← Chapters

ချိုးနျိုနှင့် တိုက်ခိုက်ခြင်း

Vol. 16 Ch. 236

ချိုးနျိုနှင့် တိုက်ခိုက်ခြင်း

Vol. 16 Ch. 236

ချိုးနျိုက ချူရှောင်းရန်ထက် အဆင့်နိမ့်သော်လည်း လူတစ်ဦးအား ထိုနှစ်ဦးထဲမှ တစ်ဦးကို တိုက်ခိုက်ရန် ရွေးချယ်ခိုင်းမည်ဆိုပါက ချိုးနျိုအစား ချူရှောင်းရန်ကိုသာ ရန်ဆိုင်ရန် ရွေးချယ်ကြပေလိမ့်မည်။

အကြောင်းကမူ ချိုးနျိုက လူအများကို ကြီးမားသော ဖိအားတစ်ရပ် ပေးနေလေသောကြောင့်ပင်။ လူအများစုမှာ ချိုးနျို၏ရှေ့တွင် ရပ်ရန်အတွက်ပင် သတ္တိမစုနိုင်ကြပေ။

စင်မြင့်အခြားတစ်ဖက်ခြမ်းတွင် ယီယွင်က တပ်တစ်ထောင်ဓားမောက်ကို ကိုင်ကာ စင်မြင့်ပေါ်သို တက်လာခဲ့လေ၏။ သူ ချိုးနျိုနှင့် မီတာသုံးဆယ်အကွာရင် ရပ်ကာ မျက်နှာချင်းဆိုင်လို​က်သည်။

" နောက်ဆုံးတော့ ယီယွင်က ဓားမောက် သုံးတော့မယ်။ ဒီကောင့်ရဲ့ ဓားမောက်သိုင်းက ကောင်းရဲ့လားဆိုတာ ငါ သိချင်မိတယ် "

လူအများ ဆွေးနွေးနေကြလေ၏။ ယခင်က ယီယွင်သည် အုတ်ခဲတစ်ချပ်သာ အသုံးပြုပြီး ပြိုင်ဘက်များကို ဖြုတ်ချခဲ့ချေ၏။ အုတ်ခဲအစား တပ်တစ်ထောင်ဓားမောက်ကို အသုံးပြုလိုက်ခြင်းဖြင့် ယီယွင်၏စွမ်းအားများ ပိုမိုပြောင်မြောက်လာမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

တပ်တစ်ထောင်ဓားမောက်က အုတ်ခဲထက် ပိုမိုသန်မာသော်လည်း အရာအားလုံးက ယီယွင်၏ ဓားမောက်သိုင်းအ​​ပေါ်တွင်သာ မူတည်လေသည်။

" ယီယွင်ရဲ့ ဓားမောက်က ရှည်လွန်းနေတယ်။ သာမန်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရရင်တော့ ရှည်တဲ့လက်နက်က အရေးသာတယ်။ ဒါပေမဲ့ ချိုးနျိုနဲ့ ရင်ဆိုင်ရချိန်မှာ ချိုးနျိုက လက်နက်ကို ဖမ်းမိသွားခဲ့ရင် ယီယွင်တော့ လက်နက်သုံးနိုင်မှာ မဟုတ်တော့ဘူး။ မဖမ်းမိခဲ့ရင်တောင် ချိုးနျိုရဲ့ခန္ဓာကိုယ်ကို ခုတ်ဖို့အတွက်ဆိုရင် သူ့ရဲ့ခုခံနိုင်စွမ်းကိုတောင် ချိုးဖျက်နိုင်မယ်မထင်ဘူး "

ချိုးနျိုက စွမ်းရည်ရှိလေပြီး လက်နက်အား ဖမ်းမိသွားပါက ပြန်လည်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။ ထိုအကြောင်းအရင်းကြောင့်ပင် လူများစွာက ချိုးနျိုနှင့်တိုက်ခိုက်ရန် ယုံကြည်ချက်မရှိခြင်း ဖြစ်လေသည်။ ထို့အပြင် ချိုးနျိုက အလွန်မြန်သည်။ လက်နက်အား ချိုးနျို ဖမ်းဆုပ်သည်ကို မခံရအောင် လုပ်ရန်မှာ အလွန်ခက်ခဲသည်။

