အစီရင်ပြားရုပ်သံ
Vol. 16 Ch. 239
ယီယွင် ခုံဆီသို့ ပြန်သွားနေလျက်ရှိပြီး သူ့အား လူတိုင်းက ကြည့်နေကြသည်။
ထိုစဥ်တွင် စင်မြင့်ပေါ်မှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်..." ယီ...ယီယွင် "
ယီယွင် ရပ်သွားကာ လှည့်ကြည့်လိုက်သည်။ ထိုသည်က ချိုးနျို ဖြစ်လေ၏။ ယီယွင်၏ဓားမောက်က သူ၏ရင်ဘက်ကို ခုတ်ပိုင်းထားခဲ့ကာ အသက်ရှုရန် ခက်ခဲနေလေသောကြောင့် သူ ကျယ်လောင်စွာ စကားမပြောနိုင်ပေ။
" အဲ့ဒီတိုက်ကွက်.... မင်း ဘယ်ကနေ သင်လာတာလဲ " ချိုးနျိုက စကားလုံးတိုင်းကို ခက်ခဲစွာ ဆိုလိုက်ရသည်။ သမားတော်များ စကားမပြောရန် အကြံပြုခဲ့သည့်တိုင်အောင် သူ မကြားနိုင်တော့ပေ။
" ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက အဖိုးကြီးတစ်ဦးက ငါ့ကို ခေါ်သွားခဲ့တာပဲ " ယီယွင်က ဖုံးကွယ်မထားပေ။ သို့သော် တိုင်အာနတ်မြို့၏အောက်မှ ရှေးဟောင်းသင်္ချိုင်းအကြောင်းကို လူများစွာ မသိကြသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်နေလေသောကြောင့် သူ ထုတ်မပြောခဲ့ပေ။
" ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကလား "
ချိုးနျိုသည် ယီယွင် ရက်အနည်းငယ်ခန့် ပျောက်နေခဲ့သည်ကို တွေးမိသွားကာ ပြုံးလိုက်လေပြီး... " ငါ နားလည်ပြီ။ မင်း ရက်အနည်းငယ်လောက် ပျောက်နေခဲ့တာက ဓားမောက်အကြောင်း သိမြင်နားလည်မှုရအောင် လုပ်နေခဲ့တာပေါ့ "
ယီယွင်က ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် ဓားမောက်သိုင်းကို သင်ယူရန်အတွက် ရက်အနည်းငယ်သာ လိုအပ်ခဲ့သည်တဲ့လား။ ယင်းက မတွေးနိုင်လောက်စရာပင်။
" ဓားမောက်သိုင်းကွက်ရဲ့ အမည်က ဘာလဲ " ချိုးနျို ထပ်မံကာ မေးလိုက်သည်။
ယီယွင်က တုန့်ပြန်လိုက်သည်..." အကြီးမြတ်ဆုံး အုပ်စိုးမှု "
ထိုသည်က ဓားမောက်သိုင်း၏အမည် ဖြစ်လေ၏။ အကြောင်းကမူ ထိုသိုင်းကွက်ကို ဓားမောက်အမှန်တရား ၃၂ လုံးမြောက်ဖြစ်သည့် " အကြီးမြတ်ဆုံး အုပ်စိုးမှု " မှ ဖန်တီးထားခဲ့ခြင်း ဖြစ်လေသောကြောင့်ပင်။
ချိုးနျိုပင်ဖြစ်စေ ၊ နတ်မြို့တော်မှ ကျင့်ကြံသူများပင်ဖြစ်စေ ထိုသိုင်းကွက်ကို မသိကြပေ။
