← Chapters

ရှေးဟောင်းအရင်းအမြစ်ဆီသို့ တည့်တည့်

Vol. 16 Ch. 233

ရှေးဟောင်းအရင်းအမြစ်ဆီသို့ တည့်တည့်

Vol. 16 Ch. 233

စာလေးကြောင်း ရေးထိုးထားသည့် နံရံရှေ့တွင် ယီယွင် တင်ပျဥ်ခွေကာ ထိုင်လိုက်သည်။

အဖိုးအိုက သူ့အား ဤနေရာသို့ ခေါ်လာခဲ့သည်မှာ စာလေးကြောင်းကို မြင်စေလိုခြင်းသာ ဖြစ်ရမည်ဟု သူက ခန့်မှန်းထားသည်။

ရှေးဟောင်းသင်္ချိုင်းက ဘာမျှမရှိတော့ပေ။ ယခင်က ဤနေရာတွင် စစ်ဓားမောက် ၊ ရတနာများ ၊ အမွေအနှစ်များ မြုပ်နှံထားခဲ့သော်လည်း ယခုအခါတွက် အားလုံး မရှိတော့သည်ဖြစ်ပြီး သင်္ချိုင်းပိုင်ရှင် ချန်ထားခဲ့သည့် စကားလုံးများသာ ကျန်ရစ်ခဲ့လေသည်။

ထိုစကားလုံးများသည် ဖတ်ရှုသူများကို တုန်လှုပ်သွားစေနိုင်သည့် အညှာတာမဲ့သော လွှမ်းမိုးချုပ်ကိုင်မှုများ ပါဝင်နေလေ၏။

" အိုး...ဒီစကားလုံးတွေက... "

ယီယွင် စာလေးကြောင်းကို ကြည့်နေရင်းဖြင့် ဖော်ရန်ပြရန်ခက်ခဲသော အယူအဆများ ပါဝင်နေကြောင်း နားလည်လာသည်။ စကားလုံးတစ်ခုတိုင်း ၊ ဓားချက်တစ်ခုချင်းစီတိုင်းက နံရံထဲမှ ဓားမောက်အလင်း ပေါ်ထွက်လာသည့်ပမာပင် တောက်ပနေလေ၏။ စကားလုံး တစ်ခုချင်းစီတိုင်းက ဓားမောက်သိုင်းကွက်တစ်ခု ပြသနေသည့်အလာပင်။

ယင်းအရာကို ရှာတွေ့သွားသည့် ယီယွင်က စိတ်ဝိညာဥ်ကို အာရုံစိုက်ထားပြီး စာလေးကြောင်းကို မမှိတ်မသုန် စူးစိုက်ကြည့်နေလေသည်။

စကားလုံးတစ်ခုချင်းစီတိုင်းက အခြားစကားလုံးများနှင့် အယူအဆကွဲပြားလေသည်။ သို့သော် ၎င်းစာလုံးများကို အတူပေါင်းစည်းလိုက်ပါက ခိုင်မာမှုရှိပြီး သဘာဝဆန်သော ခံစားချက်ကို ရစေလေသည်။

" ငါနားလည်ပြီ "

ယီယွင်၏မျက်လုံးများ တောက်ပသွားကာ..." ဒီစကားလုံးတွေကို ရေးခဲ့တဲ့သူက သူ့ရဲ့ ဓားမောက်အမှန်တရားအပေါ် တစ်ဘဝလုံး သိမြင်နားလည်မှုတွေကိုပါ ထုတ်ပြသွားခဲ့တယ် "

ထိုစကားလုံးများတွင် အယူအဆများ ရှိနေခဲ့သော်လည်း ယီယွင် နားလည်ခြင်းမရှိပေ။ သူက ထိုအယူအဆကို အကြမ်းဖျင်းခန့်သာ ခံစားမိလေပြီး ပုံဖော်ကြည့်ရန် ကြိုးပမ်းနေခဲ့သည်။ သို့သော် သူက စာသားများ ချန်ထားရစ်ခဲ့သည့် လူနှင့် နှိုင်းယှဥ်​ကြည့်မည်ဆိုလျှင် အားနည်းနေလေသည်။ ယီယွင်တွင် ထူးချွန်ပြောင်မြောက်သည့် ထိုးထွင်းသိမြင်နိုင်စွမ်း ရှိနေသော်ငြားလည်း ဥာဏ်အလင်း ရနိုင်ခြင်းမရှိပေ။