ပေါ့ပါးသော လက်နက်များက ချိုးနျိုနှင့် ရင်ဆိုင်ရာတွင် အသုံးမဝင်ဟု လူများစွာက လက်ခံထားကြသည်။ ယီယွင်၏လက်နက်က ပေါ့ပါးရှည်လျားလေပြီး ဝေ့ဝဲခုတ်ပိုင်းရာတွင် ကောင်းဟန်ရှိသော်လည်း ချိုးနျို၏ချပ်ဝတ်များနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝအသုံးမဝင်ပေ။

" စကြတော့မလား " ချိုးနျိုက ယီယွင်ကို ကြည့်ကာပြုံးလိုက်သည်။

" ဒါပေါ့ " ယီယွင်လည်း ပြုံးလိုက်လေ၏ သူက တပ်တစ်ထောင်ဓားမောက်ကို ခန္ဓာကိုယ်နံဘေးဘက်တွင် ဒေါင်လိုက် ထောင်ထားလေ၏။ အလွန်ရှည်သော တပ်တစ်ထောင်ဓားမောက်က လဲကျခြင်းမရှိဘဲ ဒေါင်လိုက်ဖြစ်နေသည်မှာ ထူးဆန်းသောမြင်ကွင်းတစ်ခုပင်။

ကျင့်ကြံသူများ အံ့ဩနေကြသည်။ သာမန်အခြေအနေတွင်ဆိုလျှင် ဓားမောက်တစ်ချောင်းက ဒေါင်လိုက်ရှိနေရန် မဖြစ်နိုင်လေဘဲ မျှခြေပျက်သွားပေလိမ့်မည်။ ယီယွင်၏ တပ်တစ်ထောင်ဓားမောက်ကမူ စိတ်ဝိညာဥ် ရှိနေသည့်အလားပင်။

ချိုးနျိုလည်း အံ့ဩခဲ့သည့်တိုင်အောင် ချက်ချင်းပင် လျှာသပ်ကာဆိုသည်..." စိတ်ဝင်စားစရာပဲ... မင်းရဲ့ဓားမောက်ကို ငါနဲ့ဝေးရာမှာ ထားနိုင်မလားဆိုတာ ငါကြည့်ဦးမယ် "

စကားဆုံးသည်နှင့် ချိုးနျိုက ယီယွင်ဆီသို့ ခုန်ဝင်သွားလေ၏။

ဘုန်း...။

ပျက်စီးခြင်းသားရဲတစ်ကောင် ခုန်အုပ်လိုက်သည့်အလားပင် စင်မြင့် တုန်ခါသွားရသည်။ လေးလံသော ချပ်ဝတ်များ ရှိနေသည့်တိုင်အောင် ချိုးနျို၏အမြန်နှုန်းက နှေးကွေးသွားခြင်းမရှိပေ။

ဝုန်း...။

ချိုးနျို စင်မြင့်ပေါ်သို့ ခြေချမိချိန်တွင် ယီယွင် ပျောက်ကွယ်သွားလေ၏။

ချွမ်...။

ယီယွင် တပ်တစ်ထောင်ဓားမောက်ကို ဆွဲထုတ်လိုက်သည်။ ဓားအိမ်က မြေပြင်တွင် ဒေါင်လိုက်အတိုင်း ရှိနေဆဲဖြစ်ပြီး ထက်ရှသော ဓားသွားက လှပသော ဓားအလင်းတစ်ခု ထုတ်လွှတ်လာခဲ့၏။

နောက်ဆုံးတွင် ယီယွင်က ဓားမောက်ကို စတင်အသုံးပြုလာသည်။ တပ်တစ်ထောင်ဓားမောက်က ပင်လယ်ပြင်တွင် နဂါးတစ်ကောင် ကခုန်နေသည့်ပမာ မြည်ဟီးနေ၏။

