← Chapters

ခုနစ်ရောင်စုံအတွက် ကပ်ဘေး

Vol. 132 Ch. 1817

ခုနစ်ရောင်စုံအတွက် ကပ်ဘေး

Vol. 132 Ch. 1817

အဝါရောင်သဲများသည် မိုးစက်များအလား ကျဆင်းလာ၏။ တစ်ချိန်တည်းမှာ သဲမြေပြင်အောက်မှ ခပ်အုပ်အုပ်မြည်ဟိန်းသံများ အထက်သို့ မြင့်တက်လာသည်။

သည်ဂြိုဟ်တစ်ခုလုံးမှာ စတင် တုန်ခါသည်။ ဝမ်လင်း၏ရှေ့ရှိ အဝါရောင်သဲမှာ စတင်နစ်ဝင်လာကာ ဟိန်းအော်သံသည် ပိုပီပြင်လာသည်။ ဖျတ်ခနဲအတွင်း မြေအောက်မှ မြွေကဲ့သို့သားရဲတစ်ကောင် ထိုးထွက်လာ၏။

ဧရာမသားရဲတစ်ကောင်က မြေပြင်ကို ဖုံးလွှမ်းထာပြီး ၎င်းမှာ ပေတစ်သောင်းမျှ ထူထဲ၏။ ၎င်းသည် ဧရာမတီကောင်ကြီးနှင့်တူကာ ထိုးထွက်လာသော အစိတ်အပိုင်းမှာ ၎င်း၏ပါးစပ် ဖြစ်၏။ အဝေးမှ ကြည့်ပါက ၎င်း၏ပါးစပ်အစိတ်အပိုင်းမှာ မျက်နှာ၏ နေရာအများစုကို ဖုံးလွှမ်းထားသည်။ ၎င်းက ပါးစပ်ဟကာ ခုနစ်ရောင်စုံတာအိုသခင်ထံသို့ တိုးဝင်လာသည်။

ထိုသားရဲ၏ မျက်လုံးများမှာ မှိတ်ထားဆဲ ဖြစ်၏။ အသေမှိတ်ထားသည့်အလား ထင်ရညသ်။ ၎င်း၏ခန္ဓာကိုယ်ပတ်လည်၌ လက်တံများစွာလည်းရှိကာ လမြွေနဂါးနှင့်ပင် တူနေသေးသည်။ အမှန်တော့ ဒီသားရဲက လမြွေနဂါးနှင့် အတော်လေး ကွာခြားသည်။

ထိုသားရဲသည် ခုနစ်ရောင်စုံတာအိုသခင်ထံသို့ ချက်ခြင်း နီးကပ်လာ၏။ ၎င်းက ခုနစ်ရောင်စုံတာအိုသခင်ကို ဝါးမြိုရန် ဟန်ပြင်လာစဉ် တာအိုသခင်က သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေပြီး အနှီသားရဲကို ရိုက်ချလိုက်သည်။

ခုနစ်ရောင်စုံလက်ဝါးချက်က ထိုသားရဲ၏ ဦးခေါင်းအား ထိမှန်ကာ ဟိန်းခနဲ မြည်သံ ထွက်ပေါ်သည်။ ထိုသားရဲက ကြမ်းကြုတ်စွာ ဟိန်းသံပေး၍ နောက်ဘက် ပေတစ်ထောင်ထိ ဆုတ်သွားရ၏။ သို့ပေမည့် ၎င်း၏ဦးခေါင်းကာ တွန့်ခေါက်ကြုံ့လိမ်ကာ ကိုယ့်ကိုယ်ကိုယ် ရှိုက်သွင်းလိုက်သလို ထင်ရသည်။ ၎င်းက ရှိုက်သွင်းလိုက်စဉ် ခုနစ်ရောင်စုံတာအိုသခင်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူ၏ခန္ဓာကိုယ်မှ ခုနစ်ရောင်စုံအလင်းမြောက်မြားစွာ ထွက်ပေါ်ကာ ထိုသားရဲ၏ စုပ်ယူခြင်းကို ခံရသည်။

