← Chapters

မာကျောမှု ၊ ပျော့ပြောင်းမှု

Vol. 16 Ch. 228

မာကျောမှု ၊ ပျော့ပြောင်းမှု

Vol. 16 Ch. 228

မီတာသုံးဆယ်ပတ်လည်ခန့်ရှိသည့် နတ်အရိုင်းမြေစင်မြင့်တစ်ခုလုံးကို ထူထဲသော မီးမြွေများ ဖုံးလွှမ်းနေသည်။ မီးမြွေများက နေရာအနှံ့တွင် တွန့်လိမ်သွားလာနေပြီး ဆူညံသော လောင်ကျွမ်းသံများနှင့်အတူ ချူရှောင်းရန်အား ဝိုင်းထားလေသည်။

ဖန်ကျိဟိုင်က ချူရှောင်းရန်၏ ပခုံးအား လှံဖြင့်ထိုးလိုက်သည်။

ဖန်ကျိဟိုင်၏လှံက ကိုးပေရှည်ကာ သံနက်ဖြင့် ပြုလုပ်ထားသည်။ ချူရှောင်းရန်က ဓား အသုံးပြုလေ၏။ ပေါ့ပါးသော ဓားကို အသုံးပြုပြီး လှံချက်ကို ရင်ဆိုင်ရာတွင် ခွန်အားအရာ၌ သေချာပေါက်ပင် နိမ့်ကျလေသည်။

လက်ရှိတွင် ချူရှောင်းရန် ချွေးသီးချွေးပေါက်များ ကျနေရလေ၏။

သို့သော် ချူရှောင်းရန်က မီးမုန်တိုင်းထဲတွင် အေးအေးလူလူသာ ရှိနေလေ၏။ ချူရှောင်းရန်အား မီးတောက်များ ဝိုင်းနေလေပြီး ဖန်ကျိဟိုင်က လှံဖြင့် အောက်ဘက်သို့ ထိုးလာလေသောကြောင့် သူမအဖို့ တိုက်ကွက်စတင်ရလေသည်။

ဓားသည် လေးပေခန့်ရှည်သော်လည်း အပျော့ဖြစ်လေ၏။ ဓားက သစ်ရွက်တစ်ရွက်ပမာ ဝေ့ဝဲကာ လှံချက်ကို ရင်ဆိုင်လေသည်။

ပျော့ပြောင်းသော ဓားကို အသုံးပြုပြီး လေးလံတဲ့ လှံကို ရင်ဆိုင်မလို့လား။

လူအများ တုန်လှုပ်သွားကြသည်။ လှံက ချူရှောင်းရန်၏ဓားကို ဖျက်ဆီးပစ်ကာ သူမ၏လက်မောင်းကို ခုတ်ဖြတ်ပစ်နိုင်သည် မဟုတ်ပေလော။ သူတို့ ပါးစပ်အဟောင်းသားဖြစ်၍ မဆုံးမီမှာပင် ဓားအလင်းတစ်ခု ကောင်းကင်သို့ တက်သွားလေသည်။

လွှမ်းခြုံနေသော မီးတောက်များကို ချူရှောင်းရန်၏ဓားက ခုတ်ပိုင်းသွား၏။ ထို့အပြင် ချူရှောင်းရန်က ဖန်ကျိဟိုင်၏ မီးဓာတ်ယွမ်ချီကိုလည်း ဓားနှင့် ဖျက်ဆီးသွားလေသည်။ ဓားဦးက လှံကိုယ်ထည်နှင့် ဆုံတွေ့မိသွား၏။

ဖန်ကျိဟိုင်၏ လှံသည် ရွှံ့နွံထဲသို့ ကျဆင်းသွားသည့်ပမာ ဖြစ်သွားရလေ၏။ လှံသည် ရေပမာ ပျော့ပြောင်းနေသော ဓားက ထိန်းချုပ်သည်ကို ခံလိုက်ရသည်။ လေးလံသော လှံသည် ဓားသွားပေါ်တွင် ကွေးညွတ်နေပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။