" အတော်နက်နဲတာပဲ "

ယီယွင် မျက်မှောင်ကုတ်လိုက်၏။ ထိုစာလေးကြောင်းက ဓားမောက်သိုင်းလေးတွဲပမာ ဖြစ်နေလေ၏။ ဓားမောက်သိုင်း တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်ဓားမောက်အမှန်တရားများ ရှိနေလေသည်။ လက်ရှိ ယီယွင်၏အဆင့်အရ အရာအားလုံးကို နားလည်နိုင်ရန် မျှော်လင့်နေလျှင်မူ ဆုတောင်းနေရုံသာ ရှိပေလိမ့်မည်။

စင်စစ်တွင်မူ အဖိုးအိုက ယီယွင်အား ဤနေရာသို့ ခေါ်လာခဲ့သည်မှာ ယီယွင်က ထိုးထွင်းသိမြင်မှုများစွာ ရလာလိမ့်မည်ဟု မျှော်လင့်မထားပေ။ သို့သော် ယီယွင်သာ ထိုအမှန်တရားများထံမှ သေးငယ်သော ထိုးထွင်းသိမြင်မှုကို ရနိုင်ခဲ့မည်ဆိုလျှင်ပင် ယီယွင်အတွက် အလွန်တရာပင် အကျိုးရှိပေလိမ့်မည်။

သိုင်းပညာလမ်းကြောင်းက အလွန်ပင် ရှည်လျားလေ၏။

အမှန်တရားဆိုသည်မှာ ဥပဒေသလမ်းစဥ် ဖြစ်လေသည်။ လူတစ်ဦးအဖို့ ရှည်လျားသော လမ်းတစ်လျှောက်တွင် ရှေးဦးအရင်းအမြစ်ကို သိမြင်သွားခဲ့ပါက လမ်းကြောင်းတလျှောက်တွင် အခက်အခဲများကို ဖြတ်ကျော်ရလျှင်ပင် ၎င်းအရာများကို သိမြင်နားလည်ကာ သည်းခံနိုင်သရွေ့ ကြီးမားသောအရာများကို စွမ်းဆောင်နိုင်ပေလိမ့်မည်။

ဟုတ်သည်။ ပါရမီမရှိသူများက အဆိုပါ ခက်ခဲသောလမ်းကြောင်းကို ရွေးချယ်ကြမည်မဟုတ်ပေ။

ထိုလမ်းကြောင်းက အခက်အခဲများ ပြည့်နှက်နေပြီး အောင်မြင်မှုများနှင့် ချိုးဖျက်မှုများကို နှောင့်နှေးစေပေလိမ့်မည်။

" ဒီအဖိုးကြီးက ငါ့ကို အများကြီး မျှော်လင့်ထားတာ ထင်တယ် " ယီယွင် ရေရွတ်လိုက်သည်။ ရှေးဟောင်းသင်္ချိုင်းထဲတွင် တစ်ရက်တာနေခွင့်ရရန် ဂုဏ်အမှတ်တစ်မှတ် အသုံးပြုလျှင်ပင် လူတစ်ဦးအဖို့ မည်သည့်သိမြင်မှုကိုမျှ ရမလာဖို့ရာသာ များလေသည်။ သာမန်လူများအဖို့ အထိခိုက်ခံနေမည်မဟုတ်ပေ။

တပ်သားသစ်အသုတ်တိုင်းတွင် ချင်ဟောင်ထျန်းနှင့် လော့ဟော်အာတို့ကဲ့သို့ ပုဂ္ဂိုလ်များကသာ ရှေးဟောင်းသင်္ချိုင်းထဲသို့ ဝင်ခွင့်ရကြသည်သာ ဖြစ်ဖို့များလေသည်။

