← Chapters

အနိုင်ရခြင်း

Vol. 16 Ch. 238

အနိုင်ရခြင်း

Vol. 16 Ch. 238

" နွားသိုးပိတ်လှောင်တဲ့လား။ အဲ့ဒါက ဘာလဲ "

ချိုးနျို၏စကားကြောင့် လူတိုင်း ချိုးနျိုကို အာရုံစိုက်လိုက်ကြသည်။ သူတို့သည် စင်မြင့်ပေါ်မှ အဖြစ်အပျက်များကို မ​မြင်ရသော်လည်း အာရုံစိုက်လိုက်ချိန်တွင်မူ နတ်အရိုင်းမြေစင်မြင့်၏ အလယ်တွင် ထူးဆန်းသော ယွမ်ချီလှုပ်ခတ်မှုတစ်ခု ရှိနေသည်ကို ခံစားမိကြလေ၏။

ထိုယွမ်ချီက ပျောက်ကွယ်သွားခြင်းမရှိဘဲ ဖုံးလွှမ်းနေလေသည်။

" နွားသိုးပိတ်လှောင်တဲ့လား။ သူက ယီယွင်ကို ပိတ်လှောင်ဖို့ ကျုံးသွင်းခဲ့တာလား "

နှစ်ကြီးသမား ကျင့်ကြံသူအချို့က အာရုံခံနိုင်စွမ်း ထက်မြက်ကြလေ၏။ သူတို့က ချိုးနျို၏ အစီအစဥ်ကိုလည်း နားလည်နိုင်ကြသည်။ ယီယွင်၏ လှုပ်ရှားမှုနည်းစနစ်က ကောင်းလွန်းနေလေသောကြောင့် ချိုးနျိုက ယီယွင်ကို နေရာတစ်ခုတည်းတွင် ပိတ်လှောင်ထားရန် နွားသိုးပိတ်လှောင်သိုင်းကွက်ကို အသုံးပြုခဲ့လေသည်။ ယီယွင်က စက္ကန့်ပိုင်းမျှ ပိတ်မိနေလျှင်ပင် ချိုးနျိုအတွက် လုံလောက်လေ၏။

ချိုးနျို၏ တည့်တည့်တိုက်ခိုက်မှုက ကြောက်မက်ဖွယ်ကောင်းလှလေသောကြောင့် မည်သူကမျှ ထိပ်တိုက်ရင်ဆိုင်လိုခြင်း မရှိကြပေ။ ချိုးနျိုသာ သူ၏တိုက်ကွက်ကို ယီယွင် ထိပ်တိုက်ရင်ဆိုင်လာရစေရန် ဖိအားပေးနိုင်ခဲ့ပါက ဤတိုက်ပွဲတွင် ချိုးနျို အနိုင်ရပေလိမ့်မည်။

" ဒီတိုက်ပွဲဗျူဟာက အတော်လေးကို ထိရော​က်မှုရှိတယ်။ ထင်ထားသလိုပဲ ချိုးနျိုက သူ သက်လုံအားတွေ ကုန်လာတဲ့အထိ ယီယွင်ကို နေခွင့်မပေးခဲ့ဘူး။ အခု ယီယွင် ဒုက္ခရောက်ပြီ "

လူတိုင်း အသက်အောင့်ထားကြသည်။ ချိုးနျို၏ တိုက်ခိုက်မှုက မည်သူ့ကိုဆို ဖျက်ဆီးပစ်နိုင်လေ၏။

စင်အောက်တွင် သမားတော်များ အသင့်ရပ်နေကြလေ၏။ ထိုသမားတော်များသည် တိုင်အာနတ်မြို့တွင် ဘွဲ့ရခဲ့ကြသည့် ကျင့်ကြံသူဟောင်းများ ဖြစ်ကြလေ၏။ သူတို့အား ဤနေရာမှ တပ်သားသစ်များ၏ စီနီယာများဟု ဆိုနိုင်လေသည်။ သူတို့၏အလုပ်က ဒဏ်ရာပြင်းထန်သော ပြိုင်ပွဲဝင်များကို ကုသပေးရန်ဖြစ်ပြီး သူတို့က ပြိုင်ပွဲဝင်များ၏ အသက်အတွက် တာဝန်ရှိလေသည်။

