ဓားမောက်လမ်းစဥ်
Vol. 16 Ch. 232
ယီယွင် အဖိုးအို၏နောက်မှ လိုက်သွားခဲ့သည်။ လှေကားအိမ်ထောင့်အား ကွေ့ဝင်သွားပြီးနောက်တွက် သူ အမှောင်လမ်းကြောင်းထဲ ရောက်သွားလေ၏။ ထိုလမ်းကြောင်းက မြေအောက်သို့ ဦးတည်နေသည်။
လမ်းကြောင်းတလျှောက်တွင် ထာဝရလင်းနေသည့် မီးအိမ်များ ချိတ်ဆွဲထားသော်လည်း ထိုမီးအိမ်များက နွေးထွေးခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် လမ်းကြောင်းထဲတွင် အေးစက်သောလေ တိုက်ခတ်နေလေ၏။
အဖိုးအိုက နှေးကွေးစွာ လျှောက်နေခြင်းမရှိသော်လည်း လမ်းကြောင်းက အလွန်ရှည်လေသည်။ သူတို့ နာရီဝက်ခန့် လမ်းလျှောက်ခဲ့ပြီး လေးကီလိုမီတာနီးပါးခန့် ခရီးပေါက်လာသည်။
နောက်ဆုံးတွင် အဖိုးအို ရပ်သွားကာ ဆိုလေသည်..." ရောက်ပြီ "
ဤနေရာတွင် လေထုက ပိုမိုအေးစက်လေ၏။ အေးစက်သောလေ တိုက်ခတ်မှုကြောင့် မီးအိမ်များ၏အလင်းမှာ မှိန်လိုက်လင်းလိုက် ဖြစ်လေ၏။
အဖိုးအို ခန္ဓာကိုယ်အား ဖြည်းညင်းစွာ လှည့်လိုက်သည်။ လမ်းကြောင်းအဆုံးတွင် ကြေးနီတံခါးကြီးနှစ်ခု ရှိနေလေ၏။ တံခါးကြီး၏ မျက်နှာပြင်တွင် အမျိုးအမည်မသိသော ရှေးဦးသားရဲပုံများ ရေးထွင်းထားလေသည်။
" ဒီထဲမှာပဲ " အဖိုးအိုက တံခါးကြီးကို အားကုန်သုံးကာ တွန်းဖွင့်လိုက်သည်။
ကျွီ...ကျွီ...ကျွီ...။
ယန္တရားလည်ပတ်သံများ ထွက်ပေါ်လာကာ ကြေးတံခါးကြီး ပွင့်သွားလေသည်။
တံခါးက ထူထဲလေးလံလှ၏။ သတ္တုဝင်ရိုးများ လည်ပတ်မှုနှင့် ရုတ်တရက် အလေးချိန်ပြောင်းလဲမှုတို့ကြောင့် လမ်းကြောင်းတစ်ခုလုံး စတင်တုန်ခါလာသည်။
ယီယွင်မှာ အမျိုးအမည်မသိသော အကြောင်းအရင်းကြောင့် အဖိုးအိုက တံခါးဖွင့်လိုက်ခြင်း မဟုတ်လေဘဲ ဂူသင်္ချိုင်းအား ဖွင့်လိုက်သည်ဟု ခံစားလိုက်ရသည်။
အဖိုးအိုက တံခါးရွက်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ဆိုလိုက်သည်..." အတော်ကို လေးတာပဲ။ နောက်ဆုံးတော့ ငါ ဖွင့်နိုင်ခဲ့ပြီ။ အခု မင်း အထဲကိုဝင်လို့ရပြီ "
အဖိုးအိုက အတွင်းပိုင်းသို့ လက်ညှိုးညွှန်ပြလိုက်သည်။ ယီယွင် တုန့်ဆိုင်းစွာဖြင့် ခြေလှမ်းလှမ်းရန် ပြင်လိုက်စဥ်တွင် အေးစိမ့်မှုတစ်ခု တိုးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး မွေးညှင်းများထောင်သွားကာ မသက်မသာ ခံစားလိုက်ရသည်။
သတ်ဖြတ်လိုစိတ်...။
