ပြတ်ပြတ်သားသားတိုက်ပွဲ
Vol. 132 Ch. 1815
ထိုအမွှေးတိုင် လောင်ကျွမ်းလာသည့်အခါ အဖျက်အစီးလောကသုံးရာအတွင်းရှိ အခြေအနေသည် ပြောင်းလဲလာတော့သည်။
အပြာရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက်က လောကတစ်ခုကြား သွားလာနေစဉ် သူက ရုတ်တရက် ရပ်လိုက်၏။ သူက အပေါ်သို့ မော့ကြည့်ကာ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်သည်။
“ဘယ်သူက တိုက်ပွဲအမွှေးတိုင်ကို ထွန်းငြှိလိုက်တာလဲ။ အဲ့လူက တစ်ခုခုကို ရှာတွေ့ခဲ့တာလား…” ထိုအဘိုးအို၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ရှေ့၌ ဝဲကတော့တစ်ခု ပေါ်လာသည်။ သူက အမွှေးတိုင်၏အော်ရာအတိုင်း လိုက်ပါလာသည်။
ခရမ်းရောင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူကလည်း တစ်ခုခုကို ရှာဖွေနေသည့်အလား ဂြိုဟ်တစ်ခုပေါ်၌ ထိုင်နေ၏။ ထိုစဉ် သူက အနံ့တစ်ခု ရုတ်တရက် ရလိုက်သည်။ သူ၏မျက်လုံးသည် တောက်ပသွားကာ ချက်ခြင်း ထွက်ခွာလာတော့၏။
တာအိုခုနစ်ခုကလန်မှ တပည့်အားလုံးသည်လည်း ထိုအမွှေးတိုင်ကို သတိပြုမိကာ သူတို့အားလုံး လှုပ်ရှားလာသည်။
သည်လှိုဏ်ဂူလောက၏ ဗဟိုချက်သို့ ဝင်လာသော ခြောက်ယောက်မြောက်နှင့် တတိယမြောက် ကိုယ်လုပ်တော်များလည်း ရှိကြ၏။ သူတို့က မတူညီသော လောကများ၌ ရှိနေကြသည်။ သို့ပေမည့် သူတို့နှစ်ယောက်လုံးမှာ သည်အမွှေးတိုင်ကို သတိပြုမိကြသည်။ ခြောက်ယောက်မြောက်ကိုယ်လုပ်တော်၏ မျက်လုံးထဲ၌ မကျေမနပ်မှု ရှိနေ၏။ သူမက ဝမ်လင်း၏ တိုက်ခိုက်မှုကြောင့် သီသီလေး အသက်ရှင်သန်နိုင်ခဲ့သူပင်။ သူမက အံတင်းတင်းကြိတ်ကာ ထိုအမွှေးတိုင် ရနံ့အတိုင်း လိုက်ပါလာ၏။ တတိယကိုယ်လုပ်တော်၏ အမူအရာကမူ အေးစက်နေ၏။ သူမ၏မျက်လုံးထဲပ ရှုပ်ထွေးမှုတို့ ရှိနေသည်။ သူမက ချီတုံချတုံ ဖြစ်ကာ သွားသင့်လား၊ မသွားသင့်လား ဝေခွွဲမရ ဖြစ်နေ၏။ သူမသည် သည်နေရာသို့ လာခဲ့သော ရည်ရွယ်ချက်မှာ တခြားသူများနှင့် မတူပေ။ သူမက အိမ်ပြန်ချင်ရုံသာ ဖြစ်၏။
သူမသည် သူမ၏မွေးရပ်မြေနှင့် သူမ၏ဆရာကို သတိရနေ၏။ သူမက ဒီလှိုဏ်ဂူလောကထံမှ ထွက်ကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံသို့ ပြန်လို၏။
တုံ့နှေးနေရင်း သူမက အောက်နှုတ်ခမ်းကို ကိုက်ကာ ပျောက်ကွယ်သွားတော့သည်။