သို့သော် လက်နက်များက ထိန်းချုပ်ရ ခက်ခဲသည်ဖြစ်ပြီး ဤပြိုင်ကွင်းထဲတွင် မတော်တဆသေဆုံးသူများ နှစ်စဥ်နှစ်တိုင်း ရှိလေသည်။ သူတို့က ချိုးနျိုကဲ့သို့ အန္တရာယ်ရှိသူများကို အထူးအာရုံစိုက်ကြရသည်။ ပြိုင်ဘက်ဖြစ်သူ သေဆုံးသွားရနိုင်ခြေက အလွန်မြင့်လေ၏။

" ငါ့ရဲ့ နွားသိုးပိတ်လှောင်သိုင်းက အစွမ်းမထက်ဘူး။ မင်းအနေနဲ့လည်း ဒီဟာကို ဖျက်ဆီးဖို့အတွက် အချိန်ခဏပဲ လိုအပ်တယ်။ ဒါပေမဲ့ ငါက ခွင့်ပြုမှာမဟုတ်ဘူး။ ငါ့ရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်ကို အသုံးပြုပြီး မင်းကို အနိုင်ယူဖို့အတွက် အကောင်းဆုံးလုပ်မှာပဲ "

" ဒီတိုက်ကွက်က နတ်နွားသိုးဘုရင်ကျင့်စဥ်ရဲ့ နောက်ဆုံးသုံးကွက်ထဲက တစ်ခုဖြစ်တယ်။ ဒီတိုက်ကွက်ရဲ့စွမ်းအားက ကြီးမားလွန်းတာကြောင့် ငါက သုံးနိုင်တယ်ဆိုရုံပဲရှိတယ်။ ငါ ဒီသိုင်းကွက်ကို မထိန်းချုပ်နိုင်တော့ရင် သတ်မိသွားနိုင်တယ်။ မင်း အရှုံးပေးဖို့ အချိန်ရသေးတယ် "

ချိုးနျိုက မြေပြင်ပေါ်တွင် ဒူးတစ်ဝက် ထိုင်ချလိုက်လေ၏။ သူ၏လက်အစုံက ကြီးမားကာ လှံမကြီး၏ရိုးတံကို ကိုင်ထားလေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ယွမ်ချီများက မီးတောင်မြုံတစ်လုံးပမာ ဖြစ်နေလေ၏။

ယီယွင် ငြိမ်သက်နေသည်။ သူက ချိုးနျိုအား တပ်တစ်ထောင်ဓားမောက်၏ ဓားဖျားနှင့် ချိန်လိုက်လေ၏။ ယင်းက ယီယွင်၏အဖြေ ဖြစ်လေသည်။

ချိုးနျို ရယ်မောကာ..." ထင်ထားသလိုပဲ မင်းက အရှုံးမပေးဘူးပဲ။ ဟုတ်တယ်.. မင်းသာ အရှုံးပေးခဲ့မယ်ဆိုရင် ငါက မင်းကို လေးစားဖို့ကောင်းတဲ့ ပြိုင်ဘက်တစ်ဦးလို့ မြင်နိုင်မှာမဟုတ်တော့ဘူး။ အခု ဒီတိုက်ကွက်ကို ကိုင်တွယ်ဖို့ ကြိုးစားကြည့်လိုက်ဦး "

ဘုန်း...။

ချိုးနျို၏ယွမ်ချီ ပေါက်ကွဲသွားလေ၏။ ယွမ်ချီများ ထကြွလာကာ ချိုးနျို၏ ကျောဘက်တွင် ချိုတစ်ချောင်း နတ်နွားသိုးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

" နတ်နွားသိုးသွေး "

ချိုးနျို အော်ဟစ်လိုက်လေရာ အရှိန်အဝါများက အမြင့်ဆုံးအထိ ရောက်ရှိသွားလေသည်။ သူ့ထံမှ ထွက်ပေါ်နေသည့် အနိုင်မခံ အရှုံးမပေး အရှိန်အဝါတစ်ရပ်နှင့်အတူ ရှေ့သို့တက်သွားလေသည်။

နတ်နွားသိုးပုံရိပ်က သူ၏စွမ်းအားများကို တိုးမြင့်ပေးထားခြင်းနှင့်အတူ လှံမကြီးကို ယီယွင်ဆီသို့ ရိုက်ချလိုက်လေသည်။