ချူရှောင်းရန်က ရုတ်တရက်ပင် ဓားကို လှံထံမှ ဆွဲသိမ်းလိုက်လေသည်။

ဘုန်း...။

လှံသည် ခရမ်းရောင်အဖြိုက်နက် ကြမ်းပြင်ကို ရိုက်မိကာ ကျယ်လောင်သောအသံ ထွက်ပေါ်လာ၏။

ထိုစဥ် ချူရှောင်းရန်က ထပ်မံတိုက်ခိုက်လာသည်။ သူမ၏ဓားက အလွန်တရာပင် မြန်ဆန်နေပြီး ဖန်ကျိဟိုင်၏နှလုံးကို ထိုးလေသည်။

ဘာဖြစ်တာလဲ။

ဖန်ကျိဟိုင် ကြောင်အနေရ၏။ သူ ချူရှောင်းရန်၏လက်နက်နှင့် ထိတွေ့မိချိန်တွင် ချူရှောင်းရန်၏ဓားက သူ၏ခွန်အား အာလုံးကို ထိန်းချုပ်သွားသည့်ပမာ အလွန်ထူးဆန်းသော ခံစားချက်တစ်ရပ်ကို ရခဲ့လေ၏။ ချူရှောင်းရန်က မည်သည့်နည်းလမ်းအား အသုံးပြုခဲ့ကြောင်းကို သူ မတွေးတတ်ပေ။

ယခုတွင် ချူရှောင်းရန်၏ဓားက ရှေ့တည့်တည့်သို့ ရောက်နေပြီဖြစ်၍ ဖန်ကျိဟိုင် တွေးချိန်မရတော့ပေ။

" မီးဒိုင်းကာ "

ဖန်ကျိဟိုင် လှံကိုယမ်းလိုက်လေရာ ရှေ့တည့်တည့်တွင် မီးလေပွေတစ်ခု ဖြစ်ပေါ်လာပြီး တစ်စက္ကန့်အတွင်းမှာပင် မီးဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲသွားရသည်။

ဝီး...။

ချူရှောင်းရန်၏ဓားက မြည်ဟီးသံပေးကာ မီးဒိုင်းကာနှင့် ဆုံတွေ့လေသည်။

ဖောင်း...။

ချူရှောင်းရန်၏ ဓားအလင်းက ရှေ့သို့ဆက်တိုးသွားကာ မီးဒိုင်းကာကို လုံးလုံးလျားလျား ဖျက်ဆီးသွားလေ၏။

မီးတောက်များ ပေါက်ကွဲသွားကာ မီးမိုးစက်များ ကျဆင်းလာသည်။

ဖန်ကျိဟိုင် ဆုတ်ပြီးရင် ဆုတ်ခွာနေရ၏။ သူ၏ အဆင်ခြင်မဲ့မီးတောက်ကို ချူရှောင်းရန်က ကာကွယ်နိုင်ခဲ့ခြင်းကြောင့် အံ့ဩနေခဲ့ရသည်။ ထို့နောက်တွင်မူ သူ၏မီးဒိုင်ကာမှာလည်း ချူရှောင်းရန်ကြောင့် ပျက်စီးသွားရလေ၏။

ဤမိန်းကလေးက အဘယ်သို့ဖြစ်ပြီး အလွန်သန်မာနေရလေသနည်း။

ချူရှောင်းရန်က ဓားချက်များ တရစပ်ထုတ်ဖော်နေသည်။ ဖန်ကျိဟိုင်က လျင်မြန်စွာဆုတ်ခွာရင်းဖြင့် လှံကိုအသုံးပြု ချူရှောင်းရန်၏ ဓားအလင်းကို ဖျက်ဆီးရန်ကြိုးစားနေသည်။

