လောက်တောင် မို့လို့လဲ …”
အန်မင်ချွန် - “၄.၂ သန်း”
“အန်လင်း …”
“ဘယ်လို … အဖေ ရူးသွားတာများလား …”
အန်လင်းသည် ဒေါသတကြီးဖြင့် ဖုန်းအား ပေါက်ခွဲလိုက်သည်။
သူသာ ပုန်းရှောင်နေမည် ဆိုလျှင် ဟွားချင်တက္ကသိုလ်ရှိ အတန်းများအား မည်သို့လုပ်ရမည်နည်း။
အကြွေးတင် နေသည့်သူမှာ သူ့အဖေသာလျှင် ဖြစ်သည်။ သူ့အနေဖြင့် ပုန်းရှောင်ရန် မလိုအပ်ချေ။
ထို့ကြောင့် အန်လင်းသည် ကျောင်းဆက်တက်ရန် ရွေးချယ်ခဲ့သည်။ ထို့နောက်တွင်တော့ အကြွေးတောင်းသူများ လက်ချက်ဖြင့် အဖမ်းခံရတော့သည်။ ဥပဒေသည် ထိုလူများ အပေါ်တွင် သက်ရောက်မှု မရှိသည့် အလားပင်။ သူတို့သည် အန်လင်းအား ချက်ချင်း ဆိုသလို အလုပ်ကြမ်းသမားအဖြစ် လုပ်ကိုင်ရန် ဖိအားပေးခဲ့သည်။
အန်မင်ချွန် အနေဖြင့် အကြွေး ပြန်မဆပ်လည်း ကိစ္စမရှိချေ။ သားဖြစ်သူမှ သူ့အတွက် အကြွေးဆပ်ရပေမည် ဖြစ်သည်။ အကြွေးပြန်ဆပ်ရန် နှောင့်နှေးနေသမျှ သားဖြစ်သူ သည်လည်း နှိပ်စက်ခံနေရမည် ဖြစ်သည်။
ထို့ကြောင့် အန်လင်းမှာ နှိပ်စက်မှုအား မခံနိုင်တော့သဖြင့် ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
အဆုံးတွင် အဆောက်အဦ တစ်ခုထိပ်၌ သူ့ဘဝအား အလုံးစုံ ပြောင်းလဲ ပေးနိုင်မည့် ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံခဲ့ရလေသည်။ အန်လင်းသည် ရှန့်မြို့၏ တောင်ကြားလမ်း အတွင်း လမ်းလျှောက်လျက်ရှိပြီး သူ့စိတ်သည်လည်း အတိတ်ကာလတွင် နစ်မျော နေလေသည်။
သူထွက်ခွာလာသည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း အချိန်အတော် ကြာသွားပြီဟု ခံစားနေရသည်။
အတိတ်ဖြစ်ရပ်များသည် မှတ်ဉာဏ်ထဲတွင် ပြန်ပေါ်လာပြီး ထိုအဖြစ်အပျက် များသည် သူ့ဘဝ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ နောက်ဆုံးတွင် အန်လင်းသည် မြင့်မားလှသည့် အဆောက်အဦ တစ်ခုအရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အန်လင်းက ခေါင်းမော့လိုက်ကာ အဆောက်အဦပေါ်တွင် ရေးထိုးထားသည့် ဖောင်းကြွစာလုံးများအား ဖတ်လိုက်သည်။ ‘ဟုန်တာ ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစု’
“ဟူး … ဒီနေရာပဲ …” အန်လင်းက သက်ပြင်းချ လိုက်ပြီးနောက် အဆောက်အဦ အတွင်းသို့ ခြေလှမ်းလိုက်တော့သည်။
***
အဆင့်အတန်းမြင့်စွာ ပြင်ဆင်ထားသည့် ရုံးခန်း အတွင်းတွင် အသက် ၅၀ ခန့်ရှိမည့် လူတစ်ဦး ထိုင်နေလေသည်။ ထိုလူသည် လက်ဖက်ရည် သောက်ကာဖြင့် ကုမ္ပဏီ၏ အစီအရင် ခံစာများအား ဖတ်ရှုလျက်ရှိသည်။
ထိုလူသည် ဟုန်တာလုပ်ငန်းစု၏ သူဌေးဖြစ်သူ ကျန်းဟုန်တောက် ဖြစ်သည်။ ရုတ်တရက် ဆိုသလို ဖုန်းမြည်သံ ထွက်ပေါ်လာသည်။ ကျန်းဟုန်တောက်သည် အရှေ့စားပွဲမှ ခေါ်နေခြင်း ဖြစ်သည့်အတွက် ဖုန်းကိုင်လိုက်သည်။