မုန်တိုင်းပမာ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် ယီယွင်က အံ့ဩဖွယ်ရာ တည်ငြိမ်နေလေသည်။ သူ ဓားမောက်ကို လက်အစုံဖြင့် ကိုင်လိုက်သည်။ ယီယွင်၏စိတ်က ဓားနှင့် တစ်သားတည်းဖြစ်နေလေသောကြောင့် အလွန်ငြိမ်သက်နေလေ၏။

ဓားမောက်သင်္ချိုင်းထဲမှ ရလာခဲ့သည့် ထိုးထွင်းသိမြင်မှုမျိုးစုံက ယခုအခါ၌ ယီယွင်၏စိတ်ထဲတွင် ပြေးလွှားနေလေ၏။ ယီယွင်က ဓားမောက်သင်္ချိုင်းထဲတွင် ရက်များစွာ ကုန်ဆုံးစေပြီး ၎င်းအရာကို နားလည်အောင် လုပ်ထားခဲ့သည်။ စွမ်းအင်စီးဆင်းပုံနှင့် စကားလုံး စုတ်ချက်များထဲတွင် ဓားမောက်အမှန်တရားများ ပါဝင်နေလေ၏။

ယခုက သူ၏နားလည်မှုများကို အတည်ပြုရမည့်အချိန် ဖြစ်လေသည်။

ချိုးနျို၏တိုက်ကွက်က မယိမ်းယိုင်သော ဖိအားတစ်ခုနှင့် ကျဆင်းလာချိန်တွင် ယီယွင်၏မျက်ဝန်းများ တောက်ပသွားလေ၏။ တပ်တစ်ထောင်ဓားမောက်က ကောင်းကင်ထက်သို့ အစိမ်းရောင်အလင်းတစ်ခုဖြင့် ခုတ်ပိုင်းလိုက်သည်။

ဓားမောက်အမှန်တရား ၃၂ လုံးမြောက် စကားလုံး ၊ အကြီးမြတ်ဆုံး အုပ်စိုးမှု။

ထန်း...။

ဓားအလင်းနှင့် လှံမကြီးရိုးတံတို့ ဆုံတွေ့မိသည်။ ယီယွင်က နတ်ဘုရားတစ်ပါးပမာ ဖြစ်နေလေပြီး တပ်တစ်ထောင်ဓားမောက်နှင့်အတူ ချိုးနျိုကို ဖြတ်ကျော်သွားလေသည်။ သူ နတ်နွားသိုးပုံရိပ်ဆီသို့ ပြေးဝင်သွားလေ၏။ ယီယွင်၏ဓားမောက်က အထက်ဆီသို့ ရပ်တန့်မရစွာ ခုတ်ပိုင်းလေ၏။

တပ်တစ်ထောင်ဓားမောက်က နတ်နွားသိုးပုံရိပ်ကို တစ်ဝက်ပိုင်းဖြတ်သွားလေ၏။

ဘုန်း...။

ယွမ်ချီ ပေါက်ကွဲမှုနှင့် နွားသိုးပိတ်လှောင်တိုက်ကွက်တို့ကြောင့် ယွမ်ချီနံရံ ပြိုကွဲမှုတို့ကြောင့် နတ်အရိုင်းမြေစင်မြင့်၏ ဘေးပတ်လည်မှ လက်နက်များ မြည်ဟိီးသွားရသည်။ ခရမ်းရောင်အဖြိုက်နက် အကာအကွယ်နံရံများပင် တုန်ခါသွားရသည်။

ယီယွင်၏ တပ်တစ်ထောင်ဓားမောက်က စွမ်းအင်နယ်မြေကို ဖြတ်ကျော်သွားလေ၏။ သူ၏ခန္ဓာကိုယ်က ချိုးနျိုနှင့် မီတာသုံးဆယ်အကွာသို့ ရောက်ရှိသွားက မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်သွားလေသည်။

တပ်တစ်ထောင်ဓားမောက်၏ ဓားဦးကို မြေပြင်ပေါ်သို့ ဦးတည်ထားလျက်ဖြင့် ယီယွင် လှည့်ကြည့်လိုက်သည်။ ချိုးနျို၏ကျောပြင်နှင့် ယီယွင် မျက်နှာချင်းဆိုင်မိသွားခဲ့သည်။ ချိုးနျို၏ခန္ဓာကိုယ် လုံးဝပင် အေးခဲနေလေ၏။

