ပထမတိုက်ပွဲရဲ့ပြိုင်ဘက်
Vol. 16 Ch. 235
ကောင်းကင်တွင် နေရောင်ထိန်ညီးလာကာ နှင်းဖုံးလွှမ်းနေသည် တိုင်အာနတ်မြို့တွင် နွေးထွေးမှုအချို့ ရရှိလာခဲ့သည်။ ယခုက တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ ကိုးရက်မြောက်နေ့ နေ့လည်ခင်းအချိန် ဖြစ်လေ၏။
နေ့လည်ခင်းအချိန်တွင် နေလည်စာစားရန် တစ်ခဏမျှ အနားပေးခဲ့သော်လည်း ကြည့်ရှုသူအများစုကမူ ပြိုင်ကွင်းထဲမှ ထွက်မသွားကြပေ။ စစ်သည်တစ်ဦးက ခန္ဓာကိုယ်ထဲတွင် ယွမ်ချီများ လုံလောက်စွာသိုမှီးထားနိုင်ပါက ရက်အနည်းခန့် အစာမစားရလျှင်ပင် အဆင်ပြေလေသည်။
သို့သော် ကြည့်ရှုသူများ ဆက်နေခဲ့ကြသည့် အရေးပါသောအကြောင်းအရင်းကမူ နေ့ခင်းတွင် အရေးကြီးသော တိုက်ပွဲနှစ်ခု ရှိနေသေးလေသောကြောင့်ပင်။
ပထမပွဲတွင် ချိုးနျိုက အဆင့် ၂၈၀၀ မှ နှစ်ကြီးသမား ကျင့်ကြံသူတစ်ဦးကို စိန်ခေါ်မည်ဖြစ်သည်။ နောက်တစ်ပွဲကမူ ပိုမို၍ပင် ကို့ရို့ကားယားနိုင်လေသည်။ ချူရှောင်းရန်က မြေအဆင့် အဆင့် ၂၆၀၀ ခန့်မှ လူတစ်ဦးကို စိန်ခေါ်မည်ဖြစ်လေသည်။
နှစ်ဦးစလုံးက အဆင့် ၃၀၀၀ အတွင်းသို့ ဝင်ရောက်ပြီးခါစသာဖြစ်ပြီး ထိုအဆင့်တွင် တိုင်အာနတ်မြို့၌ လေးနှစ်တာမျှ ကျင့်ကြံခဲ့ကြသည့် နှစ်ကြီးသမားများ ရှိလေသည်။ အခြေခံအားဖြင့်ဆိုလျှင် ထိုသူများက ခရမ်းသွေးနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူများဖြစ်ပြီး အဆင့်တူများအကြားတွင် ထူးချွန်ကြသူများ ဖြစ်လေသည်။
အဆင့် ၃၀၀၀ အထက် ကျော်နိုင်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။ သူတို့ ရင်ဆိုင်ရမည့် ယှဥ်ပြိုင်မှုများက ပြင်းထန်မှု တိုးပွားလာလေ၏။
ဟုတ်သည်။ လူအများက ထိုကဲ့သို့ တိုက်ပွဲမျိုးကို မြင်လိုကြလေသည်။
ချိုးနျို ၊ ချူရှောင်းရန်တို့နှင့် နှိုင်းယှဥ်မည်ဆိုလျှင် အခြားတပ်သားသစ်များက ၎င်းတို့၏ ဆိုင်ရာအဆင့်များတွင်သာ ထင်ပေါ်ကြလေသည်။
နောက်ဆုံးနှစ်ရက်တွင် တပ်သားသစ်များ၏ တိုက်ပွဲများ များစွာမရှိတော့ပေ။