ယီယွင် ထိတ်လန့်သွား၏။ တံခါး၏အလွန်တွင် ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခု ရှိနေလေသလော။ အဖိုးအိုက မည်သည့်တံခါးမျိုးကို ဖွင့်ခဲ့လေသနည်း။
" ဘာရပ်လုပ်နေတာလဲ ကောင်လေး။ မင်း မဝင်ရဲဘူးလား " အဖိုးအိုက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
ယီယွင်က အံ့အားသင့်စွာဖြင့်..." စီနီယာ... ဒါက ဘယ်လိုနေရာလဲ "
" ဒါက ဘယ်လိုနေရာလဲ... ဟဲဟဲ "
အဖိုးအိုက ညစ်ကျယ်ကျယ်ရယ်ကာ..." ဒါက ရှေးဟောင်းသင်္ချိုင်းတစ်ခုလေ "
" သင်္ချိုင်းလား "
ယီယွင် အံ့အားသင့်သွားကာ..." တိုင်အာနတ်ပြည်ထောင်ရဲ့ ဘိုးဘေးတစ်ဦး အနားယူနေတဲ့ နေရာတစ်ခုများလား "
" မင်းက အမေးအမြန်းထူလိုက်တာ "
အဖိုးအို စိတ်မရှည်စွာဖြင့် လက်ခါပြလိုက်သော်လည်း အနည်းငယ်တွေးပြီးနောက် ဆိုလေသည်... " တကယ်တော့ မင်းအတွက် ဘာအန္တရာယ်မှ မရှိဘူး။ တိုင်အာနတ်မြို့ကို ဒီနေရာမှာ ဘာကြောင့် ဆောက်ခဲ့သလဲဆိုတာ မင်း သိလား "
ယီယွင် ခေါင်းယမ်းကာ... " မသိဘူး "
အဖိုးအိုက ပွင့်နေသော ကြေးတံခါးကို ပုတ်ကာ ဆိုသည်... " တိုင်အာနတ်မြို့ကို ဒီနေရာမှာ တည်ဆောက်ခဲ့တာက ရှေးဟောင်းသင်္ချိုင်းကြောင့်ပဲ။ ဒီသင်္ချိုင်းရဲ့ပိုင်ရှင်က တိုင်အာနတ်ပြည်ထောင်ရဲ့ ဘိုးဘေးတစ်ဦး မဟုတ်ဘူး။ အခြားတစ်ယောက်ပဲ။ တကယ်တော့ ဒီရှေးဟောင်းသင်္ချိုင်းက တိုင်အာနတ်ပြည်ထောင် မတည်ထောင်ခင် နှစ်သန်းပေါင်းအနည်းငယ်လောက်ကတည်းက ရှိနေခဲ့တာပဲ "
အဖိုးအို၏စကားကြောင့် ယီယွင် တွန့်သွားရသည်။
အဖိုးအိုက ဆက်ပြောလေ၏..." ဒီသင်္ချိုင်းရဲ့ပိုင်ရှင်က ဘယ်သူလဲဆိုတာကိုတော့ အတည်ပြုလို့မရဘူး။ တိုင်အာနတ်မြို့ရဲ့ ပထမအရှင်သခင် ဒီသင်္ချိုင်းကို တွေ့တဲ့အချိန်မှာ ဖွင့်ပြီးသားဖြစ်နေပြီ။ အသုဘပစ္စည်းတွေ ၊ အမွေအနှစ်တွေနဲ့ အလောင်းတွေက မရှိတော့တာ ကြာနေပြီ "
" ဒါပေမဲ့ ရှေးဟောင်းသင်္ချိုင်းရဲ့ အစီအရင်နယ်မြေက ရှိနေတုန်းပဲ။ ရှေးဟောင်းသင်္ချိုင်းထဲမှာ ရှေးဟောင်းအစီအရင်စာလုံးတွေ အများကြီးရှိနေတယ်။ တိုင်အာနတ်မြို့ရဲ့ တည်ထောင်သူ မြို့သခင်က ရှေးဟောင်းသင်္ချိုင်းရဲ့ အစီအရင်နယ်မြေကို အခြေခံအုတ်မြစ်အဖြစ်ထားပြီး တိုင်အာနတ်မြို့ရဲ့ အစီအရင်ကို တည်ဆောက်ခဲ့တာပဲ "