" ရှေးဟောင်းသင်္ချိုင်းထဲကို ဝင်ခွင့်ရတာ ငါတစ်ယောက်တည်းလို့ မထင်မိဘူး။ ချင်ဟောင်ထျန်းလို လူမျိုးတွေလည်း သင်ယူပြီးပြီလားဆိုတာ ငါ သိချင်မိတယ် "

အဖိုးအိုက သူ့အား အနာဂတ်ပညာရှိလောင်းဟု တစ်ချက်ကြည့်ရုံနှင့် သိနေလိမ့်မည်ဟု ယီယွင်က မယုံကြည်ပေ။ သူသည်ကား ရှေးဟောင်းသင်္ချိုင်းထဲတွင် အစမ်းသပ်ခံရန် ရွေးချယ်ခံခဲ့ရသည့် ထူးချွန်သူများထဲမှ လူတစ်ဦးသာ ဖြစ်ဖို့များလေသည်။

တစ်ခုခု သင်ယူနိုင်သူများက ကျန်ရစ်ခဲ့ပေလိမ့်မည်။ မည်သည့်အရာကိုမျှ မသင်ကြားနိုင်သူများကိုမူ ရွေးချယ်စရာမရှိဘဲ လက်လျော့ရပေလိမ့်မည်။

ယီယွင် ရုတ်တရက်ပင် အကြံတစ်ခု ရလာသည်။ သူက စိတ်ဝိညာဥ်စွမ်းအားကို နတ်မျက်လုံးဆံ ၊ ခရမ်းရောင်သလင်းကျောက်တို့နှင့် ထိတွေ့စေပြီး စွမ်းအင်မြင်ကွင်းကို ဖွင့်လိုက်သည်။

လက်ရှိတွင် ယီယွင်၏ စွမ်းအင်မြင်ကွင်းက ပြီးပြည့်စုံလုနီးပါး ရှိနေလေသည်။ လောကထဲရှိ အရာအားလုံးကို စွမ်းအင်များနှင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်လေသောကြောင့် သူ၏မြင်ကွင်းထဲတွင် အပေါ်ယံရုပ်ဝတ္ထုများကို လျစ်လျူရှုထားပြီး အဆုံးအစွန်ဆုံး အရင်းအမြစ်ကိုသာ ချန်ထားလေသည်။

ယီယွင် စွမ်းအင်မြင်ကွင်းကို အသုံးပြုကာ ထိုစာကြောင်းများကို ကြည့်လိုက်ချိန်တွင် အံ့အားသင့်သွားရလေ၏။

" ဒါက..."

ယီယွင် အသက်ရှုနှုန်း လေးလံသွားရသည်။ သာမန်ဆိုလျှင် ထွင်းထုထားသည့် စာကြောင်းများက စကားလုံးများသာဖြစ်ပြီး မည်သည့်အရာမျှ မထူးခြားပေ။

သို့သော် စာကြောင်းလေးခုက ကွာခြားသွားလေသည်။ သူ၏စွမ်းအင်မြင်ကွင်းထဲတွင် ထိုစကားလုံးများက ငြိမ်သက်နေသော စကားလုံးများ မဟုတ်တော့လေဘဲ စွမ်းအင်အလင်းစက်များ စီးဆင်းနေလေ၏။

အဆိုပါကြီးမြတ်သည့် ပုဂ္ဂိုလ်က စကားလုံးများကို ဥပဒေသများနှင့် ရုပ်လုံးဖော်ကာ ချန်ထားခဲ့သည်ဖြစ်သော်လည်း စွမ်းအင်များကမူ နှစ်သန်းပေါင်းဆယ်ချီအထိပင် ပျောက်ကွယ်မသွားချေ။

ထိုစွမ်းအင်များက ရှေးဦးမျိုးစိတ်များနှင့် ဆေးပင်များထံမှ စွမ်းအင်များနှင့် မတူညီကြောင်းကို ယီယွင် နားလည်သွားလေသည်။

