နတ်နွားသိုးဘုရင်ကျင့်စဥ်
Vol. 16 Ch. 237
" သူ့ရဲ့ချပ်ဝတ်ကို တိုက်ခိုက်ဖို့အတွက် ချွတ်မလို့တဲ့လား "
ချိုးနျို၏စကားကြောင့် ကြည့်ရှုသူများ မှင်တက်မိသွားကြသည်။ လူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်က ချပ်ဝတ်အပြည့် ဝတ်ဆင်ထားလျှင်သာ အသန်မာဆုံး ဖြစ်လိမ့်မည်ဟု လူအများက ထင်ထားကြသည်။
ချပ်ဝတ်အား ချွတ်လိုက်မည်ဆိုလျှင် ချိုးနျို၏စွမ်းအားများ တစ်ဆင့်နိမ့်ကျသွားလိမ့်မည် မဟုတ်ပေလော။ ချိုးနျိုက ချပ်ဝတ် ဝတ်ထားချိန်တွင်ပင် ယီယွင်၏ ဓားမောက်ကို ရင်ဆိုင်ခြင်းမရှိခဲ့ချေ။
" အတော်ကြောက်ဖို့ကောင်းတာပဲ။ ယီယွင်ရဲ့ဓားမောက်က ဘယ်လိုဖြစ်ပြီး အရမ်းထက်နေရတာလဲ။ ချိုးနျိုက အရင်တိုက်ပွဲတွေမှာ တစ်ခါမှ ဒဏ်ရာမရဖူးဘူး "
မည်သူမျှ နားမလည်နိုင်ကြပေ။ ချိုးနျို အဆင့် ၃၀၀၀ အတွင်း ဝင်ခဲ့စဥ်က ပုဆိန်အသုံးပြုသည့် နှစ်ကြီးသမား ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုပုဆိန်က အလွန်လေးလံသော်လည်း ချိုးနျို၏ချပ်ဝတ်အား ခုတ်ပိုင်းမိချိန်တွင်မူ ချိုးနျိုက ထိုပုဆိန်ကို ယွမ်ချီကာကွယ်ထားသည့် ချပ်ဝတ်နှင့် ရင်ဆိုင်နိုင်ခဲ့လေ၏။
ယီယွင်၏ဓားမောက်က ပုဆိန်ကဲ့သို့ အားကောင်းခြင်းမရှိလေရာ ချိုးနျို၏ ခုခံနိုင်စွမ်းကို မည်သို့များ ထိုးဖောက်ခဲ့လေသနည်း။
လူအများက ယီယွင်၏ဓားမောက်ကို အံ့ဩတကြီး ကြည့်နေကြလေသည်။ ထိုဓားမောက်ရှည်က သွေးများ စီးကျနေဆဲပင်။
လက်ရှိတွင် ချိုးနျိုက ခေါင်းဆောင်း ၊ ရင်ဘက်အကာ ၊ ကျောအကာ ချပ်ဝတ်များကို ဖယ်ရှားပစ်နေ၏။ ချပ်ဝတ်အပိုင်းအစများက စင်မြင့်ပေါ်သို့ကျကာ အသံကျယ်လောင်စွာ ထွက်ပေါ်နေသည်။ အစိတ်အပိုင်းတိုင်းက မည်မျှအထိ လေးလံကြောင်းကို ပြောရခက်လေ၏။
" ဒီချပ်ဝတ်ကို ခုခံဖို့အတွက်ပဲ သုံးခဲ့တာ။ ချပ်ဝတ်ဖြူက ပြောင်မြောက်တဲ့ ခုခံနိုင်စွမ်းရှိပေမဲ့...." ချိုးနျို စကားဆိုရင်းဖြင့် ညာလက်မှ လက်အိတ်ကြီးအား ချွတ်ပစ်လိုက်သည်။
" သတ္တုဖြူချပ်ဝတ်က လေးလွန်းတယ်။ ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက် အဲ့ဒါကို ဝတ်ထားတာမဟုတ်ဘူး။ ငါ့ရဲ့ခွန်အားကို လေ့ကျင့်ဖို့အတွက် ဝတ်ထားခဲ့တာပဲ။ ငါက သတ္တုဖြူချပ်ဝတ်ရဲ့ အလေးချိန်ကို တန်ပြန်နိုင်ဖို့အတွက် မိသားစုရဲ့ကျင့်စဥ်ဖြစ်တဲ့ နတ်နွားသိုးဘုရင်ကျင့်စဥ်ကို အဆက်မပြတ် သုံးထားခဲ့ရတယ် "