အမွှေးတိုင် လမ်းညွှန်မှုအပြင် ကျောက်စိမ်းပြားလည်း ရှိသေး၏။ ထိုကျောက်စိမ်းပြား တစစီကွဲထွက်သွားသည့်အခိုက်၌ အဇူရာနဂါးဗိုလ်ချုပ်၊ လိပ်နက်ဗိုလ်ချုပ်၊ ဟင်္သာငှက်ဗိုလ်ချုပ်တို့က ၎င်းအဖြစ်ကို ထောက်လှမ်းမိကာ သတင်းစကားအတိုင်း လိုက်လံလာကြသည်။
ထိုကျင့်ကြံသူများ၏ နောက်သို့ လိုက်ပါလာသော တစ္ဆေအိုကြီးကျန့်လည်း ရှိသေး၏။ ထို ကျောက်စိမ်းပြား ကွဲထွက်သွားချိန်၌ သူ၏အမူအရာက ချက်ခြင်း သုန်မှုန်ကာ နောက်သို့ လှည့်ကြည့်သည်။ သူ၏မျက်လုံးထံမှ သတ်ဖြတ်လိုစိတ် လှစ်ဟပေါ်ကာ သူက နောက်သို့ ချက်ခြင်းလှည့်သည်။
ခုနစ်ရောင်စုံတာအိုသခင်ကလည်း ရှေ့သို့ ဆက်သွားနေစဉ် လောကများကြားရှိ အရံအတားသည် ဆက်၍ မတည်မြဲတော့ပေ။ ၎င်းက ပျက်စီးလေ၏။ သို့သော် ခုနစ်ရောင်စုံအလင်း တောက်ပကာ ထိုအပျက်အစီးအားကို အားဖြည့်ပေးသည်။
ခုနစ်ရောင်စုံတာအိုသခင်က နေရာတွင်သာ ရပ်နေ၏။ သူ၏ရှေ့၌ မည်သည်မျှ ရှိမနေပေ။ ထိုအရံအတား ပျက်စီးသွားခိုက်၌ ဝမ်လင်း၏အော်ရာမှာ ပျောက်ကွယ်နေသည်။ ခုနစ်ရောင်စုံတာအိုသခင်သည် ချက်ခြင်းပင် မည်သို့ဖြစ်ခဲ့သည်ကို ခန့်မှန်းမိသွား၏။ အရူးလုပ်ခံရလိုက်သဖြင့် သူသည် ဒေါသများ လှိုက်တက်လာ၏။ သူက ဒေါသတကြီး ဟိန်းသံပြုရင်း နောက်လှည့်သည်။
“ဝမ်လင်း ငါ မင်းကို မသတ်မရချင်း လက်မလျှော့ဘူး…” ခုနစ်ရောင်စုံတာအိုသခင်က ခြေလှမ်းကာ ပျောက်ကွယ်သွား၏။ အမွှေးတိုင်နှင့် ကျောက်စိမ်းပြားတို့က ဝမ်လင်းရှိနေသော နေရာအား လူတိုင်းအား သိသွားစေ၏။
ခုနစ်ရောင်စုံတာအိုသခင်ကလည်း ထိုသည်ကို သတိပြုမိကာ အမြန်ဆုံးနှုန်းဖြင့် ချဉ်းကပ်လာသည်။
ဝမ်လင်း၏ ကိုယ်ပွားက နေရာတိုင်ထိုင်၍ သူ၏ညာလက်၌ လီကောင်း၏လေးကို ဆုပ်ကိုင်ထားသည်။ လေးအောက်ခြေက သဲထဲသို့ သုံးလက်မခန့် နစ်မြုပ်နေသည်။
ထိုလေးကို ကိုင်၍ ဝမ်လင်းက မျက်လုံးမှိတ်ထား၏။ အဝေးမှ ကြည့်ပါက သူသည် ကျင့်ကြံသူတစ်ယောက်နှင့် မတူလေတော့ဘဲ သားကောင် စောင့်နေသော မုဆိုးတစ်ယောက်နှင့် ပိုတူတော့သည်။
အချိန်အတန်ကြာပြီးနောက် ဝဲကတော့များစွာ သည်လောက၌ ပေါ်လာ၏။ ဝမ်လင်းကို ရှာနေသော လူအများအပြား ရောက်လာကြသည်။