" ချိုးနျိုက အဆင့် ၂၈၀၀ ကို စိန်ခေါ်တာမှာ အနိုင်ရလိမ့်မယ်လို့ ငါထင်တယ်။ ချူရှောင်းရန်ကတော့ အဆင့် ၂၆၀၀ ကို စိန်ခေါ်တာက ရဲတင်းလွန်းတယ်။ ရှုံးဖို့အလားအလာက မြင့်တယ် " လူအချို့က သူတို့၏အမြင်ကို ထုတ်ပြောကြလေသည်။
ထိုစဥ်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် ပြောလာခဲ့လေ၏..." အမ်... အဲ့ဒါက ယီယွင်မလား "
လူတိုင်း အံ့အားသင့်သွားကာ အသံလာရာဆီသို့ ကြည့်လိုက်သည်။ မဝေးလှသောနေရာမှ ပွဲကြည့်စင်ခုံတန်းလျားတွင် ယီယွင်က သူ၏ခုံသို့ သွားနေသည်ကို သူတို့ မြင်လိုက်ကြရသည်။
" တကယ်ကို ယီယွင်ပဲ။ နောက်ဆုံးတော့ ဒီကောင် ရောက်လာပြီ "
တပ်သားသစ်ပြိုင်ပွဲက ပြီးလုနီးပါး ရှိနေလေသည်။ ယီယွင်ကမူ အဆင့် ၁၀၀၀၃ ၌သာ ရှိနေသေးလေ၏။
လူအများသည် ယီယွင်ကို မြင်သောအခါတွင် ပြောစရာမဲ့နေကြရလေ၏။ ယီယွင်က အပူအပင်မရှိစွာဖြင့် ထိုင်နေလျက်ရှိလေသည်။ ယီယွင်တွင် အစွမ်းအစမရှိပါက ထိုကိစ္စသည် အဆင်ပြေသော်လည်း ယီယွင်က အဆင့် ၃ နေရာအား ရနိုင်ခြေရှိနေလေ၏။
" ယီယွင်က လေးပွဲပဲရှိသေးတယ်။ ငါသာ ဒီကောင့်နေရာမှာဆိုရင် ငါ့ရဲ့ ပထမတိုက်ပွဲက အဆင့် ၈၀၀၀ အတွင်းက လူတစ်ဦးပဲ ဖြစ်လာလိမ့်မယ်။ အနိမ့်ဆုံးအဆင့်ကို ခြေကုတ်ယူပြီးမှပဲ နောက်ထပ်တိုက်ပွဲမှာ အဆင့် ၆၀၀၀ ကို စိန်ခေါ်ပြီးတော့ အနိုင်ယူမယ်။ နောက်ဆုံးနေ့ တိုက်ပွဲမှာကျ ကုမူကို တိုက်ရိုက်စိန်ခေါ်ပစ်မယ်ကွာ။ သူသာ အနိုင်ရခဲ့မယ်ဆိုရင် အရာအားလုံး အခြေကျသွားပြီပဲ။ အနိုင်မရခဲ့ရင်တောင် အဆင့် ၄ နေရာကို ယူလိုရသေးတယ် " လူတစ်ယောက်က ဆိုလိုက်သည်။
သူတို့က အနည်းသူများဖြစ်ပြီး သူတို့၏အဆင့်အတွက် အများဆုံးအနေဖြင့် ဆယ်ပွဲသာ တိုက်ခိုက်နိုင်ခဲ့ရသည်။
ယီယွင်ကမူ သန်မာလေသောကြောင့် အကြံအစည်ချ၍ ရလေသည်။ ယီယွင်က ကုမူကို ပေတံတစ်ချောင်းပမာ အသုံးပြု၍ရလေ၏။
ထိုစဥ်တွင် ယီယွင်က သိုလှောင်လက်စွပ်ထဲမှ တပ်တစ်ထောင်ဓားမောက်ကို ထုတ်ယူကာ သုတ်နေလေသည်။
လူအမျာ ပြောစရာမဲ့သွားကြရ၏။ ယင်းက မူမမှန်သော မြင်ကွင်းတစ်ခု ဖြစ်နေသည်မှာ သေချာလေသည်။
ယီယွင်က ဓားမောက်ကို တိတ်ဆိတ်စွာဖြင့်ပင် တစ်နာရီခန့် သုတ်နေခဲ့သည်။ ယီယွင်က ဖောင်စာရွက်ယူကာ ဖြည့်သွင်းပြီးနောက် ခေါင်းမော့ကာ အော်လိုက်သည်..." ဒိုင်လူကြီး..."