သို့သော် ချူရှောင်းရန်၏ဓားတွင် အံ့မခန်းဆန်သော ဒဏ်ခံနိုင်စွမ်းများ ပါနေသည့်အလားပင်။ ဖန်ကျိဟိုင်၏ လှံအလင်းက မည်မျှပင်သန်မာနေပါစေ ချူရှောင်းရန်၏ဓားက နေရာအစုံတွင် လွှမ်းမိုးထားလေ၏။ သေးငယ်သော ဓားချီက ယွမ်ချီအကာအကွယ်ကို ထိုးဖောက်နေလေသောကြောင့် ဖန်ကျိဟိုင် တစ်ကိုယ်လုံး ထုံကျဥ်လာရသည်။

ဘယ်လိုဖြစ်ရတာလဲ။

ချူရှောင်းရန်၏ ယွမ်ချီက သူ့ထက် ပိုမသာကြောင်းကို ရှင်းလင်းစွာခံစားမိနေသော်လည်း သူသည် တစ်ကြိမ်ပြီးတစ်ကြိမ်ပင် ထိန်းချုပ်ခံနေရလေ၏။ သူ စွမ်းအားအကုန် ထုတ်မသုံးနိုင်ဟု ခံစားနေရလေသည်။

ပွဲကြည့်သူများထဲမှ လူတစ်ဦးက ရုတ်တရပ်ပင် မှတ်မိသွားကာ..." အဲ့ဒါက ဥပဒေသအမှန်တရားပဲ။ ချူရှောင်းရန်က အမာနဲ့အပျော့ အမှန်တရားကို ထိုးထွင်းသိမြင်ထားတယ်ဆိုတာကို မင်းတို့ မကြားဖူးကြဘူးလား "

အမာအပျော့အမှန်တရားသည် မာကျောမှုနှင့် ပျော့ပြောင်းမှုကို ပေါင်းစပ်ထားခြင်းဖြစ်၏။ ချူရှောင်းရန်၏လက်နက်က ဓားပျော့တစ်လက်ဖြစ်သော်လည်း သူမ အမာအပျော့အမှန်တရားကို နားလည်ပြီးနောက်တွင်မူ သူမ၏လက်နက်က အံ့မခန်းစွမ်းအားများ ရလာခဲ့လေသည်။

ဝှစ်...။

ချူရှောင်းရန်က ဖန်ကျိဟိုင်ကို ပြိုင်ကွင်းထောင့်စွန်းအထိ ဖိအားပေးကာ တွန်းပို့လာ၏။ ထို့နောက်တွင် အထက်စီးမှလာသော တိုက်ကွက်တစ်ခုက ဖန်ကျိဟိုင်ဆီသို့ တည့်တည့်ဝင်ပြေးလေသည်။ ဖန်ကျိဟိုင် လှံကိုမြောက်ကာ ခုခံလိုက်၏။

ဖောင်း...။

ဖန်ကျိဟိုင်၏ မီးတောက်ယွမ်ချီ ပြိုကွဲသွားရလေ၏။ ထိုဓားချက်က လှံအရိုးပေါ်သို့ ကျရောက်သွားလေ၏။ အရှိန်ပါသော ဓားသွားသည် လှံအရိုးအား ကွေးကာပတ်သွားပြီး ဖန်ကျိဟိုင်ဆီသို့ ကျာပွတ်တစ်ချောင်းပမာ ပြေးဝင်သွားလေ၏။

နီးကပ်လွန်းနေသဖြင့် ဖန်ကျိဟိုင်အဖို့ ရှောင်ရန်မဖြစ်နိုင်တော့ပေ။ ထက်ရှသော ဓားအလင်းက ဖန်ကျိဟိုင်၏ ယွမ်ချီအကာအကွယ်ကို ထိုးဖောက်သွားခဲ့ပြီး ရင်ဘက်တွင် ဒဏ်ရာကြီးတစ်ခု ဖြစ်သွားစေသည်။