သူက ရှေးဦးမျိုးစိတ်များနှင့် ဆေးပင်များထံမှ စွမ်းအင်များကို ခရမ်းရောင်သလင်းကျောက် အသုံးပြုကာ စုပ်ယူပြီး သူ၏အဆင့်ကို တိုးမြင့်၍ရလေသည်။ သို့သော် စာကြောင်းလေးခုထံမှ စွမ်းအင်များကမူ လွတ်လပ်သောစနစ်တစ်ခု ဖြစ်ပုံရလေသည်။ ထိုစာလုံးများထံမှ စွမ်းအင်များက အားကောင်းခြင်းမရှိသော်လည်း ရှေးကျလေသည်။

ရှေးဦးစွမ်းအင်...။

ပြီးခဲ့သည့် နှစ်နာရီအတွင်းမှ ကိစ္စများစွာကို ဖော်ထုတ်နိုင်လိုက်ပြီဟု ယီယွင် ခံစားလိုက်ရသည်။

သူ၏ရှေ့တွင် ဆန်းကြယ်သော တံခါးတစ်ချပ် ပွင့်သွားခဲ့ပြီး ရှေးဦးအမှန်တရားမျိုးစုံ လှိုင်းများ ရိုက်ခတ်လာသည့်ပမာ ခံစားလိုက်ရသည်။ အမှန်တရား တစ်ခုချင်းစီတိုင်းက အလွန်တရာပင် ဆန်းကြယ်လှပြီး ရှေးဟောင်းအရင်းအမြစ်မှ လာကြလေသည်။

လက်ရှိ သူ၏အဆင့်တွင် ထိုအမှန်တရားများကို အပြ​ည့်အဝ နားမလည်နိုင်သည်မှာ နှမြောစရာကောင်းလှသည်။

" ဖြည်းဖြည်းနဲ့ မှန်မှန်ပေါ့ကွာ။ ငါ့ရဲ့ရှေ့မှာ လမ်းကြောင်းရှည်ကြီး ရှိနေသေးတယ်။ အလျင်မလိုဘူး "

ထိုအတွေးကြောင့် သူ စိတ်တည်ငြိမ်လာခဲ့သည်။ သူ အလိုရှိသည့်အရာကို ယူဆောင်ချေမည်။ သူ့အဖို့ ခရီးရှည်ကြီးကို တစ်နေရာရာမှ စတင်ရပေမည်။

ထိုသို့ဖြင့် ယီယွင် စွမ်းအင်မြင်ကွင်းကို ဖွင့်ထားကာ စာကြောင်းလေးခုထံမှ ဓားမောက်အမှန်တရားများကို လေ့လာဆင်ခြင်နေခဲ့သည်။

သာမန်မျက်စိနှင့်ကြည့်လျှင် ထိုစကားလုံးများက မထူးခြားပေ။ သို့သော် စွမ်းအင်မြင်ကွင်းနှင့်ဆိုလျှင် လုံးဝကွဲပြားသွားလေသည်။ စကားလုံးအားလုံးက လှုပ်ရှားနေကြလေ၏။ ယင်းတို့က ရှေးဦးစွမ်းအင်များနှင့် ဖွဲ့စည်းထားသည့်ပမာ ဖြစ်နေလေပြီး စကားလုံး တစ်ခုချင်းစီတိုင်းတွင် အခြေခံဥပဒေသများ ပါဝင်နေသည်။

ယီယွင် ထိုမြင်ကွင်းထဲတွင် နစ်မျောသွားကာ အချိန်ကို မေ့လျော့သွားခဲ့သည်။

ညမိုးချုပ်က မနက်မိုးလင်းလာပြီး နေ့ခင်းပိုင်းအချိန်သို့ ရောက်သွားခဲ့သည်။ နောက်တစ်ရက် တပ်သားသစ်ပြိုင်ပွဲတွင် ယီယွင် ပျက်ကွက်နေခဲ့လေ၏။

" ယီယွင် မလာဘူးလား "