" သတ္တုဖြူချပ်ဝတ်ကို ချွတ်လို့က်ရင် ငါ့ရဲ့စွမ်းအားကို အမြင့်ဆုံးအထိ ထုတ်နိုင်လိမ့်မယ် "
ချိုးနျို စကားဆိုရင်းဖြင့် ချပ်ဝတ်အားလုံးကို ချွတ်ပြီးသွားခဲ့သည်။ သူက အနက်ရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားလေသည်။ အဝတ်မှတစ်ဆင့် သူ၏ကြွက်သားကောက်ကြောင်းများ ပေါ်လွင်နေလေ၏။
ယား...။
ချိုးနျို အော်လိုက်ရာ ကြွက်သားများ စတင်ကြီးထွားလာခဲ့လေသည်။ သူသည် မူလက ၁.၉ မီတာ မြင့်မားသည်ဖြစ်ပြီး ယခုတွင်မူ နှစ်မီတာကျော် မြင့်သွားခဲ့လေသည်။ သူ၏လက်မောင်းများက အရွယ်ရောက်ပြီးသော လူတစ်ဦး၏ပေါင်လုံးခန့် တုတ်လေသည်။ ကတုံးနီးပါးဖြစ်နေသည့် သူ၏ဆံနွယ်များကလည်း စွမ်းအားကြောင့် ကျောပြင်အထိ ရှည်လျားလာခဲ့သည်။
နတ်နွားသိုးဘုရင်ကျင့်စဥ်ကို အသုံးပြုပြီးသည်နှင့် ချိုးနျို၏ အရှိန်အဝါက လုံးဝပြောင်းလဲသွားခဲ့လေသည်။ သူ သိုလှောင်လက်စွပ်ထဲမှ လှံမကြီးတစ်ခု ထုတ်ယူလိုက်လေ၏။
ထိုလှံမကြီးက ချိုးနျို၏အရပ်ခန့် ရှည်လေသည်။ လှံမကြီးက ကလေးငယ်တစ်ဦး၏ ပေါင်လုံးခန့်မျှ တုတ်လေ၏။ လှံမကြီး၏ ဦးပိုင်းက သုံးပေခန့်မျှ ကျယ်လေ၏။
" ဟားဟား... ဒီခံစားချက်က ကောင်းလိုက်တာ။ တကယ်ကို ကောင်းတယ် "
ချိုးနျို အားပါးတရ ရယ်မောကာ..." နတ်နွားသိုးဘုရင်ကျင့်စဥ်ကို အသုံးပြုဖို့အတွက် ချပ်ဝတ်တွေကို ချွတ်ရတာမျိုး မလုပ်ရတာ အတော်ကြာနေပြီ "
ချိုးနျို အကြောဆန့်လိုက်ရာ အရိုးအဆစ်များ မြည်ဟီးလာသည်။ ချိုးနျို၏ ကြွက်သားများ ကြီးထွားလာလေသောကြောင့် ဒဏ်ရာများသည်လည်း သွေးထွက်ရပ်သွားလေ၏။
" ငါ မင်းကို သတိပေးလိုက်မယ်။ ငါ့ရဲ့ခန္ဓာကိုယ်က ထိုးဖောက်လို့မရတဲ့ ခန္ဓာကိုယ်ပဲ။ ဒါက သွေးမျိုးဆက်ပုံစံတစ်ခုပဲ။ ငါက သတ္တုဖြူချပ်ဝတ်ကို ချွတ်ခဲ့တယ်ဆိုပေမယ် နတ်နွားသိုးဘုရင်ကျင့်စဥ်ကိုလည်း ထုတ်ဖော်ခဲ့တယ်။ နတ်နွားသိုးဘုရင်ကျင့်စဥ် အကာအကွယ်ယွမ်ချီတွေရဲ့ ကာကွယ်မှုနဲ့သာဆိုရင် ငါ့ရဲ့ခုခံနိုင်စွမ်းတွေ တိုးမြင့်လာပြီး အားမနည်းတော့ဘူး "
ကြည့်ရှုသူများ ကျိတ်၍ ထိတ်လန့်သွားကြ၏။ ချိုးနျိုက ကြောက်စရာကောင်းလွန်းလှသည်။