" အကြီးမြတ်ဆုံး အုပ်စိုးမှု... သိုင်းကွက်ကောင်းပဲ "
ချိုးနျိုအား သမားတော်များက စင်မြင့်ပေါ်မှ သယ်သွားခဲ့ကြလေ၏။
ချိုးနျို ဒဏ်ရာရသွားခဲ့လေသောကြောင့် အဆင့် ၂၈၀၀ မှ နှစ်ကြီးသမား ကျင့်ကြံသူများနှင့် ယှဥ်နိုင်ခြင်းမရှိတော့ဟု ဆိုလိုလေသည်။ ချိုးနျို၏အဆင့်ကမူ ယီယွင်အား ရှုံးခဲ့လေသောကြောင့် အဆင့် ၁၀၀၀၃ အထိ ပြုတ်ကျသွားခဲ့သည်။
ယင်းက ချိုးနျို၏ တပ်သားသစ် အဆင့်သတ်မှတ်ချက်ကိုမူ ထိခိုက်စေခြင်းမဖြစ်ပေ။ တပ်သားသစ်များ၏ အဆင့်သတ်မှတ်ချက်က အမြင့်ဆုံး အနေအထားအတိုင်းသာ ဖြစ်လေသည်။
ချိုးနျိုက တတိယနေရာတွင် အဆုံးသတ်ခဲ့ရလေပြီ။ ယီယွင်က ဒုတိယနေရာသို့ ရောက်ရှိသွားလေသည်။ ယီယွင်တွင် စိန်ခေါ်ခွင့်သုံးကြိမ် ကျန်နေသေးလေ၏။
သူက မည်သူကို ထပ်မံစိန်ခေါ်မည်နည်း။ အဆင့်မြင့်ပိုင်းမှ နှစ်ကြီးသမား ကျင့်ကြံသူများပေလော သို့မဟုတ် ချူရှောင်းရန်ပေလော။
လူအများ ထိုအရာကိုတွေးမိကာ စိတ်လှုပ်ရှားလာသည်။ ယီယွင်က မည်သူကိုပင် စိန်ခေါ်ပါစေ စိတ်ဝင်စားဖွယ်ရာဖြစ်မည်မှာ သံသယဖြစ်ရန်မလိုပေ။
..................
လက်ရှိအချိန်၌ ဗဟိုနတ်မျှော်စင်ထဲတွင်...။
ခန်းယန်နှင့် အကြီးအကဲကျန်းကဲ့တို့က ထပ်မံကာ စစ်တုရင်ကစားနေကြလေ၏။ အဖိုးနှစ်ဦးတွင် လက်ဖက်ရည်တစ်အိုး ရှိလေသည်။ သူတို့ စစ်တုရင်ထိုးရင်း လက်ဖက်ရည်သောက်နေကြ၏။ သူတို့နှစ်ဦးအဖို့ ထပ်မံတိုးတက်ရန် မလွယ်တော့လေသောကြောင့် အချိန်ဖြုန်းသော ဘဝကိုသာ ဦးတည်ခဲ့ကြသည်။ သူတို့နှစ်ဦးက တစ်ကြိမ် စစ်တုရင်ထိုးလျှင် ရက်ပေါင်းများစွာ ကုန်ဆုံးကြလေ၏။
တပ်သားသစ်ပြိုင်ပွဲကိုမူ သူတို့က စစ်တုရင်ကစားရင်းဖြင့် ရံဖန်ရံခါမှသာ အာရုံစိုက်ကြသည်။ သူတို့၏အဆင့်တွင် တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲက ဘာမျှမဟုတ်ပေ။
တိုင်အာနတ်မြို့၏ အကြီးအကဲများထဲတွင် ကျန်းကဲ့နှင့် ခန်းယန်က တပ်သားသစ်များအတွက် စိတ်အပူကြဆုံးဟု ပြော၍ရလေသည်။ မြို့သခင်ကဲ့သို့ လူများကမူ အများသောအားဖြင့် ဆယ်စုနှစ်ချီကာ တံခါးပိတ် လေ့ကျင့်နေတတ်ကြသည်။