ခုနစ်ရောင်စုံတာအိုသခင်၏ အမူအရာမှာ ပြောင်းလဲသွား၏။ ဗိုလ်ချုပ်သုံးယောက်၏ အမူအရာမှာလည်း ပြောင်းလဲသွားကြသည်။ ထိုသားရဲ၏ ပုံပန်းသွင်ပြင်နှင့် အော်ရာက အလွန်အစွမ်းထက်လှသဖြင့် လူတိုင်း၏စိတ်နှလုံးကို လှိုင်းထန်စေသည်။ ဗိုလ်ချုပ်သုံးယောက်နှင့် အုပ်စိုးသူတို့က ဒီသားရဲကို မြင်သည်နှင့် ချက်ခြင်း မည်သည့်သားရဲမှန်း သိသွားသည်။

“ငါးမျက်လုံး။ ဒါ…ဒါဟာ တကယ်ပဲ ငါးမျက်လုံးသားရဲပဲ…”

“ဒီနေရာမှာ ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်ရှိတာ ငါ သတိပြုမိတယ်။ ဒါပေမဲ့ ဒါဟာ ငါးမျက်လုံးမှန်း မသိဘူး။ ဘာအတားအဆီးမှ မရှိဘဲ ကြီးပြင်းလာခဲ့တဲ့ ငါးမျက်လုံးတစ်ကောင်။ ဒီသားရဲ ကြီးပြင်းလာခဲ့တာ နှစ်ပေါင်းမရေနိုင်လောက်တော့ဘူး…”  အုပ်စိုးသူက အသက်ဝဝရှိုက်သွင်းလိုက်မိ၏။ သူက ငါးမျက်လုံးထံ အလေးအနက် ဟန်ပန်ဖြင့် ကြည့်သည်။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ငါးမျက်လုံးလို့ ခေါ်တဲ့ သားရဲတစ်ကောင်ရှိတယ်။  ဒီငါးမျက်လုံးဟာ မွေးဖွားလာခဲ့တဲ့အချိန်ကစပြီး သေသွားတဲ့အခါထိ မျက်လုံး လုံးဝ မဖွင့်ဘူး။ ဒါပေမဲ့ ဒဏ္ဌာရီအရတော့ သူတို့ မျက်လုံးဖွင့်လိုက်တာနဲ့ လောကဟာ အရောင်ပြောင်းသွားရလိမ့်မယ်လို့ ဆိုတယ်…”

လိပ်နက်ဗိုလ်ချုပ်က ငါးမျက်လုံးကို ကြည့်၏။ သူက ထိုသားရဲနှင့် ပတ်သတ်သော ကောလဟာလများကို တွေးကြည့်မိနေသည်။

ငါးမျက်လုံးက ရွှေ့လျားကာ ခုနစ်ရောင်စုံတာအိုသခင်ထံ ဦးတည်၏။ ၎င်းသားရဲက ရန်ငြှိုးကို ဆုပ်ကိုင်ထားတတ်သည်။ ခုနစ်ရောင်စုံတာအိုသခင်၏ လက်ဝါးက ၎င်းကို ပြင်းထန်စွာ နာကျင်စေခဲ့ပေသည်။ ၎င်းက ရှေ့သို့ တိုးဝင်ကာ တဖန်ဝါးမြိုနိုင်ဖို့ စတင်လေပြီ။

ထိုသားရဲ၏ ခန္ဓာကိုယ်မှာ ကြီးမားလှ၏။ မြေပြင်ထက်မှ ထွက်ပေါ်လာသော အစိတ်အပိုင်းသည် ၎င်း၏ အစိတ်အပိုင်းငယ်တစ်ခုမျှသာ ရှိသေးသည်။ မည်သို့ပင် ဖြစ်စေ ၎င်းက ရှေ့သို့တိုးဝင်လာစဉ် ကောင်းကင်ကို ဖုံးလွှမ်း၍ ဧရာမအရိပ်တစ်ခုကို ဖန်တီးသည်။

ခုနစ်ရောင်စုံတာအိုသခင်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပေါ်လာ၏။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ချိပ်ဟန်တစ်ခု ဖြစ်စေ၍ ကောင်းကင်ထက်သို့ ညွှန်သည်။

“တောင်ကို ဆွဲငင်ယူခြင်း စွမ်းအား…” ခုနစ်ရောင်စုံတာအိုသခင်က ဟိန်းအော်သံ ပြု၏။ သူ့ညာလက်ကို ဝေ့ယမ်း၏။ နက်မှောင်သော ကောင်းကင်ထက်တွင် ဧရာမခုနစ်ရောင်စုံလက်တစ်ဖက် ပေါ်လာပြီး ငါးမျက်လုံးထံသို့ ဆန့်ထွက်လာသည်။