ချိုးနျိုက လှံမကြီးကိုကိုင်ထားကာ အေးခဲနေသော အမူအရာဖြင့် ရပ်နေလျက်ရှိပြီး လှံမကြီးကို လွှတ်မချ​ပေ။ သူ ငေးငိုင်နေပြီး မျက်နှာကြွက်သားများ ရှုံ့မဲ့နေလေ၏။ သူ ခေါင်းငုံကာ ရင်ဘက်အား မယုံကြည်နိုင်သော မျက်လုံးများနှင့် ကြည့်လိုက်သည်။

ချိုးနျို၏ မျက်ခုံးအလယ် ၊ နှာခေါင်း ၊ မေးစေ့မှတစ်ဆင့် ရင်ဘက်အထိ သွေးမျဥ်းကြောင်းတစ်ခု ရှိနေလေသည်။

ယီယွင်၏ဓားမောက်က ချိုးနျို၏ မျက်ခုံးအလယ်မှစ၍ နံရိုးများအထိ ခုတ်ပိုင်းသွားခဲ့သည်။ ဒဏ်ရာက နှစ်ပေခန့်ရှည်လျားကာ နံရိုးများပင် ကျိုးပဲ့နေလေ၏။

ထိုဓားမောက်က နတ်နွားသိုးပုံရိပ်ကိုသာမက ချိုးနျို၏ ယွမ်ချီအကာအကွယ်ကိုလည်း ခုတ်ဖြတ်သွားခဲ့ကာ တစ်ချိန်တည်းမှာပင် ချိုးနျို၏ သံမဏိကဲ့သို့ ကြွက်သားများနှင့် ဘယ်ဘက်ရင်အုံ နံရိုးများကိုလည်း ခုတ်ပိုင်းသွားခဲ့ချေ၏။

သွေးများ လျင်မြန်စွာစီးကျလာကာ ချိုးနျို၏ မျက်နှာနှင့် ရင်ဘက်တို့ကို ဖုံးလွှမ်းသွားလေ၏။

ယီယွင်၏ဓားမောက်က သူ၏နှလုံးနားတစ်ဝိုက်မှ ကြွက်သားများနှင့် နံရိုးများကို ခုတ်ပိုင်းသွားခဲ့ကြောင်း သူ ရှင်းလင်းစွာပင် ခံစားမိသည်။ ယီယွင်သာ တစ်လက်မခန့်မျှ ထပ်တိုးခဲ့မည်ဆိုလျှင် သူ၏နှလုံး ခုတ်ပိုင်းခံရကာ သေရပေလိမ့်မည်။

သို့သော် ယီယွင်က စွမ်းအားထိန်းချုပ်ထားခဲ့လေပြီး ခုတ်ချက်က ကောင်းမွန်လှသည်။ မတိကျမှုက မီလီမီတာခန့်ပင် ရှိမနေပေ။

ဤခုတ်ချက်က ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

ချိုးနျို လက်ဖဝါးတွင် ချွေးပျံလာရ၏။ တိုင်အာနတ်မြို့၏ တပ်သားသစ်များထဲတွင် ဤကဲ့သို့ ပြိုင်ဘက်တစ်ဦးကို သူ မျှော်လင့်မထားပေ။ ခုတ်ချက်တစ်ချက်နှင့်ပင် သူ့အား အနိုင်ယူရန် လုံလောက်ခဲ့ချေ၏။

" ယီယွင်နဲ့ ချိုးနျိုတို့ရဲ့ တိုက်ပွဲမှာ ယီယွင် အနိုင်ရတယ် " ဒိုင်က ယီယွင်အား နက်နဲစွာ တစ်ချက်ကြည့်ကာ တိုက်ပွဲရလဒ်ကို ကြေညာပေးလိုက်လေသည်။

ထိုစဥ်တွင် စင်မြင့်အောက်၌ အသင့်ရှိနေသည့် သမားတော်လေးဦးက စင်မြင့်ပေါ်သို့ အပြေးတက်လာကြသည်။ သူတို့က ဆေးအချို့ ထုတ်ယူကာ ချိုးနျိုကို ကုသပေးရန် ပြင်လိုက်ကြလေ၏။