“မစ္စတာကျန်း … အရှေ့မှာ အန်လင်းလို့ခေါ်တဲ့ လူငယ်တစ်ယောက်က တွေ့ချင်လို့တဲ့ … တွေ့ချင်ပါသလား …”
“အဟွတ် …”
ကျန်းဟုန်တောက်မှာ လက်ဖက်ရည် သီးသွားတော့သည်။ “အန်လင်းလား … မြန်မြန်လေး အထဲကို လွှတ်လိုက် …”
စားပွဲတွင် ထိုင်နေသည့် လူထွားကြီးသည် အန်လင်း၏ နာမည်အား ကြားလိုက်သည့် အခါတွင် မျက်လုံးများ အရောင်တောက် လာတော့သည်။ “ဒီခွေးကောင်လေးက လနဲ့ချီပြီး ပျောက်သွားတာ အခုတော့ သူကိုယ်တိုင် ပြန်ရောက်လာတာတဲ့လား …”
ထိုလူထွားကြီးသည် ဟောင်ဖေးပေါင် ဖြစ်ပြီး အန်လင်း ထွက်ပြေးစဉ်အခါက လိုက်လံဖမ်းဆီးခဲ့သည့် ခေါင်းဆောင် ဖြစ်သည်။ များမကြာမီမှာပင် လူငယ် တစ်ယောက်သည် တံခါးခေါက် လာပြီးနောက် အခန်းအတွင်းသို့ ဝင်လာခဲ့သည်။
ကျန်းဟုန်တောက်နှင့် ဟောင်ဖေးပေါင်တို့ နှစ်ဦးသားသည် အန်လင်းအား မြင်တွေ့လိုက်သည့် အခါတွင် စိတ်ပျက်မှုနှင့်အတူ အံ့အားသင့် သွားကြသည်။
သူသည် ယခင်ကအတိုင်း ပြောင်းလဲခြင်း မရှိသော်လည်း သူ့ပတ်ဝန်းကျင်ရှိ လေထုမှာ လုံးဝ ကွဲပြားနေပြီ ဖြစ်သည်။
အန်လင်းသည် ယခုအခါတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် ဆုံးဖြတ်ချက် ခိုင်မာမှုရှိပုံ ရသည်။ ယခင်ကဲ့သို့ အားနည်းသည့် ပုံရိပ်မရှိတော့ချေ။
“အန်လင်း … မင်းဒီကို ရောက်လာမယ်လို့ ဘယ်သူက ထင်မှာတဲ့လား …” ကျန်းဟုန်တောက်သည် အန်လင်းအား ပြုံးကာဖြင့် ကြည့်လိုက်သည်။
ထိုနေရာသည် သူ့အား အလွန်နာကျင်ဖွယ် ကောင်းသည့် မှတ်ဉာဏ် များကိုသာ ကျန်ရစ်စေသည်။ အန်လင်းသည် သူ့အား ဒီနေရာတွင် ဖမ်းဆီး ထားစဉ်အခါက လွတ်မြောက်နိုင်ရန် နည်းလမ်း အားလုံးအား အသုံးပြုခဲ့သည်။
ယနေ့တွင်မူ သူ့ကိုယ်ပိုင် ရွေးချယ်မှုဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်ကြောင့် ကျန်းဟုန်တောက်အား အတော်လေး အံ့ဩ သွားစေသည်။
“တကယ်တော့ ကျွန်တော်က အကြွေးဆပ်ဖို့ ရောက်လာတာပဲ …” အန်လင်းသည် ဘဏ်ကဒ်အား ဆွဲထုတ်ကာ ပြောလိုက်သည်။
“အကြွေးဆပ်ဖို့ ဟုတ်လား … ဘယ်အကြွေးလဲ …” ကျန်းဟုန်တောက်၏ အမူအရာတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေသည်။
အန်လင်းသည်လည်း ကျန်းဟုန်တောက်၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်လျက် ရှိသည်။
ရူးနေတာလား … ခင်ဗျားက သန်းနဲ့ချီတဲ့ အကြွေးတွေကို ဘယ်လိုမျိုးများ မေ့ပစ်နိုင်ရတာလဲ …။
“အကြွေး ၄.၂ သန်းကို ပြန်ဆပ်မလို့ …” အန်လင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အံကိုကြိတ်လျက် ပြောသည်။
သောက်ရူး …။
အန်လင်းသည် ဘဏ်ကဒ်အား စားပွဲပေါ်တွင် ပစ်တင်ကာဖြင့် သူ၏ အင်အားကို ပြသဖို့ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်းဟုန်တောက်သည် ကြောင်အလျက် ရှိနေသည်။ ဒီလူက ဘာတွေများ တွေးနေတာတုန်း။
