မွေးရာပါနတ်စွမ်းအား
Vol. 16 Ch. 229
ယနေ့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲများက အရှိန်အဟုန်မြင့်မားလာခဲ့သည်။
ချူရှောင်းရန် ပြီးသည့်နောက်တွင် ထိပ်ဆုံးဆယ်ယောက်အတွင်းဝင်သည့် တပ်သားသစ်သုံးဦး စင်ပေါ်သို့ တက်လာခဲ့သည်။ သူတို့က အဆင့် ၅၀၀၀ ဝန်းကျင်မှ စီနီယာများကို စိန်ခေါ်ခဲ့ကြ၏။
တိုက်ပွဲများ အလွန်ပြင်းထန်ခဲ့သည်။ ထိုတပ်သားသစ်များက ဥပဒေသအမှန်တရားကို နားလည်ထားသည့် ချူရှောင်းရန်ကို မယှဥ်နိုင်သော်လည်း သူတို့၏ ယွမ်ချီတိုက်ခိုက်မှုများဖြင့် လူအများ၏ ချီးကျူးမှုများ ရခဲ့ကြသည်။
ကံမကောင်းစွာဖြင့်ပင် ထိုတပ်သားသစ်များက နှစ်နှစ် ၊ သုံးနှစ်ခန့် လေ့ကျင့်ထားသည့် နှစ်ကြီးသမားများကို အနိုင်မယူနိုင်ခဲ့ကြပေ။
အဆင့် ၂၀ မှ ကုမူဟု အမည်ရသည့် တပ်သားသစ်တစ်ဦးက အဆင့် ၄၉၀၀ ဝန်းကျင်မှ စီနီယာကျင့်ကြံသူတစ်ဦးကို စိန်ခေါ်ခဲ့သည်။ လူတိုင်းသည် ကုမူ ရှုံးရလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ရလဒ်ကြောင့် အံ့အားသင့်ခဲ့ရသည်။ ကုမူက ပြိုင်ဘက်ကို အမှန်တကယ်ပင် အနိုင်ရသွားကာ အဆင့် ၅၀၀၀ အတွင်း ဝင်နိုင်သွားခဲ့သည်။
ကုမူက အမည်မကျော်ကြားပေ။ တပ်သားသစ်များထဲတွင် အဆင့် ၂၀ မှ လူတစ်ဦးဖြစ်သည့် သူ့အား များစွာအရေးမစိုက်ကြပေ။ တပ်သားသစ်အဆင့်သည် လွန်ခဲ့သည့်သုံးလအတွင်းမှ စွမ်းဆောင်ရည်များကို အခြေပြုထားသည်ဖြစ်ပြီး လူတစ်ဦး၏ စွမ်းရည်အစစ်ကို ဆုံးဖြတ်မပေးနိုင်ပေ။
ဘာမျှမဟုတ်သည့် ကုမူက အဆင့် ၅၀၀၀ အတွင်း တက်လှမ်းသွားလေသောကြောင့် လူအများ အံ့အားသင့်ခဲ့ရသည်။ မိသားစုနောက်ခံအရ ကုမူက ယီယွင်ထက် ပိုသာသော်လည်း များစွာကွာခြားခြင်းမရှိပေ။ သူ၏ အဖိုးက ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်ခဲ့သော်လည်း ဖခင်ဖြစ်သူ၏လက်ထက်တွင် နိမ့်ပါးသွားခဲ့ရသည်။ ထိုကဲ့သို့ မိသားစုမျိုးက ကုမူကဲ့သို့ လူတစ်ဦးကို မွေးထုတ်ပေးနိုင်နေဆဲပင်။
ကုမူ ဤအဆင့်အထိ ရောက်လာနိုင်ခဲ့သည်မှာ မတော်တဆဖြစ်ရပ်အချို့ ရှိနေ၍သာ ဖြစ်ရပေမည်။