" ဒီနှစ်တွေမှာ တိုင်အာနတ်မြို့က မိုးမြေယွမ်ချီတွေ စုစည်းခဲ့တယ်။ ပမာဏအနည်းငယ်လောက်ကိုတော့ ရှေးဟောင်းသင်္ချိုင်းရဲ့ အစီအရင်နယ်မြေကို ပျိုးထောင်ပေးဖို့ အသုံးပြုထားတယ်။ ဒီအစီအရင်နယ်မြေ တည်ငြိမ်နေရင် တိုင်အာနတ်မြို့ကို ဖျက်ဆီးလို့မရဘူး "
ယီယွင် နားလည်သွား၏။ နတ်အရိုင်းမြေထဲတွင် နှစ်ပေါင်းသန်းချီအထိ တည်ရှိလာသည့် တိုင်အာနတ်မြို့အဖို့ သားရဲအုပ်များ၏ တိုက်ခိုက်မှုများကို ခံစားရမည်မှာ ကျိန်းသေလေသည်။ တိုင်အာနတ်မြို့ကို ပမာဏများပြားလှသော ရှေးဦးမျိုးစိတ်အုပ်လိုက်ကြီး တိုက်ခိုက်လာပါက တိုင်အာနတ်မြို့အဖို့ ကြီးမားသောဖိအားကို ရင်ဆိုင်ရပေလိမ့်မည်။ ရှေးဟောင်းသင်္ချိုင်း၏ အစီအရင်နယ်မြေ ရှိနေခြင်းကြောင့် တိုင်အာနတ်မြို့က ခိုင်မာစွာရပ်တည်နိုင်ခြင်း ဖြစ်လေ၏။
" ဝင်သွားတော့ ကောင်လေး။ မင်းက တကယ်ကို ကံကောင်းတဲ့ကောင် " အဖိုးအိုက ယီယွင်အား ရှေးဟောင်းသင်္ချိုင်းထဲသို့ တွန်းပို့လိုက်သည်။
ယီယွင် ထူးဆန်းသော ခံစားချက်ကို ရနေလေ၏။ အဖိုးအို၏ အဆိုအရ ရှေးဟောင်းသင်္ချိုင်းက တိုင်အာနတ်မြို့၏ အရေးကြီးသောနေရာ ဖြစ်လေသည်။ သို့တိုင်အောင်ပင် သူ့အား ဤနေရာသို့ ပို့ခဲ့ချေ၏။ ကြည့်ရသည်မှာ အဖိုးအို၏ အဆင့်အတန်းက သာမန်မဟုတ်ဟန်ပင်။
" စီနီယာ...ရှေးဟောင်းသင်္ချိုင်းက အခြားသူတွေ လက်ချက်နဲ့ ပြောင်နေပြီဆိုတော့ ကျုပ်က အထဲမှာ ဘာလုပ်ရမှာလဲ "
ယီယွင် စကားမဆုံးသေးမီမှာပင် အဖိုးအိုက ယီယွင်အား ရှေးဟောင်းသင်္ချိုင်းထဲသို့ တွန်းပို့ကာဆိုသည်..." ကောင်လေး... ရှေးဟောင်းသင်္ချိုင်းထဲမှာ အခန်းနှစ်ခုရှိတယ်။ ဘယ်ဘက်အခန်းက ဓားမောက်နဲ့ ပတ်သတ်တယ်။ အဲ့ဒီမှာ သိမြင်နားလည်မှုရအောင် ကောင်းကောင်းလုပ်။ ဒါက မဟာအခွင့်အရေးတစ်ခုပဲ။ တိုင်အာနတ်မြို့မှာ ရတနာတွေ အများကြီးရှိတယ်။ အဲ့ဒီရတနာတွေကို ရနိုင်မလားဆိုတာက မင်းရဲ့ အစွမ်းအစအပေါ်မှာပဲ မူတည်တယ် "
အဖိုးအိုက စကားဆုံးသည်နှင့် ကြေးတံခါးကြီးကို ပိတ်လိုက်လေသည်။
ယခုအခါ၌ ယီယွင်က ထိုနေရာတွင် လုံးဝပင် အပိတ်ခံလိုက်ရချေပြီ။
ယီယွင် ပိတ်နေသော တံခါးကြီးကိုကြည့်ကာ ရင်ထိတ်နေ၏။ စက်ယန္တရားများ ချို့ယွင်းသွားမည်ကို အဖိုးအိုက မကြောက်လေသလော။ တံခါး၏အလေးချိန်က ကြောက်မက်ဖွယ်ကောင်းလှပြီး ယီယွင်အဖို့ သေချာပေါက်ပင် မဖွင့်နိုင်ပေ။
ယီယွင် ဂူအခန်းအား အကဲခတ်လိုက်၏။ ဂူအခန်းက ဆယ်မီတာခန့်သာ ကျယ်လေသည်။ နံရံလေးဖက်တွင် ထာဝရမီးအိမ်များ ရှိလေသောကြောင့် သူ ရှင်းလင်းစွာပင် မြင်နေရ၏။
