ဓားဒဏ်ရာနန်းတော်
Vol. 16 Ch. 231
ညဥ့်နက်အချိန်၌ တိုင်အာနတ်မြို့တွင် အေးစက်သော လေပြေတစ်ခု တိုက်ခတ်နေလေ၏။ တိုင်အာနတ်မြို့ကို နှင်းများ ထပ်မံဖုံးလွှမ်းသွားပြန်ချေသည်။
တပ်သားသစ်ပြိုင်ပွဲ ရက်အနည်းငယ်အတွင်း နှင်းများ နှစ်ကြိမ်ကျခဲ့သည်။
တိုင်အာနတ်မြို့ကဲ့သို့ မြို့များတွင် အစီအရင်အလွှာများ ခင်းကျင်းထားလေ၏။ အစီအရင်ကို စတင်လိုက်ပါက တစ်မြို့လုံးအဖို့ တစ်နှစ်တာလုံး နွေးထွေးနေပေလိမ့်မည်။ သို့သော် ၎င်းက ကြီးမားသော စွမ်းအင်ဖြုန်းတီးမှုဖြစ်သည်။ တိုင်အာနတ်မြို့၏ အစီအရင်များက စစ်သည်များကို ထောက်ပံ့ပေးရန် ယွမ်ချီများကိုသာ စုစည်းပေးလေသည်။
ယီယွင် လမ်းမပေါ်တွင် လမ်းလျှောက်နေလေ၏။ သူ နှင်းများပေါ်၌ လမ်းလျှောက်ချိန်တိုင်း နှင်းများ ဖိသိပ်သွားကာ ကျွတ်ဆပ်သောအသံများ ထွက်ပေါ်လာလေသည်။
ယီယွင်က ဤရက်အနည်းငယ်အတွင်းမှ တိုက်ပွဲများအကြောင်း ပြန်တွေးနေခဲ့သည်။
ချိုးနျိုနှင့် ချူရှောင်းရန်တို့က ပြောင်မြောက်သော စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားသည်မှာ သံသယဖြစ်ရန်မလိုပေ။ အရေးအကြီးဆုံးမှာ တစ်ဦးချင်းစီတွင် ကိုယ်ပိုင်ဝိသေသများနှင့် စွမ်းအားများ ရှိနေခြင်းပင်။
ချူရှောင်းရန်က ဥပဒေသကို နားလည်ထားပြီး ချိုးနျိုက ခွန်အားကြီးလေသည်။ ထိုနှစ်ဦးက ကိုယ်ပိုင်ကဏ္ဍများတွင် အလွန်သန်မာလှလေသောကြောင့် အခြားသူများအဖို့ ယုံကြည်ချက် ဆုံးရှုံးစေလေသည်။
ယီယွင်ကမူ ယုံကြည်ချက်မလျော့ပေ။ ချူရှောင်းရန်နှင့် ချိုးနျိုတို့က သန်မာသော်လည်း ယီယွင်တွင် တိုင်အာနတ်ကျင့်စဥ် ရှိလေ၏။
သို့သော် ပြဿနာမှာ တိုင်အာနတ်ကျင့်စဥ်ကို ယီယွင်၏စွမ်းအားဟု မှတ်ယူ၍မရသေးခြင်းပင်။
တိုင်အာနတ်ကျင့်စဥ်က အလွန်အားကောင်းလှပြီး တိုင်အာနတ်ကျင့်စဥ်ကို ကျွမ်းကျင်ထားသည့် စစ်သည်တစ်ဦးအဖို့ သာမန်ကျင့်စဥ်နည်းစနစ်များသာ ပိုင်ဆိုင်သည့် စစ်သည်များကို အလွယ်တကူပင် အနိုင်ယူနိုင်သည်။ သူတို့က အဆင့်အနည်းငယ်ခန့် ပိုမြင့်သူများကိုပင် ယှဥ်နိုင်လေ၏။
သို့သော် တိုင်အာနတ်ကျင့်စဥ်ကို ထူးခြားသည်ဟု သတ်မှတ်၍မရပေ။