ယီယွင်၏ အော်သံကြောင့် လူများစွာတို့ အာရုံစိုက်လာကြသည်။
တပ်သားသစ်ပြိုင်ပွဲ ပထမပိုင်းရက်များတွင် ယီယွင်က ကျော်ကြားခဲ့သောကြောင့် သူ့အား လူများစွာကာ စိန်ခေါ်ကြလေ၏။ ထို့ကြောင့် လူတစ်ဦးအဖို့ တစ်ရက်လျှင် ဆယ့်နှစ်ပွဲထက်၍ မတိုက်ခိုက်ရစေရေးအတွက် စိန်ခေါ်တံဆိပ်ပြားများကို ကြိုတင်စီစဥ်ပေးထားခဲ့ရသည်။
သို့သော် ဤရက်များတွင် ထိုစနစ်ကို မလိုအပ်တော့ပေ။ တိုက်ခိုက်လိုကြသူ အများစုက တိုက်ခိုက်ပြီးသွားကြပြီး ဖြစ်လေသည်။
" ယီယွင်က ပထမဆုံးပွဲမှာ ဘယ်သူ့ကို စိန်ခေါ်မလဲဆိုတာ ခန့်မှန်းကြည်ပဲ "
" အဆင့် ၇၀၀၀ ၊ ၈၀၀၀ အတွင်းက နှစ်ကြီးသမားတွေပဲ ဖြစ်လိမ့်မယ်။ ဒါက ပိုသေချာတဲ့ ရွေးချယ်မှုပဲ "
" မဖြစ်နိုင်ဘူးလို့ ငါထင်တယ်။ ယီယွင်က လျိုယွီရှင်းကို ကိုင်တွယ်ဖို့အတွက် အုတ်ခဲတစ်ချပ်ပဲ ကိုင်ခဲ့တာဆိုတော့ သူ့ကိုယ်သူ ယုံကြည်ချက် အရမ်းရှိတာကို ပြနေတာပဲ။ ပြိုင်ဘက်ရဲ့အဆင့်က အဆင့် ၇၀၀၀ ၊ ၈၀၀၀ အတွင်းကလူ မဖြစ်နိုင်ဘူး။ သူက အဆင့် ၅၀၀၀ အထိတက်ပြီး စိန်ခေါ်လောက်တယ်။ သူက ကုမူကိုတောင် စိန်ခေါ်လောက်တယ် "
" ကုမူကို စိန်ခေါ်မယ်တဲ့လား။.ဒါက မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ရက်တွေမှာ ယီယွင် ပျောက်နေခဲ့တယ်။ ယုတ္တိကျကျပြောရင် သူ့ရဲ့ပထမတိုက်ပွဲမှာ သူ အနိုင်ရမယ်လို့ ယုံကြည်ချက်ရှိသူကိုပဲ စိန်ခေါ်လိမ့်မယ်။ ပထမဆုံးပွဲကို ခိုင်မာအောင်လုပ်တာက သူ့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးလိမ့်မယ်။ အချိန်အကြာကြီး စောင့်ထားပြီးမှ သူ့ရဲ့ ပထမဆုံးပွဲမှာ ရှုံးခဲ့ရမယ်ဆိုရင် အရမ်းကို ရှက်ဖို့ကောင်းသွားလိမ့်မယ် "
ပထမဆုံးပွဲတွင် အနိုင်ရမည်ဟု အာမခံချက်ရှိမည့် လူတစ်ဦးကို စိန်ခေါ်သည်က ကျိုးကြောင်းသင့်သည်ဟု လူများစွာက ခံစားမိလေသည်။
...
ဒိုင်က ယီယွင်ကိုကြည့်ကာ မေးလိုက်သည်..." မင်း တစ်ယောက်ယောက်ကို စိန်ခေါ်ချင်လို့လား "
" ဟုတ်ပါတယ် " ယီယွင်က စိန်ခေါ်စာကို ကမ်းပေးကာ ပြောလိုက်လေသည်။
ဒိုင်က စိန်ခေါ်စာကို ဖတ်ပြီးသည့်နောက် ယီယွင်ကို အထူးတဆန်းကြည့်ကာ ဆိုလေသည်..." မင်း သေချာပြီလား "
" ဟုတ်ပါတယ် " ယီယွင် ခေါင်းညိတ်ကာ ခုံတွင်ပြန်ထိုင်လိုက်သည်။