ထိုဒဏ်ရာကြောင့် ချူရှောင်းရန်၏ချီသည် ဖန်ကျိဟိုင်၏ သွေးကြောများထဲသို့ ဝင်သွားခဲ့ကာ ဖန်ကျိဟိုင်၏ခန္ဓာကိုယ် တုန်ယင်သွားရပြီး ပါးစပ်မှ သွေးများအန်ထွက်လာသည်။

သူ တန်ပြန်တိုက်ခိုက်နိုင်ခြင်း မရှိမီမှာပင် ချူရှောင်းရန်က ထပ်မံတိုက်ခိုက်လာသည်။

ဖောင်း...။

ချူရှောင်းရန်၏ တိုက်ခိုက်မှုက ဖန်ကျိဟိုင်၏ ယွမ်ချီအကာအကွယ်ကို လုံးဝဖျက်ဆီးသွားလေ၏။ ဖန်ကျိဟိုင် နောက်သို့လွင့်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။

" တိုက်ပွဲမှာ ချူရှောင်းရန် အနိုင်ရတယ် "

ဒိုင်က ရလဒ်ကြေညာလိုက်ချိန်တွင် ဖန်ကျိဟိုင် ငေးငိုင်နေသည်။ သူ့ထက် နှစ်နှစ် ၊ သုံးနှစ်ခန့်ငယ်သည့် တပ်သားသစ် မိန်းကလေးတစ်ဦးကို သူ ရှုံးခဲ့ရသည်တဲ့လား။

သူ တိုင်အာနတ်မြို့တွင် လေ့ကျင့်ခဲ့သည်မှာ နှစ်နှစ်ရှိနေသည့်တိုင်အောင် တိုင်အာနတ်မြို့သို့ ရောက်လာခါစ တပ်သားသစ်တစ်ဦးကို အနိုင်မရခဲ့ချေ။

ပရိတ်သတ်များထဲမှ တပ်သားသစ်များမှာ တစ်ဦးနှင့်တစ်ဦး ကြည့်နေကြလေ၏။ သူတို့က ချူရှောင်းရန်ကို အားပေးကြသူများဖြစ်ပြီး ချူရှောင်းရန် အနိုင်ရမည်ဟု ယုံကြည်ထားသည်။ သို့သော် ချူရှောင်းရန်က ပြတ်ပြတ်သားသား အနိုင်ရသွားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

သူမက အဆင့် ၃၇၈၀ မှ စီနီယာကျင့်ကြံသူတစ်ဦးကို အားကုန်ထုတ်ရခြင်းမရှိဘဲ အနိုင်ယူသွားခဲ့သည်။

" အံ့ဩလောက်စရာပဲ... တပ်သားသစ်တွေနဲ့ ယှဥ်ကြည့်မယ်ဆိုရင် ချူရှောင်းရန် ထုတ်ပြသွားတဲ့စွမ်းအားက အခြားအဆင့်မှာပဲ။ အရင်က တပ်သားသစ်အဆင့်မှာ အဆင့် ၇ ရှိတဲ့ တစ်ယောက်က အဆင့် ၅၀၀၀ ကျော်က စီနီယာကျင့်ကြံသူတစ်ဦးကို စိန်ခေါ်ခဲ့ပေမဲ့ ရှုံးခဲ့ရတာပဲ။ ဒါပေမဲ့ ချူရှောင်းရန်ကတော့ အဆင့် ၃၇၀၀ ဝန်းကျင်က လူတစ်ယောက်ကို အလွယ်တကူပဲ အနိုင်ယူသွားခဲ့တယ်။ ဒီကွာဟချက်က ကြီးမားလွန်းတယ် "

" ချိုးနျိုက ချူရှောင်းရန်နဲ့ တူတယ်ဆိုတော့ ချိုးနျိုမှာလည်း တူညီတဲ့စွမ်းအား ရှိနေတာလား "