ဖျတ်ခနဲအတွင်း ထိုဧရာမလက်ကြီးက ငါးမျက်လုံးကို ဖမ်းဆုပ်သည်။ ခုနစ်ရောင်စုံတာအိုသခင်က နောက်ထပ် မာန်သွင်းလိုက်ပြီး သည်လက်ကို အထက်သို့ ပင့်ဆွဲသည်။

မြေပြင်သည် တဝုန်းဝုန်း ဖြစ်၏။ ငါးမျက်လုံး၏ ပေတစ်သိန်းခန္ဓာကိုယ်မှာ သည်ပုံရိပ်ယောင်လက်ကြီး၏ ဆွဲထုတ်ယူခြင်း ခံရစဉ် ၎င်းက ရုန်းကန်သည်။

ဆွဲထုတ်ခံရပြီးနောက် ၎င်းက မြေပြင်ထက်သို့ အကြမ်းပတမ်း ပစ်ချခံရသည်။ ဂြိုဟ်သည် တစစီဖြစ်တော့မည့်အလား အပြင်းအထန် တုန်ခါသည်။

ငါးမျက်လုံး၏ ဧရာမခန္ဓာကိုယ်ကြီးက မြေပြင်ထက်သို့ ကျရောက်၏။ ခရမ်းရောင်သွေးများစွာ ပန်းထွက်ကာ အဝါရောင်သဲပြင်နှင့် ရောယှက်သွားသည်။

ငါးမျက်လုံး၏ ပါးစပ်ထံမှ နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာ၏။ ၎င်းက မျက်လုံးမှိတ်ကာ တုန်ယင်နေပြီး မျက်လုံးဖွင့်ဖို့ ကြိုးစားလာသည်။ အဆုံးသပ်၌ ထိုသားရဲက သူ၏မျက်လုံးကို ဖွင့်နိုင်စွမ်း မရှိသေးပေ။ မမြင်ရသောအားတစ်ခုက ဟန့်တားထားသည့်အလား။

သို့ရာတွင် သည်နာကျင်စွာအော်ဟစ်သံက ဒီဂြိုဟ်ကို ပို၍ အပြင်းအထန် တုန်ခါစေသည်။ ခုနစ်ရောင်စုံတာအိုသခင်က ဝမ်လင်းထံ ဦးတည်လာရုံ ရှိသေး သူ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားတော့၏။

၎င်းဂြိုဟ်က အပြင်းအထန် တုန်ခါကာ ကျယ်ကျယ်လောင်လောင် မြည်သံများ ပဲ့တင်ထပ်သည်။ သည်ဂြို်ဟ၏ တခြားကန္တာရရှစ်ခုပေါ်၌ ကြောက်မက်ဖွယ် ဟိန်းအော်သံများ လှိုက်တက်လာသည်။ အဝါရောင်သဲပြင်က ဖောင်းကြွလာကာ သည်ကန္တာရတွင်းမှ တောင်တန်းများနှင့်ပင်တူလာ၏။

ထိုဧရာမတောင်တန်းရှစ်ခုက တစ်ဖြောင့်တည်း ဖြစ်ပေါ်ကာ မြန်ဆန်သောနှုန်းဖြင့် ချဉ်းကပ်လာ၏။ ချက်ခြင်းပင် ၎င်းတို့ ရောက်ရှိလာပြီး အဝါရောင်သဲပြင်က ပြိုလဲပျက်စီးပြီး ဧရာမအရိပ်ရှစ်ခုအသွင် ဖြစ်တည်သည်။

အမှန်တော့ ယင်းတို့က တောင်များ မဟုတ်ပေ။ ပေတစ်သိန်းနီးပါး ရှည်လျားသော ငါးမျက်လုံးသားရဲများ ဖြစ်၏။ သည်ဂြိုဟ်၌ ငါးမျက်လုံးသားရဲ တစ်ကောင်တည်း ရှိခြင်း မဟုတ်၊ ကိုးကောင်ရှိနေခြင်း ဖြစ်၏။

ပထမဆုံး ငါးမျက်လုံးသားရဲတစ်ကောင် ဒဏ်ရာအပြင်းအထန် ရသွားသည့်အခါ ကျန်သည့်ရှစ်ကောင်မှာ ဂြိုဟ်ထံမှ ထွက်လာပြီး ခုနစ်ရောင်စုံတာအိုသခင်ကို ဝန်းရံကြသည်။ ထိုသားရဲများက ပါးစပ်များ ပွင့်ဟကာ သူ့ထံ တာအိုသခင်ထံ တိုးဝင်လာသည်။