ထိုစဥ်တွင် ဓားအလင်းက ကွန်ယက်တစ်ခုပမာ ဖြစ်သွားလေပြီး ချိုးနျိုအား ဝိုင်းထားလိုက်သည်။ ယီယွင်၏တိုက်ခိုက်မှု အလွန်မြန်ဆန်လှပြီး လူတိုင်းကို မူးဝေသွားစေလေသည်။

ချိုးနျို မျက်ဝန်းများ တောက်ပသွား၏။

" မဆိုးဘူး " ချိုးနျို ဟစ်အော်ကာ ဒိုင်းကို ရှေ့တွင်ထားပြီး ရှေ့သို့တက်သွားလေ၏။

ထန်း...။

ချိုးနျို၏ဒိုင်းတွင် မီးပွားများ ထွက်ပေါ်လာသည်။ ထူထဲလှသော ဒိုင်းက ထိုးဖောက်မရသော ခံတပ်နံရံများအလားပင်။

ဝှစ်...။

ယီယွင်နှင့် ချိုးနျိုတို့က တစ်ဦးနှင့်တစ်ဦး ဖြတ်ကျော်သွားကြလေ၏။

ချိုးနျိုက ယီယွင်ကို လှည့်ကြည့်ကာဆိုသည်...." မင်းရဲ့ဓားမောက်သိုင်းက မဆိုးဘူး။ ဆိုးတာက ငါ့ရဲ့ခုခံနိုင်စွမ်းကို မထိုးဖောက်နိုင်တာပဲ "

" မင်းရဲ့ ချပ်ဝတ်ကလည်း မဆိုးပါဘူး " ယီယွင်က သုံးသပ်ချက် ပေးလိုက်သည်။

ချိုးနျို ရယ်မောကာ..." မင်းက ငါ့ရဲ့ချပ်ဝတ်ကို သုံးသပ်ချက်ပေးချင်စိတ် ရှိနေသေးတာလား "

ချိုးနျိုက ယီယွင်ဆီသို့ လျှောက်သွားလိုက်သည်။ သူက ဖြည်းညှင်းစွာ လျှောက်နေလျက်ရှိပြီး ယီယွင် ရှောင်တိမ်းမည့်နေရာ နယ်ကျဥ်းလာစေရန် တစ်ဆင့်ချင်းလုပ်နေသည်။

ဒိုင်းရိုက်ချက်...။

ရုတ်ခြည်းမှာပင် ချိုးနျိုက ယီယွင်ဆီသို့ ဒိုင်းနှင့်အတူ ပြေးဝင်သွားလေ၏။

ယီယွင်က ဒိုင်းရိုက်ချက်ကို ရှောင်သွားလေ၏။ ယီယွင်၏အမြန်နှုန်းကြောင့် ချိုးနျိုမှာ ယီယွင်ကို ထိအောင်တိုက်ခိုက်မိရန် ခက်ခဲနေလေသည်။

ချိုးနျို ရှေ့တစ်လှမ်းတိုးကာ လက်သည်းနှင့် ကုတ်လိုက်သော်လည်း ယီယွင်က အလွယ်တကူပင် ရှော​င်တိမ်းသွားခဲ့လေသည်။

ချိုးနျို ရယ်မောလိုက်ပြီး ခန္ဓာကိုယ်အား အနည်းငယ် လှည့်လိုက်လေရာ ညာလက်မှ လက်အိတ်ကြီး လိုက်ပါလာလေ၏။

ဝှစ်...။

ထက်ရှသော လက်သည်းသုံးခု ပေါ်ထွက်လာကာ ယီယွင်ဆီသို့ ပြေးဝင်သွားလေ၏။

သတ္တုလက်သည်းထဲတွင် အစီအရင်တစ်ခု ပါဝင်လေသည်။ ချိုးနျို ယွမ်ချီထိုးသွင်းလိုက်ချိန်တွင် လက်သည်းများကို ပစ်လွှတ်၍ရလေ၏။ ဤတိုက်ကွက်က အနီးကပ်မနေအထားမျိုးတွင် အခြားသူများကို အငိုက်ဖမ်းနိုင်လေသည်။