လူအများ သက်ပြင်းချလိုက်ကြ၏။ လောကကြီးက အလွန်ကျယ်ဝန်းကာ လူပေါင်းများစွာ ရှိလေသည်။ လက်ရွေးစင်များလည်း များစွာပင်ရှိလေ၏။ မတော်တဆဖြစ်ရပ်များ ကြုံတွေ့ခဲ့ရသည့် လက်ရွေးစဥ်များလည်း ရှိနေသည်မှာ အံ့ဩစရာမဟုတ်ပေ။
ဤတပ်သားသစ်အသုတ်တွင် ပုန်းအောင်းနေသော ပါရမီရှင်များစွာရှိနေလေပြီး ပထမတွင် ယီယွင် ပေါ်လာခဲ့ပြီး ထို့နောက်တွင် ကုမူ ပေါ်လာသည်။
ပြိုင်ပွဲငါးရက်မြောက်နေ့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။ နောက်ဆုံးပွဲစဥ်က စိတ်လှုပ်ရှားမှုများကို အမြင့်ဆုံးအထိ တွန်းပို့ပေးခဲ့သည်။
" နတ်အရိုင်းမြေစင်မြင့် ၊ ၃၉၆၀ ၊ ပိုင်မင်းဝူ။ စိန်ခေါ်သူက အဆင့် ၁၀၀၀၂ ချိုးနျို "
ချူရှောင်းရန်၏စွမ်းအားကို မည်သူကမျှ သံသယမရှ်ကြတော့ပေ။
ချိုးနျိုကမူ အမြဲတမ်းလိုပင် ချူရှောင်းရန်နှင့် နှိုင်းယှဥ်နိုင်လေသည်။ အစောပိုင်းက ချူရှောင်းရန်၏ စွမ်းဆောင်မှုကြောင့် ချိုးနျိုက ချူရှောင်းရန်နှင့် အဆင့်တူတွင် ရှိနိုင်သည်လားဟု သံသယဝင်နေကြသူများ များစွာပင်ရှိလေသည်။ ယခုတွင် ထိုအကြောင်းကို သူတို့ မြင်တွေ့ရပေတော့မည်။
" ဟဲဟဲ...နောက်ဆုံးတော့ ငါ့အလှည့်လာပြီ " ချူရှောင်းရန်၏နံဘေးမှ ၁.၉ မီတာခန့်သော လူငယ်တစ်ဦး မတ်တက်ရပ်လာသည်။ ထိုလူငယ်က ၁၃ နှစ်ဆိုသည်မှာ ယုံကြည်ရခက်လှသည်။
ချိုးနျိုက ပြိုင်ဘက်အား ကြည့်လိုက်သည်။ သူ၏ပြိုင်ဘက်ကလည်း သန်မာတောင့်တင်းသည်။ ထိုသူက ၁၅ နှစ်ဖြစ်ပြီး ၁.၈ မီတာ မြင့်မားလေရာ သူနှင့် လက်ရည်ညီလေသည်။
" ဒီကောင်လေးနဲ့ ရင်ဆိုင်ဖို့အတွက်က ငါ့ရဲ့ အဖြူရောင်သတ္တုချပ်ဝတ်နဲ့ဆို လုံလောက်သင့်ပါတယ် " ချိုးနျိုက ရေရွတ်လိုက်သည်။
နံဘေးမှ ချူရှောင်းရန်က ရယ်မောကာ..." ဒီလို လွယ်ကူတဲ့ကိစ္စတစ်ခုမှာ ကျရှုံးမသွားဖို့ ဂရုစိုက်နော် "
" ကျရှုံးမယ်တဲ့လား ဟဲဟဲ "
ချိုးနျိုက နှာခေါင်းအား လက်မနှင််ပွတ်ကာ..." စိတ်မပူပါနဲ့... မင်းနဲ့ မတိုက်ခိုက်ရသေးခင်မှာ ငါ ရှုံးမှာမဟုတ်ဘူး "
ပိုင်မင်းဝူ စင်မြင့်ပေါ်သို့ ရောက်လာသည်။ သူက တုတ်လုံးပမာ လက်နက်ကို ထုတ်ယူလာ၏။