မြေပြင်ထုသည် တုန်ဟည်းလျက် အဝါရောင်သဲများ ပြန့်ကြဲသည်။ ဝမ်လင်းသည် နေရာတွင် ထိုင်နေ၏။ သူက တတိယစိတ်ဝိညာဉ်ကို သိမ်းဆည်းထားလိုက်ပြီး ဖြစ်သည်။ သူ၏ညာလက်တွင် လီကောင်းလေးကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး သူကား မလှုပ်မယှက် ကျောက်ရုပ်အလား ထိုင်နေသည်။

သူက စောင့်နေခြင်းပင်။ တိုက်ခိုက်ရမည့် အခွင့်အရေးကို စောင့်နေခြင်းပင်။ သည်တိုက်ခိုက်မှုသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါကာ တစ္ဆေနတ်ဘုရားများကိုပါ မြည်ကြွေးသွားစေရမည်။

ခုချိန်၌ သည်အခွင့်အရေး မြင့်တက်လာခဲ့ပြီပင်။ ငါးမျက်လုံးသားရဲ ရှစ်ကောင်က ခုနစ်ရောင်စုံတာအိုသခင်ထံ တိုးဝင်လာစဉ် ဝမ်လင်းက ရုတ်တရက် ထရပ်၏။ သူ့ညာလက်ဖြင့် လေးကို ပင့်မြှောက်ကာ ဘယ်လက်ဖြင့် လေးကြိုးကို ဆွဲတင်သည်။ ချက်ခြင်းပင် သူက လေးကြိုးကို အဆုံးထိ ဆွဲတင်၏။

လေးကြိုးပေါ်၌ မြား ပေါ်လာ၏။ ထိုမြားက ခုနစ်ရောင်စုံတာအိုသခင်ကို ချိန်ရွယ်ထားကာ အဖျက်အစီးအော်ရာ ပျံ့လွင့်၏။

ဝမ်လင်းသည် တုံ့နှေးမနေဘဲ သူ့ဘယ်လက်ကို ဖြေလွှတ်လိုက်၏။ လေးကြိုးက ပြင်းထန်စွာ ကန်ထွက်၍ မြားသည် ရွှီးခနဲ ခုနစ်ရောင်စုံတာအိုသခင်ထံ တိုးဝင်သွားလေပြီ။

လီကောင်း၏မြား ထိုးထွက်လာသည့်အခါ လောကသည် အရောင်များပြောင်းလဲ၊ တိမ်စိုင်များပြန့်ကြဲ၊ မြေပြင်ထု တုန်ခါ၊ ကောင်းကင်မှာ အရောင်ဖျော့သွားရ၏။ အတိုင်းမသိသတ်ဖြတ်လိုစိတ်က မြားချက်နှင့်အတူ လိုက်ပါလာကာ ကောင်းကင်ကို ဆုတ်ဖြဲပစ်၏။ အရံအတားအားလုံးကို ထိုးခွင်း၍ ၎င်းမြားချက်က ခုနစ်ရောင်စုံတာအိုသခင်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။

အုပ်စိုးသူ၏ အမူအရာက သေလောက်အောင် ဖြူရောသွားပြီး သူက အမြန်အဆန် နောက်ဆုတ်သည်။ သူက သည်မြားချက်ကြောင့် နှစ်ကြိမ်တိုင် သေခဲ့ဖူးရာ နာကျင်မှုမှာ သူ၏စိတ်နှလုံးတွင်း၌ စွဲထင်နေလေပြီ။

ဗိုလ်ချုပ်သုံးယောက်၏မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှု ပြည့်နှက်၏။ သူတို့မှာ ဒီမြား၏ စွမ်းပကားကို အရင်က ခံစားခဲ့ဖူးကြ၏။ ခုချိန်၌ သည်မြားချက်ကို ထပ်မြင်သည့်အခါ သူတို့၏ဦးရေပြားများပင် ထုံထိုင်းမိကုန်သည်။

ဝမ်လင်းက ချိန်သားကိုက်စွာ မြားကို ပစ်လွှတ်လိုက်ခြင်း ဖြစ်၏။ ငါးမျက်လုံးသားရဲ ရှစ်ကောင် ခုန်အုပ်လာစဉ် သူက မြားချက်ကို ပစ်သွင်းလိုက်ခြင်းတည်း။ ခုနစ်ရောင်စုံတာအိုသခင်၏ အမူအရာက ပြောင်းလဲသွား၏။ သူ၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားသည်။ သူက မာန်သွင်းကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ ခုနစ်ရောင်စုံအလင်းက သူ၏ခန္ဓာကိုယ်ကို ထွေးခြုံလာသည်။