ဒိုင်က ဘာမျှမပြောတော့ပေ။ ပြိုင်ပွဲဝင်များက စိတ်ကြိုက် စိန်ခေါ်ပိုင်ခွင့်ရှိသည်။ သူ ကြားဝင်ပါ၍ မရပေ။
ဒိုင်က တိုက်ပွဲများကို စတင်စီစဥ်လေသည်။ မကြာမီတွင် နေ့ခင်းပိုင်း၏ ပထမဆုံးတိုက်ပွဲက ယီယွင်ဖြစ်ကြောင်း ကြေညာခဲ့လေ၏။
တပ်သားသစ်ပြိုင်ပွဲတွင် ရက်များစွာ ပျက်ကွက်ခဲ့သည့် ယီယွင်ကို ဒိုင်ကလည်း ကြည့်လိုပုံရလေသည်။
" အဆင့် ၁၀၀၀၃ ယီယွင်က အဆင့် ၂၉၈၀ ချိုးနျိုကို စိန်ခေါ်တယ် "
လူအများ တုန်လှုပ်သွားကြသည်။ ယီယွင် ပထမတိုက်ပွဲက အဆင့်ထိန်းခြင်းမဟုတ်သလို့ ကုမူအား စိန်ခေါ်ခြင်းလည်း မဟုတ်လေဘဲ တပ်သားသစ် အဆင့် ၂ ဖြစ်သည့် ချိုးနျိုကို စိန်ခေါ်ခဲ့လေသည်။ ကုမူအား စိန်ခေါ်ခြင်းကပင် ချဲ့ကားလွန်နေသည် ဖြစ်နေသည်ကိုပင် ချိုးနျိုအား အမှန်တကယ်ပင် စိန်ခေါ်ခဲ့လေသည်။ ယီယွင်က မည်သည့်အရာအား တွေးနေလေသနည်း။
အဆင့် ၃ နေရာမှ ကုမူက မျက်မှောင်ကုတ်လိုက်သည်။ တပ်သားသစ်ပြိုင်ပွဲတွင် သူက ယီယွင်ကို မဟာပြိုင်ဘက်အဖြစ် သတ်မှတ်ထားခဲ့သည်။ ယီယွင် ပေါ်လာချိန်တွင် သူသည် ယီယွင်နှင့် ရေကုန်ရေခမ်းတိုက်ခိုက်ရန် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့လေ၏။ ပြီးခဲ့သည့်ရက်များမှ သူ၏တိုက်ပွဲများတွင် တိုက်ပွဲအတွေ့အကြုံများစွာ ရရှိထားခဲ့သည်။ သူက ယီယွင်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိလေသည်။
ယီယွင်က သူ့အား လျစ်လျူရှုထားပြီး ချိုးနျိုအား တိုက်ရိုက်စိန်ခေါ်ခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
" ဒီကောင်ယီယွင်က ငါ့ကို တကယ်ပဲ အရေးမစိုက်ဘဲ လုပ်ဝံ့တယ်ပေါ့။ ငါ ပြိုင်ဘက်တစ်ဦး မဖြစ်ထိုက်ဘူးလို့ ဒီကောင် ထင်နေတာလား " ကုမူ လက်သီးဆုပ်လိုက်၏။ ယီယွင်က အထင်သေးလွန်းနေချေ၏။
ယီယွင်နှင့် ယှဥ်ပြိုင်ရန်အတွက် ကြိုတင်ပြင်မှုများ လုပ်ထားခဲ့ရသော်လည်း ယီယွင်ကမူ သူ့အား မျက်စိထဲပင် ထည့်မထားခဲ့ချေ။
" မင်းက သတ္တိကောင်းတာပဲ။ မင်း ချိုးနျိုကို ရှုံးသွားတဲ့အထိ ငါ စောင့်မယ်။ ပြီးရင်တော့ ငါ့ကို အရေးမစိုက်တာက ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မင်းကို ပြပေးမယ် " အတွေးနှင့်အတူ ကုမူက ယီယွင်အား အားကောင်းလှသော တိုက်ခိုက်လိုစိတ်များနှင့် ကြည့်လိုက်လေသသည်။
..........................