ချိုးနျို၏လက်နက်ကိုမူ လူအများ အံ့အားသင့်သွားလေ၏။ ချိုးနျို၏ ခြေထောက် ၊ ရင်ဘက်ပိုင်း ၊ လက်မောင်းများတို့တွင် ရွှေရောင်ဖျော့ဖျော့ ချပ်ဝတ်အား ဝတ်ဆင်ထားလေသည်။ သူ၏ညာလက်တွင်မူ လူ့တစ်ရပ်၏ တစ်ဝက်ခန့်ရှည်ပြီး အရွယ်ရောက်ပြီးသား လူတစ်ဦး၏ ခါးခန့် တုတ်သော လက်အိတ်ကို ဝတ်ဆင်ထားလေ၏။ လက်အိတ်၏နောက်တွင် ထက်ရှသော ဓားသွားသုံးခု ရှိနေလေသည်။
ဓားသွားတစ်ခုချင်းစီတိုင်းက ၁.၅ မီတာခန့်ရှည်လျားက လက်ဝါးတစ်ဝက်ခန့် ဗြက်ကျယ်လေသည်။ ဓားသုံးချောင်းက ဧရာမလက်သည်ကြီးများပမာပင် ဘေးချင်းယှဥ်ကာ ရှိနေလေ၏။
ဘုန်း...။
ချိုးနျို ခုန်တက်သွားလေရာ သတ္တုချင်းထိမိသံတစ်ခုနှင့်အတူ ခရမ်းရောင်အဖြိုက်နက် အခင်းပြားများ တုန်ခါသွားရသည်။
" မိုးနတ်မင်းရေ... ဒီချပ်ဝတ်က ဘယ်လောက်တောင် လေးတာလဲ "
လူအများ တုန်လှုပ်သွားကြသည်။ ခရမ်းရောင်အဖြိုက်နက် အခင်းပြားများက တစ်ပေခန့်ထူပြီး တစ်ခုချင်းစီတိုင်းက အလွန်တရာပင် လေးလံလှသည်။ ၎င်းတို့ကို ဘေးချင်းယှဥ်ကာ စီထားချိန်၌ အလွန်တရာပင် ခိုင်မာလေသည်။ သို့သော် ချိုးနျိုက ခုန်လိုက်သည်နှင့်ပင် အခင်းပြားများ တုန်ခါသွားရသည်တဲ့လား။
" ဒီချပ်ဝတ်က... "
ပိုင်မင်းဝူက ချိုးနျိုကိုကြည့်ပြီး တုတ်လုံးကိုမြောက်ကာ..." ဒီလိုချပ်ဝတ်မျိုးနဲ့ဆိုရင် ငါ့ရဲ့အမြန်နှုန်းကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ "
ချိုးနျိုက ပြုံးကာ..." ငါက ဘာမှမတော်ပါဘူး။ ငါက နည်းနည်းလေး ခွန်အားပိုကြီးရုံတင်ပဲ။ ဒီချပ်ဝတ်ကို ဝတ်ထားမှပဲ ငါ့ရဲ့အားသာချက်ကို ပေါ်လွင်စေမှာလေ "
ပိုင်မင်းဝူက အေးစက်စက်ပြုံးကာ..." ဒါဆို ကြိုးစားကြည့်ကြတာပေါ့ "
တိုက်ပွဲစတင်သည်နှင့် ပိုင်မင်းဝူက တိုက်ခိုက်လေသည်။ သူ လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာ ပုံရိပ်များစွာ ထုတ်ဖော်လိုက်လေ၏။ သူ၏အမြန်နှုန်းကို အသုံးပြုကာ ချိုးနျိုကို အနိုင်ယူလိုလေသည်။
ချိုးနျိုက ရုပ်ခန္ဓာကိုယ် တောင့်တင်းသန်မာသော်လည်း နှေးကွေးလေ၏။