ထိုးဖောက်မရတဲ့ခန္ဓာကိုယ် သွေးမျိုးဆက်...။
ချပ်ဝတ် ချွတ်လိုက်ခြင်းအားဖြင့် ချိုးနျို၏ ခုခံနိုင်စွမ်းများ အမှန်တကယ်ပင် တိုးမြင့်သွားခဲ့သည်။ ချိုးနျိုတွင် ထိုမျှထူးဆန်းသော ခွန်အားတစ်ခု ရှိနေသည်မှာ အံ့ဩစရာမရှိတော့ပေ။
လက်ရှိတွင် ချိုးနျိုက မည်သည့်အားနည်းချက်မျှ မရှိတော့ပုံပင်။
" မင်း အသင့်ဖြစ်ပြီလား "
စကားအနှင့်အတူ ချိုးနျိုက လှံမကြီးကိုကိုင်ကာ လေပမာပင် လှုပ်ရှားသွားလေ၏။ သူက အလွန်မြန်ဆန်ကာ အရိပ်အကြွင်းအကျန်များ ကျန်ရစ်ခဲ့လေသည်။
ချိုးနျိုက အမြန်နှုန်းကို ကျွမ်းကျင်မှုမရှိဟု လူအများက တွေးထင်ထားခဲ့ကြသည်။ ယခင်တိုက်ပွဲများတွင် ချိုးနျို၏ အမြန်နှုန်းက အမှန်တကယ်ပင် နှေးကွေးခဲ့လေသည်။ သူက ခြေလှမ်းအနည်းငယ်မျှသာ လှုပ်ရှားခဲ့သည်ဖြစ်ပြီး အချိန်အများစုတွင် ခံတပ်တစ်ခုပမာ ရပ်နေခဲ့လသည်။ ချိုးနျို၏အမြန်နှုန်းက ခွန်အားကဲ့သို့ပင် အားကောင်းသည်ကို ယခုမှသာ သိခဲ့ရလေသည်။
လူအများ ယီယွင်အတွက် စိုးရိမ်လာကြလေ၏။
ချိုးနျိုက ယီယွင်၏ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် အရိပ်အကြွင်းအကျန်များ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားလေ၏။
" ကောင်းကင်တုန်ခါတိုက်ကွက် "
လှံမကြီးထဲသို့ ပမာဏများပြားသော စွမ်းအားများ ပေါင်းစည်းလာသည်။ ချိုးနျို၏ လှံမကြီးတိုက်ကွက်က တောင်တစ်လုံးကိုပင် ပြားပြားဝပ်သွားစေနိုင်လေ၏။
ဘုန်း...။
လှံမကြီးထဲမှ ယွမ်ချီများ ပေါက်ကွဲသွားကာ ခရမ်းရောင်အဖြိုက်နက် ကြမ်းခင်းတွင် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။ ယီယွင်က တစ်ချက်ခုန်ကာ အဝေးဆီသို့ ငန်းတစ်ကောင်ပမာ ပျံသန်းသွားလေ၏။
" ဒီကောင် ရှောင်လိုက်တာပဲ "
ချိုးနျို ပြက်ရယ်ပြုကာ လှံမကြီးအား ယီယွင်ဆီသို့ လွှဲယမ်းလိုက်လေသည်။
ယီယွင်က လေထဲတွင် တစ်ပတ်ဂျွမ်းထိုးသွားလေ၏။ သူ ထပ်မံကာ ရှောင်တိမ်းသွားခဲ့သည်။
ဝီး...ဝီး...။
ကြီးမားသော လှံမကြီးက တောက်ပစွာလှုပ်ရှားနေလေ၏။
သို့သော် ယီယွင်၏ခန္ဓာကိုယ်က အလေးချိန်မရှိသည့်ပမာ ဖြစ်နေလေသည်။ သူက ယွမ်ချီကြောင့် လွင့်စဥ်နေရသည့်အလားပင် ချိုးနျို၏ တိုက်ကွက်တိုင်းကို ရှောင်တိမ်းနေလေ၏။ ယီယွင်က ကြီးမားသော ယွမ်ချီပေါက်ကွဲမှုကိုပင် အလွယ်တကူ ရှောင်တိမ်းခဲ့လေသည်။