လက်ရှိတွင် ယီယွင်က ကျော်ကြားသူတစ်ဦး ဖြစ်နေလေ၏။ သူ သွားသည့်နေရာတိုင်းတွင် လူသတိပြုခံရသည်။ ထို့ကြောင့် ယနေ့ တပ်သားသစ်ပြိုင်ပွဲတွင် ယီယွင် ပျက်ကွက်နေသည်ကို လူများစွာ သတိထားမိကြသည်။

" ဒီနေ့မှာ ချိုးနျိုနဲ့ ချူရှောင်းရန်တို့က တိုက်ပွဲကိုယ်စီ ရှိကြတယ်။ သူတို့က ထိပ်ဆုံးသုံးထောင်အတွင်း ဝင်ကြဖို့ စီစဥ်ပြီးသွားပြီ။ ဒါကိုတောင် ယီယွင်က သူတို့ရဲ့တိုက်ပွဲကို လာမကြည့်ဘူးလား "

" ယီယွင်က ချိုးနျို ၊ ချူရှောင်းရန်တို့နဲ့ ယှဥ်ပြိုင်ဖို့ စီစဥ်မထားတာလဲ ဖြစ်နိုင်တာပဲ။ ဒီနှစ်ယောက်က မွန်းစတားတွေပဲ။ ဒါပေမဲ့ကွာ ယီယွင် ယှဥ်ပြိုင်ဖို့ စီစဥ်မထားရင်တောင် သူတို့ရဲ့တိုက်ပွဲကို လာကြည့်သင့်တယ် "

လူများစွာတို့က အခြေအနေကို နားမလည်ကြပေ။ ချိုးနျိုနှင့် ချူရှောင်းရန်တို့က ထိပ်ဆုံးသုံးထောင်အတွင်းမှ ကျင့်ကြံသူများကို စိန်ခေါ်မည့်ကိစ္စထက် မည်သည့်အရာက ပိုအရေးကြီးလေသနည်း။

" မကြာခင်မှာ တိုက်ပွဲစတော့မယ်။ တပ်သားသစ်တစ်ဦးက သုံးလအတွင်း မြေအဆင့် အဆင့် ၃၀၀၀ အတွင်း ဝင်နိုင်တာမျိုးကို တိုင်အာနတ်မြို့ရဲ့ ရာစုနှစ်အနည်းငယ် ကာလတွေအတွင်းမှာ မဖြစ်ဖူးဘူး "

လူအများ သက်ဝင်လှုပ်ရှားကာ ဆူညံနေသည်။ သူတို့အားလုံးက ယနေ့တိုက်ပွဲများကို စောင့်မျှော်နေကြလေ၏။

လက်ရှိအချိန်၌ ဗဟိုနတ်မျှော်စင်၏ အလွှာကိုးဆယ်အထက် ကျယ်ဝန်းသော အခန်းတစ်ခုထဲတွင် အဖိုးအိုနှစ်ဦးက ကုလားထိုင်ပေါ်တွင် ထိုင်နေလေသည်။ သူတို့က ပြိုင်ကွင်းထဲမှ အဖြစ်အပျက်များကို ပြသပေးနေသည့် အစီရင်ပြားကို ကြည့်နေလေ၏။

အဖိုးအိုနှစ်ဦးအနက်မှ တစ်ဦးသည် အကြီးအကဲကျန်းကဲ့ဖြစ်ပြီး အခြားတစ်ယောက်ကမူ ယီယွင်အား ရှေးဟောင်းသင်္ချိုင်းထဲသို့ ခေါ်သွားသည့် ပိန်ပါးသောအဖိုးအို ဖြစ်လေသည်။

" မင်းက ယီယွင်ကို ဓားမောက်သင်္ချိုင်းထဲ ခေါ်သွားခဲ့တာလား " အကြီးအကဲကျန်းကဲ့က ရုတ်တရက် မေးလိုက်သည်။

အဖိုးအိုက ခေါင်းညိတ်ကာ ဆိုသည်..." ဟုတ်တယ်... ဒီကလေးက နည်းနည်းလေး စိတ်ဝင်စားဖို့ကောင်းတာကို ငါ တွေ့ခဲ့ရတယ်။ သူ သိမြင်နားလည်မှုအချို့ ရလာလောက်တယ် "