ပိုင်မင်းဝူက လေပမာပင် ရွေ့လျားနေလျက်ရှိပြီး ချိုးနျိုက မလှုပ်မယက် ရှိနေလေသည်။ ပိုင်မင်းဝူက ချိုးနျိုကို အထင်မသေးပေ။ ချူရှောင်းရန်က ဖန်ကျိဟိုင်ကို အနိုင်ယူခဲ့သည်က အကောင်းဆုံး ဥပမာတစ်ခု ဖြစ်လေသည်။ သူက ဖန်ကျိဟိုင်၏ ခြေရာအတိုင်းလိုက်ကာ တပ်သားသစ်တစ်ဦးကို ရှုံးလိုခြင်းမရှိပေ။
ဝီး...။
တုတ်လုံးအလင်း ကောင်းကင်သို့တက်သွားပြီး ကျာပွတ်တစ်ချောင်းပမာ စတင်လှုပ်ရှားလေသည်။ ပိုင်မင်းဝူ၏ တုတ်လုံးတွင် ယွမ်ချီပမာဏများစွာ ထည့်သွင်းထားလေသောကြောင့် မြသွေးရောင် တောက်ပနေလေ၏။
" အဲ့ဒါက ပိုင်မိသားစုရဲ့ ဆန်းကြယ်ကျောက်စိမ်းနှလုံးကျင့်စဥ်ပဲ " တစ်စုံတစ်ယောက်က အော်လိုက်သည်။
တိုင်အာနတ်ပြည်ထောင်ထဲရှိ မိသားစုမျိုးနွယ်များစွာတို့တွင် ကိုယ်ပိုင်လျှို့ဝှက်နည်းစနစ်များ ရှိကြလေ၏။ မည်သည့်လျှို့ဝှက်နည်းစနစ်ကိုမျှ လျော့တွက်၍မရပေ။ ကိုယ်ပိုင်အမွေအနှစ်ရှိသည့် မိသားစုတစ်စုက အနာဂတ်မျိုးဆက်သစ်များကို လေ့ကျင့်ပေးနိုင်လေ၏။ ကျင့်စဥ်ကောင်းတစ်ခုက မိသားစုတစ်ခု၏ အခြေခံအုတ်မြစ် ဖြစ်လေသည်။
ဆန်းကြယ်ကျောက်စိမ်းနှလုံးကျင့်စဥ်ကလည်း ဂုဏ်သတင်းကျော်ကြားသော ကျင့်စဥ်တစ်ခု ဖြစ်လေ၏။ ၎င်းက လျိုမိသားစု၏ ကြယ်ခူးလက်ထက် အားမနည်းပေ။
ဝှစ်...။
ပိုင်မင်းဝူက ချိုးနျို၏ရှေ့တွင် ချက်ချင်းပေါ်ထွက်လာသည်။ သူ တုတ်လုံးကိုမြောက်ကာ ချိုးနျို၏လည်ပင်းအား ရိုက်လိုက်လေ၏။ တုတ်လုံးအလင်းက အထက်မှ အောက်သို့ဆင်းသွားလေ၏။
လူတိုင်း မျက်လုံးပြူးကာ ကြည့်နေကြသည်။ ထိုတိုက်ခိုက်မှုက အလွန်ပင် အစွမ်းထက်လေ၏။
ချိုးနျို ကျယ်လောင်စွာအော်လိုက်လေရာ အသံလှိုင်းသည် စင်မြင့်အားဖြတ်၍ ကောင်းကင်ယံအား ရိုက်ခတ်သွားလေ၏။ သူ၏ခန္ဓာကိုယ်ထဲမှ ခွန်အားများအားလုံးကို လည်ပတ်စေကာ ဘယ်လက်အား မြောက်လိုက်သည်။
ဒေါင်...။
ချိုးနျို၏ဒိုင်းကာက ပိုင်မင်းဝူ၏တုတ်လုံးကို တားဆီးခဲ့ကာ မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။