အိုး...။

ယီယွင်၏မျက်လုံးများက ပျံသန်းလာနေသော လက်သည်းသုံးခုကို အာရုံစိုက်ထားလေပြီး ၎င်းတို့ကို ရှောင်တိမ်းရန်က လေထဲတွင် ဂျွမ်းထိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် တပ်တစ်ထောင်ဓားမောက်နှင့် ခုတ်ပိုင်းလိုက်လေ၏။

ချိုးနျိုက တပ်တစ်ထောင်ဓားမောက်ကို ဖမ်းယူရန် လက်ဆန့်လိုက်လေသည်။

ထန်း...။

သတ္တုချင်း ထိခတ်မိသံ ပေါ်ထွက်လာကာ ချိုးနျိုကာ တပ်တစ်ထောင်ဓားမောက်ကို ဖမ်းဆုပ်မိသွားလေသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း ရင်ထိတ်သွားရသည်။ ဓားမောက်က ဖမ်းဆုပ်ခံလိုက်ရချေပြီ။

ဒါ...။

လူတိုင်း မည်သို့ပြောရမည်မှန်း မသိကြတော့ချေ။ ယီယွင်၏ အမြန်နှုန်းက ချိုးနျိုကို ရှုပ်ထွေးအောင်လုပ်ကာ တိုက်ပွဲအား ဆွဲထားနိုင်သည်ဟု သူတို့ ခံစားကြရသည်။ သူသာ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုလျှင် တိုက်ပွဲက ရှည်ကြာပေမည်။ သို့သော် ယီယွင်က ဓားမောက်နှင့် ဆက်တိုက်ခုတ်ပိုင်းနေခဲ့ပြီး ဖမ်းဆုပ်ခံခဲ့ရလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

ဆက်လက်၍ တိုက်ခိုက်ရန် မည်သည့်အရာ ကျန်ပါသေးလေသနည်း။ ယီယွင်က ဤသို့ဖြင့် ရှုံးသွားရပေတော့မည်လော။

" ဟဲဟဲ "

ချိုးနျို ရယ်မောကာ..." မင်းရဲ့ဓားမောက်က ငါ့ဟာ ဖြစ်သွားပြီ။ မင်း အခြားလက်နက် ယူသင့်နေပြီ "

ချိုးနျိုက ဓားမောက်အား ညာလက်ဖြင့် တင်းကျပ်စွာဆုပ်ကာ ယီယွင်ထံမှ လုယူရန် ပြင်လိုက်လေသည်။

ယီယွင်က အမူအရာကင်းမဲ့နေ၏။ သူ ခါးကို အနည်းငယ်လှည့်လိုက်ပြီး ယွမ်ချီများကို လည်ပတ်စေလိုက်ရာ တပ်တစ်ထောင်ဓားမောက်အား မီးတောက်များ ဖုံးအုပ်သွားသည့်ပမာ ဖြစ်သွားလေသည်။

အိုး...။

ချိုးနျို မှင်တက်မိသွားသည်။ သူ၏လက်ထဲမှ ဓားမောက်က စတင်ကာ ပူလာခဲ့ချေ၏။

ဒါက ယွမ်ချီလား။

ချိုးနျို မတုန့်ပြန်ရမီတွင် ယီယွင်၏မျက်ဝန်းများ တောက်ပသွားလေ၏။

လက်နက်တွေအကြားက ဧကရာဇ် ၊ အကြီးမြတ်ဆုံး အုပ်စိုးမှု။

ရွှီ...။

တပ်တစ်ထောင်ဓားမောက်က နဂါးဟိန်းသံအလားပင် လေခွင်းသံကြီး ပေးလာခဲ့သည်။ ထက်ရှသော ဓားအလင်းက ကောင်းကင်အထိ မြင့်တက်သွားလေ၏။