ထိုအချိန်မှာပင် ဟောင်ဖေးပေါင်က ကြားဖြတ် ဝင်လာတော့သည်။ “မင်းက အခုထိ အန်မင်ချွန်နဲ့ မတွေ့ရသေးဘူးလား …”
သူ့အမေးကြောင့် အန်လင်းသည် စိတ်ရှုပ်ထွေး သွားတော့သည်။ “အဲဒါက ဘာအဓိပ္ပာယ်လဲ …”
“အန်မင်ချွန်က အကြွေးတွေ အားလုံး ပြန်ဆပ် ပြီးသွားပြီလေ …”
ဟောင်ဖေးပေါင်၏ အပြောအား ကြားသည့်အခါတွင် အန်လင်း၏ မျက်လုံးများမှာ စူးရှ လာတော့သည်။ “ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ … တစ်နှစ်တောင် မပြည့်သေးဘဲ သူက ဘယ်ကနေ ပိုက်ဆံ လေးသန်းကျော်ကို ရမှာတဲ့လဲ …”
“အဲဒါတော့ ငါတို့မသိတဲ့ အရာပဲ … မြန်မြန်လေး သူ့ကို သွားတွေ့လိုက်လေ …”
“သူက ဒီကို ခဏခဏ လာပြီးတော့ မင်းကို လွှတ်ပေးဖို့ တောင်းတယ် … ငါတို့ကို သိက္ခာချတယ် … သူအကြွေးတွေ ပြန်ဆပ်ပြီးတာတောင် မင်းကို မလွှတ်ပေးသေးဘူးလို့ အမြဲပြောတယ် …”
“ဒါပေမဲ့ မင်းက ပျောက်သွားတာလေ … ငါတို့က ဘယ်လိုလုပ်ရမှာလဲ … မင်းအဖေကို မြင်လိုက်ရတိုင်း ငါက ခေါင်းကိုက် လာတော့တာပဲ …”
ကျန်းဟုန်တောက်သည် ကြိတ်မှိတ် သည်းခံနေရသည့်ပုံဖြင့် ပြောသည်။
“အဲဒီတော့ ကျွန်တော့်အဖေ ဘယ်မှာလဲ ခင်ဗျားတို့ သိကြလား … ဒါမှမဟုတ် သူ့ကို ဆက်သွယ်လို့ရတာ တစ်ခုခုပေါ့ …”
ပုန်းရှောင် နေခဲ့သည်ကြောင့် သူ့အဖေသည် ဖုန်းနံပါတ်များအား ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ လတ်တလောတွင် အန်လင်းမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိချေ။
ကျန်းဟုန်တောက်က ရှုံ့မဲ့ကာဖြင့် ပြုံးလိုက်ပြီးနောက် “ငါတို့က သူ့လိပ်စာကိုတော့ မသိဘူး … ဖုန်းနံပါတ်ပဲ ရှိတယ် … သူ့ကို မြန်မြန်လေး ဆက်သွယ်လိုက်ပြီး ငါတို့ကို လာမနှောင့်ယှက်ဖို့ ပြောလိုက်စမ်းပါကွာ …”
***
အန်လင်းသည် ကျန်းဟုန်တောက် ပေးလိုက်သည် နံပါတ်အား ချက်ချင်း မခေါ်သေးပေ။
သူက ဟုန်တာ လုပ်ငန်းစု၏ အဆောက်အဦ အပြင်ဘက်သို့ ထွက်လာလိုက်ပြီး အခြားသော နံပါတ်တစ်ခုအား ခေါ်ဆိုလိုက်သည်။
“ဟဲလို … ဟောင်ရှန့်ရှန့်လား … ငါနင့်အကူအညီလေး လိုနေလို့ …”
“အင်း … ဟုတ်တယ် … အန်မင်ချွန်ဆိုတဲ့ လူအကြောင်း စုံစမ်းပေးပါလား … ငါ့အဖေလေ … နင်ရှာလို့ရတဲ့ အချက်အလက် အားလုံး ငါ့ကိုပေးပါနော် …”
“ကောင်းပါပြီ … ကျေးဇူးပဲ …”
သူက ဖုန်းချလိုက်ပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်ကာ လမ်းမထက်တွင် ဦးတည်ရာမဲ့စွာဖြင့် လျှောက်နေတော့သည်။