မြည်ဟီးသံတစ်ခုနှင့်အတူ မြစိမ်းရောင်အလင်း ပေါက်ကွဲသွားရလေ၏။ ချိုးနျို၏ ခြေဖျားအောက်မှ ခရမ်းရောင်အဖြိုက်နက် အခင်းပြားများ တုန်ခါသွားရကာ အက်ကြောင်းကြီးနှစ်ခု ဖြစ်သွားရလေ၏။
ချိုးနျိုက ခြေတစ်လှမ်းပင် ဆုတ်မသွားပေ။
" ဒီခွန်အား "
ပိုင်မင်းဝူ၏ တိုက်ကွက်ကို ချိုးနျိုက ဘယ်လက်ပေါ်မှ ဒိုင်းကာနှင့် ခုခံလိုက်သည်ကို မြင်လိုက်ရသောအခါတွင် လူတိုင်း တုန်လှုပ်သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။ ပိုင်မင်းဝူက တုတ်လုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ဆန်းကြယ်ကျောက်စိမ်းနှလုံးကျင့်စဥ်ကိုပါ အသုံးပြုထားလေရာ ထိုတိုက်ကွက်၏စွမ်းအားကို မှန်းဆကြည့်၍ရသည်။
သို့တိုင်အောင်ပင် ချိုးနျိုက ဘယ်လက်တစ်ဖက်တည်းနှင့် ကာကွယ်နိုင်ခဲ့ပြီး ခြေတစ်လှမ်းပင် ဆုတ်မသွားပေ။ မည်ကဲ့သို့ ထူးဆန်းသော ခွန်အားမျိုးပေနည်း။
သာမန်လူတစ်ဦးသာဆိုပါက ဆန်းကြယ်ကျောက်စိမ်းနှလုံးကျင့်စဥ် ထည့်သွင်းထားသည့် တုတ်လုံးရိုက်ချက်ကို ခုခံလိုက်လျှင် လက်အရိုးများ သွင်သွင်ကျိုးသွားပေလိမ့်မည်။
" မင်း..."
ပိုင်မင်းဝူ၏ သူငယ်အိမ်များ ကျဥ်းမြောင်းသွားလေ၏။ တန်ပြန်အား၏ တုန်ခါမှုကြောင့် သူ၏လက်များ ထုံကျဥ်သွားရလေ၏။
တုတ်လုံးက အလွန်လေးလံကာ မာကြောသော လက်နက်တစ်ခု ဖြစ်လေသည်။ သူ အချိန်ကြာကြာ ခံနိုင်မည်မဟုတ်ပေ။
" ဒီကောင်လေးရဲ့ လက်မောင်း လုံးဝအဆင်ပြေနေမယ်လို့ ငါ မယုံဘူး "
ပိုင်မင်းဝူ တွေးနေချိန်တွင် သူ၏တုတ်လုံးကို ချိုးနျိုက ဖမ်းယူသွားခဲ့ကြောင်း သိလိုက်ရသည်။
ချိုးနျိုက ဘယ်လက်နှင့် ခုံခံပြီးသည်နှင့် ညာလက်ကို အသုံးပြုကာ တုတ်လုံးကို ဖမ်းယူခဲ့လေသည်။
" အခု ဒီလက်နက်က ငါ့ဟာပဲ "
ချိုးနျိုက ပြုံးကာ..." ငါ ဘယ်လက်နက်ကိုပဲ ဖမ်းမိသွားပါသေ ငါ့လက်ထဲကနေ ပြန်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး "
ချိုးနျို၏စကားကြောင့် ပိုင်မင်းဝူ၏နဖူးတွင် သွေးကြောများ ထောင်ထလာ၏။
" မင်း အတော်မောက်မာပါ့လား " ပိုင်မင်းဝူ ဟစ်အော်လိုက်ပြီး ဆန်းကြယ်ကျောက်စိမ်းနှလုံးကျင့်စဥ်ကို လည်ပတ်စေကာ ယွမ်ချီများကို ပေါက်ကွဲစေလိုက်သည်။ သူ တုတ်လုံးအား အားကုန်သုံးကာ ပြန်ဆွဲယူလေ၏။