တပ်သားသစ်များစွာ အံ့အားသင့်နေကြသည်။ သူတို့ တောက်တိုမယ်ရအလုပ်များ လုပ်ဆောင်နေကြချိန်တွင် ချိုးနျိုနှင့်ချူရှောင်းရန်တို့က ပျက်စီးခြင်းသားရဲများ အမဲလိုက်ရန်အတွက် အရိုင်းနယ်မြေထဲသို့ ဝင်သွားခဲ့ကြောင်းကို ကြားခဲ့ကြရသည်။

ထိုစဥ်က သူတို့ အထင်တကြီးဖြစ်ခဲ့ကြသော်လည်း ထိုနှစ်ဦး၏စွမ်းအားကိုမူ မသိကြပေ။ တပ်သားသစ်အဆင့်တွင် အဆင့် ၃ ၊ ၄ ၊ ၅ ရှိသူများက ခွန်အားအရာတွင် ကွာခြားချက် ကြီးမားပုံရလေသည်။

တပ်သားသစ်အဆင့်တွင် အဆင့် ၁၀ မှ လျိုယွီရှင်းကို လျစ်လျူရှုထား၍ ရလေ၏။ ယီယွင် တစ်ဦးတည်းကသာ အထင်ကြီးဖွယ်ရာ တိုက်ပွဲ ရှိခဲ့သည်။ သို့သော် ချူရှောင်းရန်က ဖန်ကျိဟိုင်အား အနိုင်ယူလိုက်သကဲ့သို့ အထင်ကြီးဖွယ်ရာရလဒ်မျိုး ယီယွင်တွင် မရှိပေ။

နတ်မြို့တော်က တပ်သားသစ်အဆင့်အတွက် ချမှတ်ထားသည့် စည်းကမ်းများအရ တပ်သားသစ်များထဲတွင် အနိုင်သူတစ်ဦး ပေါ်လာသည်အထိ တိုက်ပွဲကို ဆက်လက်ပြုလုပ်ရပေမည်။ နတ်မြို့တော်က တပ်သားသစ် နံပါတ်တစ်အတွက် ကြီးမားသောဆုလာဘ်အား ပြင်ဆင်ပေးထားသည်။

ယခုတွင် ချူရှောင်းရန်က အသန်မာဆုံးဖြစ်ဟန်ရသည်။ ချူရှောင်းရန်အား ယှဥ်နိုင်သူမှာ ချိုးနျိုနှင့် ယီယွင်သာ ဖြစ်ပုံရလေ၏။

" ချူရှောင်းရန်က အမာအပျော့အမှန်တရားကို နားလည်ထားတယ်။ ဒါဟာ ကာကွယ်ရေးနယ်စားမိသားစုရဲ့ အခြေခံအုတ်မြစ်ပဲ။ ချူရှောင်းရန် ငယ်စဥ်ကတည်းက နယ်စားအိမ်တော်မှာရှိတဲ့ ဆရာကောင်းတွေရဲ့ လက်အောက်မှာ သင်ကြားခဲ့ရတယ်။ သူ ရထားတဲ့ အရင်းအမြစ်တွေကလည်း ထူးခြားတာပဲ။ ငါတို့နဲ့ ယှဥ်ကြည့်ရင် သူက လုံးဝကို အခြားအဆင့်တစ်ခုမှာပဲ "

" ငါတို့က မစွမ်းနိုင်ပေမဲ့ ယီယွင်ကတော့ ယှဥ်နိုင်လောက်မှာပါ။ ငါကတော့ ယီယွင်နဲ့ ချူရှောင်းရန်တို့ရဲ့ တိုက်ပွဲကို မျှော်နေမိပြီ။ ယီယွင်က ငါတို့ထက်တောင် အခြေခံအားနည်းတယ်။ ဒီကောင် အနိုင်ရနိုင်ခြေက သေးငယ်တယ်ဆိုပေမဲ့ ဒီကောင်က သူတင်ကိုယ်တင် တိုက်ခိုက်နိုင်သေးတယ်။ သူသာ ချူရှောင်းရန် အားကုန်ထုတ်ရအောင် ဖိအားပေးနိုင်ခဲ့မယ်ဆိုရင်တော့ ဂုဏ်ယူလို့ရပြီပဲ "