တိုင်အာနတ်ကျင့်စဥ်က အခြားသူများကို ၎င်း၏အကြွင်းမဲ့စွမ်းအားနှင့် ဖိနှိမ်ခြင်းဖြစ်သည်။ တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံထားသူတစ်ဦး သို့မဟုတ် မိမိ၏ တိုင်အာနတ်ကျင့်စဥ်အဆင့်ထက် ပိုမြင့်သူတစ်ဦးနှင့် ရင်ဆိုင်ရပါက တိုင်အာနတ်ကျင့်စဥ် ပေးစွမ်းနိုင်သည့် အရေးသာမှုများကို ဆုံးရှုံးရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုသူများအကြား၌ အခြားကဏ္ဍများတွင် ယှဥ်ပြိုင်ရပေတော့မည်။
အခြားကဏ္ဍများဆိုသည်မှာ ခွန်အား ၊ ဥပဒေသ ၊ အမြန်နှုန်း ၊ တိုက်ပွဲအတွေ့အကြုံ စသည်တို့ ပါဝင်လေသည်။
သူ၏ ယှဥ်ပြိုင်မှုအားသာချက်က မည်သည့်အရာပေနည်း။ သူ ချင်ဟောင်ထျန်းကို အနိုင်ယူရန် မည်သည့်အရာ ရှိလေသနည်း။ အဆင့်တူတွင်ဆိုပါက သူ ရှုံးဖို့ရာပင်များလေသည်။
သူ၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်အားနည်းကြောင်းကို ယီယွင် ရုတ်တရက်ပင် သိရှိသွားရသည်။ သူ့တွင် တိုင်အာနတ်ကျင့်စဥ်နှင့် တဒင်္ဂလှုပ်ရှားမှု အဆင့်ကြီးအောင်မြင့်တို့အပြင် မည်သည့်အရာမျှ ရှိမနေပေ။
ယီယွင်က ရည်မှန်းချက်ကြီးသည်။ သာမန်စစ်သည်တစ်ဦးသာ တိုင်အာနတ်ကျင့်စဥ်ကို အချိန်တိုအတွင်း တတ်ကျွမ်းသွားပါက စိတ်လှုပ်ရှားကာ မြောက်ကြွကြွဖြစ်နေလိမ့်မည်ဖြစ်သော်လည်း ယီယွင်ကမူ မလုံလောက်သေးဟု ခံစားနေရသည်။ သူ၏ ကဏ္ဍတိုင်းကို မြင့်တင်ရပေဦးမည်။ သူက အားနည်းချက်မရှိသည့် ဘက်စုံထူးချွန်သူ ဖြစ်လိုလေ၏။
ယီယွင်၏ ဓားမောက်သိုင်းက အမြဲတမ်းလိုပင် အားနည်းခဲ့သည်။ စင်စစ်တွင်မူ သူ့တွင် ဓားမောက်သိုင်းဟူ၍ မရှိပေ။ ဓားမောက်သိုင်းကွက်များကို ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းမှ ပုံတူကူးချထားခြင်းဖြစ်ပြီး ကျွမ်းကျင်သူတစ်ဦးထံမှ သင်ကြားထားခဲ့ခြင်း မဟုတ်ပေ။
ယီယွင် အတွေးတစ်ခုရကာ ဦးတည်ရာပြောင်း၍ လျှောက်သွားလိုက်သည်။ သူ လမ်းမပေါ်တွင် ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် နန်းတော်တစ်ခု၏ရှေ့သို့ ရောက်သွားလေသည်။