" ငါပြောပြမယ် အဖိုးကြီးကျန်းကဲ့။ မင်း မကြာသေးခင်က တောင်ပိုင်းကျွန်းကို သွားခဲ့ပြီးတော့ ကျင်းလော့ချွမ်း နှစ်ပေါင်လောက် ရလာခဲ့တယ်မလား။ မင်း အဲ့ဒါကို မဖျော်ရသေးဘူးမလား။ နတ်ရတနာတစ်ခုကို မသောက်ဘဲထားတာက ဖြုန်းတီးနေတာပဲ "
ခန်းယန်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်လေ၏။ လက်ရှိတွင် သူက သွေးကြောများနှင့် တန်းထျန်ကို ပျိုးထောင်ပေးနိုင်သည့် အဆင့်မြင့် လက်ဖက်ရည်ကို သောက်နေလေသည်။ ထိုလက်ဖက်ရည်အိုးက တန်ဖိုးဖြတ်၍မရပေ။ သို့တိုင်အောင်ပင် သူက အကြီးအကဲကျန်းကဲ့၏ ကျင်းလော့ချွမ်းကို တမ်းတနေလေသည်။
ကျန်းကဲ့ မျက်ဖြူလန်ပြကာ အဖြေမပေးခဲ့ပေ။ သူက ဆိုလေသည်..." မင်း ဒီနေ့မှာ ယီယွင်ကို ဓားမောက်သင်္ချိုင်းထဲက ခေါ်ထုတ်လာတာမလား။ သူ ဘယ်လိုရှိလဲ "
" ပြောရခက်တယ်။ ငါ အဲ့ဒီကလေးကို ထွက်လာဖို့ပြောခဲ့တုန်းက သူ့ပုံစံက တစ်ခုခုကို သင်ယူနိုင်ခဲ့သလိုမျိုး အရမ်းကို ယုံကြည်ချက်ရှိနေတယ်။ တွေးကြည့်မယ်ဆိုရင် သူ အထဲကိုဝင်သွားတာ အချိန်မကြာသေးတော့ တစ်ခုခုကို သင်ယူနိုင်ခဲ့ဖို့ဆိုတာ အတော်လေးကို မဖြစ်နိုင်ဘူး။ ငါ သူ့ကို ဓားမောက်သင်္ချိုင်းထဲ ထပ်ဝင်ခိုင်းဖို့ တွေးထားတယ်။ ဒါမှပဲ သူလည်း ရက်အနည်းငယ်လောက်ထပ်ပြီး သိမြင်နားလည်မှုရအောင် ကြိုးပမ်းနိုင်လိမ့်မယ်။ ပြီးရင်တော့ ငါက သူ့ရဲ့ လေ့ကျင့်မှုရလဒ်ကို မြင်ရဖို့အတွက် အရည်အချင်းရှိတဲ့ လူတစ်ဦးနဲ့ တိုက်ခိုက်ဖို့ စီစဥ်ပေးလိုက်မယ် "
အကြီးအကဲကျန်းကဲ့ ပြောစရာမဲ့သွားရသည်။ သူက လက်ထဲမှ စစ်တုရင်ရုပ်အား စားပွဲနှင့်ရိုက်ကာ ဆိုလိုက်သည်..." မင်းက သူ့ကို အဲ့ဒီနေရာဆီ ထပ်ခေါ်သွားချင်နေသေးတာလား။ မင်းက ဓားမောက်သင်္ချိုင်းကို တိုင်အာနတ်မြို့ရဲ့ စားဖိုဆောင်လို့ ထင်နေတာလား "
" ဓားမောက်သင်္ချိုင်းထဲကို ပထမဆုံးဝင်ဖူးတဲ့ ခရမ်းသွေးနယ်ပယ် ကျင့်ကြံသူတစ်ဦးက ရက်အနည်းငယ်လောက် နေပြီးတဲ့နောက်မှာ တစ်ခုခုကို သင်ယူမိခဲ့သလိုမျိုး ယုံကြည်ချက်ရှိနေတာဆိုရင် သူ သင်ယူခဲ့ရတာက အမှားတွေပဲ ဖြစ်ဖို့များတယ်။ မင်းက ချိုးနျိုနဲ့ ချူရှောင်းရန်ကိုလည်း တစ်ခုခု သိမြင်နားလည်နိုင်မလားဆိုတာ ကြည့်ဖို့အတွက် ရက်အနည်းငယ်လောက်နေရင် သူတို့ကို ဓားသင်္ချိုင်းထဲကို ထပ်ခေါ်သွားဦးမှာလား "