သွေးများကျလာ၏။

တပ်တစ်ထောင်ဓားမောက်က ယီယွင်ဆီသို့ ပြန်ရောက်လာခဲ့လေပြီး ချိုးနျို၏လက်ကမူ လေထဲတွင် အေးခဲတုန်ယင်နေခဲ့သည်။

ဖောက်...ဖောက်...။

သွေးစက်များ ပိုမိုကျဆင်းလာခဲ့လေသည်။

ပြိုင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ သွေးစက်ကျသံကိုသာ ရှင်းလင်းစွာ ကြားနေရလေသည်။

ဒါ...။

လူတိုင်း မှင်တက်မိနေကြသည်။

ချိုးနျို ဒဏ်ရာရသွားချေ၏။ သူ၏လက်တွင် သတ္တုချပ်ဝတ် ဖုံးအုပ်ထားပြီး ယီယွင်၏ ဓားမောက်ကို ဖမ်းဆုပ်ထားသော်လည်း ယီယွင်က ဓားမောက်ကို ပြန်လည်ရယူနိုင်ခဲ့လေပြီး တစ်ချိန်တည်းမှာပင် ချိုးနျို၏လက်ဝါးကို ခုတ်ဖြတ်သွားခဲ့သည်။

တိုက်ပွဲများစွာတွင် ချိုးနျို ဒဏ်ရာရသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေ၏။

" မင်း...တကယ်ပဲ..."

ချိုးနျို လက်ဝါးကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေလေသည်။ သူ၏လက်မှ ချပ်ဝတ်သည် ပွင့်ထွက်နေသည်သာမက အနည်းငယ်ခန့်ပင် အရည်ပျော်နေလေ၏။

" မင်းက မီးဓာတ် စစ်သည်တစ်ဦးလား " ချိုးနျို အံ့အားသင့်နေသည်။ မီးဓာတ် စစ်သည်တစ်ဦးသည်ပင် ထိုမျှအထိ အားမကောင်းနိုင်ပေ။ သူ၏ချပ်ဝတ်ကို ပင်လယ်ရေနက်ထဲမှ ရရှိလာသည့် သတ္တုဖြူဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေ၏။ ၎င်းက အလွန်မာကျောကာ ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ပေ။ ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦး၏ စွမ်းဆောင်ရည်မျှဖြင့် အရည်ဖျော်ပစ်ရန်လည်း မဖြစ်နိုင်ချေ။

ယီယွင် ခေါင်းယမ်းလိုက်၏။ သူ၏ယွမ်ချီများက မီးဓာတ်ကို ကိုယ်စားပြုသည်မဟုတ်လေဘဲ အခြေခံအားဖြင့် ကွဲပြားလေသည်။

တိုင်အာနတ်ကျင့်စဥ်ကို သင်ယူပြီးနောက်တွင် ယီယွင်၏ ယွမ်ချီများ အသွင်ပြောင်းသွားခဲ့၏။ ၎င်းအား ဓာတ်သဘာဝအနေဖြင့် ဖော်ပြရမည်ဆိုလျှင် သန့်စင်သောယန်ဓာတ် ဖြစ်ပေလိမ့်မည်။

ဝှီး...။

တောက်ပသော ဓားအလင်းက ချိုးနျိုအား ခုတ်ပိုင်းလာသည်။

ချိုးနျို သူငယ်အိမ်များ ကျဥ်းမြောင်းသွားလေ၏။ ထိုဓားအလင်းက ယခင်တစ်ခုထက် ပိုအားကောင်းသည်ဟု သူ ခံစားရလေသည်။ ထိုသို့ဖြစ်ရသည်မှာ ယီယွင်က သန့်စင်သောယန်ဓာတ်ကို ထည့်သွင်းထားခြင်းကြောင့် ဖြစ်လေ၏။