သူ လှမ်းကြည့်လိုက်ရာ နန်းတော်ဝင်ပေါက်ထိပ်တွင် ဆွဲထားသော သုံးမီတာကျယ်သော ကမ္ဗည်းပြားကို မြင်လိုက်ရသာ်။ ထိုကမ္ဗည်းပြားပေါ်တွင် " ဓားဒဏ်ရာနန်းတော် " ဟူသည့် စကားလုံးများ ရေးထိုးထားလေ၏။
ထိုစကားလုံးများကို ထက်ရှစွာရေးထိုးထားပြီး အရှိန်အဝါတစ်ရပ် ပါဝင်နေသည်။ ထိုစကားလုံးများကို ဆရာသခင်တစ်ဦးက ရေးထိုးထားကြောင်း တစ်ချက်ကြည့်ရုံနှင့်ပင် သိနိုင်လေသည်။
ယီယွင် ဓားဒဏ်ရာနန်းတော်အကြောင်း သိထားသည်မှာ ကြာခဲ့ပြီဖြစ်ပြီး အမြဲတမ်းလိုပင် သွားချင်ခဲ့သည်။ ဓားဒဏ်ရာနန်းတော်က တိုင်အာနတ်မြို့မှ စစ်သည်များအတွက် လက်နက်များနှင် အံဝင်ဂွင်ကျဖြစ်မှုအား တိုးမြင့်ပေးရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်လေသည်။
နတ်အရိုင်းမြေခန်းမကဲ့သို့ပင် မှော်နဂါးကြေးပြားတစ်ထောင် ပေးရလေပြီး ဓားဒဏ်ရာနန်းတော်ထဲသို့ နှစ်နာရီ ဝင်ခွင့်ရလေသည်။ လက်ရှိတွင် ယီယွင်အတွက် မှော်နဂါးကြေးပြားတစ်ထောင်က ဘာမျှမဟုတ်ပေ။ သူ ဝင်ကြေးပေးကာ နန်းတော်ထဲသို့ ဝင်သွားခဲ့သည်။
နန်းတော်က ကြီးမားခြင်းမရှိပေ။ အထဲတွင် စတုဂံပုံစံ ကျောက်တုံးများ ရှိလေသည်။ ထိုကျောက်တုံးကြီးများက ရှေးဟောင်းကျောက်တုံးကြီးများဖြစ်ပြီး အရိုင်းနယ်မြေမှ ထွက်ရှိလေသည်။ ကျောက်တုံးများပေါ်တွင် မည်သည့်အရာအား ထွင်းထုမိပါစေ ဖျောက်ဖျက်၍မရပေ။ ဓာတ်သဘာဝများသည်ပင် နှစ်ပေါင်းသန်းချီအထိ ကျန်ရှိနေမည်ဖြစ်၏။
ရှေးဟောင်းကျောက်တုံးများ၏ ဘေးပတ်လည်နံရံများတွင်
မည်သည့်လက်နက်ပင်ဖြစ်စေ ဓားဒဏ်ရာနန်းတော်ထဲတွင် လိုက်ဖက်ညီသော အမှတ်အသားများကို ရှာတွေ့နိုင်လေသည်။ ထိုအမှတ်အသားများကို တိုင်အာနတ်ပြည်ထောင်၏ ပညာရှိများ ချန်ထားခဲ့ခြင်း ဖြစ်လေသည်။ ဓားခုတ်ချက် ၊ ဓားမောက်ခုတ်ချက် ၊ လက်သည်းကုတ်လျက်နှင့် လက်သီးအမှတ်အသားများပင် ရှိလေသည်။ ထိုအမှတ်အသားများထဲတွင် တိုက်ခိုက်သူများ၏ တိုက်ခိုက်မှု ဈာန်ဝင်စားမှုများ ရှိနေလေသည်။ လူတစ်ဦး ဓားဒဏ်ရာနန်းတော်သို့ ရောက်လာပါက ထိုအမှတ်အသားများထံမှ ဥာဏ်အလင်းရနိုင်သည်။
ယီယွင် ဥာဏ်အလင်းရခါစအချိန်၌ မျက်ဝန်းထောင့်မှတစ်ဆင့် တစ်စုံတစ်ဦးကို မြင်လိုက်ရသည်။