ခန်းယန်က ဘာမျှမဆိုပေ။ သူသည်လည်း ယီယွင်က အမှားများ သင်ယူလာခဲ့သည်ဟု ထင်နေမိလေသည်။ သူက ခပ်အေးအေးဆိုသည်..." ချိုးနျိုကိုတော့ မေ့ထားလိုက်ပါ။ ဒါပေမဲ့ ချူရှောင်းရန်က အလားအလာရှိတာကြောင့် ကြိုးစားကြည့်ဖို့ ထိုက်တန်တယ်။ သူက ဒီလိုအသက်ငယ်ငယ်နဲ့တင် အမှန်တရားအပေါ်မှာ သိမြင်မှုအချို့ ရထားပြီးတော့ ကြီးမားတဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းလည်း ရှိတယ်။ ဒါ့အပြင် သူက ဓားကိုလည်း အသုံးပြုတယ် "
ခန်းယန်၏စကားကြောင့် ကျန်းကဲ့ တုန့်ဆိုင်းသွားရသည်။ ခန်းယန်က ချူရှောင်းရန်ကို ထောက်ပြသွားခဲ့သည်မှာ အမှန်တကယ်ပင် ကြိုးစားကြည့်ရန် ထိုက်တန်လေသည်။
အကြီးအကဲကျန်းကဲ့က ဆိုသည်..." အဖိုးကြီးခန်း...ငါတို့ ဂရုစိုက်ရလိမ့်မယ်။ ဒီပါရမီရှင်တွေက ပညာရှိတွေ ဖြစ်လာနိုင်ဖို့ ဖြစ်နိုင်ခြေနိမ့်တယ်ဆိုပေမဲ့ သူတို့ရဲ့အနာဂတ်ကို မဖျက်ဆီးသင့်ဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုင်အာနတ်ပြည်ထောင်ထဲမှာ တိမ်ရိုင်းနယ်မြေထဲမှာ ခရမ်းရောင်တိမ်တိုက် မွေးဖွားလာတာမျိုးတွေ ၊ နတ်အရိုင်းမြေထဲ သားရဲအုပ်တွေ ပြောင်းရွှေ့သွားတာလိုမျိုး ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ခဲ့တယ်။ ကိစ္စကြီးတစ်ခုခု ဖြစ်လာမလားဆိုတာကို ဘယ်သူ သိနိုင်မှာလဲ။ လူငယ်မျိုးဆက်တွေကို ပျိုးထောင်ပေးနိုင်တာ အမြဲတမ်းအတွက် ကောင်းတဲ့အရာပဲ... "
ကျန်းကဲ့ စကားပြောနေချိန်တွင် တံခါးအပြင်ဘက်ထံမှ ယွမ်ချီ အသံပို့လွှတ်လာသည်ကို ကြားလိုက်ရသည်..." ငယ်သားကွေ့ပိုင်က တွေ့ခွင့်တောင်းပါတယ် "
" ကွေ့ပိုင်လား " ကျန်းကဲ့ တစ်ခဏမျှ တွေးလိုက်လေသည်။ ကွေ့ပိုင်းက ဥပဒေထိန်းတစ်ဦးဖြစ်ပြီး ယခုနှစ် တပ်သားသစ်ပြိုင်ပွဲကို တာဝန်ယူထားရသည်။ လက်ရှိတွင် သူ ပြိုင်ကွင်းထဲ၌ ရှိနေသင့်လေသည်။