ချိုးနျိုက မြန်ဆန်သော်လည်း ယီယွင်က ပိုမိုမြန်ဆန်နေချေ၏။
တဒင်္ဂလှုပ်ရှားမှုတွင် အဆင့်ကြီးအောင်မြင်မှုသို့ ရောက်ရှိထားခြင်းနှင့် သန့်စင်သော ယန်စွမ်းအင်များ၏ ထောက်ပံ့မှုတို့ကြောင့် ယီယွင်၏အမြန်နှုန်းက အံ့မခန်းအဆင့်သို့ ရောက်နေလေသည်။
လူအများက စင်မြင့်ပေါ်မှမြင်ကွင်းကို အပြည့်အဝ အာရုံစိုက်ထားလေ၏။ ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေပြီး ယီယွင်နှင့်ချိုးနျိုတို့၏ ပုံရိပ်များက ရွေ့လျားနေကြသည်။
ဆယ့်သုံးနှစ်အရွယ် ကလေးများ၏ တိုက်ပွဲတစ်ခုဟုပင် ထင်ရက်စရာမရှိပေ။
" စင်မြင့်ပေါ်မှာ ဘာတွေဖြစ်နေတာလဲ "
အားနည်းသော စစ်သည်များက အဖြစ်အပျက်များကို မမြင်ကြရပေ။ တိုက်ပွဲက အလွန်ပြင်းထန်ကြောင်းကိုသာ သူတို့ သိကြသည်။ မည်သူက အသာစီးရနေကြောင်းကိုမူ သူတို့ မသိပေ။
" ချိုးနျိုက ဆက်တိုက် တိုက်ခိုက်နေပြီးတော့ ယီယွင်က တစ်ချိန်လုံး ရှောင်တိမ်းနေတာပဲ "
အဆင့်ပိုမြင့်သူတစ်ဦးက ရှင်းပြလေသည်..." လောလောဆယ်တော့ ချိုးနျိုက အသာစီးရနေပုံပဲ။ ယီယွင်က ချိုးနျိုနဲ့ တိုက်ကွက်ဖလှယ်တာတောင် မရှိဘူး "
" ဒီကောင် တိုက်ကွက် မဖလှယ်ရဲတာ မဟုတ်ဘူးလေ။ ကြီးမားတဲ့ လှံမကြီးရဲ့ အားအင်ကို ဘယ်သူက တုန့်ပြန်ရဲမှာလဲ။ ယီယွင်ရဲ့ဓားမောက်က အရမ်းပါးတယ်။ လက်နက်ချင်း တိုက်ခိုက်မိရင် ယီယွင်ရဲ့လက်မောင်း ထုံကျဥ်သွားပြီး ဓားမောက်တောင် ကျိုးသွားနိုင်တယ်။ ဒါပေမဲ့ ချိုးနျိုက အသာစီးရနေတာ မဟုတ်လောက်ဘူး။ ယီယွင်က ချိုးနျိုနဲ့ တိုက်ခိုက်ဖို့ စွမ်းရည်မရှိလောက်ဘူး။ ဒါပေမဲ့ ချိုးနျိုကလည်း ယီယွင်ကို မထိနိုင်ဘူးလေ။ ဒီအတိုင်းဆက်သွားရင် ချိုးနျိုရဲ့သက်လုံအားတွေဟ မြန်မြန်ကုန်လာလိမ့်မယ်။ ဒီကောင် ဘယ်လောက်ပဲသန်မာပါစေ သက်လုံအားကတော့ တဖြည်းဖြည်းချင်း ကုန်လာမှာပဲ။ အဲ့ဒီလိုဖြစ်လာရင်တော့ ယီယွင်က ကစားပွဲကို ပြောင်းပြန်လှန်ပစ်လိမ့်မယ် " လူတစ်ဦးက ဆန့်ကျင်ဘက်အမြင်ကို တင်ပြလိုက်လေသည်။