နေပူလွန်းသည်ကြောင့် မြေပြင်မှ အပူရှိန်မှာ ဟုန်းဟုန်းတောက် နေလေသည်။ သို့သော်လည်း အန်လင်းမှာ ထိုအချက်အား သတိမပြုနိုင်ချေ။ သူ့အတွေးထဲတွင် သူ့အဖေနှင့် ပတ်သက် သည်များသာ နေရာ ယူထားတော့သည်။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူအဖေသည် အကြွေးများအား ကိုယ်တိုင်ပေးဆပ်ရန်မှာ သူမျှော်လင့်ထားသည့်အရာ ဖြစ်သည်။
ထိုအချက်သည် သူ့ခံစားချက်များအား ရောထွေး သွားစေသည်။ အမုန်းတရားများ လျော့နည်းသွားပြီ ဖြစ်သလို စိုးရိမ်မှုနှင့် ပျော်ရွှင်မှု တို့သည်သာ ကျန်ရစ်တော့သည်။
သူ့အဖေသည် ကံကောင်းခြင်းများအား ရရှိထားခြင်းများလား။
***
နှစ်နာရီ ကြာပြီးသည့် နောက်တွင် ဟောင်ရှန့်ရှန့်သည် ဖုန်းပြန်ခေါ်လာပြီး အလွန်အသေးစိတ်ကျသည့် အချက်အလက်များအား ပေးလာသည်။
သူ့အဖေသည် မိတ်ဆွေများထံမှ ချေးငှားကာဖြင့် အကြွေးများကို ပြန်ဆပ်ခဲ့ခြင်း ဖြစ်သည်။
သူ၏ မိတ်ဆွေကောင်း တစ်ဦးသည် တစ်သန်း ထုတ်ချေးခဲ့သည်။
ကျန်ရှိနေသည့် သူများသည်လည်း တတ်နိုင်သလောက် ထုတ်ချေးကြသဖြင့် စုစုပေါင်း ရရှိသည့် ပမာဏမှာ လေးသန်းကျော်လွန် သွားလေသည်။
ထိုသည်မှာလည်း သူ့အဖေ၏ ဂုဏ်သတင်းကြောင့်ပင် ဖြစ်သည်။ အန်လင်း၏ အဖေသည် အလွန်ရက်ရောသူ တစ်ဦး ဖြစ်ပြီး သူ၏မိတ်ဆွေများ လိုအပ်သည့် အချိန်များတွင် အကူအညီများ ပေးခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အချိန်တို အတွင်းတွင် များပြားလှသည့် ငွေပမာဏအား ချေးယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အန်လင်း၏ အဖေသည် ယခုအခါတွင် လန်ဟိုင်း ဆောက်လုပ်ရေး ကုမ္ပဏီတွင် ဖြစ်ပြီး ကုမ္ပဏီ၏ အိမ်ရာစီမံကိန်းတွင် ဒုမန်နေဂျာအဖြစ် လုပ်ကိုင်နေလေသည်။
နေ့ဘက်တွင် ဆောက်လုပ်ရေး လုပ်ငန်းတွင် အလုပ်လုပ်ပြီး ညဘက်တွင် အပိုဝင်ငွေရရှိကာ အကြွေးပြန်ဆပ်နိုင်စေရန် ဒီဇိုင်းဆွဲသည့်အလုပ်ကို လုပ်ကိုင်သည်။
အန်လင်းသည် အချက်အလက်များအား ရရှိသည်နှင့် ချက်ချင်းဆိုသလိုပင် လိပ်စာအား မှတ်လိုက်ကာ ထိုနေရာသို့ သွားရန် ခြေလှမ်းလိုက်တော့သည်။
ညအချိန်သို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် အပူချိန်မှာလည်း တဖြည်းဖြည်း လျော့ကျလာပြီ ဖြစ်သည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်သည် မြို့နှင့် အတော်လေး ကွာဝေးသည့် နေရာတွင် ရှိသည်။ သူ့အဖေသည် လုပ်ငန်းခွင် အတွင်းရှိ အလုပ်သမား အိမ်ရာတွင် နေထိုင်ခြင်း ဖြစ်သည်။
အလုပ်သမားများသည် စတုရန်းမီတာ ၂၀ ခန့်ရှိမည့် အခန်းများဖြင့် နေထိုင်ကြခြင်း ဖြစ်သည်။ အရာအားလုံးမှာ သပ်ရပ်စွာဖြင့် ရှိနေပြီး ရှုပ်ထွေးနေခြင်းမျိုး မရှိပါ။ အန်လင်းသည် အိမ်ရာ၏ ဝင်ပေါက်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဝင်မသွားချေ။ ပြတင်းပေါက်မှ တစ်ဆင့် မြင်နေရသည့် သူ့အဖေ၏ ပုံရိပ်အား တိတ်တဆိတ်သာ ကြည့်နေ လေတော့သည် …။
***