ကျားဖြူဗိုလ်ချုပ်မှလွဲ၍ ကျန်သည့်ဗိုလ်ချုပ်သုံးယောက်သည်လည်း ပေါ်လာ၏။ ခြောက်ယောက်မြောက်နှင့် သုံးယောက်မြောက် ကိုယ်လုပ်တော်များလည်း ပေါ်လာသည်။ တာအိုခုနစ်ခုကလန်မှ တပည့်အားလုံးသည်လည်း ရောက်လာကြပြီ။အပြာရောင်ဝတ်ရုံဖြင့် အဘိုးအိုက သူတို့ကို ဦးဆောင်သည်။
အုပ်စိုးသူနှင့် တာအိုသခင်အိပ်မက်ပြာတို့လည်း ဒီလောကတွင် ပေါ်လာ၏။ သူတို့နှစ်ယောက်လုံးက ပင်ပန်းနေဟန် ပေါ်သည်။ သူတို့၏မျက်လုံးထဲ၌ အေးစက်မှုတို့ ရှိနေသည်။ သူတို့က ဒီအဖျက်အစီးလောကသုံးရာ၌ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့ကြသည်မှာ သိသာသည်။
ကျင့်ကြံသူများစွာ ဒီလောကသို့ ရောက်လာကြ၏။ သို့သော် မည်သူကမျှ ဝမ်လင်း ရှိနေသော ဂြိုဟ်ထံသို့ ချဉ်းကပ်မလာကြသေးပေ။ သူတို့က ဝမ်လင်း၏အော်ရာကိုမူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။
တတိယကိုယ်လုပ်တော်က အကွာအဝေးတစ်ခုသို့ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်၏။ သူမက ဝမ်လင်းနှင့် ရန်သူလား၊ မိတ်ဆွေလား သူမကိုယ်သူမ မသိဘဲ ရှိနေ၏။
သိပ်မကြာခင်တွင် ဒြပ်စင်ငါးခုဂြိုဟ်မှ အဘိုးအိုမာက ကျန်သည့်သူများကို ဦးဆောင်ကာ ရောက်လာသည်။ သူတို့၏ အကြည့်များက လူတိုင်းကို ကျော်လွန်ကာ အကွာအဝေးတစ်ခုရှိ ဂြိုဟ်တစ်ခုထံသို့ ကျရောက်သည်။
ထိုအခိုက်တွင် ဝဲကတော့တစ်ခု ပေါ်လာပြီး ခုနစ်ရောင်စုံအလင်း ထိုးထွက်လာ၏။ သည့်နောက် ခုနစ်ရောင်စုံတာအိုသခင် ပေါ်လာသည်။ သူ့နောက်တွင် တစ္ဆေအိုကြီးကျန့်ကလည်း လေဟာနယ်အတွင်းမှ လှမ်းလျှောက်ထွက်လာ၏။
သူတို့က ပေတစ်သောင်းသာ ခြားပြီး တစ်ယောက်နှင့်တစ်ယောက် တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်များ ပြန်ရုတ်သိမ်းလိုက်၏။
ခုနစ်ရောင်စုံတာအိုသခင်ထံမှ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာပြီးနောက် သူက ဂြိုဟ်ထံသို့ ဦးတည်တော့သည်။ တစ္ဆေအိုကြီးကျန့်ကလည်း သူ့နောက် မလှမ်းမကမ်းမှ လိုက်ပါလာ၏။ လူတိုင်းသည်လည်း သူတို့နောက်ကနေ ပျံသန်းလိုက်ပါလာသည်။ ဒြပ်စင်ငါးခုဂြိုဟ်မှ လူများသာ နေရာတွင် ရပ်၍ ရှေ့သို့ အေးတိအေးစက် ကြည့်ကြ၏။
တတိယကိုယ်လုပ်တော်သည်လည်း ချီတုံချတုံ ဖြစ်ကာ မလှုပ်ရှားသေးပေ။