သည်အခိုက်တွင် ငါးမျက်လုံးသားရဲ ရှစ်ကောင်က တိုးဝင်လာသည်။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ဝမ်လင်း၏ လီကောင်းမြားက ခုနစ်ရောင်စုံအလင်းကို ထွင်းဖောက်ပြီး တာအိုသခင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သည်။

သည်ကြယ်အဖွဲ့အစည်း၌ ကျယ်လောင်စွာ တုန်ဟည်းသံများ ဟိန်းထွက်၏။ သည်ဂြိုဟ်က ပျက်စီးကာ မရေမတွက်နိုင်သော အမှုန့်အမွှားကျောက်စကျောက်နများ အဘက်ဘက်သို့ ပျံသန်းလွင့်စင်သည်။

ဝမ်လင်းက နောက်ဆုတ်၏။ သူ၏ပါးစပ်ထောင့်မှလည်း သွေးများ စီးကျနေသည်။ သို့သော် သူက လက်ထဲ၌ လေးကို ဆုပ်ကိုင်ထားဆဲသာ။

သည်မြားချက်၏ လှိုင်းဂယက်များက ဗိုလ်ချုပ်လေးယောက်ကို ထိမှန်ကာ သွေးအန်သွားစေ၏။ သူတို့က အလန့်တကြားဖြင့် ဒီဂြိုဟ်ထံမှ နောက်ဆုတ်လိုက်ရသည်။

သို့ပေမည့် ထိုအခိုက်အတန့်တွင် ဒေါသတကြီး အော်သံ ထွက်ပေါ်လာကာ ငါးမျက်လုံးသားရဲ ရှစ်ကောင်သည် ခရမ်းရောင်သွေးများနှင့် ပြည့်ဖုံး၍ နောက်သို့ ပေတစ်သောင်းထိ ဆုတ်သွားရသည်။ ခုနစ်ရောင်စုံတာအိုသခင် ပတ်လည်ရှိ ခုနစ်ရောင်စုံအလင်းမှာလည်း တွန့်ခေါက်ပုံပျက်ကာ ချက်ခြင်း မှိန်ဖျော့သွားသည်။

အလင်းအတွင်းရှိ ခုနစ်ရောင်စုံတာအိုသခင်သည် လှစ်ဟပေါ်လာသည်။ သူ၏ရင်ဘက်မှာ သွေးများဖြင့် ရှုပ်ပွနေ၏။ မြားက သူ၏ရင်ဘက်သို့ စိုက်ဝင်သွားခဲ့၏။ သို့သော် သူက ထိုမြား၏အဆုံးသပ်ကို ဆုပ်ကိုင်ထားသည့်အတွက်ကြောင့် ၎င်းသည် ထွင်းဖောက်နိုင်ခြင်း မရှိတော့ဘဲ သူ၏ခန္ဓာကိုယ်ကို မဖျက်စီးပစ်နိုင်တော့ပေ။

ခုနစ်ရောင်စုံတာအိုသခင်၏ မျက်နှာမှာ ဖြူရောနေသည်။ သို့သော် သူ၏အမူအရာက ကြမ်းကြုတ်နေ၏။ သူက မြားကို ရင်ဘက်ထံမှ ခပ်ကြမ်းကြမ်းဆွဲနှုတ်ယူသည်။ သွေးများ နေရာအနှံ့သို့ ပြန့်ကြဲသွားတော့သည်။

သို့ပေမည့် သူ မြားကို ဆွဲနှုတ်ယူလိုက်သည့်အခါမှာပင် ငါးမျက်လုံးသားရဲရှစ်ကောင်က ကောင်းကင်ပြိုလဲမည့်အလား ဟိန်းအော်သံများကို ထုတ်ဖော်၏။ ၎င်းတို့၏ခန္ဓာကိုယ်များမှာလည်း တုန်ယင်ကာ သွေးများ ပျံ့လွင့်နေသည်။ သူတို့၏ မှိတ်နေသော မျက်လုံးများက မဆိုသလောက် ပွင့်ဟလာသည်။