ယီယွင်အား လူများစွာက မနာလိုဖြစ်နေကြသော်လည်း ကျင့်ကြံသူအချို့ကမူ ယီယွင်ကို အထင်ကြီးကြသည်။ မိသားစုငယ်များမှ လာကြသူများက အမြင့်သို့တက်ရန် မည်မျှခက်ခဲကြောင်းကို နားလည်ကြသည်။

" ဘယ်လိုလဲ။ ဘာထင်မြင်ချက်ရှိလဲ " ကတုံးချင်က မေးစေ့ပွတ်နေရင်းဖြင့် နံဘေးမှ ယီယွင်အား မေးလိုက်သည်။ သူက အမြဲတမ်းလိုပင် အပြစ်ရှာတတ်သူဖြစ်သော်လည်း ချူရှောင်းရန်၏ စွမ်းဆောင်မှုကိုမူ ချီးကျူးမိလေသည်။

ယီယွင်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး..." သူက တကယ်ကို သန်မာတယ် "

တိုင်အာနတ်မြို့ထဲတွင် မွန်းစတားမျိုးစုံ ပုန်းအောင်းနေသည်။ ယီယွင်သာ လွန်ခဲ့သည့်သုံးလခန့် တိုင်အာနတ်မြို့သို့ ရောက်ခါစအချိန်တွင်ဆိုပါက ချူရှောင်းရန်ကို ရင်ဆိုင်နိုင်မည်မဟုတ်လောက်ပေ။

ချူရှောင်းရန်တွင် ကောင်းမွန်သော ဓားသိုင်း ၊ ကျင့်စဥ်နည်းစနစ်များ ၊ ဥပဒေသအမှန်တရားများ ရှိလေသည်။ ထိုစဥ်ကဆိုလျှင် ယီယွင်တွင် တဒင်္ဂလှုပ်ရှားမှုသာရှိပြီး ချူရှောင်းရန်ကို မယှဥ်နိုင်ပေ။ သူတို့က လုံးဝကွဲပြားသော အဆင့်များတွင် ရှိနေခဲ့သည်။

ယခုတွင်မူ အရာအားလုံးက ကွာခြားသွားချေပြီ။ တိုင်အာနတ်ကျင့်စဥ်က ယီယွင်၏ လိုအပ်ချက်များစွာကို ဖြည့်ဆည်းပေးခဲ့လေ၏။

ယခုအခါတွင် ယီယွင်က ကျင့်စဥ်နည်းစနစ်နှင့် ဥပဒေသအမှန်တရားတို့၏ အရေးပါပုံကို နက်နဲစွာနားလည်သွားခဲ့သည်။ ၎င်းတို့က လူတစ်ဦး၏စွမ်းအားကို အဆင့်တစ်ခုလုံးအထိ တိုးမြင့်ပေးနိုင်လေသည်။

ကောင်းမွန်သော ကျင့်စဥ်နည်းစနစ်တစ်ခု မရှိလျှင် ၊ ဥပဒေသအမှန်တရားတစ်ခုကို နားမလည်ထားလျှင် ခန္ဓာကိုယ်က စွမ်းအင်များကို မည်သည်ပမာဏပင် စုပ်ယူထားပါစေ အသုံးမဝင်ပေ။ ယင်းသည် စစ်သူကြီး၏ အမိန့်ပေးချက်မရှိသည့် အားကောင်းသော စစ်သည်တစ်ဖွဲ့ပမာ ဖြစ်နေပေလိမ့်မည်။ တိုက်ပွဲဝင်စွမ်းအားများ ကြီးစွာပင် လျော့နည်းသွားမည်ဖြစ်ချေ၏။

All Chapters