" လောက်တယ်တဲ့လား "

အကြီးအကဲကျန်းကဲ့ မျက်မှောင်ကာ..." လောက်တယ်ဆိုတဲ့ စကားအတွက်နဲ့ပဲ မင်းက သူ့ကို အဲ့ဒီနေရာဆီ ခေါ်သွားခဲ့တာလား "

အကြီးအကဲကျန်းကဲ့က အဖိုးအို၏လုပ်ရပ်ကို သဘောမကျသည်မှာ သိသာလေသည်။

" ဘာဖြစ်လဲ။ ဒီရှေးဟောင်းသင်္ချိုင်းက တားမြစ်နေရာတစ်ခု ဆိုပေမဲ့ ဝင်ခွင့်ပြုနိုင်တဲ့ အထူးအခွင့်အရေးလည်း ရှိပါသေးတယ်။ ပြီးတော့ ဒီကလေးက ထိုးထွင်းသိမြင်မှု မရခဲ့ရင်တောင် ဘာမှယု​တ်လျော့မသွားဘူးလေ "

" ဘာမှယုတ်လျော့မသွားဘူးတဲ့လား "

အကြီးအကဲကျန်းကဲ့က စိတ်ပျက်လက်ပျက် ခေါင်းယမ်းကာ... " ခန်းယန်... မင်းက ဘာမှမတွေးဘဲ စိတ်ထင်ရာကို အမြဲလုပ်တယ်။ ဓားမောက်သင်္ချိုင်းထဲမှာ ရေးထွင်းထားတဲ့ ရှေးဦးအမှန်တရားတွေကို ထိုးထွင်းသိမြင်ဖို့အတွက် အရမ်းခက်ခဲတာကို မင်း မသိတာလဲ မဟုတ်ဘူး။ အဲ့ဒါကို နားလည်သွားခဲ့ရင်တော့ အကောင်းဆုံး အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မယ် "

" ဒါပေမဲ့ တစ်ယောက်မှ သိမြင်နားလည်မှုမရရင်တော့ အချိန်ဖြုန်းတာပဲ။ ဓားမောက်အမှန်တရားလမ်းစဥ်က နက်နဲလွန်းပြီးတော့ လူတစ်ဦးကို တမ်းတမ်းစွဲဖြစ်သွားအောင် အလွယ်တကူလုပ်နိုင်တယ်။ ဒီကလေးက ခေါင်းမာလွန်းနေမှာကို ငါ စိုးရိမ်မိတယ်။ သူ ကျရှုံးပြီးတဲ့နောက်မှာတောင် ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာကို မသိခဲ့ရင်တော့ သူ့ရဲ့ အချိန်နဲ့စွမ်းအင်တွေကို ဖြုန်းတီးမိသွားလိမ့်မယ် "

လူငယ်များအတွက် အချိန်က အလွန်တရာပင် အဖိုးတန်လေသည်။ ပါရမီရှင်အများစုက မောက်မာကြကာ ဆုံးဖြတ်ချက်ခိုင်မာကြလေ၏။ ယေဘုယျအားဖြင့်ဆိုလျှင် ယင်းအရာက ကောင်းမွန်သော်လည်း အချိန်က ဆိုးကွက်တစ်ခု ဖြစ်လာပေလိမ့်မည်။

ဆုံးဖြတ်ချက်ခိုင်မာသော လူငယ်တစ်ဦးက ရှေးဦးအရင်းအမြစ်အမှန်တရား၏ ဖြားယောင်းမှုကို ခံရနိုင်လေသည်။ တစ်ယောက်ယောက်က ထိုလူငယ်ကို တားဆီးလျှင်ပင် ထိုလူငယ်သည် တားဆီးသူက အပိုင်လိုချင်နေသည်ဟုသာ ထင်နေပေလိမ့်မည်။