အခန်း၏အလယ်တွင် ကျောက်ခေါင်းတလားတစ်ခု ရှိနေသည်။ ကျောက်ခေါင်းတလားက ပွင့်နေကာ အဖုံးလည်း မရှိတော့ပေ။ ကျောက်ခေါင်းတလားက ဗလာကျင်းဖြစ်နေမည်မှာ သိသာလှသည်။
ယီယွင် အထဲသို့ လှမ်းကြည်လိုက်သည်။ ကျောက်ခေါင်းတလားက ယီယွင် ထင်နေသကဲ့သို့ ဗလာကျင်းမဟုတ်ပေ။ အထဲတွင် သတ္တုပြားတစ်ခုနှင့် ရှည်လျားသော ချိုင့်ခွက်တစ်ခု ရှိနေသည်။ ချိုင့်ခွက်က ငါးပေခန့် ရှည်လျားလေ၏။ မူလက ထိုချိုင့်ခွက်ထဲတွင် တစ်စုံတစ်ခုအား မြုပ်နှံထားခဲ့ပုံပင်။
ယီယွင် ချိုင့်ခွက်ကို အကဲခတ်ကြည့်ပြီးနောက် အံ့ဩသွားလေ၏။ ၎င်းက ဓားမောက်တစ်လက်နှင့် ဆင်တူနေသည်။ မူလက ထိုချိုင့်ခွက်ထဲတွင် ဓားမောက်တစ်ချောင်း ထည့်ထားခဲ့ပုံပင်။ ယခုတွင်မူ ဓားမောက် မရှိတော့လေဘဲ ဓားမောက်ချိုင့်ခွက်သာ ကျန်ခဲ့လေ၏။
ယီယွင် သက်ပြင်းချလိုက်၏။ ဓားမောက်သာ ကျန်ရစ်ခဲ့ပါက မဟာရတနာတစ်ခု ဖြစ်လာမည်မှာ သေချာသည်။ ဖြစ်နိုင်မည်ဆိုပါက ထိုဓားမောက် မည်မျှထူးခြားကြောင်းကို သူ မြင်တွေ့လိုသည်။
" ဒီသင်္ချိုင်းရဲ့ပိုင်ရှင်က ဘယ်သူလဲဆိုတာ ငါ တကယ်မသိတော့ဘူး။ တိုင်အာနတ်မြို့ရဲ့ တည်ထောင်သူ မြို့သခင်က ရှေးဟောင်းသင်္ချိုင်းရဲ့ အစီအရင်နယ်မြေကို အသုံးပြုပြီး တိုင်အာနတ်မြို့ကို အားဖြည့်ပေးထားခဲ့တယ်။ တိုင်အာနတ်မြို့ရဲ့ တည်ထောင်သူ မြို့သခင်က အဲ့ဒီလို အစီအရင်နယ်မြေမျိုး မဖွဲ့စည်းနိုင်ဘူးလို့ ဆိုလိုနေတာပဲ "
" ဒါတွေအရဆိုရင် ဒီသင်္ချိုင်းရဲ့ပိုင်ရှင်က တိုင်အာနတ်မြို့ရဲ့ တည်ထောင်သူ မြို့သခင်ထက် ပိုစွမ်းလိမ့်မယ် "
" အဖိုးကြီးက ငါ့ကို ဘာအတွက် ဒီနေရာကို ခေါ်လာခဲ့တာလဲ။ ချိုင့်ခွက်ကလည်း ဗလာဖြစ်နေတယ် " ယီယွင် မျက်မှောင်ကုတ်နေရင်း တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ ထာဝရမီးအိမ်များ၏ အလင်းရောင်ကြောင့် အခန်းနံရံများမှ အမှတ်အသားများကို သူ မြင်နေရလေ၏။ အမှတ်အသားတိုင်းက ထက်ရှလှပြီး ဓားမောက်ဖြင့် ပြုလုပ်ထားဟန်ရှိသည်။
၎င်းတို့က ဓားမောက်ခုတ်ရာများ ဖြစ်လေ၏။ ဓားမောက်ခုတ်ရာလေးခု ရှိနေလေပြီး ခုတ်ရာတစ်ခုချင်းစီတိုင်း၏ အောက်မှ နံရံတွင် စာသားများ ရေးထားလေသည်။
ယီယွင် ထိုစားသားများကိုမြင်ကာ ပျော်ရွှင်သွားရလေ၏။