ခုနစ်ရောင်စုံတာအိုသခင်က အမြန်ဆုံးဖြစ်၏။ ခြေတစ်လှမ်းဖြင့်ပင် သူက ဂြိုဟ်အပြင်သို့ ရောက်လာ၏။ သူက ဂြိုဟ်ထံသို့ ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ သူ၏ကျင့်ကြံမှုအဖြင့် သူက ထိုဂြိုဟ်၌ သူ့အား စောင့်နေသော အရာကို တွေ့မြင်သည်ပင်။ အထူးသဖြင့် သူ့ကိုပင် သတိထားစေသော သားရဲပင်။
ထို့အတွက်ကြောင့် ခုနစ်ရောင်စုံတာအိုသခင်က ရပ်တန့်သွားပြီး ဂြိုဟ်အပြင်ဘက်၌ တုံ့ဆိုင်းနေ၏။
“ဒီဂြိုဟ်ကို မသန့်စင်နိုင်ဘူး။ ဒါကို သန့်စင်လိုက်တာနဲ့ အဲ့သားရဲကို ရန်စမိသလို ဖြစ်သွားလိမ့်မယ်။ ဒါဟာ မထိုက်တန်ဘူး။ ဒီဝမ်လင်းက ဒီသားရဲကြောင့် ဒီနေရာမှာ စောင့်ဆိုင်းနေတာပဲ ဖြစ်ရမယ်…”
ခုနစ်ရောင်စုံတာအိုသခင်က ဂြိုဟ်အပြင်ဘက်၌ ရပ်လိုက်သည့်အခိုက်၌ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက ညာလက်ကို ပင့်မြှောက်ကာ သူ့နှဖူးကို ထိရိုက်သည်။ တစ္ဆေအလင်း လင်းလက်ကာ ဝမ်လင်းက တတိယစိတ်ဝိညာဉ်ကို ထုတ်ယူလိုက်သည်။
ဝမ်လင်းသည် တတိယစိတ်ဝိညာဉ်ကို လက်ထဲမှ ဖြေလျှော့လိုက်ရာ ၎င်းသည် ပျံသန်းလွင့်မြော၏။ ၎င်း၏အော်ရာသည် ပျံ့နှံ့လာသည်။
တခြားသူများအတွက် တတိယစိတ်ဝိညာဉ်နှင့် ဖြားယောင်းမှုက ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့လောက် အားကောင်းလေမည် မဟုတ်ပါ။ တတိယစိတ်ဝိညာဉ် ပေါ်လာသည်နှင့် သူတို့၏ တဘဝလုံး ရည်မှန်းချက်နှင့် အိပ်မက်က သူတို့၏ရှေ့၌ ပေါ်လာသည့်အလား။ သူတို့၏ လက်တစ်ကမ်းအကွာတွင် ရှိနေသည့်အလား။
သည်လိုစွဲဆောင်မှုမျိုးကို သူတို့ မခုခံနိုင်ပေ။
“ငါနဲ့ ဆယ်ပေအတွင်း ရောက်အောင် လာနိုင်တဲ့ ဘယ်သူမဆို ဒီစိတ်ဝိညာဉ်ကို ယူနိုင်တယ်…” ဝမ်လင်း၏ စကားသံသည် ကျယ်လောင်စွာ ဟိန်းထွက်လာသည်။
ခုနစ်ရောင်စုံတာအိုသခင်၏ မျက်လုံးသည် နီရြနေ၏။ သည်အခိုက်၌ သူသည် ဒီဂြိုဟ်ပေါ်ရှိ ချုံခိုတိုက်ခိုက်မှုများကို စိတ်ပူမနေနိုင်တော့ဘဲ ရှေ့သို့ တိုးဝင်လာတော့၏။ သူက သူ့ခွန်အားဖြင့်ဆို ဒီဂြိုဟ်အတွင်းရှိ အိပ်ပျော်နေသော သားရဲကို အာရုံမစိုက်မိစေအောင် လုပ်ဆောင်နိုင်မည်ဟု တွေးထား၏။
“သူဟာ ဒီမှာ ချုံခိုတိုက်ကွက်တွေ ချခင်းထားမှတော့ သူ့ကိုယ်သူလည်း ပိတ်မိနေရမှာပဲ…” ခုနစ်ရောင်စုံတာအိုသခင်က ခြေလှမ်းကာ သည်ဂြိုဟ်သို့ ဝင်ရောက်လာ၏။