" ဝင်ခဲ့ပါ... ဘာကိစ္စရှိလို့လဲ " ကျန်းကဲ့က ဆိုလိုက်သည်။
အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ကွေ့ပိုင်က တံခါးကိုတွန်းဖွင့်ကာ ဝင်လာခဲ့လေသည်။ သူ ခေါင်းဆောင်းပုဝါစကို ချွတ်ကာ လက်သီးဆုပ်၍ ဆိုလိုက်သည်..." ငယ်သားက ဒီနှစ် တပ်သားသစ်ပြိုင်ပွဲမှာ သဘာပတိအဖြစ် ဆောင်နေခဲ့တာပါ။ တိုက်ပွဲတစ်ခုမှာ ထူးခြားတာတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒီငယ်သားက အဲ့ဒိကိစ္စကို သေချာမသိတာကြောင့် အကြီးအကဲနှစ်ဦး အတည်ပြုပေးဖို့အတွက် အစီရင်ပြားရုပ်သံ ယူလာခဲ့ပါတယ် "
ကွေ့ပိုင်က အစီရင်ပြားကို ကမ်းပေးလိုက်သည်။
ကျန်းကဲ့က ကွေ့ပိုင်အား ဇဝေဇဝါ ကြည့်လိုက်သည်။ မည်ကဲ့သို့ တပ်သားသစ်တိုက်ပွဲမျိုးက သူနှင့်ခန်းယန်တို့ အတည်ပြုပေးရန် လိုအပ်လေသနည်း။
ကွေ့ပိုင်က အစီရင်ပြားကို စားပွဲပေါ်တွင်တင်ကာ သူ၏ခန္ဓာကိုယ်ထဲမှ ယွမ်ချီများကို အစီရင်ပြားထဲတွင် လည်ပတ်စေလိုက်ရာ အစီရင်ပြားထံမှ အလင်းရောင်တောက်ပသွားကာ ရုပ်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ယီယွင်နှင့်ချိုးနျိုတို့၏ တိုက်ပွဲ ဖြစ်လေ၏။
" ဒီကောင်စုတ်လေးက ချိုးနျိုကို ချက်ချင်းစိန်ခေါ်ခဲ့တာလား။ ဒီကောင်လေး အတော်ကို ယုံကြည်ချက်ရှိနေတာပဲ "
ယီယွင်တွင် သာမန်နောက်ခံသာ ရှိလေသည်။ တိုင်အာနတ်မြို့သို့ ရောက်လာခဲ့ပြီး သုံးလအတွင်းမှာပင် သီးခြားမိသားစုတစ်ခုမှ ပါရမီရှင်တစ်ဦးဖြစ်သည့် ချိုးနျိုကို စိန်ခေါ်နိုင်သည်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။
ကွေ့ပိုင်က မည်သည့်စကားမျှမဆို ဘေးတွင်သာ ရပ်နေလေသည်။
အစီရင်ပြား၏ ပြကွက်ထဲတွင် ယီယွင်နှင့် ချိုးနျိုတို့ အပြင်းအထန် တိုက်ခိုက်နေကြ၏။ ယီယွင်က ချိုးနျို၏ ချပ်ဝတ်ခုခံနိုင်စွမ်းကို ချိုးဖျက်လိုက်သည်အား မြင်လိုက်ရချိန်၌ ကျန်းကဲ့ ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် ချိုးနျိုက ချပ်ဝတ်ကိုချွတ်ကာ ယီယွင်နှင့် ထပ်မံတိုက်ခိုက်ခဲ့လေ၏။ ကျန်းကဲ့က ချီးကျူးမိကာ ရှားပါးစွာပင် ပြုံးလိုက်လေသည်။
" ဒီကောင်စုတ်လေးက မဆိုးဘူးပဲ "