ယင်းက ပိန်ပါးသေးသွယ်သော အဖိုးအိုတစ်ဦး ဖြစ်လေ၏။ အဖိုးအိုက ဆံပင်နှင့်မုတ်ဆိတ်များ ရှုထွေးနေလေ၏။ သူ၏ မျက်ခုံးအကြားမှ သွေးနီရောင်ဘုတစ်ခုက အံ့ဩဖွယ်အကောင်းဆုံးပင်။
အဖိုးအိုက မီးခိုးရောင် ဝတ်စုံကြီးကို ဝတ်ဆင်ထား၏။ အဖိုးအိုက နောက်မှီကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေကာ အိပ်ပျော်လုနီးပါး ရှိနေလေသည်။
" စီနီယာလည်း ရောက်နေတာလား " ယီယွင် အံ့အားသင့်သွား၏။ သူ အဖိုးအိုကို မြင်ဖူးလေသည်။ အဖိုးအို၏ နဖူးထက်မှ သွေးနီရောင်ဘုကို ယီယွင် မှတ်မှတ်ရရ ရှိနေခဲ့သည်။
ယီယွင် နတ်အရိုင်းမြေခန်းမထဲမှ ထွက်လာချိန်တွင် ထိုအဖိုးအိုနှင့် တွေ့ခဲ့ဖူးသည်။ အဖိုးအိုက ယီယွင်ကို သတိပေးခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ပြီး တစ်ကွက်မျှနှင့် အနိုင်ယူခဲ့သည်။ အဖိုးအိုက ယီယွင်၏ ဓားမောက်သိုင်း အလွန်ဆိုးရွားကြောင်းကိုပင် ပြစ်တင်ပြောဆိုဖူးလေသည်။
အဖိုးအို မျက်လုံးဖွင့်ကာ ယီယွင်အား ကြည့်လိုက်သည်။ သူ ပြုံးကာဆိုလေ၏..." ကောင်လေး... နောက်ဆုံးတော့ ငါ့နေရာကို စဥ်းစားမိပြီပေါ့လေ "
" စီနီယာကို ဂါရဝပြုပါတယ် "
ယီယွင်က အဖိုးအိုကို ဦးညွတ်ဂါရဝပြုကာ..." ကျုပ် ပညာရှိတွေရဲ့ ဓားမောက်ခုတ်ချက်တွေကနေ ဥာဏ်အလင်းယူဖို့ လာခဲ့တာပါ "
" ဓားမောက်ခုတ်ချက်တဲ့လား...ဟားဟား " အဖိုးအိုက စပျစ်သီးတစ်လုံး ဖြုတ်ယူကာ ပါးစပ်ထဲသို့ထည့်၍ ခေါင်းယမ်းကာ ဆိုလေသည်..." ဓားမောက်ခုတ်ချက်တွေကနေ ထိုးထွင်းသိမြင်မှုရဖို့.... ဓားဒဏ်ရာနန်းတော်ထဲမှာ အနက်ရှိုင်းဆုံး ဓားမောက်ခုတ်ချက်တွေက ဘယ်မှာရှိလဲဆိုတာ မင်း သိလား "
ယီယွင် ခေါင်းယမ်းကာ... " ကျုပ် မသိဘူး "
အဖိုးအိုက ယီယွင်၏အဖြေကို ကြိုသိနေသည့်အလား ရယ်မောကာ ဆိုလေသည်..." ငါ မင်းကို နေရာကောင်းတစ်ခုဆီ ခေါ်သွားမယ်။ မင်းအတွက် အရမ်းအကျိုးရှိလိမ့်မယ်လို့ ငါ အာမခံတယ် "
" ကျေးဇူးတင်ပါတယ် စီနီယာ "
" ကိစ္စကြီးမဟုတ်ပါဘူး " အဖိုးအိုက လက်ခါပြလိုက်ပြီးနောက် ရုတ်တရက်ပင် တစ်ခုခုကို သတိရသွားသည့်အလား..." ဟုတ်သား..."