ပထမ ဓားမောက်ခုတ်ရာ၏အောက်တွင် ဆိုထားသည်မှာ...။
" ဓားမောက်အမှန်တရား ၊ အနိုင်မခံ အရှုံးမပေးတဲ့စိတ်နဲ့ ရှေ့ကိုပဲ ချီတက်မယ် "
ဒုတိယ ဓားမောက်ခုတ်ရာ၏အောက်တွင် ဆိုထားသည်မှာ...။
" လက်နက်တွေအကြားက ဧကရာဇ် ၊ အကြီးမြတ်ဆုံး အုပ်စိုးမှု "
တတိယ ဓားမောက်ခုတ်ရာ၏အောက်တွင် ဆိုထားသည်မှာ...။
" ကောင်းကင်သားတော်ရဲ့ အရှိန်အဝါ ၊ ဓားမောက်ရဲ့အနှစ်သာရက သတ်ဖြတ်ခြင်း "
စတုတ္ထ ဓားမောက်ခုတ်ရာ၏အောက်တွင် ဆိုထားသည်မှာ...။
" ပြိုင်ဘက်ကင်းတဲ့ စိတ်တစ်ခုနဲ့အတူ ၊ အခြားကဏ္ဍအားလုံးမှာ ပြိုင်ဘက်ကင်းမယ် "
စာလေးကြောင်းက တိုသော်လည်း ဖော်မစွမ်းနိုင်သည့် အရည်အသွေးများ ရှိနေသည်။ ဖတ်ရှုပြီးသည့်နောက် သွေးများဆူပွက်လာသည်ဟု ယီယွင် ခံစားလိုက်ရသည်။
ဓားမောက်အမှန်တရားလား။
ယီယွင်က တပ်တစ်ထောင်ဓားမောက်ကို ရထားခဲ့သည်။ သူက ထိုဓားမောက်ကို အမြဲတမ်းလို အသုံးပြုခဲ့သော်လည်း အလွယ်သုံးလက်နက်အဖြစ် သုံးနေခြင်းသာ ဖြစ်သည်။ သူ ဓားမောက်လမ်းစဥ်ကို တစ်ခါမျှပင် မတွေးဖူးပေ။
စင်စစ်တွင် တပ်တစ်ထောင်ဓားမောက်က ဓားတစ်လက်နှင့် ဆင်တူလေပြီး ဓားသွားက ရှည်လျားကာ အဖြောင့်နီးပါး ဖြစ်နေသည်။ သို့သော ဓားတစ်လက်၏ လိုအပ်သောပုံစံနှင့် ကွဲပြားနေလေ၏။
ဓားတစ်လက်က သွက်လက်ပြေပြစ်ကာ ပြောင်းလဲလွယ်လေသည်။
လင်ရှင်းထုံ၏ ဓားသိုင်းက သွက်လက်ပြေပြစ်မှုကို အစွဲပြုထားခြင်း ဖြစ်လေ၏။ သူမ ဓားဖြင့် ထိုးလိုက်ချိန်တွင် နတ်မိမယ်တစ်ပါး မွေးလာသည့်အလားပင်။ သူမက အပြောင်းအလဲများသော ဓားကွက်များဘက် အစွဲပြုထားသည်။ သူမ၏ဓားက ရေပမာပင် ပျော့ပြောင်းလေပြီး ဓားသိုင်းက ခန့်မှန်းရခက်သည်။
သို့သော် ဓားမောက်ကမူ ကွဲပြားလေ၏။ သွက်လက်မှုနှင့် အပြောင်းအလဲများခြင်းတို့က ဓားမောက်၏ အရည်အသွေးများ မဟုတ်ပေ။
ဓားမောက်လမ်းစဥ်က မိုးကောင်းကင်အောက်တွင် ဓားမောက်၏ ထက်ရှမှုများနှင့် အကြွင်းမဲ့အုပ်စိုးခြင်း ဖြစ်လေ၏။
ဓားမောက်သည် လက်နက်များအကြားမှ ဧကရာဇ် ဖြစ်လေ၏။ ဓားမောက်ခုတ်ချက်တစ်ခုနှင့် ဆိုပါက အဆုံးမရှိသည့် အကြီးမြတ်ဆုံးအုပ်စိုးမှုပင် ဖြစ်လေသည်။
ဓားမောက်၏အနှစ်သာရက သတ်ဖြတ်ခြင်း ဖြစ်လေ၏။
သတ်ဖြတ်ရာတွင်လည်း ပြတ်သားရပေမည်။
ထိုကဲ့သို့ခံယူချက်ရှိသည့် လူတစ်ဦး၏စိတ်က ပြိုင်ဘက်ကင်းသည်ဖြစ်ပြီး တစ်လောကလုံးတွင် မည်သူကမျှ ယှဥ်နိုင်ခြင်းမရှိပေ။