" သူ မဆိုးဘူးဆိုတာ ငါ သိတာပေါ့။ သူနဲ့ချိုးနျို တိုက်ခိုက်တာကို ကြည့်လိုက်လေ။ အစပိုင်းမှာ သူက တစ်စက်မှကို အရေးမသာခဲ့ဘူး။ ငါ သူ့ကို ဓားမောက်သင်္ချိုင်းထဲ ခေါ်သွားခဲ့ကာ အကြောင်းပြချက်ရှိလို့ပဲလေ။ ရက်နည်းနည်းလောက် ထပ်ရခဲ့မယ်ဆိုရင် ဒီကောင်လေးက တကယ်ကိုပဲ တစ်ခုခုကို သင်ယူနိုင်လောက်တယ် "
ခန်းယန် ကြွားဝါနေချိန်တွင် ယီယွင်က ချိုးနျို၏ နွားသိုးပိတ်လှောင်တိုက်ကွက်ထဲတွင် ပိတ်မိသွားလေ၏။ ခန်းယန်၏ပျော်ရွှင်မှုများ အေးခဲသွားရသည်။
" ဒီကလေးက ချီးကျူးဖို့ မတန်ဘူး။ ငါ သူ့ကို ချီးကျူးရုံပဲရှိသေးတယ် သူက ပြိုင်ဘက်ကြောင့် ပိတ်မိနေပြီ။ ယီယွင် ပိတ်မိနေတာကြောင့် ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ ရှိတော့မယ် "
ထိုစဥ်တွင် ချိုးနျိုက အသေသတ်တိုက်ကွက် ထုတ်ဖော်ခဲ့လေပြီး ယီယွင်က ဓားမောက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
ယီယွင်၏ ဓားအလင်းက နတ်နွားသိုးပုံရိပ်ကို ပိုင်းဖြတ်သွားပြီး ချိုးနျို၏ ခန္ဓာကိုယ်အား ခုတ်ပိုင်းသွားသည်ကို မြင်လိုက်ရချိန်တွင် ခန်းယန်နှင့် ကျန်းကဲ့တို့၏ အမူအရာများ အေးခဲသွားလေ၏။
ဘယ်လိုဖြစ်ရတာလဲ။
အကြီးအကဲနှစ်ဦးက တစ်ဦးနှင့်တစ်ဦး ကြည့်နေကြပြီး သူတို့၏မျက်ဝန်းများထဲတွင် အံ့ဩဘနန်းအကြည့်များ ဖြစ်ပေါ်နေကြသည်။
" ပြန်ပြပေး " ခန်းယန်က အမြန်ဆိုလိုက်သည်။
ကွေ့ပိုင်က စကားမဆိုဘဲ အစီရင်ပြားထဲသို့ ယွမ်ချီများ ထပ်မံထည့်သွင်းကာ ယီယွင်၏ခုတ်ချက်ကို ပြန်ပြပေးလိုက်သည်။
ထိုခုတ်ချက်က ချိုးနျို၏ခန္ဓာကိုယ်အား ခုတ်ပိုင်းမိခဲ့လေပြီး သူတို့၏ မျက်ဝန်းများထဲတွင် ထင်ဟပ်မိနေသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ဓားအလင်းက အချိန်အတန်အကြာအထိ ရစ်ဝဲနေလေ၏။
" ဓားမောက်အမှန်တရား စကားလုံး ၃၂ လုံးမြောက် နယ်ပယ် " အကြီးအကဲကျန်းကဲ့က လေးနက်စွာ ဆိုလိုက်သည်။
" ဒီကောင်လေး " ခန်းယန် လုံးဝပင် ပြောစရာမဲ့နေလေ၏။ လက်ရှိအချိန်၌ သူ၏စရိုက်အရ သူ၏အမြင်အားက မည်မျှကောင်းကြောင်းကို ခုန်ပေါက်ကာ ကြွားဝါနေရမည် ဖြစ်လေသည်။