ဖောင်း...။
ဆန်းကြယ်ကျောက်စိမ်းနှလုံးကျင့်စဥ်ကြောင့် ယွမ်ချီများ ပေါက်ကွဲလာသော်လည်း တုတ်လုံးကမူ ချိုးနျို၏လက်ထဲတွင် ရှိနေဆဲပင်။
" မင်း..." ပိုင်မင်းဝူ မျက်လုံးအပြူးသားနှင့် ကြည့်လိုက်သည်။ ချိုးနျို၏ခွန်အားက ကြောက်မက်ဖွယ်ကောင်းလှသည်။
သူက ဆန်းကြယ်ကျောက်စိမ်းနှလုံးကျင့်စဥ်ကို အစွမ်းကုန်မြင့်တင်ပြီး ယွမ်ချီများကို ဆူနာမီလှိုင်းပမာ ထကြွစေခဲ့သော်လည်း ချိုးနျို၏လက်သည် ရေခဲရိုက်ထားသော သံနက်ပမာပင်။ တုတ်လုံးမှာ တွင်းပေါက်တွင် တစ်စို့နေသော မြွေတစ်ကောင်ပမာ ရပ်တန့်နေလေ၏။
ဒါ ဘယ်လိုဖြစ်တာလဲ။
ပိုင်မင်းဝူ၏နဖူးတွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာသည်။ လက်နက် ဖမ်းယူခံလိုက်ရပြီးနောက် သူ ပြန်ဆွဲမယူနိုင်သည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်လေသည်။ ဤကဲ့သို့နည်းစနစ်ရှိသည့် ပြိုင်ဘက်တစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းလည်း ဖြစ်လေ၏။
ထိုကောင့်၏ကြီးမားသောခွန်အားကို အသုံးပြုပြီး တစ်ပါးသူ၏လက်နက်ကို ဖမ်းဆုပ်ထားလေသည်။ သူ မည်သို့ တိုက်ခိုက်ရပါတော့မည်နည်း။
ထိုစဥ်တွင် တုတ်လုံးထံမှ ကြီးမားသော ခွန်အားတစ်ခု ထကြွလာသည်ဟု ပိုင်မင်းဝူ ခံစားလိုက်ရသည်။ တုတ်လုံး မြောက်တက်သွားခဲ့ပြီး တုတ်လုံးကို ကိုင်ထားသော ပိုင်မင်းဝူသည်လည်း ရုတ်တရက်ပင် ခြေထောက်များ ကြွတက်လာသည်ဟု ခံစားလိုက်ရသည်။ သူ၏တစ်ကိုယ်လုံးကို ချိုးနျိုက ပင့်မြောက်ပစ်လိုက်ချေ၏။
မြင်ကွင်းကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ သူတို့ ပြောစရာမဲ့နေရသည်။ ဤပြိုင်ပွဲက ယခုကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
အဝေးမှကြည့်ပါက ချပ်ဝတ်များ ဝတ်ဆင်ထားသည့် ချိုးနျိုက ရွေ့လျား၍မရသော တောင်တစ်လုံးပမာ ဖြစ်နေသည်ကို မြင်ရပေလိမ့်မည်။ သူ၏လက်ကို အထက်သို့မြောက်ထားပြီး ပိုင်မင်းဝူနှင့် တုတ်လုံးကိုပါ ပင့်မြောက်ထားလေသည်။