တဒင်္ဂလှုပ်ရှားမှု အဆင့်ကြီးအောင်မြင်မှုရှိသည့် ယီယွင်က အမှန်တကယ်ပင် အသားစီးရလေသည်။ သူ၏လှုပ်ရှားမှုများကို အသုံးပြုပြီး ချိုးနျို သက်လုံအား ကျလာစေရန်လုပ်ဆောင်ကာ ချိုးနျို အားကုန်နေချိန်တွင် တန်ပြန်တိုက်ခိုက်မည်ဆိုပါက အထက်မြက်ဆုံး ချဥ်းကပ်မှုတစ်ခုဖြစ်ပြီး ယီယွင်အတွက် အနိုင်ရရန် အခွင့်အရေးရလာပေလိမ့်မည်။
သို့သော် တိုက်ပွဲရလဒ်က မည်သို့ဖြစ်မည်ကို မသိရလေသောကြောင့် လူအများ စိတ်ရှုပ်ထွေးလာရသည်။ လူအများ အသက်အောင့်ထားကာ မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားလေ၏။ သူတို့က ရသမြောက်သော လှုပ်ရှားများကို လွတ်သွားမည်အား စိုးရိမ်နေကြသည်။
ထိုစဥ်တွင် ချိုးနျို၏အမြန်နှုန်း နှေးကွေးလာပြီး နောက်ဆုံးတွင် ရပ်သွားခဲ့လေ၏။ သူ လက်တစ်ဖက်တွင် လှံမကြီးကို ကိုင်ထားကာ ယီယွင်အား တိုက်ခိုက်လိုစိတ်များ လောင်ကျွမ်းစွာဖြင့် ကြည့်နေလေ၏။
အို...။
ယီယွင် ဘေးပတ်လည်အား ကြည့်လိုက်သည်။
" မင်း သတ်ထားမိသွားပြီလား "
ချိုးနျိုက ဇက်ချိုးကာဆိုသည်..." ငါ့ရဲ့တိုက်ခိုက်မှုတွေအားလုံးကို မင်းက ရှောင်သွားခဲ့တယ်။ ဒါပေမဲ့ ငါက တကယ်တော့ ယွမ်ချီလှောင်အိမ်တစ်ခု ဖွဲ့စည်းနေတာပဲ "
" ဒါကလည်း နတ်နွားသိုးဘုရင်ကျင့်စဥ်ရဲ့ သိုင်းကွက်တစ်ခုဖြစ်ပြီးတော့ " နွားသိုးပိတ်လှောင် " လို့ ခေါ်တယ်။ ဒီတိုက်ကွက်က တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းမှာ ယွမ်ချီတွေ ထုတ်လွှတ်ပြီးတော့ ပိတ်ဆို့ထားနိုင်တယ်။ ဒီသိုင်းကွက်ကို မင်းလို မြန်ဆန်တဲ့ ပြိုင်ဘက်တွေအတွက် အထူးအသုံးပြုတာပဲ "
" ငါ့ရဲ့စွမ်းအားနဲ့ဆိုရင် ယွမ်ချီပိတ်လှောင်တာကို တစ်မိနစ်ပြည့်အောင် ထိန်းမထားနိုင်ဘူး။ ငါက အဲ့ဒါကို တစ်ကြိမ်ပဲ အသုံးပြုလို့ရတယ်။ ပြီးတော့ ငါက ဒုတိယအကြိမ် ထပ်ဖန်တီးဖို့ ကြိုးစားဦးမှာပဲ "
ချိုးနျိုက တိုက်ကွက်၏အားနည်းကို ထုတ်ပြောပြရန် မတွန့်တိုပေ။
" ဒါပေမဲ့ ဒီဟာက လုံလောက်နေပြီ။ ငါသာ နွားသိုးပိတ်လှောင်သိုင်းကွက်နဲ့ တိုက်ခိုက်ဖို့အတွက် အခွင့်အရေး တစ်ကြိမ်ပဲရခဲ့မယ်ဆိုရင်ကို လုံလောက်ပြီ " ချိုးနျိုက ယုံကြည်ချက်ရှိစွာ ဆိုလိုက်သည်။
သူက အလွန်ပင် ယုံကြည်ချက်ရှိနေသည်။ သူက ဤတိုက်ပွဲကို တစ်ကွက်တည်းနှင့် ပွဲသိမ်းပစ်ရန် စီစဥ်ထားလေ၏။