တစ္ဆေအိုကြီးကျန့်မှာလည်း သည်စွဲဆောင်မှုကို မခုခံနိုင်ပေ။ သူလည်း ခုနစ်ရောင်စုံတာအိုသခင်နှင့် တချိန်တည်းလိုလို ဝင်ရောက်လာ၏။ ကျန်သည့် ကျင့်ကြံသူများကလည်း တွေဝေနေသော်လည်း ချဉ်းကပ်လာကြသည်။ သူတို့က ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ စိတ်ဝိညာဉ်သုံးခု ပြီးပြည့်စုံသွားမှာကို မလိုချင်ကြပေ။
အထူးသဖြင့် အဇူရာနဂါး၊ လိပ်နက်နှင့် ဟင်္သာငှက်တို့က ထိုးထွက်ကာ သည်ဂြိုဟ်၏ ကောင်းကင်ထံ ဝင်ရောက်လာ၏။
ထိုသူတို့ကို ရင်ဆိုင်နေရစဉ် ဝမ်လင်း၏မျက်လုံးမှာ တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲကမူ ဆူပွက်နေ၏။ သူ၏မျက်လုံးထဲတွင် တိုက်ပွဲဝင်လိုစိတ် အပြည့်ရှိနေ၏။ သူက လီကောင်းလေးကို ပို၍ တင်းတင်းဆုပ်ကိုင်သည်။
“စတေးလိုက်ရင် လူ ဘယ်နှစ်ယောက်ကို ငါ သတ်နိုင်မလဲ သိချင်မိတယ်…”
ဝမ်လင်းက ကောင်းကင်ထက်သို့ မော့ကြည့်၏။ ကောင်းကင်သည် တုန်ဟည်းလာသည်။ တိမ်စိုင်များက လှိုင်းများအလား ရွှေ့လျား၏။ ဝမ်လင်းသည် ခုနစ်ရောင်စုံတာအိုသခင်၊ တစ္ဆေအိုကြီးကျန့်၊ ကျန်သည့်ကျင့်ကြံသူများကို တွေ့မြင်သည်။
“ပထမဆုံးတိုက်ခိုက်မှု၊ နယ်မြေလောင်ကျွမ်းခြင်းထီး။ အားလုံးကို သန့်စင်ပစ်…”
ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ထက်သို့ ညွှန်သည်။
လောကသည် တုန်ဟည်း၏။ ကောင်းကင်တခွင် နီရဲလာသည်။ ထိုအနီရောင်မှာ မီးထံမှ အလင်းဓာတ် ဖြစ်၏။ မီးပင်လယ် ပေါ်လာကာ ဒီလောကကို ခြုံလွှမ်းသည်။ လှိုင်းဂယက်များက မီးပင်လယ်အတွင်း ထနေပြီး ဧရာမရှေးဟောင်းထီးတစ်လက် ပေါ်လာသည်။
ထိုထီး၏ ရိုးတံက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။
ထီးအမိုးက ကောင်းကင်ကို ခြုံလွှမ်းထားကာ လူတိုင်း၏ နောက်ဆုတ်မည့်လမ်းကို ပိတ်ဆို့ထားသည်။
တာအိုသခင်အိပ်မက်ပြာက နယ်မြေလောင်ကျွမ်းခြင်းထီးထံမှ အားတစ်ခု၏ တားဆီးခြင်း ခံရ၏။ သူသည် ဒီထီး၏ သတ်ဖြတ်မှု အစိတ်အပိုင်းတစ်ခု မဟုတ်လေသည့်အလား။