ထိုအချိန်မျိုးတွင် ထိုသူကို မည်သူကမျှ တားမရပေ။ မည်သည့်အရာကိုမျှ နားလည်ခြင်းမရှိဘဲ အဆုံးသတ်ခဲ့ရပါက တန်ဖိုးရှိသည့် အချိန်များကို ဖြုန်းတီးမိသွားပေလိမ့်မည်။

တိုင်အာနတ်မြို့တွင် ထိုကဲ့သို့အဖြစ်မျိုး များစွာပင်ရှိခဲ့ဖူးသည်။ ပါရမီရှင်များစွာသည် ထိုအရာကို နားလည်ရန်အတွက် တစ်ဘဝလုံး ပုံအောခဲ့သော်လည်း ခါးသီးမှုများနှင့်သာ အဆုံးသတ်ခဲ့ရလေသည်။ ထို့ကြောင့် တိုင်အာနတ်မြို့က ထိုသင်္ချိုင်းကို အလွန်ပင် အလေးအနက်ထားသည်။ ထိုသင်္ချိုင်းကို အလွယ်တကူ ဖွင့်မပေးသည်က မတော်တဆဖြစ်ရပ်များကို ကာကွယ်နိုင်ပေလိမ့်မည်။

သို့သော် ခန်းယန်က စိတ်မူမမှန်ချေ။ သူ စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိသူတိုင်းကို ရှေးဟောင်းသင်္ချိုင်းဆီသို့ ခေါ်သွားတတ်သည်။ ခန်းယန်က ထိုသူများကို လက်တွေ့ကျကျပင် ထိခိုက်စေမိခဲ့လေသည်။

" အဖိုးကြီးစုတ်... ပါရမီရှင်မျိုးစုံက တိုင်အာနတ်မြို့ကို လေ့ကျင့်ဖို့ ရောက်လာကြတာလေကွာ။ သေတယ်ဆိုတာ ပုံမှန်ကိစ္စပဲကို မင်းက အမြဲတမ်း အရမ်းဂရုစိုက်ပြနေတယ်။ ပညာရှိတစ်ဦးလိုမျိုး ကျွမ်းကျင်သူအစစ်တွေကို မင်း ဘယ်လိုမျိုး ပျိုးထောင်ပေးမှာလဲ။ မင်းက ဒီလုပ်ရပ်တွေကို ကန့်ကွက်နေပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက ငါ ဟိုကောင်စုတ်​လေး ချင်ဟောင်ထျန်းကို အဲ့ဒီနေရာဆီ ခေါ်သွားခဲ့တာပဲလေ။ သူက သိမြင်နားလည်မှုအချို့တောင် ရလာခဲ့သေးတယ် "

ချင်ဟောင်ထျန်းက ဓားသမားတစ်ဦး ဖြစ်လေသည်။ ရှေးဟောင်းသင်္ချိုင်း၏ အခန်းနှစ်ခုအနက်မှ ဘယ်ဘက်အခန်းသည် ဓားမောက်အမှန်တရားဖြစ်ပြီး ညာဘက်အခန်းက ဓားအမှန်တရား ဖြစ်လေ၏။ ချင်ဟောင်ထျန်းက ဓားအမှန်တရား အခန်းထဲသို့ ဝင်ခဲ့လေသည်။

အခန်းနှစ်ခုလုံးတွင် ချန်ထားရစ်ခဲ့သည့် စကားလုံးများက လျှို့ဝှက်ဆန်းကြယ်လေသည်။

အကြီးအကဲကျန်းကဲ့က ခေါင်းယမ်းကာ... " ​ချင်ဟောင်ထျန်းက ထူးခြားတယ်လေကွာ။ သူက ဓားအတွက် မွေးဖွားလာခဲ့တာပဲ။ သူက ဓားနဲ့တစ်သားတည်း ဖြစ်လုနီးပါးရှိနေပြီ။ ချင်ဟောင်ထျန်းက ဓားကို လက်လွှတ်လို့မရသလို သူက ဓားကိုပဲ အသုံးပြုနိုင်တယ်။ ယီယွင်ကတော့ ဓားမောက်အသုံးပြုသူတစ်ဦး ဖြစ်မလာနိုင်လောက်ဘူးနော် "

All Chapters