ချိုးနျို ဆုတ်ခွာသွားကာ ဒိုင်းကြီးအား ရင်ဘက်ရှေ့တွင် ကာလိုက်သည်။ သို့သော် ယီယွင်၏ ဓားမောက်အလင်းက နေရာအနှံ့တွင် ရှိနေလေ၏။

သန့်စင်သောယန် ဓားမောက်ချီက ချိုးနျို၏ အကာအကွယ်ယွမ်ချီကို လုံးဝပင် အရည်ပျော်သွားစေခဲ့သည်။ ၎င်းက ချိုးနျို၏ ချပ်ဝတ်ဖြူပေါ်တွင် နက်ရှိုင်းသော ခုတ်ရာကြီးတစ်ခု ချန်ထားခဲ့လေ၏။

ဓားမောက်ချီကလည်း သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ မွှေနှောက်သွားခဲ့လေ၏။

ယီယွင်၏ ဓားမောက်တိုက်ကွက်က အလွန်အားကောင်းလှသည်။ လက်နက်တစ်ခု၏စွမ်းအားကို အလေးချိန်က အဆုံးအဖြတ်ပေးသော်လည်း ယွမ်ချီအား မည်မျှအထိ ထည့်သွင်းပေးနိုင်ပါမည်နည်း။

ယီယွင် ထုတ်ဖော်ခဲ့သည့် ဓားအလင်းက ထက်ရှမှုအရာတွင် ပြိုင်စံရှားလေသည်။

ဝှစ်...။

ဓားအလင်းတစ်ခု ထပ်မံထွက်ပေါ်လာသည်။

ချိုးနျို၏ခန္ဓာကိုယ် တုန်ခါသွားပြီး ရင်ဘက်တွင် သွေးစီးကြောင်းတစ်ခု ထပ်မံပေါ်ထွက်လာသည်။

ထန်း...ထန်း...။

ချိုးနျို တုန်လှုပ်မှုများဖြင့် ဆုတ်ခွာသွားလေ၏။ လက်ရှိအချိန်၌ သူ၏မျက်နှာတွင်ပင် ဓားမောက်ခုတ်ရာတစ်ခု ရှိနေလေသည်။ ဒဏ်ရာမှ သွေးများကျဆင်းနေလေ၏။

ကြည့်ရှုသူများ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ အဖြစ်အပျက်များက သူတို့ နားလည်နိုင်သည်ထက် ကျော်လွန်နေလေ၏။ အဘယ်သို့များ ဤသို့ဖြစ်လာရသည်ကို သူတို့ နားမလည်ကြပေ။ ချိုးနျို၏ချပ်ဝတ်ကို ယွမ်ချီဖြင့် နှိုးဆွထားသည်ဖြစ်ပြီး သူ၏ခုခံနိုင်စွမ်းက အလွန်တရာပင် သန်မာလေသည်။ ချိုးနျိုက ပြိုင်ဘက်ကင်းသည်ဟု လူအများ တွေးထင်ထားခဲ့ကြသည်။

သို့သော် သူ၏ခုခံနိုင်စွမ်းက ယီယွင်ကြောင့် ပျက်စီးသွားခဲ့ရလေ၏။

ယီယွင်၏တိုက်ခိုက်မှုက မည်သည့်ထူးခြားချက်မျှ ရှိမနေပေ။

ချိုးနျိုက ပါးစပ်မှ သွေးများကို သုတ်ကာ..." အစွမ်းထက်တယ် "

သူ ဘယ်လက်တွင် ဒိုင်းကိုကိုင်ကာ..." ငါ ဒီချပ်ဝတ်ကို ဝတ်ထားရင် မင်းကို အနိုင်မယူနိုင်ပုံပဲ။ မင်းလိုလူနဲ့ တိုက်ခိုက်ဖို့အတွက် ငါ ချပ်ဝတ်ကို ချွတ်ရတော့မဲ့ပုံပဲ "

All Chapters