သမားတော်များက အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး ဖြစ်လေသည်။ သူတို့သည် ယီယွင် သေလုမျောပါး ဒဏ်ရာရခြင်းဖြင့် အဆုံးသတ်ပြီး ကုသပေးရမည်ဟု ထင်ခဲ့ကြသည်။ မမျှော်လင့်စွာဖြင့်ပင် ရလဒ်က ဆန့်ကျင်ဘက် ဖြစ်နေလေ၏။ ဒဏ်ရာရခဲ့သူက ချိုးနျို ဖြစ်နေလေသည်။

ချိုးနျို၏ဒဏ်ရာက တုန်လှုပ်ဖွယ်ရာပင်။ ခုတ်ချက်သည် ခွဲစိတ်ဆရာဝန်တစ်ဦးက ခွဲစိတ်ခန်းသုံးဓား အသုံးပြုကာ ခွဲထားသည့်အလားပင် တိကျသေသပ်လှသည်။ ကြောက်မက်ဖွယ်ရာ ခုတ်ချက်တစ်ခု ဖြစ်လေ၏။

သမားတော်များက ယီယွင်အားကြည့်ကာ ဤဂျူနီယာက ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။ အနာဂတ်တွင် ယီယွင်က မိုးသို့ထိုးတက်သွားဖို့ရာသာ များလေ၏။

" ကျေးဇူးတင်ပါတယ် " ယီယွင်က တပ်တစ်ထောင်ဓားမောက်အား ကိုင်ထားကာ လက်သီးဆုပ်ဂါရဝပြုပြီး နတ်အရိုင်းမြေစင်မြင့်ပေါ်မှ ဆင်းလာခဲ့လေသည်။

ချိုးနျို အဆင်ပြေမည်ကို သူ သိသည်။ သူ၏ နောက်ဆုံးခုတ်ချက်တွင် ချိုးနျို၏ သေကွင်းသေကွက်များကို ရှောင်ရှားကာ ခုတ်ပိုင်းခဲ့သည်။

သူ ဤခုတ်ချက်ကို ဓားမောက်သင်္ချိုင်းထဲတွင် သင်ယူထားခဲ့ခြင်း ဖြစ်လေ၏။ ယီယွင် ဓားမောက်သင်္ချိုင်းထဲ၌ ရှိနေချိန်တွင် ဓားမောက်သိုင်းနှစ်ကွက်သာ သင်ယူနိုင်ခဲ့သည်။

" အကြီးမြတ်ဆုံး အုပ်စိုးမှု " က ပထမဓားကွက် ဖြစ်လေ၏။ စင်စစ်တွင် ထိုတိုက်ကွက်က ၃၂ လုံးမြောက် ဓားမောက်အမှန်တရား စကားလုံး၏ အနှစ်သာရကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိပေ။ အပုံတစ်ထောင်လျှင် တစ်ပုံခန့်မျှသာ ပါဝင်သည်ဟု ဆိုရချေမည်။

သို့သော် ယီယွင်၏ သန့်စင်သော ယန်ယွမ်ချီနှင့် ပေါင်းဖက်လိုက်ချိန်တွင်မူ ထိုတိုက်ကွက်က အလွန်အစွမ်းထက်နေဆဲပင်။

လက်ရှိတွင်မူ လူတိုင်းသည် ယီယွင်ကို လုံးဝကွဲပြားစွာ ကြည့်နေကြလေ၏။ နောက်ဆုံးတိုက်ကွက်အား ပြန်တွေးကြည့်လျှင် သူတို့ အိပ်မက်မက်နေသည့်ပမာ ခံစားရလေသည်။

ယီယွင်က ထိပ်တိုက် တိုက်ခိုက်ရန် မဖြစ်နိုင်ဟု လူတိုင်း ထင်ထားမိခဲ့ကြသည်။ ယီယွင်က ထိပ်တိုက်ရင်ဆိုင်ခဲ့သည်သာမက ချိုးနျိုကိုပင် အနိုင်ယူသွားခဲ့ချေသည်။

ယီယွင် ထိုင်ခုံသို့ ပြန်ရောက်သွားသည့်တိုင်အောင် လူများစွာတို့မှာတုန်လှုပ်မှုကြောင် ပါးစပ်အဟောင်းသား ဖြစ်နေကြဆဲပင်။

" အံ့ဩစရာပဲ...အံ့ဩစရာပဲ။ ယီယွင်က တပ်သားသစ်တွေထဲမှာ ပထမနေရာကိုယူဖို့ စီစဥ်ထားတာလား "