တကယ်တော့ သတ်ဖြတ်မှုက ဖြစ်ပွားလာတော့မည် ဖြစ်၏။ ဝမ်လင်းထံ၌ တာအိုသခင်အိပ်မက်ပြာကို ပူပန်ပေးဖို့ အချိန်မရှိသည့်အတွက် သူက သူ့ကို အပြင်ဘက်တွင် ရပ်နေစေဖို့ ရွေးချယ်လိုက်ခြင်းပင်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ နယ်မြေလောင်ကျွမ်းခြင်းထီး၏ တားဆီးခံရသော လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။ ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့လည်း အတူတူပင်။ သို့သော် သူတို့က အများကြီး တွေးနေဖို့ အချိန်မရှိလေပေ။ ကောင်းကင်ကို ခြုံလွှမ်းထားသော ကြောက်မက်ဖွယ်မီးက သူ့တို့ထံ တဟုန်ထိုး ဝင်ရောက်လာခဲ့ပြီ။
နယ်မြေလောင်ကျွမ်းခြင်းထီးက ဒီလှိုဏ်ဂူလောကမှ မန္တာန်မဟုတ်၊ ၎င်းမှာ ဝမ်လင်း၏ မီးအနှစ်သာရနှင့် ပေါင်းစပ်ထား၏။ သိမ်မွေ့ဆန်းကြယ်မီးက ပျံ့နှံ့လာကာ သည်နေရာ၌ ပိတ်လှောင်နေသော ကျင့်ကြံသူတိုင်း၏စိတ်များကို လောင်ကျွမ်းခြင်း စတင်သည်။
နယ်မြေလောင်ကျွမ်းခြင်းထီးကို စတင်တတ်မြောက်ခဲ့သည့်အချိန်မှစ၍ ဤသည်က ဝမ်လင်းအနေဖြင့် မည်သည့်အတားအဆီးကိုမျှ ဂရုမစိုက်ဘဲ စိတ်လွတ်လက်လွတ် ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်းပင်။
ဝမ်လင်းသည် ထိုမန္တာန်ကို အရူးထံမှ သိရှိခဲ့ခြင်း ဖြစ်၏။ ပထမဆုံးထီးကို ဖွင့်လှစ်ခြင်း၊ ထို့နောက် သတ်ဖြတ်ရန် ထီးကို ပိတ်ခြင်း။
“သုံးဆယ်ရာခိုင်နှုန်းလောက် ပိတ်သွားပြီ…” ဝမ်လင်း၏အမူအရာက သုန်မှုန်နေ၏။ သူက မာန်သွင်းကာ သူ့ဘယ်လက်ကို ဝေ့ယမ်းသည်။ ကောင်းကင်သည် တုန်ဟိန်းလျက် ကောင်းကင်ထက်ရှိ ဧရာမထီးက ဖြည်းဖြည်းချင်း ပိတ်လာ၏။
ထိုအခါ ၎င်းအတွင်းရှိ မီးက ပို၍ ပူလာ၏။ အပူချိန်မှာ ကြောက်မက်ဖွယ်အဆင့်သို့ ရောက်လာခဲ့ပြီ။ သုံးဆယ်ရာခိုင်နှုန်းမျှ ပိတ်ဆို့ခြင်းသည်ပင် တတိယအဆင့်သို့ မရောက်သေးသော တာအိုခုနစ်ခုကလန်မှ တပည့်များထဲမှ သုံးယောက်ကို စတင် လောင်ကျွမ်းစေတော့၏။ သူတို့က ချက်ခြင်းပင် ပြာဖြစ်ကုန်သည်။
“ခြောက်ဆယ်ရာခိုင်နှုန်း ပိတ်ဆို့…” ဝမ်လင်းက မာန်သွင်း၏။ သူ၏မျက်နှာထက်ရှိ သွေးကြောများ ဖောင်းကြွလာ၏။ သူက ထီးကို ခြောက်ဆယ်ရာခိုင်နှုန်းထိ ပိတ်ပစ်၏။ ထိုထီးက မြန်ဆန်စွာ ပိတ်ဆို့လာသည့်အခါ နာကျင်စွာအော်ဟစ်သံများ ပဲ့တင်ထပ်၏။ ဗိုလ်ချုပ်သုံးယောက်၏ အမူအရာများသည်ပင် ပြောင်းလဲကုန်၏။
သူတို့က ဝမ်လင်းထံ၌ အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ပင် ရှားပါးအစွမ်းထက်လှသော မန္တာန်များကို ပိုင်ဆိုင်နေလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။
***