" ငါ့ကို စိန်ခေါ်တာလား "
ချိုးနျိုလည်း အံ့အားသင့်နေသည်။ သူက ယီယွင်ကိုကြည့်ကာ ပြုံးလိုက်ပြီး..." စိတ်ဝင်စားစရာပဲ။ လူငယ်တွေက စိတ်မြန်တယ်ဆိုတာ တကယ်မှန်တယ်။ မင်းက ကုမူကို အနိုင်ယူပြီးမှပဲ ငါ့ကို စိန်ခေါ်လာလိမ့်မယ်လို့ ထင်ထားခဲ့တာ "
" မင်းက ယုံကြည်ချက်ရှိနေမှတော့လည်း ငါက မင်းနဲ့ယှဥ်ဖို့ သတ္တုဖြူချပ်ဝတ်ကို သုံးပေးမယ်။ ဒါဟာ ငါ မင်းကို လေးစားမှု အလုံအလောက်ပြပေးထားတာပဲ " ချိုးနျိုက လက်စွပ်ထဲမှ လက်အိတ်ကြီးတစ်ခူ ထုတ်ယူကာ ညာလက်တွင် ဝတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ချိုးနျို၏ဘယ်လက်တွင် ဒိုင်းတစ်ခု ကိုင်ထားလေ၏။
ထို့နောက်တွင်မူ အလင်းရောင်တောက်ပသွားပြီး ချိုးနျို၏ ခန္ဓာကိုယ်တွင် ချပ်ဝတ်အပြည့် ဝတ်ဆင်ပြီးသွားလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ချိုးနျိုအား သတ္တုဖြူချပ်ဝတ် လွှမ်းခြုံသွားလေ၏။
ဟိုင်းယား...။
ချိုးနျို ဟစ်အော်ကာ စင်မြင့်ပေါ်သို့ ခုန်ဝင်သွားလေသည်။
သူက ပေါင်ချိန်ထောင်ချီသော ချပ်ဝတ်ကို ဝတ်ဆင်ထားလေသည်။ သူက စင်မြင့်နှင့် မီတာသုံးဆယ်ခန့်အဝေးမှနေ၍ ကျားတစ်ကောင် ခုန်အုပ်သည့်ပမာပင် ခုန်လိုက်လေသည်။
ဘုန်း...။
ချိုးနျိုက စင်မြင်ပေါ်သို့ မြင်းထိုင်ပုံစံဖြင့် မြေပြင်တွင် လက်တစ်ဖက်ထောက်ကာ သက်ဆင်းသွားလေ၏။
ကျယ်လောင်သော ပေါက်ကွဲမှုကြောင့် ပြိုင်ကွင်းတစ်ခုလုံး တုန်ခါသွားရသည်။ ချိုးနျို၏ခြေထောက်အောက်မှ ခရမ်းရောင်အဖြိုက်နက် အခင်းပြားများ ကျွံဝင်နေလေ၏။ ယင်းသည် ချိုးနျို၏ ခုန်အားက မည်မျှအားကောင်းကြောင်း ပေါ်လွင်စေလေ၏။
ချိုးနျို၏တိုက်ခိုက်မှုကို ခဏဖယ်ထားလျှင်ပင် ဤခုန်အား လူတစ်ဦးကို တစ်စစီလုပ်ပစ်ရန် လုံလောက်လေသည်။
" ကြောက်ဖို့ကောင်းလိုက်တာ။ ဒီကောင်က တကယ်ကိုပဲ လူယောင်ဆောင်ထားတဲ့ ပျက်စီးခြင်းသားရဲတစ်ကောင်ပဲ " လူတစ်ဦး သက်ပြင်းချလိုက်၏။ ချိုးနျို၏ လုပ်ဆောင်ပုံကြောင့် လူတစ်ဦး၏စိတ်စွမ်းအား ၃၀% ခန့် ဆုံးရှုံးသွားရနိုင်သည်။ သာမန်လူတစ်ဦးအဖို့ ချိုးနျိုနှင့် တိုက်ခိုက်ဝံ့တော့မဘ် မဟုတ်ပေ။
တပ်သားသစ်များထဲတွင် ဖျက်မြင်းတစ်ကောင်ဖြစ်သည့် ကုမူသည်ပင် ချိုးနျိုကို စိန်ခေါ်ရဲခြင်းမရှိပေ။ အကြောင်းမူကား သူတို့အကြားတွင် ကွာဟချက်ကြီးမားကြောင်းကို ကုမူ သိနေလေသောကြောင့်ပင်။ သူက ချိုးနျိုကို လုံးဝပင် ယှဥ်နိုင်ခြင်းမရှိပေ။
ချိုးနျို မတ်တက်ရပ်လိုက်သည်။ ၁.၉ မီတာ မြင့်မားပြီး တောင့်တင်းသော ကိုယ်လုံးကိုယ်ထည်ကို ချပ်ဝတ်ဖုံးကာထားပြီးနောက်တွင်မူ သူ၏ကြွက်သားများတွင် သွေးကြောများ ဖောင်းကားနေလေ၏။ သွေးကြောများက ပေါက်ကွဲတော့မည့်အလားပင်။