ယီယွင်က ချိုးနျိုကို အံ့ဩဖွယ်ရာ အနိုင်ယူသွားခဲ့သည်မှာ ထင်မြင်ချက်အားလုံးထက် ကျော်လွန်နေလေသည်။ မည်သူကများ ယီယွင်နှင့် ယှဥ်နိုင်ပါဦးမည်နည်း။

ယခင်က ယီယွင်သည် အုတ်ခဲတစ်ချပ် အသုံးပြုပြီး ပြိုင်ဘက်များကို သတိလစ်အောင် လုပ်ခဲ့ချေသည်။ ထိုသို့လုပ်နိုင်သည်မှာ အတော်ပင် အထင်ကြီးဖွယ်ရာဖြစ်သော်လည်း လူအများစုကမူ ကြောက်ရွံ့ခြင်းမရှိကြပေ။

ယီယွင်က ဓားမောက်ကို အသုံးမပြုဖူးလေသောကြောင့် ဓားမောက်သိုင်းတွင် တော်ကြောင်းကို မည်သူကမျှ မသိကြပေ။ ယခုတွင်မူ သူတို့ မြင်လိုက်ရချေပြီ။ ထိုသည်က ကျောချမ်းဖွယ်ရာပင်။

" ငါတို့တွေအကြားမှာ ကွာဟချက်က ကြီးမားလွန်းတယ်။ ငါ တကယ်ကိုပဲ မယုံကြည်နိုင်ဘူး " ယီယွင်ထက် ကျော်ကြားမှုမလျော့သည့် ကုမူမှာ ထိုတိုက်ပွဲကိုကြည့်ကာ ဖြူလျော်နေလေ၏။

သူက ယီယွင်၏စွမ်းအားကို မသိခဲ့ချေ။ သူက ယီယွင်နှင့် ယှဥ်ပြိုင်လိုခဲ့သည်။ ယခုမှသာ ၎င်းက ဟာသတစ်ခုဖြစ်နေကြောင်း သိခဲ့ရသည်။

လက်ရှိတွင် အကြီးအကဲစင်မြင့်ဘက်ခြမ်းမှ ဥပဒေထိန်းတစ်ဦးသည် ထိုတိုက်ပွဲကို ကြည့်ပြီးသည့်နောက်တွင်မူ ဝတ်ရုံနက်အောက်မှ မျက်နှာထက်တွင် ထူးဆန်းသောအမူအရာ ဖြစ်နေလေ၏။

" ဒီဓားမောက်သိုင်းကွက်... ငါမြင်ခဲ့တာ မမှန်လောက်ဘူးမလား။ ဒီလိုငယ်ရွယ်ပြီးတော့ တိုင်အာနတ်မြို့ကို ရောက်လာတာလည်း သုံးလလောက်ပဲ ရှိနေသေးတာဆိုတော့ မဖြစ်နိုင်ပါဘူးလေ " သူ မျက်မှောင်ကုတ်ထားသည်။

ထို့နောက် သူ ပြိုင်ကွင်းတာဝန်ခံတစ်ဦးကို မေးလိုက်သည်..." ဒီတိုက်ပွဲကို အစီရင်ပြားနဲ့ မှတ်တမ်းတင်ထားသေးလား "

" တင်ထားပါတယ် " တာဝန်ခံက တရိုတသေဖြေလိုက်သည်။ သူတို့က အနာဂတ်တွင် အကိုးအကားပြုရန်အတွက် အရေးကြီးသော ပြိုင်ပွဲများကို မှတ်တမ်းတင်ထားလေ့ရှိသည်။

" ငါ့ကို ကူးပေးပါ " ဥပဒေထိန်းက ဆိုလိုက်သည်။ သူ မရေမရာဖြစ်နေလေသောကြောင့် အစီရင်ပြားကို နတ်မြို့တော် အကြီးအကဲဆီသို့ ပို့ဆောင်ကာ အတည်ပြုခိုင်းရပေမည်။

သူသည် ထိုကိစ္စက မဖြစ်နိုင်လောက်ဟု ခံစားမိသော်လည်း အကြီးအကဲတစ်ဦး၏ အတည်ပြုချက်ကို လိုအပ်နေသေးသည်။

All Chapters