သို့သော် ယီယွင်က လူထူးဆန်းတစ်ဦး ဖြစ်နေချေ၏။ ယီယွင်က ရက်အနည်းငယ်အတွင်းမှာပင် ဓားမောက်အမှန်တရား စကားလုံး ၃၂ လုံးမြောက်ထံမှ သိမြင်မှုကို ရရှိခဲ့လေသောကြောင့် သူသည်ပင် မည်သို့ပြောရမည်မှန်း မသိတော့ချေ။
သူသည် စိတ်ကူးပြောင်းခဲ့ကာ ယီယွင်ကို ဓားမောက်သင်္ချိုင်းထဲသို့ ခေါ်သွားခဲ့ခြင်း ဖြစ်လေ၏။ ယီယွင်အား သင်္ချိုင်းထဲသို့ အကြိမ်အနည်းငယ်ခန့် ခေါ်သွားခဲ့လျှင် ထိုးထွင်းသိမြင်မှု အနည်းငယ်ခန့်ရကာ တစ်ဘဝလုံးအတွက် အကျိုးရှိသွားလိမ့်မည်ဟုသာ သူ ခံစားမိခဲ့သည်။
သာမန်အခြေအနေတွင်ဆိုလျှင် ယီယွင်က လအနည်းငယ်ခန့် ကြာပြီးမှသာ ထိုးထွင်းသိမြင်မှု အနည်းငယ်ကို ရခဲ့မည်ဆိုလျှင်ပင်ပြောင်မြောက်သော စွမ်းဆောင်ရည်တစ်ခု ဖြစ်နေပေပြီ။ သို့သော် လေးငါးရက်အတွင်းမှာပင် ယီယွင်က ထိုမျှအထိ ထိုးထွင်းသိမြင်ခဲ့သည်တဲ့လား။ ဤသည်က ချဲ့ကားလွန်းလှချေသည်။
သဘာဝ ဓားသမားတစ်ဦးဖြစ်သည့် ချင်ဟောင်ထျန်းသည်ပင် ဓားအပေါ်တွင် နားလည်မှုအရာ၌ ယီယွင်ကို ယှဥ်နိုင်ခြင်းမရှိခဲ့ပေ။
" အထင်ကြီးစရာပဲ။ ဒီကလေးက သဘာဝ ဓားမောက်အသုံးပြုသူလား "
လူအချို့က လက်နက်အချို့နှင့် လိုက်ဖက်ညီစွာ မွေးဖွားလာကြသည်။ သူတို့က လက်နက်အတွက် မွေးဖွားလာကြခြင်း ဖြစ်လေ၏။ ထိုသူများ လက်နက်အသုံးပြုချိန်တွင် သူတို့၏စွမ်းအားများ ကြီးစွာတိုးတက်သွားမည်ဖြစ်ပြီး အခြားလက်နက်များကို သုံးနိုင်မည်မဟုတ်ပေ။
ထိုသူများက ကဏ္ဍတစ်ရပ်တွင် အထွတ်အထိပ်အထိ ရောက်ရှိနိုင်ကြ၏။ ထိုသူများအဖို့ ရွေးချယ်ထားသည့် လက်နက်အပေါ်တွင် ထိုးထွင်းသိမြင်မှုရရှိရန် ပိုမိုလွယ်ကူလေ၏။
ကျန်းကဲ့က ခေါင်းယမ်းကာဆိုသည်..." မဟုတ်ဘူး။ သူ့မှာ လေးတစ်လက်လည်း ရှိတယ်။ သူ့ရဲ့ လေးပညာကလည်း မဆိုးလှဘူး။ သူက ဆေးပင်ခူးဌာနမှူးဆီက လေးကို အသုံးပြုပြီးတော့ ရှေးဦးဆေးတစ်ပင်ကို ဖမ်းနိုင်ခဲ့တယ်လို့ ငါ ကြားထားတယ် "
" သဘာဝ ဓားမောက်အသုံးပြုသူ မဟုတ်ဘဲ သဘာဝ ဓားမောက်အသုံးပြုသူထက် ကျော်လွန်နေတဲ့ အခုလိုမျိုး ထိုးထွင်းသိမြင်မှု ရှိနေတာက အံ့မခန်းဆန်လွန်းတယ် "