ငါးမျက်လုံးသားရဲ ရှစ်ကောင်၏ မျက်လုံးများ မဆိုသလောက် ပွင့်ဟလာစဉ် အနက်ရောင်အလင်း ပျံ့လွင့်သည်။ ငါးမျက်လုံးသားရဲ ရှစ်ကောင်သည် ခုနစ်ရောင်စုံတာအိုသခင်ထံသို့ ဒေါသတကြီး တိုးဝင်လာချေ၏။ သည်တစ်ကြိမ်၌ သူတို့၏ခန္ဓာကိုယ်များသည် သူတို့မျက်လုံးထံမှ အနက်ရောင်အလင်းဖြင့် ဖုံးအုပ်နေကာ ယင်းတို့ကို အရင်ထက် ပို၍ အစွမ်းထက်စေသည်။

ဝမ်လင်းက သူ့ဘယ်လက်ဖြင့် လေးကို ဆုပ်ကိုင်ထားစဉ် သူ၏မျက်လုံးထဲ၌ ရွှေရောင်ခပ်ဖျော့ဖျော့အလင်း ဖြစ်ပေါ်၏။ သူက တုံ့နှေးမနေဘဲ ဒုတိယကြိမ်မြောက် လေးကို ဆွဲတင်သည်။ ခုနစ်ရောင်စုံတာအိုသခင်၏ လက်ထဲရှိ မြားမှာ ပျောက်ကွယ်သွားပြီး ဝမ်လင်း၏လေးထံ၌ ပေါ်လာသည်။

သူက ခုနစ်ရောင်စုံတာအိုသခင်ကို ကြည့်၏။ သူ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ထင်းထင်း ပေါ်သည်။ သူ့ညာလက်ကို ဖြေလွှတ်လိုက်ရာ ဒုတိယမြောက်မြားတစ်စင်းက အလင်းတန်းအလား ပျံသန်းထွက်သွား၏။

အဘိုးအိုမာ ဦးဆောင်လာသော ဒြပ်စင်ငါးခုဂြိုဟ်မှ လူများသည် အကွာအဝေးတစ်ခု၌ ရှိနေကြ၏။ သူတို့က သည်ရူးသွပ်ဖွယ်တိုက်ပွဲတွင် မပါဝင်ကြပေ။ သူတို့က ဝမ်လင်းကို လေးကို နှစ်ကြိမ်တိုင် ဆွဲတင်လိုက်သည်ကို တွေ့မြင်ပြီး ယင်း၏စွမ်းအားကို ခံစားမိသည့်အခါ သူတို့၏အမူအရာများ ပြောင်းလဲကုန်၏။

အဘိုးအိုမာ၏ မျက်ခုံးမှာ စုကြုံ့၍ သူ၏မျက်နှာထက်၌ အလန့်တကြား ဖြစ်မှု ထင်းထင်းပေါ်၏။ သူက ဝမ်လင်း လီကောင်းလေးကို အသုံးပြုတာ ပထမဆုံး မြင်ဖူးခြင်းပင်။ ထို့ကြောင့် တုန်လှုပ်စွာခံစားမှုက အားကောင်းနေသည်။

“လီကောင်းလေးက တကယ်ပဲ သူ့လက်ထဲ ရောက်နေတာပဲ။ ငါ သိပြီ။ ဒီဝမ်လင်း ဒြပ်စင်ငါးခုဂြိုဟ်ကို လာခဲ့တဲ့အချိန်တုန်းက ကောင်းကင်ဘုံတာအိုကို မှီခိုခဲ့တဲ့အပြင် သူ့ရဲ့ အကြီးမားဆုံး ဝှက်ဖဲက ဒီလေးပဲ…”

ယွမ်ရီဖန်၏ အမူအရာမှာ တည်ငြိမ်၏။ သို့သော် သူ့စိတ်ထဲ၌ ကယောက်ကယက် ဖြစ်သွားမိသည်။ သူက သူ့လက်ကို တင်းတင်းဆုပ်ကာ သူ့စိတ်ထဲရှိ ထိတ်လန့်မှုကို ဖုံးကွယ်၏။ သူက ဝမ်လင်းကို ထိုလေး ထုတ်ဖော်သည့်အထိ တွန်းအား မပေးခဲ့တာ ကံကောင်းသည်ဟု ခုခါ၌ ခံစားမိလိုက်၏။ သူသည် သည်လေးမှ မြားတစ်ချက်ကိုပင် ခုခံနိုင်ဖို့ ယုံကြည်ချက် ရှိမနေလေပေ။

***

All Chapters