အဖိုးအိုက လက်ညှိုးနှင့်လက်မ ဝိုင်းပြလိုက်ပြီး ညစ်ကျယ်ကျယ်ပြုံးကာ..." မင်း မှော်နဂါးကြေးပြားတွေ ယူလာလား။ ငါ မင်းကို ခေါ်သွားမဲ့နေရာက အပိုကြေးပေးရတယ် "
ယီယွင် တုန့်ဆိုင်းသွားပြီးနောက် ပြုံးကာ..." ကျုပ် အလုံအလောက် ယူလာပါတယ် "
" ကောင်းတာပေါ့ "
အဖိုးအိုက စိတ်အေးသွားဟန်ဖြင့် ဆိုလေသည်..." ငါ မင်းကို ခေါ်သွားမဲ့နေရာက မှော်နဂါးကြေးပြားတစ်သောင်း အပိုဆောင်းပေးရတယ်။ ပြီးတော့ ဂုဏ်အမှတ်တစ်မှတ်လည်း ပေးရတယ်။ မင်းမှာ ဂုဏ်အမှတ်တစ်မှတ် ကျန်သေးတယ်မလား။ ရှေးဦးဆေးပင် အပ်ထားတဲ့ မင်းမှာ ဆုလာဘ်တွေ အများကြီးရှိနေမှာပါ "
ဘယ်လို...။
မှော်နဂါးကြေးပြားတစ်သောင်းနဲ့ ဂုဏ်အမှတ်တစ်မှတ်တဲ့လား။
ယီယွင် အဖိုးအို၏ ညစ်ကျယ်ကျယ်အပြုံးကို ကြည့်ကာ ကျောချမ်းသွားရ၏။ ဤမျိုးမစစ်ကြီးက ငွေလိမ်သမား အကြီးစားတစ်ဦးပင်။ ထိုအဖိုးကြီးက သူ့အား လှည့်စားလိုနေလေသလော။
" စီနီယာ မှားနေသေးလား " ယီယွင်က ပညာပါပါ မေးလိုက်သည်..." ကျုပ် တိုင်အာနတ်ကျင့်စဥ်ကို ဝယ်ခဲ့တုန်းက ဂုဏ်အမှတ်နှစ်မှတ်ပဲ လိုခဲ့တယ်လေ..."
အဖိုးအိုက ခေါင်းယမ်းကာ..." ငါက ဘယ်လိုလုပ်ပြီး အမှားလုပ်မိရမှာလဲ။ မင်းက ငါနဲ့သိတဲ့ ကလေးတစ်ဦးမလို့ မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ ဒီဈေးကို ပေးထားတာပဲ။ အခြားသူတွေသာဆို ဒီဈေးနဲ့ ဝင်ခွင့်မရဘူး။ အဲ့ဒီနေရာက သာမန်နေရာတစ်ခု မဟုတ်ဘူး။ မင်း အဲ့ဒီနေရာကို ဝင်ပြီးတာနဲ့ သေချာပေါက်ကို ကြီးကြီးမားမား ရလိမ့်မယ်။ တိုင်အာနတ်ကျင့်စဥ်ကို ဂုဏ်အမှတ်နှစ်မှတ်နဲ့ ဝယ်လို့ရတာကတော့ ပထမသုံးတွဲမလို့ပါကွာ။ အတွဲလေးနဲ့ အတွဲငါးအတွက်က ဂုဏ်အမှတ်ငါးမှတ် လိုအပ်တယ်။ နောက်အတွဲတွေမှာကျ အံ့မခန်းနှုန်းနဲ့ ဈေးမြင့်သွားလိမ့်မယ်။ တိုင်အာနတ်ကျင့်စဥ်တစ်ခုလုံးက ဈေးပေါတယ်လို့ ထင်နေလို့လား။ ကဲ...ဘယ်လိုလဲ။ မင်း ဝင်မှာလား။ မင်း အဲ့ဒီနေရာကိုဝင်ရင် တစ်ရက်လုံး နေလို့ရတယ်။ မင်း မသွားဘူးဆိုရင် နောင်တရလိမ့်မယ် "
ယီယွင် ဘေးကျပ်နံကျပ် ဖြစ်နေသည်။ အဖိုးအိုက လူလိမ်နှင့် တူနေသည်။ သို့သော် တိုင်အာနတ်မြို့မှ အုပ်ချုပ်သူတစ်ဦးဖြစ်သည့် အဖိုးအိုတွင် သီလသမာဓိ ရှိမနေလျှင်ပင် တပ်သားသစ်တစ်ဦးကိုမူ လိမ်မည်မဟုတ်လောက်ပေ။
မှော်နဂါးကြေးပြားတစ်သောင်းက မများသော်လည်း ဂုဏ်အမှတ်ကမူ...။
ဂုဏ်အမှတ်တစ်မှတ် ပေးရခြင်းမှာမူ တိုင်အာနတ်မြို့မှ ကျင့်ကြံသူ ၉၉% အဖို့ ခြောက်နှစ်တာကာလတွင် ထိုနေရာသို့ ဝင်ခွင့်မရဟု ဆိုလိုနေခြင်းသာ ဖြစ်လေသည်။
ယီယွင်တွင် ဂုဏ်အမှတ်သုံးမှတ်သာ ကျန်သည်။ စံချိန်ချိုးပြီးသည့်နောက်တွင် နှစ်မှတ်ရရှိခဲ့ပြီး ရှေးဦးဆေးပင် ခူးရာမှ ဂုဏ်အမှတ်တစ်မှတ် ကျန်သေးလေသည်။
" ဒီလေ့ကျင့်ရေးမြေထံကို တစ်ရက် ဝင်ခွင့်ရတာက အတော်ကိုကြာတယ်လို့ ပြောလို့ရတယ်။ တပ်သားသစ်ပြိုင်ပွဲက ခုနစ်ရက်ကျန်သေးတယ်။ ငါ အဲ့ဒီပြိုင်ပွဲတွေ ကြည့်ရမှာကို လက်လွတ်မခံချင်ဘူး "
ယီယွင် ခေါင်းညိတ်ကာ ဆိုသည်.." ကျေးဇူးပြုပြီး လမ်းပြပေးပါ စီနီယာ "
" ဟားဟား...မြန်ဆန်ပြတ်သားတယ် "
အဖိုးအိုက ယီယွင်၏ပခုံးအား ပုတ်ကာ လက်မထောင်ပြလိုက်လေပြီး..." ကောင်လေးက တကယ်ကို အလားအလာရှိတယ် "
အဖိုးအို၏ လောဘတိုက်နေပုံကြောင့် ယီယွင် သံသယစိတ်များ ပိုတိုးလာရသည်။ ထိုအဖိုးက လေ့ကျင့်ရေးမြေ ဝင်ခွင့်ကို ဖြတ်ယူထားလောက်ချေမည်လော။
အဖိုးအိုက သွားရန်ပြုလိုက်ပြီးနောက် တစ်ချက်တွေးကာ ပန်းကန်ထဲမှ စပျစ်သီးတစ်ခိုင်အား ယူကာ အိတ်ကပ်ထဲသို့ ထည့်လိုက်လေ၏။ သူ စပျစ်သီးကို ဖြုတ်စားနေရင်းဖြင့် ယီယွင်အား ပြောလိုက်သည်..." ဒီအဖိုးကြီးရဲ့နောက်ကို လိုက်ခဲ့။ မင်း နောင်တမရစေရဘူးလို့ ငါ အာမခံတယ် "